ကြမ်းတမ်းခက်ထန်သော
Vol. 47 Ch. 642
ချိရှီသည် သိုင်းအဆင့် မြင့်မားသူ မဟုတ်ပါ၏လော။ သူက ကောင်းကင်ဖန်ဆင်းစက်ကွင်းဖြင့် လွှမ်းမိုးမခံရအောင် ခုခံရန် ကြိုးစားသည်။ သို့သော် သူ၏အသိစိတ်အလျဉ်မှာ တဖြည်းဖြည်း ဝေဝါးလာပြီး သူ၏ချီစွမ်းအင်ကိုလည်း အနည်းငယ်မျှပင် သုံးမရတော့ပေ။
ချိမင်ခေတ်တွင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ခန္ဓာကိုယ်သည် ခိုင်မာတောင့်တင်းသော ရုပ်ခန္ဓာတစ်ကိုယ်၏ စံနမူနာပြယုဂ် ဖြစ်၏။ သို့ရာတွင် ဖန်ဆင်းစွမ်းအားနှင့် ရင်ဆိုင်ရသည့်အခါ သူ့မှာ ကူကယ်ရာမဲ့နေသည်။ မကြာမီ ခေါင်းသုံးလုံး၊ ဆူးတောင်ခြောက်ခု ငါးကြီးတစ်ကောင်အဖြစ် မြေပြင်ပေါ်၌ ခုန်ဆွခုန်ဆွ ဖြစ်နေတော့၏။
တော်ဝင်ဥယျာဉ်မှာ ပင်လယ်သားရဲများ၊ ရေနေသစ်ပင်များမျိုးစုံဖြင့် ဗြောင်းဆန်နေချေသည်။
ကံကောင်းထောက်မစွာဖြင့် ချင်မူက ဖန်ဆင်းကောင်းကင်စက်ကွင်းကို မစမ်းသပ်ခင် ပတ်ပတ်လည်တွင် တံတိုင်းအမြင့်ကြီးများ တည်ဆောက်ကာ အလင်းတန်းများ ဖြာထွက်မသွားအောင် ဟန့်တားထားခဲ့၏။ ထို့ကြောင့် ဖန်ဆင်းစွမ်းအားက အပြင်ရှိ လူများအပေါ် မသက်ရောက်ပေ။
“လူသားဧကရာဇ်ချင် တော်တော့”
ပထမလူသားဧကရာဇ်က အလျင်အမြန် လှမ်းအော်သည်။ “ဒီရတနာရဲ့ စွမ်းအားက ထူးခြားတယ်... ထပ်မစမ်းသပ်နဲ့တော့ ... သူတို့မူလဝိညာဉ်တွေ ထိခိုက်ကုန်လိမ့်မယ်”
စက်ဝိုင်းသဏ္ဍာန်ကွင်းထဲ၌ ချင်မူက ဖန်ဆင်းကောင်းကင်စက်ကွင်းကို ရပ်လိုက်၍ စက်ကွင်းများမှာ လည်နေခြင်း ရပ်တန့်သွား၏။
ပထမလူသားဧကရာဇ်၏ ကိုယ်ပေါ်ရှိ အကြေးခွံများ၊ ပါးဟပ်များ တစတစ ပျောက်ကွယ်သွားနေစဉ် ကျန်ရှိသူများမှာတော့ ခုန်ဆွခုန်ဆွ ဖြစ်နေကြသေးသည်။ မူလအသွင် ပြန်မပြောင်းကြသေးပေ။
ချင်မူ အတန်ကြာ စောင့်လိုက်သော်လည်း ထူးမလာပေ။ သူက စဉ်းစားပြီး ပြောလိုက်သည်။ “ဒါက ချိတ်ပိတ်တာမျိုးပဲ... သူတို့ရဲ့ရုပ်ခန္ဓာအပေါ် ဖြာကျသွားရင် ရုပ်ခန္ဓာကိုရော၊ မူလဝိညာဉ်ကိုပါ ချိတ်ပိတ်ပစ်လိုက်တယ်... ကိုယ့်ဘာသာကိုယ်လည်း ပြန်ဖြေလို့မရဘူး...”
သူက စုတ်တံတစ်ချောင်းနှင့် စာရွက်ထုတ်ကာ အကြံများ ချရေးလိုက်သည်။
ပထမလူသားဧကရာဇ်က သူ့ကို လောနေ၏။ “မြန်မြန် ပြန်လွှတ်ပေးလိုက်တော့.... အချိန်ကြာလေလေ၊ မူလဝိညာဉ်ရော၊ ဝိညာဉ်ပါ ပြောင်းလဲသွားလိမ့်မယ်”
ချင်မူ စုတ်တံနှင့် စာရွက်ကို သိမ်း၍ ဖန်ဆင်းကောင်းကင်စက်ကွင်းအား ညာဘက်သို့ လှည့်လိုက်သည်။ သင်္ကေတအမှတ်အသားများ အရပ်လေးမျက်နှာသို့ ဖြာထွက်သွားပြီး အားလုံး၏ ခန္ဓာကိုယ်ပေါ်ရှိ ဖန်ဆင်းခြင်းစည်းတံဆိပ်များကို ဖယ်ရှားပေးလိုက်၏။
ဘန်း ဘန်း ဘန်း
ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး အားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြသည်။ ဧကရာဇ်ယန်ဖုန်းပင် ဤရတနာကို ကြောက်လန့်တုန်လှုပ်စွာ ကြည့်နေလေသည်။
ချိရှီ နောင်တရနေသည်။ နှလုံးသွေးလည်း စက်စက်ယိုနေ၏။ သူ့မှာ ဖန်ဆင်းကောင်းကင်စက်ကွင်းကို ကြည့်ပြီး ပြန်လုချင်နေမိသည်။ ဤရတနာက အစကတည်းက ချင်မူ၏ပန်းတိုင် ဖြစ်ကြောင် သူ သဘောပေါက်လိုက်၏။ ချင်မူ လိုချင်သည်မှာ စာရင်းထဲရှိ ကောင်းကင်လက်နက်များ မဟုတ်ခဲ့ပေ။
သူ ချိမင်ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ်ကို ပေးလိုက်လျှင်ပင် ချင်မူကား သူ့ကို ဤကောင်းကင်စက်ကွင်းအား ပြန်ပေးတော့မည်မဟုတ်။
ဤကောင်းကင်စက်ကွင်း၏ တန်ဖိုးသည် ချိမင်ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ်ထက် များစွာသာလွန်သွားပြီ မဟုတ်ပါ၏လော။
“သူခိုးအိုကြီး.. တကယ့် သူခိုးအိုကြီး...”
အတွေ့အကြုံများသော သူခိုးအိုကြီးတစ်ယောက်သာ မည်သည့်ပစ္စည်းက ရတနာလဲ၊ မည်သည့်ပစ္စည်းက အမှိုက်လဲ ခွဲခြားနိုင်သည့် မျက်လုံးတစ်စုံအား ပိုင်ဆိုင်ထားလိမ့်မည်။ မိမိအိမ်တွင် ရှိနေမှန်း မိမိပင် မသိခဲ့သော ရတနာများကိုပင် သူခိုးအိုကြီးက မြင်ပြီး အချောင်စျေးဖြင့် ဝယ်လျှင် ဝယ်၊ မဝယ်လျှင် ခိုးသွားနိုင်သည်။
ဤကဲ့သို့ သူခိုးအိုကြီးတစ်ယောက်တွင် သာမန်လူများ မတွေးနိုင်သော စိတ်ကူးများ ရှိ၏။ ထက်မြက်သော အမြင်၊ စူးရှသော အာရုံတို့ဖြင့် သူတို့သည် အခြားသူများ မမြင်နိုင်သည့် နေရာများကို သိရှိကြ၏။ ဖုန်တက်နေသော ပတ္တမြားကို တောက်ပြောင်လာအောင် လုပ်နိုင်သူမှာလည်း သူတို့ပင် ဖြစ်သည်။
ချိရှီ၏ မျက်လုံးထဲ၌ ချင်မူမှာ အတွေ့အကြုံများသော သူခိုးကြီးတစ်ယောက် ဖြစ်လေသည်။
သူကိုယ်တိုင်ပင် ဖန်ဆင်းကောင်းကင်စက်ကွင်းကို မည်ကဲ့သို့ အသုံးပြုနိုင်သေးမှန်း မသိခဲ့ပေ။ သူ့လူများကို နိုးပေးမည့် သော့အဖြစ်သာ သဘောထားခဲ့မိသည်။ သို့သော် ချင်မူက တခြားနည်းလမ်း တွေးနိုင်ခဲ့၏။
အမှန်တွင် ချင်မူမှာ သာမန်လူငယ်လေးတစ်ယောက်နှင့် မခြားပေ။ ဆော့ကစားတတ်သည်၊ စနောက်တတ်သည်။ သို့သော် ခြားနားသွားသည်မှာ သူခိုးအိုကြီးတစ်ယောက်နှင့် အတူကြီးပြင်းလာခဲ့ရခြင်း ဖြစ်သည်။
ထော့ကျိုးသည် ရတနာပေါင်းစုံ မြင်ခဲ့ဖူး၍ သူ၏အတွေးက သာမန်လူနှင့် မတူပေ။ အခြားသူများ မတွေးနိုင်သော အတွေးများကို သူ တွေးနိုင်သည်။ ချင်မူမှာ ငယ်စဉ်ကတည်းက သူ့ဆီမှ သင်ယူခဲ့ရသောကြောင့် သူခိုးအိုကြီးတစ်ယောက်နှင့် တူနေခြင်း ဖြစ်၏။
ရတနာကို စမ်းသပ်ပြီးနောက် အားလုံး ဖုန်အလိမ်းလိမ်း ပေကျံနေကြ၍ အဝတ်အစားလဲရန် ထွက်သွားကြသည်။ များစွာမကြာလိုက်ဘဲ ဧကရာဇ်ယန်ဖုန်းက အပြုံးတစ်ခုဖြင့် ပြန်ရောက်လာ၏။ “အဆွေတော်ချိရှီက ချိမင်ရွှမ်ခုံးကမ္ဘာဆီ ပြန်တော့မှာမလား.... ကိုယ်တော် မောင်မင်းနဲ့ လိုက်လာဖို့ သံတမန်တွေ လွှတ်ပေးလိုက်ပါ့မယ်... ခဏ စောင့်ပေးပါ”
ချိရှီက ခေါင်းညိတ်လိုက်ပြိး သူ့အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေသည်။ “အရှင်မင်းကြီး၊ ကျွန်တော်မျိုး ချိမင်ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ်နဲ့ ဖန်ဆင်းကောင်းကင်စက်ကွင်းကို လဲချင်လို့ပါ... ဖြစ်နိုင်လား မသိဘူး”
ဧကရာဇ်ယန်ဖုန်းက တဟားဟား ရယ်လိုက်၏။ “ဒီနေ့ ရာသီဥတုက သာယာတယ်နော်... ဝန်မင်းချင်၊ မောင်မင်းကြောင့် ငါ့တော်ဝင်ဥယျာဉ် ရှုပ်ပွသွားပြီ... ကိုယ့်ခေါင်းကိုယ် ဖြတ်လိုက်”
ပန်ကုန်းစုန်မှာ မျှော်လင့်တကြီး လှမ်းကြည့်လိုက်သော်လည်း ဧကရာဇ်ယန်ဖုန်း မိန့်မိန့်ကြီး ပြုံးနေသည်ကိုသာ တွေ့လိုက်ရသည်။ ထိုစကားက အမှန်တကယ် ရည်ရွယ်ခြင်း မဟုတ်ကြောင်း ထင်ရှားပေသည်။
ပန်ကုန်းစုန် စိတ်ပျက်သွားသည်။ ချိရှီက ချင်မူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။ “မိတ်ဆွေလေးချင်က သိပ်ထက်မြက်တာပဲ.. ငါနဲ့ ချိမင်ရွှမ်ခုံးကမ္ဘာဆီ လိုက်ခဲ့စေချင်မိတယ်”
ဧကရာဇ်ယန်ဖုန်း ရင်ထဲ လှုပ်ရှားသွားပြီး ချင်မူ့ဆီ လှမ်းကြည့်လိုက်သည်။ ချင်မူက ကမန်းကတန်း ခေါင်းခါပြ၏။ “မလိုက်ဘူး...သေအောင် ရိုက်သတ်တောင် မလိုက်ဘူး... ခင်ဗျားနဲ့ လိုက်ရင် ကျွန်တော် သေအောင် ရိုက်သတ်ခံမှာ”
ဧကရာဇ်ယန်ဖုန်းက ပြုံးရယ်လျက် မိန့်လေသည်။ “ချိမင်ရွှမ်ခုံးကမ္ဘာကို သွားဖို့ သံတမန်တစ်ယောက် လိုနေတာတော့ အမှန်ပဲ... ဧကရာဇ်အတိုင်ပင်ခံသာ ရှိရင် သူ့ကို သွားခိုင်းမှာ ... ဒါပေမဲ့ သူက ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ စစ်ပွဲကို ဦးစီးနေရတယ်... စစ်မြေပြင်ကနေ ထွက်လာလို့လည်း မဖြစ်ဘူး... ဧကရာဇ်အတိုင်ပင်ခံအပြင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အခြေအနေကို ကောင်းကောင်းသိတာဆိုလို့ ဝန်မင်းချင်ပဲ ရှိတယ်... ငါကိုယ်တော်တောင် ဝန်မင်းချင်အောက် နိမ့်ကျသေးတယ်”
ချင်မူ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “မသွားဘူး”
ဧကရာဇ်ယန်ဖုန်းဘေးရှိ အထိန်းတော်လေးက စုတ်တံတစ်ချောင်းနှင့် စာအုပ်အသေးလေးတစ်အုပ် ဆက်သလိုက်သည်။ ဧကရာဇ်ယန်ဖုန်းသည် စုတ်တံကို မြှောက်၍ မင်ထဲ နှစ်ကာ စာအုပ်လေးအပေါ်တွင် မျဉ်းတစ်ချက် ဆွဲလိုက်၏။ “ကိုယ်တော် မောင်မင်းကို မြှောက်ပင့်ပေးတာတောင် မသွားဘူးပေါ့”
“အရှင်မင်းကြီး ဘာရေးနေတာလဲ”
ချင်မူ ရှေ့တိုးပြီး ကြည့်လိုက်သည့်အခါ စာအုပ်လေးအပေါ်တွင် နာမည်များစွာ မြင်လိုက်ရသည်။ အများစုက ဝန်မင်းများ၏နာမည် ဖြစ်ပြီး သူ့နာမည်လည်း ပါ၏။ သူ့နာမည်ဘေးတွင် တာလီ ခြောက်ခု၊ ခုနစ်ခု ရှိပြီး လေးချက်ဆွဲထားသော တာလီတစ်ခုလည်း တွေ့ရသည်။
ဤစာမျက်နှာပေါ်ရှိ နာမည်များအနက် သူက တာလီအများဆုံး ဖြစ်လေသည်။
ဧကရာဇ်ယန်ဖုန်းက စာအုပ်လေးကို သုတ်သုတ်ပျာပျာ ပိတ်လိုက်သော်လည်း ချင်မူ့လက်များက ပိုမြန်သည်... သူက စာအုပ်အသေးလေးကို ဆွဲလုပြီး လှန်ကြည့်၏။ ဤစာအုပ်လေးတွင် စာရွက်မျက်နှာ တစ်ဒါဇင်ကျော် ရှိပြီး တာလီအများဆုံးကား သူ မဟုတ်ပေ။ မိဖုရားခေါင်ကြီး ဖြစ်သည်။ သူမတွင် တာလီပေါင်း ဆယ်နှင့်ချီ၏သည်။
ဧကရာဇ်ယန်ဖုန်းမှာ စာအုပ်လေးကို အသည်းအသန် ပြန်လုပ်၍ ကြိမ်းမောင်းလေသည်။ “ငါ့စာအုပ်ကိုများ ရာရာစစ... ခေါင်းဖြတ်ပစ်မယ်” ထိုသို့ပြောပြီးနောက် သူက ချင်မူ့နာမည်ဘေးတွင် မျဉ်းတစ်ချက် ဆွဲလိုက်၏။
ချင်မူ သဘောပေါက်သွားသည်။ သူက ဘေးရှိ မိဖုရားခေါင်ကြီးဆီသို့ လှမ်းကြည့်ကာ သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘အခုရက်ပိုင်း သူတို့ ခဏခဏ ရန်ဖြစ်တယ် ဖြစ်မယ်... ဧကရာဇ်က မိဖုရားခေါင်ကြီးကို အကြိမ်တစ်ရာကျော် ခေါင်းဖြတ်ပြီးပြီ... မိဖုရားခေါင်ကြီး မသိသေးလောက်ဘူး... သိသာ သိသွားရင် မိဖုရားဆောင်မှာ ဝုန်းဒိုင်းကြဲတော့မှာပဲ’
ဧကရာဇ်ယန်ဖုန်းက စာအုပ်လေးကို ဂရုတစိုက် သိမ်းပြီး ချိရှီအား ပြောလိုက်သည်။ “ဝန်မင်းချင်က ကိုယ်တော့်ရဲ့ ညာလက်ရုံးဆိုတော့ နန်းတွင်းကနေ လွယ်လွယ် ထွက်သွားလို့မရဘူး... အချိန်ဘယ်လောက်ကြာမလဲ အဆွေတော် ချိရှီ ပြောလို့ရမလား.. သိပ်ကြာရင်တော့ ဝန်မင်းချင်ကို ထည့်ပေးလို့မဖြစ်လောက်ဘူး”
ချိရှိက ပြုံးရယ်ကာ ပြောလေသည်။ “စိတ်မပူပါနဲ့ အရှင်မင်းကြီး.... ကျွန်တော် မျိုးနွယ်ဝင်တွေ ခေါ်ပြီး ဂြိုဟ်ကို စေစားခဲ့တုန်းက ဘိုးဘေးမြေ ဘယ်ဆီနေမှန်း မသိခဲ့လို့ အာကာသထဲမှာ လွင့်မျောနေခဲ့ပါတယ်... အဲဒါကြောင့် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တာပါ... ဒီတစ်ခေါက် ခရီးကတော့ တစ်နှစ်အတွင်း ပြန်လာနိုင်ပါလိမ့်မယ်”
ဧကရာဇ်ယန်ဖုန်း သံသယများဖြင့် မေးလိုက်သည်။ “အရင်တုန်းက ဘာလို့ အဲဒီလောက်ကြာပြီး ဒီတစ်ခေါက်မှ မြန်နေတာလဲ”
ချိရှီက ပြန်ဖြေသည်။ “အရင်တုန်းက ဘိုးဘေးမြေကို ပြသနေတဲ့ ကြယ်မြေပုံတစ်ခုပဲ ရှိခဲ့ပါတယ်.. ဒါကြောင့် ကြယ်လမ်းကြောင်းကို တွက်ချက်ခဲ့ရတယ်... ရန်သူတွေကိုလည်း ရှောင်ရပါသေးတယ်... ဒါကြောင့် အချိန်တွေ ကုန်သွားခဲ့တာပါ... အခု လမ်းလည်း သိပြီ၊ ရေအောင်နန်းဆောင်ထဲမှာလည်း အမြန်သင်္ဘောတစ်စင်း ရှိနေပြီ.. သင်္ဘောက ဂြိုဟ်ထက် မြန်ပါတယ်... ဒါကြောင့် ဒီတစ်ခေါက် မြန်မြန်သွားနိုင်တာပါ”
ဧကရာဇ်ယန်ဖုန်း စိတ်ချလက်ချ ဖြစ်သွားပြီး ပြုံးလိုက်၏။ “အဆွေတော် ချိရှီ၊ ရက်ပိုင်းလောက် စောင့်ပေးပါ... ဝန်မင်းချင် မောင်မင်းနဲ့ လိုက်ခဲ့ပါလိမ့်မယ်”
ချင်မူ ကမန်းကတန်း ခေါင်းယမ်းလိုက်သည်။ “အရှင်မင်းကြီး”
ဧကရာဇ်ယန်ဖုန်းက အလေးအနက် ပြောလေသည်။ “လူတစ်ယောက်အနေနဲ့ စာအုပ်တစ်သန်း ဖတ်ပြီး မိုင်တစ်သန်း ခရီးထွက်သင့်တယ်တဲ့... ကိုယ်တော်တို့ အင်ပါယာကို အရှက်မကွဲစေမယ့်သူက ဝန်မင်းချင်ပဲ ရှိတယ်.. ချိမင်ရွှမ်ခုံးကမ္ဘာမှာ မောင်မင်းရဲ့တာဝန်က အရေးပါတယ်... ချိမင်ခေတ်သားတွေနဲ့ မဟာမိတ်ဖွဲ့နိုင်၊ မဖွဲ့နိုင်က မောင်မင်းအပေါ် မူတည်လိမ့်မယ်... မောင်မင်းထက် ပိုသင့်တော်တဲ့လူ မရှိတော့ဘူး.. အန္တရာယ်များသလို၊ ခက်ခဲမှာ ငါကိုယ်တော်လည်း သိပေမယ့် မောင်မင်းတစ်ယောက်ပဲ စွမ်းဆောင်နိုင်လို့ပါ”
ချင်မူက အကြီးအကျယ် မျက်မှောင်ကြီးကြုတ်ကာ ချိရှီကို လှမ်းကြည့်၏။ ချိရှီက ပြုံးပြပြီး မည်သို့မျှမပြောပေ။
ချိရှီနောက်ရှီ ပန်ကုန်းစုန်က လည်ပင်းကို ဖြတ်ပြသော အမူအရာ လုပ်ပြသည်။
တခဏကြာသော် သူတို့နှစ်ယောက် ထွက်သွားကြ၏။
ဧကရာဇ်ယန်ဖုန်းက သူတို့ထွက်သွားသည်ကို ကြည့်ပြီး ပြောသည်။ “ဝန်မင်းချင်၊ ချိရှီက အရေးပါတဲ့လူမဟုတ်ဘူး... နတ်ဘုရားသားတော်ကမှ ဆုံးဖြတ်ချက် ချနိုင်တဲ့လူပဲ... ချိရှီ ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်က ဘာမှမဟုတ်သေးဘူး.. နတ်ဘုရားသားတော် ခေါင်းညိတ်မှ အကျုံးဝင်မှာ... ထာဝရငြိမ်းချမ်းရေးအင်ပါယာက လက်ရှိအချိန်တော့ တည်ငြိမ်ခိုင်မာနေတဲ့ပုံပေါ်ပေမယ့် အန္တရာယ်တွေ ပြည့်နေတယ်မဟုတ်လား... ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ချိမင်ရွှမ်ခုံးကမ္ဘာနဲ့ မဟာမိတ်ဖွဲ့ပြီး ဒီစာချုပ် အတည်ဖြစ်စေဖို့ လိုတယ်... အဲဒီချိမင်နတ်ဘုရားသားတော်က ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ သံတမန်တွေကို ဒုက္ခပေးလောက်တယ်... ဒီအခြေအနေမှာ မောင်မင်းအပြင် တခြားသင့်တော်တဲ့လူမှ မရှိတာ... တကယ်ပြောတာပါ... ကိုယ်တော်ကိုယ်တိုင် မလိုက်နိုင်ပေမယ့် ယွိရှို့ကို မောင်မင်းနဲ့အတူ ထည့်ပေးလိုက်မယ်.... တစ်ခုခုဖြစ်ရင် ငါ့သမီးတော်လည်း မောင်မင်းနဲ့ သေရလိမ့်မယ်”
ချင်မူ မျက်တောင်ပုတ်ခတ်လိုက်သည်။ “သွားပါ့မယ် ဟုတ်ပြီလား”
သူက ပထမလူသားဧကရာဇ်ဆီသို့ ကြည့်လိုက်၏။ ပထမလူသားဧကရာဇ်မှာ အတန်ကြာ တွန့်ဆုတ်နေပြီးနောက် ပြောလေသည်။ “ငါ မင်းနဲ့ လိုက်ခဲ့ပေးမယ်”
ချင်မူ စိတ်အေးသွားပြီး ပြုံးလိုက်သည်။ “အရှင်မင်းကြီး စိတ်ပူစရာမလိုတော့ဘူး... စိတ်အေးအေး ထားလိုက်တော့”
ဧကရာဇ်ယန်ဖုန်းမှာ ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းမှုတ်ထုတ်လိုက်၏။ “ကိုယ်တော် စိတ်မအေးသေးဘူး... ထိုက်ဧကရာဇ်ကောင်းကင်ဘုံက ဖြတ်သွားရင် ဧကရာဇ်အတိုင်ပင်ခံနဲ့ ဝင်တွေ့ပြီး သူ့အမြင်လည်း မေးလိုက်ဦး... မောင်မင်းတို့ ချိမင်နတ်ဘုရားသားတော်နဲ့ တွေ့ရင် ဆက်သဖို့ လက်ဆောင်ပဏ္ဍာတွေ ကိုယ်တော် ပြင်ပေးလိုက်မယ်”
ချင်မူ ခေါင်းညိတ်လိုက်သည်။
နှစ်ရက်ကြာသော် ဧကရာဇ်ယန်ဖုန်းက လက်ဆောင်များ ပြင်ပေးသည်။ ၎င်းတို့က အခြေခံဓားချက်သုံးချက်ကို ရှင်းလင်းပြထားသော စာအုပ်များ ဖြစ်၏။ ချင်မူက စာအုပ်များကို တာဝန်ယူရပြီး လင်ယွိရှို့က ရတနာများသယ်ဆောင်ရသည်။
ချင်မူ၊ ပထမလူသားဧကရာဇ်နှင့် လင်ယွိရှို့တို့ ခရီးထွက်ရန် ပြင်ဆင်နေစဉ် ချိရှီနှင့် ပန်ကုန်းစုန်က သင်္ဘောကို ပြင်ထားပြီးပြီဖြစ်သည်။ သင်္ဘောက တောင်ပင်လယ်ထဲရှိ ရေအောက်မြို့တော်အတွင်း၌ တည်ရှိလေသည်။ ချိရှီက ၎င်းကို ထုတ်ပြီး ချိတ်ဖွင့်ပေးလိုက်သည့်အခါ တောင်ပံခြောက်ဖက်ရှိသော ရှေးဟောင်းလေသင်္ဘောတစ်စင်းအသွင် ပြောင်းသွား၏။ ခမ်းနားတင့်တယ်သည့် သင်္ကေတအမှတ်အသားများက သင်္ဘောကို လွှမ်းခြုံနေသည်။ သင်္ဘောဦးသည် မီးငှက်ခေါင်းဖြစ်ပြီး သင်္ဘော၏ကိုယ်ထည်တွင်လည်း ငှက်သင်္ကေတမျိုးစုံ ခတ်နှိပ်ထားသည်။
ချင်မူမှာ သင်္ဘောကို အသေးစိတ် ကြည့်ရင်း အံ့အားသင့်နေသည်။ သင်္ဘော၏ ခေါင်းသည် တကယ့်မီးငှက်ခေါင်း ဖြစ်၍ အသွေးအသားများ ရှိ၏။ တောင်ပံနှင့် အမွှေးအတောင်များကလည်း အစစ် ဖြစ်ချေသည်။
ထို့အပြင် သင်္ဘောကိုယ်ထည်၌ ခတ်နှိပ်ထားသော ငှက်သင်္ကေတအမှတ်အသားများက နတ်သားရဲ၊ နတ်ငှက်တို့၏ အရေပြားများ ဖြစ်ကြသည်။
“ဒါဆို ဒီတောင်ပံခြောက်ဖက်...”
ဤသင်္ဘော၏ တောင်ပံခြောက်ဖက်ကား နတ်ဘုရားတောင်ပံ ခြောက်ဖက် ဖြစ်သည့်အပြင် သာမန်နတ်ဘုရားများဆီမှ မဟုတ်ပေ။
ချိမင်ခေတ်သည် နတ်ဘုရားတို့၏ခန္ဓာကိုယ်ကို အသုံးပြုပြီး ကောင်းကင်လက်နက်များ သွန်းလုပ်ခဲ့၏။
ဤအချက်မှ ထိုခေတ်၏ အသွင်အပြင်ကို မြင်နိုင်သည်။
လူရိုင်းဆန်သည်၊ ကြမ်းတမ်းသည်၊ ခက်ထန်သည်။
ဤသင်္ဘောသာမက နတ်ဘုရားစီရင်ရာဓားမသည်လည်း ချိမင်ခေတ်၏ ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်ကို ပြသနိုင်၏။
နတ်ဘုရားစီရင်ရာဓားမက ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ယောက်၏ ဦးခေါင်းဖြင့် သွန်းလုပ်ထားခြင်း မဟုတ်ပါ၏လော။
ချိမင်ရွှမ်ခုံးကမ္ဘာ ခရီးကား သေချာပေါက် လွယ်ကူချောမွေ့သော ခရီးစဉ် မဖြစ်နိုင်တော့ပေ။