ကောင်းကင်နယ်စားမင်း၏ ရွှမ်တု
Vol. 47 Ch. 643
လင်ယွိရှို့ သင်္ဘောပဲ့အခန်းထဲမှ ပြေးထွက်လာသည်။ သူမက သင်္ဘောနှင့်ပတ်သက်ပြီး ထူးဆန်းသောအရာ တွေ့လိုက်ရသည့်အလား ချင်မူ့အနား ကပ်၍ တိုးတိုး ပြော၏။ “နွားကျောင်းသား၊ ဒီသင်္ဘောရဲ့ နဂါးအရိုးတွေက တကယ့်နဂါးတစ်ကောင်ရဲ့ အရိုးတွေ သိလား”
ချင်မူ မှင်သက်သွားသည်။ သူလည်း သူမနှင့်အတူ ပဲ့အခန်းထဲသို့ လိုက်သွားသည့်အခါ သင်္ဘော၏ နဂါးအရိုးများသည် နဂါးတစ်ကောင်၏ အရိုးစုတစ်စု ဖြစ်ကြောင်း မြင်လိုက်ရ၏။ ဆိုလိုသည်က သင်္ဘောပျံသန်းလျှင် နဂါးအရိုးများက မြွေတစ်ကောင်လို ဘယ်ညာလူးလွန့်နေလိမ့်မည်။
ထို့အပြင် နဂါးတစ်ကောင်၏ နံရိုးကြီးများက ဤသင်္ဘော၏ ပင်မကိုယ်ထည်ကို ဖွဲ့တည်ထားကြောင်း မြင်လိုက်ရသည်။
ချင်မူ ကိုယ်ထည်ကို ထိကြည့်သည့်အခါ စိုစိစိုစိ ဖြစ်နေပြီး အရေပြားတစ်ပြားဖြင့် ကိုယ်ထည်ကို လွှမ်းခြုံထားသလို ခံစားမိလိုက်၏။
“သူတို့က နတ်ဘုရားတွေရဲ့ အသွေးအသားတွေနဲ့ ဒီသင်္ဘောကို တည်ဆောက်ထားတာပဲ.... ချိမင်ခေတ်က တကယ် အရိုင်းဆန် ကြမ်းတမ်းလွန်းတယ်”
ချင်မူနှင့် လင်ယွိရှို့ တုန်ရီနေမိသည်။ ထိုအချိန်တွင် သင်္ဘောသည် စွမ်းအင်အကူးအပြောင်းတံတားဆီသို့ ရွက်လွင့်သွားပြီဖြစ်၏။ ချင်မူ ကုန်းပတ်သို့ ပြန်ထွက်လိုက်သည့်အခါ ကုန်းပတ်ကို လေ့လာနေသော ပန်ကုန်းစုန်အား တွေ့လိုက်ရသည်။ ချင်မူလည်း ကုန်းပတ်ကို အသေးစိတ် လေ့လာကြည့်လိုက်ပြီး ခေါင်းထောင်ကာ ပန်ကုန်းစုန်ဆီသို့ လှမ်းကြည့်လိုက်သည်။ ပန်ကုန်းစုန်ကလည်း အလားတူ လှမ်းကြည့်၏။ နှစ်ယောက်သား တစ်ယောက်အတွေးကို တစ်ယောက် သိ၍ ပြိုင်တူ အော်လိုက်ကြသည်။ “သားရေပတ် အရိုးပြားတွေ”
ကုန်းပတ်တစ်ခုလုံးသည် အရေပြားဖြင့် ရစ်ပတ်ထားသော အရိုးပြားတို့ဖြင့် တည်ဆောက်ထားခြင်း ဖြစ်နေသည်။ ဤသင်္ဘောကို တည်ဆောက်ရန်လေးအတွက် နတ်ဘုရားပေါင်းများစွာ အသတ်ခံခဲ့ရလိမ့်မည်။
“ဆရာကြီးချိရှီ၊ ခင်ဗျားတို့ ချိမင်ခေတ် ကိုင်တွယ်တဲ့ပုံစံက နည်းနည်းကြမ်းတမ်းပြီး ကြောက်စရာမကောင်းနေဘူးလား”
ပထမလူသားဧကရာဇ်လည်း သင်္ဘောကို အကဲခတ်ကာ ခေါင်းယမ်းလိုက်၏။ “ဒီလိုသင်္ဘောတည်ဆောက်ဖို့ နတ်ဘုရားထောင်နဲ့ချီ သေခဲ့ရလောက်တယ်”
ချိရှီက ပြုံးလိုက်သည်။ “မင်းတို့ ခိုင်ဧကရာဇ်ခေတ်က နှစ်နှစ်သောင်းပဲ ခံခဲ့တာမဟုတ်လား”
ပထမလူသားဧကရာဇ် အနည်းငယ် ကြောင်သွားသည်။ ထို့နောက် ခေါင်းညိတ်လိုက်၏။ “နှစ်နှစ်သောင်းတောင် မပြည့်ပါဘူး”
ချိရှီက ပြောသည်။ “မင်းတို့နှစ်နှစ်သောင်းတောင် မခံခဲ့တဲ့အချိန်မှာ ချိမင်ခေတ် ဘာတွေကြုံတွေ့ခဲ့ရလဲ မင်း သိမှာမဟုတ်ဘူး.. နတ်ဘုရားတစ်ပါးရဲ့ သက်တမ်းက အဆုံးမှမရှိတာ... နှစ်နှစ်သောင်းနဲ့တင် နတ်ဘုရားသန်းပေါင်းများစွာ မွေးထုတ်ပေးဖို့ လုံလောက်နေပြီ... နတ်ဘုရားတွေက သေလည်း မသေနိုင်ဘူးလေ... ဒါကြောင့် နိုင်ငံတော် တိုးတက်စည်ပင်လာတာနဲ့အမျှ နတ်ဘုရားအရေအတွက်လည်း များလာတယ်... ငါတို့ချိမင်နတ်ဘုရားနိုင်ငံတော်က နှစ်ပေါင်းတစ်သိန်း တည်တံခဲ့တော့ နတ်ဘုရားအရေအတွက်က ကောင်းကင်နဲ့မြေပြင် လက်ခံနိုင်တဲ့ အတိုင်းအတာကို ကျော်သွားခဲ့တယ်... မင်းတို့ခိုင်ဧကရာဇ်ခေတ် အုပ်ချုပ်တဲ့ စကြဝဠာနဲ့ မြေပြင်က ငါတို့ချိမင်ခေတ် ရောက်ခဲ့တဲ့အခြေအနေနဲ့ အပုံကြီးကွာတယ်... မင်းတို့ပိုင်နက်က ငါတို့ချိမင်နတ်ဘုရားနိုင်ငံတော်ထက် နှစ်ဆ၊ သုံးဆလောက် သေးငယ်... ဒါပေမယ့် အဲဒီလောက် ကြီးမားကျယ်ဝန်းတဲ့ ပိုင်နက်နဲ့တောင် နတ်ဘုရားအများကြီးအတွက် မထောက်ပံ့ပေးနိုင်တော့ဘူး... ဒါနဲ့ အငယ်မျိုးဆက်ပါရမီရှင်တွေ နေရာ ဘယ်ရတော့မလဲ... သူတို့အားလုံး စပုန်ကန်ကြတယ်... သူတို့ ပုန်ကန်တော့.... “
ချိရှီ၏အမူအရာက တည်ကြည်လေးနက်နေသည်။ သူ့အသံတွင် သတ်ဖြတ်လိုစိတ်တို့ ကိန်းဝပ်နေ၏။ “သူတို့ကို သတ်ပစ်ကြတာပေါ့... ဟီးဟီး နတ်ဘုရားထောင်များစွာကို သတ်ပြီး ဒီလိုရတနာတစ်ခု ဖန်တီးလိုက်တာ ဘယ်အကျိုးယုတ်မလဲ”
ပထမလူသားဧကရာဇ် မျက်မှောင်ကြုတ်သွားသည်။ “ကျင့်ဝတ် ချိုးဖောက်ရာ မရောက်ဘူးလား”
“ကျင့်ဝတ်ဟုတ်လား... မင်းတို့ ခိုင်ဧကရာဇ်ခေတ် သုတ်သင်ခံရတုန်းက လူဘယ်လောက်သေခဲ့လဲ.... အဲဒါလည်း ကျင့်ဝတ်ချိုးဖောက်တာ မဟုတ်ဘူးလား”
ချိရှီက ဆက်ပြောသည်။ “ဥပမာ မင်းရဲ့ထောင်ကျယ်အိတ်တွေ... အဲဒါတွေကရော ထောင်ကျယ်သားရဲတွေ သတ်ပြီး လုပ်ထားတဲ့ ရတနာတွေ မဟုတ်လား”
ချင်မူ ခေါင်းယမ်းလိုက်၏။ “ကျွန်တော့်ထောင်ကျယ်အိတ်တွေက မှော်ဆရာကြီးဆီက ဟာတွေ... မှော်ဆရာကြီး ကျွန်တော့်ကို ပေးထားတာ”
ပန်ကုန်းစုန် မျက်နှာကြီး မည်းသွားသည်။
ချိရှီက ပြောသည်။ “နတ်ဘုရားတစ်ပါး သတ်ပြီး ရတနာသွန်းလုပ်တယ်ဆိုတာ ခေတ်တိုင်းမှာ ဖြစ်ပျက်ခဲ့ဖူးတာပဲ မထူးဆန်းဘူး... ငါတို့ချိမင်နတ်ဘုရားနိုင်ငံတော်က လွန်ခဲ့တဲ့ နှစ် ၃၅၀၀၀၀ တုန်းက ပျက်သုဉ်းခဲ့တယ်... ချိမင်ခေတ်ပြီးတော့ ချုံဧကရာဇ်ခေတ် ပေါ်ထွန်းတယ်... ချုံဧကရာဇ်ခေတ်က နှစ်သုံးသိန်းတည်တန့်ခဲ့ပြီး သမိုင်းတစ်လျှောက် အကြာရှည်ဆုံးခေတ်ပဲ... အတိုးတက်ဆုံးခေတ်လည်း ဟုတ်တယ်... ချိမင်ခေတ်က အသက်ရှင်ကျန်ခဲ့တဲ့သူတွေ ချိမင်ရွှမ်ခုံးကမ္ဘာမှာ သွားပုန်းပြီး ဘိုးဘေးမြေကို လာမရှာကြတဲ့ အကြောင်းရင်းက ချုံဧကရာဇ်ကောင်းကင်နတ်ဘုံ ငါတို့ကို ဖမ်းပြီး ရတနာတွေအဖြစ် သွန်းလုပ်လိုက်မှာ ကြောက်လို့ပဲ”
ချင်မူ အချိန်ခရီးသွားခဲ့သော အဖြစ်အပျက်ကို သတိရလိုက်သည်။ ပိုင်ချွီအာနှင့် သူမအစ်ကိုတော်သည် လူသတ်၍ ရတနာသွန်းလုပ်မည့် လူများနှင့် မတူပေ။ သို့သော် ချူတောင်နတ်ဘုရားကျောင်းဆောင်၏ ချူတောင်နတ်မင်းသည် ထောင်ကျယ်နတ်သားရဲတစ်ကောင်ကို သတ်ပြီး ရတနာများနှင့် ကျောင်းဆောင်အဖြစ် ပြောင်းလဲခဲ့၏။
သူ ရင်ထဲတွင် တုန်လှုပ်သွားသည်။ သူက ထောင်ကျယ်အိတ်ထဲမှ နေကျောက်စိမ်းမျက်လုံးနှင့် လကျောက်စိမ်းမျက်လုံး ထုတ်ကာ မေးလိုက်သည်။ “ဆရာကြီးချိရှီ၊ ဒီရတနာနှစ်ခုက ချုံဧကရာဇ်ခေတ်ရဲ့ ရတနာတွေမလား”
ချိရှီက လှမ်းကြည့်၏။ “ဟုတ်လိမ့်မယ်... ချုံဧကရာဇ်ခေတ်က ရတနာတွေဆို ဒီမျက်လုံးနှစ်လုံးက ကျောက်စိမ်းနဲ့ လုပ်ထားတာမဟုတ်ဘူး... နတ်ဘုရားတစ်ပါးရဲ့ မျက်လုံး၊ ထောင်ကျယ်သားရဲတစ်ကောင်ရဲ့ မျက်လုံးအစစ်တွေပဲ”
ချင်မူ အလန့်တကြား ထခုန်မိလိုက်သည်။ မျက်လုံးများကို သူ ထိကြည့်သည့်အခါ ကျောက်စိမ်းအသားကို ခံစားရ၏။ အသွေးအသားနှင့် ဖွဲ့တည်နေဟန်မတူပေ။ ‘ချုံဧကရာဇ်ခေတ်က ချိမင်ခေတ်လို ရက်စက်ကြမ်းကြုတ်တာ ဖြစ်နိုင်ပါ့မလား... ပိုင်ချွီအာနဲ့ ကျန်တဲ့လူတွေကြည့်ရတာ အရိုင်းမဆန်ကြပါဘူး... ဒါဆို ချုံဧကရာဇ်ခေတ်က နတ်ဘုရားအရေအတွက်များလွန်းတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းခဲ့တာ ဖြစ်မလဲ”
ထိုအချိန်တွင် လေသင်္ဘောသည် စွမ်းအင်အကူးအပြောင်းတံတားကို ဖြတ်သန်း၍ ထိုက်ဧကရာဇ်ကောင်းကင်ဘုံသို့ ဝင်သွားခဲ့ချေပြီ။ လီမြို့သို့ ရောက်သည့်အခါ ချင်မူက သင်္ဘောပေါ်မှ ဆင်းပြီး စုံစမ်းကြည့်သည်။ ဧကရာဇ်အတိုင်ပင်ခံ ပြန်ရောက်မလာသေးပေ။
‘ဧကရာဇ်အတိုင်ပင်ခံ လော့ဖူကောင်းကင်ဘုံမှာ တန်ခိုးရှင်သစ်ခုတ်သမားနဲ့ အတူ ကျင့်ကြံနေတာပဲ ဖြစ်မယ်’
သူတို့ လော့ဖူကောင်းကင်ဘုံသို့ သွားလိုက်ကြ၏။ ဤကမ္ဘာတွင် လူသူတစ်ယောက်မှ မရှိပေ။ ယဇ်ပလ္လင်များအထက်၌ နတ်ဘုရားများသည် မနားမနေ စောင့်ကြပ်နေကြ၏။
ချင်မူ တန်ခိုးရှင်သစ်ခုတ်သမားရှိသည့် ယဇ်ပလ္လင်ဆီ သွားနေစဉ် ပထမလူသားဧကရာဇ်မှာ အလွန်စိတ်လှုပ်ရှားနေသည်။ တန်ခိုးရှင်သစ်ခုတ်သမားက သူ့ကို အဝေးမှ မြင်လျှင် ချက်ချင်း လှည့်သွားပြီး ရှောင်နေသည်။
ပထမလူသားဧကရာဇ် စိတ်ဓာတ်ကျသွားတော့သည်။
ချိရှီက တန်ခိုးရှင်သစ်ခုတ်သမားကို ကြည့်ကာ နှာခေါင်းရှုံ့၏။
ချင်မူ ယဇ်ပလ္လင်ပေါ် တက်ပြီး လာရသည့်အကြောင်းရင်းကို ပြောပြလိုက်သည်။ တန်ခိုးရှင်သစ်ခုတ်သမားက ပြောလေသည်။ “မင့်ညီလေး လောလောဆယ် တံခါးပိတ်ကျင့်နေတယ်... တော်တော်နဲ့ ထွက်လာဦးမှာ မဟုတ်ဘူး... တစ်နှစ်ကျော်လောက် စောင့်ရင်တော့ ထွက်လာလိမ့်မယ်”
ချင်မူ ခေါင်းယမ်းလိုက်သည်။ “ကျွန်တော်တို့ အဲဒီလောက် မစောင့်နိုင်ဘူး.. ညီလေးက တံခါးပိတ်ကျင့်နေမှတော့ ဆရာပဲ ကျွန်တော်တို့ ခရီးမှာ ဘာတွေ သတိထားရမလဲ ပြောပေးနိုင်မလား”
တန်ခိုးရှင်သစ်ခုတ်သမားက သူ၏မျက်ဝန်းများကို စိုက်ကြည့်ကာ ပြုံးလိုက်သည်။ “သူတို့ ဒေသရဲ့ ဓလေ့ထုံးတမ်းတွေ၊ အစဉ်အလာတွေကို လိုက်နာရမယ်... တခြားသူတွေ ဘာလုပ်လဲ အကဲခတ်ပြီး သူတို့လုပ်သလို လိုက်လုပ်ရမယ်... မင်း သူတို့ကို အနိုင်မယူနိုင်ရင်တော့ နဖူးပေါ်က မိုးမခသစ်ရွက်ကို ခွာလိုက်”
ချင်မူက ပြုံးလိုက်၏။ “ချိမင်ခေတ်က လူတွေက ကြမ်းတမ်းခက်ထန်ကြတယ်... ကျွန်တော် သူတို့ဓလေ့ထုံးတမ်းတွေအတိုင်း လိုက်နာနေရင် လူသတ်ရမှာ စိုးမိတယ်”
“အဲဒါကြောင့် မနိုင်ရင် မိုးမခသစ်ရွက်ကို ခွာလိုက်ဖို့ ပြောတာ... ဒါ့အပြင် မင်းပြဿနာရှာရင်တောင် မြေအောက်ဘုံအရှင်သခင် ရှိနေသေးတယ် မဟုတ်လား”
ချင်မူ့မျက်နှာ မီးသွေးတုံးလို မည်းမှောင်သွားသည်။
တန်ခိုးရှင်သစ်ခုတ်သမားက ပထမလူသားဧကရာဇ်ကို ကျောခိုင်းထားပြီး အေးအေးဆေးဆေး ဆက်ပြောနေသည်။ “ပြီးတော့ တပ်ပြေးကိုလည်း မယုံနဲ့... တစ်ကြိမ် ထွက်ပြေးဖူးတဲ့ တပ်ပြေးက နောက်တစ်ကြိမ် ထွက်ပြေးလိမ့်မယ်”
ချင်မူ ခေါင်းလှည့်ကြည့်လိုက်ရာ သင်္ဘောဦးတွင် တိတ်ဆိတ်စွာ ရပ်နေသော လူသားဧကရာဇ်အား မြင်လိုက်ရ၏။
တန်ခိုးရှင်သစ်ခုတ်သမားက လင်ယွိရှို့ကို လှမ်းခေါ်၍ အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ကလေးမ၊ မင်းက မင်းအဖေထက် အများကြီးသာတယ်... မင်း အမျိုးသမီးဧကရာဇ် ဖြစ်လာရင် ပြည်သူတွေနဲ့ ငါ့တပည့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါ... သူ အကြံပေးတာတွေကိုလည်း အလေးအနက်ထားပါ”
လင်ယွိရှို့က ချင်မူ့ကို လှမ်းကြည့်ပြီး တက်ကြွစွာ ပြောလိုက်၏။ “ဟုတ်ကဲ့”
“လိမ္မာတယ်... မင်းရဲ့ သိုင်းအဆင့်က အနိမ့်ဆုံးဆိုတော့ ငါ လက်ဆောင်ပေးလိုက်မယ်”
တန်ခိုးရှင်သစ်ခုတ်သမားက ပုဆိန်ကြီးကို လင်ယွိရှို့၏ နဖူးဆီသို့ မပြောမဆို ခုတ်ချလိုက်သည်။
လင်ယွိရှို့မှာ လိပ်ပြာလွင့်မတတ် လန့်သွားသော်လည်း နာကျင်မှုကို မခံစားရပေ။ တန်ခိုးရှင်သစ်ခုတ်သမားက ပုဆိန်ဖြင့် သူမနဖူးအား ခဏခဏ ခုတ်နေသည်။ ထို့နောက် ရပ်လိုက်ပြီး ပြော၏။ “လင်မိသားစုရဲ့ ကလေး၊ ဒီနေ့ ငါ့ရဲ့စကားတွေကို မှတ်ထားပါ... အားလုံး သွားလို့ရပြီ”
လင်ယွိရှို့မှာ နားဝေတိမ်တောင်ဖြင့် ချင်မူနှင့်အတူ လေသင်္ဘောဆီသို့ လှည့်ပြန်သွားသည်။
ချိရှီက တန်ခိုးရှင်သစ်ခုတ်သမား၏ ကျောပြင်အား ကြည့်၍ သရော်တော်တော် ပြောလိုက်၏။ “အဆွေတော်၊ အချိန်ရရင် ထပ်ပြိုင်ကြတာပေါ့”
တန်ခိုးရှင်သစ်ခုတ်သမားက လှည့်မကြည့်ဘဲ လက်ဝှေ့ယမ်းပြသည်။ လေသင်္ဘောသည် အပြင်အာကာသထဲသို့ ထွက်သွားပြီး လျင်မြန်စွာ ပျောက်ကွယ်သွားတော့၏။
ကြယ်တာရာကောင်းကင်ထဲတွင်
လေသင်္ဘောတစ်စင်းက တောင်ပံသုံးစုံကို ခတ်လျက် မှောင်ပိန်းနေသော ကောင်းကင်ယံတစ်လျှောက် ပျံသန်းနေသည်။ အဟန့်အတားတစ်စုံတရာမရှိသောကြောင့် လေသင်္ဘော၏အလျင်က မြန်သထက် မြန်လာ၏။ တဖြည်းဖြည်း လျှပ်စီးတန်းပမာ ခန့်မှန်းမကြည့်နိုင်လောက်အောင် မြန်လာသည်။
သူတို့ ဂြိုဟ်ခါးပတ်တစ်ခုကိ ဖြတ်ကျော်သည့်အခါ ဂြိုဟ်ကြီးများက သင်္ဘောကို ဝင်တိုက်ကြသည်။ သို့သော် သင်္ဘောပေါ်ရှိ သင်္ကေတအမှတ်အသားများ တောက်ပလာပြီး ဤတောင်အရွယ်ဂြိုဟ်ကြီးများမှာ မှုန့်မှုန့်ညက်ညက် ကြေကုန်သည်။
ချိရှီက ကြယ်အိမ်မြှောင်တစ်ခု ထုတ်ကြည့်သည်။ ကြယ်အိမ်မြှောင်က အလင်းတန်းများ ထုတ်လွှတ်ပြီး တင့်တယ်လှပသော ကြယ်မြေပုံတစ်ခုအား ပြသလိုက်၏။ သူက ပြောလေသည်။ “နှစ်ဝက်နေရင် ငါတို့ ချိမင်ရွှမ်ခုံးကမ္ဘာဆီ ရောက်မယ်... အဲဒီမတိုင်ခင် ကြိုက်သလို သွားလို့ရတယ်... သင်္ဘောကနေတော့ မခွာနဲ့”
ချင်မူ ကြယ်မြေပုံကို အကဲခတ်လိုက်ပြီး ကြယ်လမ်းကြောင်းက အလွန်ထူးဆန်းကြောင်း တွေ့လိုက်ရသည်။ ကြယ်များက နေရာတစ်နေရာကို လှည့်ပတ်နေသော်လည်း ထိုနေရာမှာ ဗလာကြီးဖြစ်၏။ အလင်းတန်းများသာ တစ်ချက်တစ်ချက် ကွန့်မြူးနေတတ်သည်။
“ဆရာကြီးချိရှီ၊ ဒါက ဘာနေရာလဲ” သူက တွင်းနက်လို နေရာတစ်နေရာအား လက်ညှိုးထိုးပြလိုက်သည်။
ချိရှီက ထိုနေရာကို ကြည့်ကာ မျက်ခုံးပင့်သွား၏။ “တောသားလေး၊ မင်းက ဘိုးဘေးမြေကနေ တစ်ခါမှ မထွက်ဖူးတော့ စကြဝဠာကြီးအကြောင်း ဘယ်သိပါ့မလဲ”
ပထမလူသားဧကရာဇ်က တစ်ချက်ကြည့်ပြီး ပြောပြသည်။ “အဲဒီနေရာက ယိုတုနဲ့ ဆန့်ကျင်ဘက်လို ထူးဆန်းတဲ့ နေရာမျိုးပဲ... ကောင်းကင်နယ်စားမင်း စံမြန်းတဲ့နေရာလို့ ခေါ်တယ်”
လင်ယွိရှို့မှာ ကောင်းကင်နယ်စားမင်းအကြောင်း မကြားဖူး၍ ချင်မူနှင့်အတူ နားထောင်နေသည်။ သူမက မေးလေသည်။ “ကောင်းကင်နယ်စားမင်းက ယိုတုနဲ့ ဆန့်ကျင်ဘက်ဟုတ်လား.. မြေအောက်ဘုံအရှင်သခင်က ဝိညာဉ်တွေကို သိမ်းတဲ့သူဆိုတော့ ကောင်းကင်နယ်စားမင်းက ဘာလုပ်တာလဲ”
ပထမလူသားဧကရာဇ် မဖြေခင် ချိရှီက ရှင်းပြသည်။ “ကောင်းကင်နယ်စားမင်းက နတ်ဘုရားတွေရဲ့ ဘိုးဘေးကြီးပဲ... နက္ခတ်သဘာဝတွေရဲ့ လုပ်ဆောင်မှုတွေကို ထိန်းချုပ်တယ်... သူက မျှတပြီး တစ်ကိုယ်ကောင်းစိတ် ကင်းမဲ့တယ်... မင်းတို့မြင်နေရတဲ့ ကြယ်အားလုံး နောက်မှာ ကောင်းကင်နယ်စားမင်း ရှိတယ်... ကမ္ဘာလောကတိုင်းမှာ ရှိတဲ့ ကြယ်တွေကို ကောင်းကင်နယ်စားမင်း ထိန်းချုပ်တာပဲ... ဒီနတ်ဘုရားက မြေအောက်ဘုံအရှင်သခင်အောက် မနိမ့်ကျဘူး... ကြယ်တိုင်းရဲ့ နောက်ကွယ်မှာ ရှိနေနိုင်တယ်ဆိုမှတော့ သူ ဘယ်လောက် တန်ခိုးကြီးမလဲ စဉ်းစားကြည့်ပေါ့”
ပထမလူသားဧကရာဇ်က ပြောသည်။ “ကောင်းကင်နယ်စားမင်းက ဘယ်ကမ္ဘာကိုမဆို စိတ်တိုင်းကျ ဝင်ရောက်နိုင်တယ်... ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောင်းကင်က အတုဖြစ်နေတော့ ကောင်းကင်နယ်စားမင်း မလာနိုင်ဘူး”
ပန်ကုန်းစုန်မှာ တစ်ခါမှ မကြားဖူး၍ မသိလိုက်မသိဖာသာဖြင့် စိတ်ဝင်စားလာမိသည်။ သူက ထမေးလေသည်။ “ဒါဆို ကျွန်တော်တို့ မြင်နေရတဲ့ နေ၊ လနဲ့ ကြယ်တွေအားလုံးက အတုကြီးတွေလား”
“အကုန်လုံးတော့ မဟုတ်ဘူး”
ပထမလူသားဧကရာဇ်က ရှင်းပြသည်။ “မဟာမြို့ပျက်မှာ နေထွက်ရင် မင်းမြင်တဲ့နေက အစစ်ပဲ... တစ်ခါတလေ မနက်စောစောမှာ လနဲ့ ကြယ်တချို့လည်း မြင်ရလိမ့်မယ်... အဲဒါတွေကလည်း အစစ်တွေပဲ”
ပန်ကုန်းစုန် မှင်သက်သွား၏။ “မဟာမြို့ပျက်မှာ မြင်ရတဲ့ နေ၊ လနဲ့ ကြယ်တွေက အစစ်ဖြစ်ပြီး အပြင်ကဟာတွေက အတုတွေဆို ဘာအတွက် မဟာမြို့ပျက်ကို ပိတ်လှောင်ထားတာလဲ”
ချင်မူက သူ့ကို တစ်ချက်လှမ်းကြည့်သည်။ “မဟာမြို့ပျက်ကို ပိတ်လှောင်ထားတာမဟုတ်ဘူး... မဟာမြို့ပျက်အပြင်လူတွေကို ပိတ်လှောင်ထားတာ... မဟာမြို့ပျက်အပြင်က လူတွေမှာ ဝိညာဉ်ခန္ဓာလေးမျိုးပဲ ရှိပြီး မဟာမြို့ပျက်ထဲမှာတော့ ထူးဆန်းတဲ့ ဝိညာဉ်ခန္ဓာကို ဘာကြောင့် ရှိနေတာလဲ မှော်ဆရာကြီး မသိချင်ဘူးလား”
ပန်ကုန်းစုန် ဝမ်းနည်းသွားသည်။ “ငါတို့ကို ပိတ်လှောင်ထားတာတဲ့လား... ဟီးဟီး ငါတို့ကို ပိတ်လှောင်ထားတာတဲ့လေ... ပိတ်လှောင်ခံထားရအောင် ငါတို့က ဘာလုပ်ခဲ့မိလို့လဲ”
မဟာမြို့ပျက်အပြင်ရှိ လူများသည် မဟာမြို့ပျက်၏လူများအပေါ် အမြဲအထင်သေးခဲ့ကြပြီး အစွန့်ပစ်ခံလူများဟု ခေါ်ခဲ့ကြ၏။
ပန်ကုန်းစုန်က မြက်ခင်းလွင်ပြင်၏ မဟာမှော်ဆရာသခင် ဖြစ်သည့်အပြင် လိုလန်ရွှေနန်းတော်၏ တည်ထောင်သူလည်း ဖြစ်၍ မဟာမြို့ပျက်သားတို့အပေါ် ပိုမိုစက်ဆုပ်ခဲ့လေသည်။ ဆန်းကြယ်သားရဲများနှင့် မဟာမြို့ပျက်သားတို့ကို မကြာခဏ ဖမ်းကာ သူ၏မှော်အစီအရင်များ ကျင့်ကြံခဲ့၏။ ယခုတွင် ပထမလူသားဧကရာဇ်၏စကားက သူ၏မာနနှင့် ယုံကြည်ချက်တို့အား ရိုက်ချိုးခဲ့ချေပြီ။
နှစ်တစ်သောင်းတိုင် အသက်ရှင်နေထိုင်ခဲ့ပြီးနောက်မှ သူက အစွန့်ပစ်ခံလူသားတစ်ယောက်၊ နတ်ဘုရားတို့ စွန့်ပစ်ထားသည့် လူသားတစ်ယောက် ဖြစ်နေကြောင်း သဘောပေါက်ရလေသည်။
“ငါတို့ရဲ့ ကောင်းကင်တံတားကို ဖျက်စီးခဲ့တာတောင် ဘာလို့ ငါတို့ကို ပိတ်လှောင်ခဲ့တာလဲ... ဘာလို့ ငါတို့ကို နတ်ဘုရားဖြစ်ခွင့်မပေးတာလဲ”
ချင်မူ့ကို သူ မယုံသော်လည်း ပထမလူသားဧကရာဇ်စကားကိုတော့ သံသယမဝင်ပေ။ အဘယ်ကြောင့်ဆိုသော် ပထမလူသားဧကရာဇ်သည် ပထမမျိုးဆက် လူသားဧကရာဇ်၊ ထိုကပ်ဆိုးကြီးထဲမှ မျိုးနွယ်အားလုံးကို ဦးဆောင်ခေါ်ထုတ်ပေးခဲ့သော ဘိုးဘေးကြီး မဟုတ်ပါ၏လော။
ပန်ကုန်းစုန်၏ ဘိုးဘေးကြီးလည်း သူ ကယ်တင်ပေးခဲ့သော လူများအနက် ပါဝင်ခဲ့သည်။
တခြားသူများ သူ့ကို လိမ်ညာလျှင် လိမ်ညာလိမ့်မည်။ ပထမလူသားဧကရာဇ်ကတော့ မုသားပြောမည်မဟုတ်ပေ။
လေသင်္ဘော ပျံသန်းရာ လမ်းတစ်လျှောက်တွင် အလင်းစွပ်ကြောင်းတစ်ကြောင်း ကျန်ခဲ့သည်။ ၎င်းက တော်တော်နှင့် မှေးမှိန်မသွားပေ။
နတ်ဘုရားချိရှီက နောက်လှည့်ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။ “ဒီသင်္ဘောက မြန်ပေမယ့် ပြိုင်ဘက်ကင်းတာတော့ မဟုတ်ဘူး... သင်္ဘောရဲ့ လမ်းကြောင်းကို ရန်သူတွေ ရှာတွေ့သွားလောက်တယ်... ငါတို့ ကောင်းကင်နယ်စားမင်းဆီက လမ်းတစ်လမ်း ငှားပြီး ရွှမ်ခုံးကမ္ဘာဆီ မြန်မြန်သွားရမယ်... ဒါမှ ရန်သူတွေ ငါတို့ရွှမ်ခုံးကမ္ဘာကို ရှာမတွေ့မှာ”
ချင်မူ စိတ်အားတရှိန်းရှိန်း တက်လာသည်။ “ကောင်းကင်နယ်စားမင်းဆီက လမ်းငှားမယ် ဟုတ်လား... ဒါဆို ကျွန်တော်တို့ သူနဲ့တွေ့ရတော့မှာလား”
“လိုသေးတယ်... ဒီကနေ ကောင်းကင်နယ်စားဆီ ရောက်ဖို့ တစ်လလောက် ကြာဦးမယ်”
လေသင်္ဘော မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော အလင်းစက်လေးသဖွယ် လျင်မြန်စွာ ရွေ့လျားနေသည်။ ချင်မူနှင့် လင်ယွိရှို့က မူလဝိညာဉ်တူနှစ်ကိုယ် ကျင့်နေပြီး ရုတ်တရက် သင်္ဘောသည် တုံ့ခနဲ နှေးသွား၏။ နှစ်ယောက်သား မူလဝိညာဉ်များကို ပြန်ရုတ်သိမ်းကာ ကုန်းပတ်ပေါ် တက်လိုက်ကြသည်။ ကြယ်တာရာကောင်းကင်ထဲ၌ လွင့်မျောနေသော ဧရာမနတ်ဘုရားမြို့ကြီးတစ်မြို့အား သူတို့ မြင်လိုက်ရသည်။ နေတစ်စင်းက မြို့ကြီးကို လှည့်ပတ်လျက် ရှိနေသေးသည်။
ဤနတ်ဘုရားမြို့မှာ ပျက်စီးစုတ်ပြတ်နေ၏။ ကြောက်မက်ဖွယ်ရာ စစ်ပွဲကြီးကို ဖြတ်ကျော်ခဲ့ရ၍ ပျက်စီးသွားဟန်တူသည်။
လေသင်္ဘောက နတ်ဘုရားမြို့အပေါ်မှ ပျံသန်းသွား၍ ချင်မူ အောက်ငုံ့ကြည့်လိုက်သည်။ မြို့ထဲတွင် လဲနေကြသော နတ်ဘုရားရုပ်တုများအား မြင်တွေ့ရပြီး ဤနတ်ဘုရားရုပ်တုများတွင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိနေချေသည်။ ချိမင်ခေတ်မှ ရုပ်တုများ ဖြစ်လိမ့်မည်။
များစွာမကြာလိုက်ဘဲ အက်ကွဲကြေမွနေသော ကြယ်တစ်စင်းဆီသို့ သူတို့ ရောက်လာကြသည်။ ကြယ်အပေါ်တွင်လည်း အဆောက်အဦများစွာ တွေ့မြင်ရသည်။ ၎င်းတို့က ချိမင်၏အသွင်အပြင်နှင့် ဆင်လေသည်။ သူတို့သွားနေသော ဤလမ်းပေါ်တွင် မလှုပ်မယှက် လွင့်မျောနေကြသော အလောင်းများကိုလည်း မြင်ရနိုင်သေး၏။
အခြေချနေထိုင်နိုင်မည့် နေရာတစ်နေရာ ရှာရန်အလို့ငှာ ချိမင်ခေတ်၏ အဆင့်မြင့်သိုင်းပညာရှင်များသည် ထွက်ခွာလာခဲ့ပြီး နတ်ဘုရားများအား မျိုးနွယ်ဝင်များကို ကာကွယ်ရန် ချန်ထားခဲ့ကြ၏။ အများစုက ဤနေရာ၏ တိုက်ပွဲတွင် သေဆုံးခဲ့ကြရသည်။
‘ချိမင်ခေတ်ရဲ့ ဓလေ့ထုံးတမ်းတွေက ဘယ်လောက်ကြမ်းတမ်းပါစေ သူတို့မျိုးနွယ် ရှင်သန်နိုင်ရေးအတွက် သေတဲ့အထိ တိုက်ခိုက်ခဲ့ကြသေးတယ်’ ချင်မူ စိတ်မကောင်းစွာ သက်ပြင်းချမိသည်။
နောက်ဆုံးတော့ သင်္ဘောက စောစောက မြင်ခဲ့ရသည့် ဗလာနယ်ဆီသို့ ရောက်လာ၏။
သင်္ဘော ကွန့်မြူးနေသော အလင်းတန်းများအတွင်းသို့ ဝင်လိုက်ရသည့်အခါ အားလုံး သူတို့၏အရိပ်များကိုပင် မမြင်ရတော့ပေ။ အလင်းရောင်က အဘက်ဘက်မှ တောက်ပနေသောကြောင့် ကျစရာအရိပ် မရှိတော့ခြင်းဖြစ်သည်။
ချင်မူ ဝင်လာခဲ့သော နေရာသို့ ပြန်လှည့်ကြည့်လိုက်ရာတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွား၏။ အမှောင်ဖုံးနေသော မဟာမြို့ပျက်အား သူ မြင်လိုက်ရလေသည်။
မဟာမြို့ပျက်သည် သူ၏အရှေ့တည့်တည့်တွင် ရှိနေသည့်အလား ထင်ရ၏။
သို့သော် မဟာမြို့ပျက်အပြင်ရှိ ထာဝရငြိမ်းချမ်းရေးအင်ပါယာကိုတော့ မမြင်ရပေ။
အနောက်ကမ္ဘာမြေကိုလည်း မမြင်ရ၊ တောင်ပင်လယ်၊ မြောက်ပင်လယ်၊ အနောက်ပင်လယ်ကိုလည်း မမြင်ရပေ။
ဤနေရာများမှာ နက္ခတ်တာရာအတုများဖြင့် ဖုံးလွှမ်းခံထားရ၍ မမြင်ရခြင်းဖြစ်သည်။
မဟာမြို့ပျက်အပြင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် လော့ဖူကောင်းကင်ဘုံကိုလည်း မြင်ရသည်။
ချင်မူ အပေါ်သို့ မော့ကြည့်လိုက်ပြီး ကမ္ဘာအသစ်တစ်ခုအား မြင်လိုက်ရသလို ခံစားလိုက်ရသည်။ ကောင်းကင်ယံတွင် ကြယ်စင်တာရာများ ပြိုးပြိုးပြက်ပြက် လင်းလက်နေသည့်အပြင် အရွယ်အစားမျိုးစုံကမ္ဘာမျိုးကိုလည်း မြင်လိုက်၏။ ကမ္ဘာများသည် မှောင်သည့်ကမ္ဘာက မှောင်နေပြီး လင်းသည့်ကမ္ဘာက လင်းနေ၏။ အားလုံးက ကောင်းကင်ပိတ်ကားစပေါ်တွင် ထင်ဟပ်ပြသနေသကဲ့သို့ ရှင်းလင်းနေပြီး တချို့ကမ္ဘာများမှာတော့ ပျက်စီးနေသည်။
ဤရှုထောင့်မှ ကြည့်လျှင် ဤကမ္ဘာများသည် အလွန်သေးငယ်ပြီး သူတို့နှင့် နီးကပ်နေ၏။ သို့သော် ဤကမ္ဘာမှာ အလွန်ဝေးကွားနေသည့်အပြင် အလင်းစက်လေးများက ဧရာမနေလုံးကြီးများဖြစ်ကြေင်း ချင်မူ သိသည်။
“ဒါက ရွှမ်တု၊ ကောင်းကင်နယ်စားမင်း စံမြန်းတဲ့နေရာ... ယိုတုနဲ့ ဆန့်ကျင်ဘက်နေရာဆိုတာပေါ့” ပထမလူသားဧကရာဇ်က နူးညံ့ညင်သာစွာ ပြောသည်။
ချင်မူ ဘေးဘီဝဲယာကို အလျင်အမြန် ဝေ့ဝဲကြည့်ကာ မေးလိုက်သည်။ “ကောင်းကင်နယ်စားမင်းက ဘယ်မှာလဲ”
“ငါတို့ဘေးမှာ”
ချိရှီ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ဤနေရာ၏အလင်းတန်းများကြောင့် လေသင်္ဘော၏ အလင်းလမ်းကြောင်း ဖုံးကွယ်ခံလိုက်ရကြောင်း မြင်လိုက်ရ၏။ သူက သက်ပြင်းချကာ ပြောလေသည်။ “ငါတို့ အခု သူ့ရဲ့မျက်လုံးတစ်လုံးကို ဖြတ်သွားနေတာ... တစ်ရက်နှစ်ရက်လောက် ကြာရင်တော့ မင်း သူ့မျက်လုံးတစ်လုံးစလုံးကို မြင်ရလိမ့်မယ်...