← Chapters

စိန်ခေါ်တိုက်ပွဲ

Vol. 8 Ch. 28

စိန်ခေါ်တိုက်ပွဲ

Vol. 8 Ch. 28

မက်ဒါနာတို့က စားပွဲခုံမှာပဲ ဆက်ထိုင်နေပါတယ်။ ဒါပေမဲ့ ထူးခြားမှုကို သတိထားမိကြတယ်။ အနားမှာရှိနေတဲ့ ပိုးကောင်အရေခြုံတွေက တစ်နေရာကိုမျက်နှာမူကာ နေရာမှာတင် ဒူးတစ်ဖက်ထောက်ချလိုက်ပြီး လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်လို့ ဦးညွှတ်လိုက်ကြပါပြီ။

“ဒါမှနှစ်ဖက်အင်အားစုတွေ ထိပ်တိုက်တွေ့ပြီးဆွေးနွေးတာ ဖြစ်မှာပေါ့။” ဖရာလီတာက မြို့တော်ဝန်အိမ်ထဲကနေ ထွက်လာတဲ့ ကီမိုနီနဲ့ဥစာကနဲ့ အနက်ရောင်ချပ်ဝတ်ကို ဝတ်ထားတဲ့ ဘာရွန်ကိုကြည့်ပြီး ပြောတယ်။ မက်ဒါနာကတော့ အဲဒီမြင်ကွင်းကို မျက်မှောင်ကုတ်ပြီး ကြည့်လိုက်တယ်။

ဥစာကီရဲ့ပုံစံက အများကြီးစိတ်ဆင်းရဲနေသလိုပဲ။ မိရိုင်ကတော့ ဥစာကီကိုတွေ့တာနဲ့ ထိုင်ခုံကနေထပြီး ပြေးသွားတယ်။ ဘာရွန်က ကောင်မလေးကို စီးပြီး တိုက်ဖို့လုပ်တဲ့အတွက် ဖရာလီတာက လက်ပတ်ကိုထိပြီး အသွင်ပြောင်းဖို့ကြိုးစားတယ်။ အသွင်ယူပိုးကောင်တွေကလည်း သူတို့ပိုးကောင်သွင်ပြင်ကို ထုတ်ပြပြီး အနားကကျောင်းသားတွေကို တိုက်ခိုက်ဖို့ပြင်တယ်။ ငြိမ်းချမ်းရေးမဟာမိတ်ရဲ့စစ်နတ်သမီးတွေကလည်း သူတို့ကို အလင်းဒြပ်စင်လက်နက်တွေနဲ့ ပြန်ချိန်ထားလိုက်တယ်။ တစ်ဖက်နဲ့တစ်ဖက်က တစ်ယောက်ယောက်စည်းကျော်တာနဲ့ ပစ်ဖို့အသင့်ပဲ။

“ဘာရွန်၊ သူတို့က ဒီကိုဆွေးနွေးဖို့လာတာ။ ငါတို့ သဘောတူပြီးပြီမဟုတ်လား။”

ဥစာကီက ဘာရွန်ကို ရန်ဆောင်တဲ့အကြည့်နဲ့ကြည့်ပြီး ပြောလိုက်တယ်။ ဘာရွန်က နှုတ်ခမ်းကိုကိုက်ပြီး မိရိုင်ကို ရန်ပြုဖို့မြှောက်ထားတဲ့လက်ကို ပြန်ချလိုက်တယ်။ ဖရာလီတာလည်း လက်ပတ်ကိုပြန်ပြီး နှမ့်ထားလိုက်မှ ပိုးကောင်တွေနောက်ဆုတ်သွားတယ်။ စစ်နတ်သမီးတွေလည်း သတိအနေအထားနဲ့ ပြန်နေနေလိုက်တယ်။

ဘာရွန်ကတော့ ဥစာကီကိုမစောင့်တော့ဘဲ မက်ဒါနာတို့ထိုင်နေတဲ့ စားပွဲဆီကိုရောက်လာပြီး ခုံလွတ်တစ်ခုမှာ ထိုင်ချလိုက်တယ်။ ဥစာကီကတော့ မိရိုင်ကိုကြည့်လိုက်တယ်။ မိရိုင်က သူ့ကိုပြေးလာပြီးဖက်ပါတယ်။ ဥစာကီက မိရိုင်နဲ့အတူလျှောက်လာပြီး သမ္မတဝဲလ်ဆင်ထိုင်ခဲ့တဲ့နေရာမှာ ဝင်ထိုင်ပါတယ်။

“မင်းတို့သိထားဖို့က ဒီစကြဝဠာမှာ ငါတို့ဘုရင်မနဲ့ တစ်တန်းတည်းထိုင်ပြီး အပေးအယူလုပ်နိုင်တာဆိုလို့ ဖက်ဒရေးရှင်းမူလခေါင်းဆောင်တွေပဲရှိတယ်။ အဲဒါကလည်း နှစ်ထောင်ချီကြာခဲ့ပြီ။ မင်းတို့မှာ အကြောင်းပြချက်ကောင်းရှိမယ်လို့ မျှော်လင့်ပါတယ်။”

ဘာရွန်က ဆိုဖီယာကိုကြည့်ပြီး ပြောလိုက်တာပါ။ ဒီနေရာမှာ ဖက်ဒရေးရှင်းရဲ့ကိုယ်စားလှယ်ဆိုလို့ ဆိုဖီယာတစ်ယောက်ပဲရှိတာ။ ပြီးတော့ ဒီသမိုင်းကြောင်းတွေကိုသိတဲ့သူဆိုလို့ ဆိုဖီယာပဲရှိတဲ့အတွက် မက်ဒါနာတို့က ဒီအကြောင်းတွေသိမနေပါဘူး။

“ရှင်ကတော့ ဟိတ်ဟန်ထုတ်နေပြန်ပြီ။ မစ်ရှင်အဖွဲ့က ရှင်တို့ဗိုလ်ချုပ်တွေကို သတ်နိုင်ကြောင်းပြပြီးနေပြီ။ သူတို့မှ ဖက်ဒရေးရှင်ကောင်စီဝင်တွေနဲ့မညီမျှရင် ဘယ်သူက ညီမျှမှာလဲ။”

“မင်းနဲ့စကားရည်ပြိုင်မလုချင်ဘူး နတ်ဘုရားအသံကောင်မလေး။ အကြောင်းအရင်းကိုသာ ပြောပါ။”

မက်ဒါနာက သက်ပြင်းချလိုက်ပြီး ဥစာကီနဲ့မိရိုင်ကို ကြည့်လိုက်တယ်။ အခုမိရိုင်ကို ဥစာကီက ခေါင်းပွတ်ပေးနေတယ်။ ညီအစ်မအရင်းတွေလိုမျိုးရှိနေကြပြီး ကမ္ဘာကြီးတစ်ခုလုံးကို မေ့ထားတဲ့အတိုင်းပါပဲ။

“ကျွန်မသူတို့နှစ်ယောက်ကို ဒီနေ့တစ်ညတာ အတူရှိစေချင်တယ်။”

ဘာရွန်က ဒီစကားကြောင့် မက်ဒါနာကို သေချာကြည့်လိုက်တယ်။ နောက် သူက မျက်လုံးကိုမှိတ်လိုက်ပြီး သေချာပြန်စဥ်းစားတယ်။

“ငါတို့နဲ့တစ်တန်းတည်း ဆွေးနွေးနိုင်တယ်ဆိုတာ သိပ်ရှားတဲ့အခွင့်အရေးနော်။ တခြားတောင်းဆိုစရာမရှိဘူးလား။”

မက်ဒါနာက ဘာရွန်ကိုကြည့်လိုက်တယ်။ အဲဒီမျက်လုံးတွေနောက်မှာ ကောက်ကျစ်တဲ့အကြံတစ်ခုရှိနေနိုင်ပေမဲ့ သူမကြောက်ပါဘူး။ ဒါကြောင့် သူက အတည်ပြုတဲ့အနေနဲ့ ထပ်ခေါင်းညိတ်ပြလိုက်ပါတယ်။

“မရှိဘူး။”

“မင်းတို့မြို့တွေကို ဒီညသိမ်းဖို့ ငါတို့ဆုံးဖြတ်ထားတယ် ဆိုရင်တောင်မှလား။”

ဘာရွန်က သူ့ရဲ့ယုတ်မာတဲ့ အကြံအစည်ကို သွေးအေးအေးနဲ့ပြောလိုက်တယ်။ ဒါပေမဲ့ ဘယ်သူမှ အံ့ဩတဲ့ပုံမပေါ်ပါဘူး။ တကယ်တော့ မက်ဒါနာတို့က ဒီညဖြစ်လာနိုင်တဲ့ ကိစ္စတွေ၊ ရလဒ်တွေအများကြီးကို ကြိုတွေးထားကြပြီးသားပါ။ တိတိကျကျ ပြောရရင်တော့ ရေကစားကွင်းပြင်ပကို စထွက်ကတည်းကပဲ။

....

အဲဒီတုန်းက သူတို့ကားပေါ်မှာပဲ ရှိနေခဲ့သေးတာ။ မက်ဒါနာက အေမီနဲ့အတူ နောက်ခန်းမှာအတူထိုင်တယ်။

“အေမီ၊ နင်ငါ့ဟင်းပွဲကို နောက်ဆုံးမှတည်ခင်းခိုင်းတာ အဲဒီလိုဖြစ်လာမယ်ဆိုတာ ကြိုသိလို့လား။”

အေမီက ခေါင်းညိတ်လိုက်တယ်။ အေမီက စူပါကွန်ပျူတာတစ်လုံးပါ။ ဖြစ်နိုင်ခြေတချို့ကို ကြိုပြီးတွက်ဆနိုင်စွမ်းရှိတယ်။ အတိအကျကြီးမဟုတ်ပေမဲ့ပေါ့။

“စားဖိုမှူးကြီးရေမီရဲ့ဟင်းပွဲက မမလေးရဲ့ဟင်းပွဲထက် ပညာပိုင်းရော အရသာပိုင်းမှာပါ အများကြီးပိုသာတယ်လေ။ ပုံမှန်ဆိုရင်တော့ နိုင်နိုင်ခြေက သုညပဲ။ ဒါပေမဲ့ စိတ်ပညာပိုင်းကို ထည့်တွင်းတွက်ချကြည့်တော့ လူသားတွေက ဟင်းကောင်းတွေစားပြီးရင် အိမ်ကဟင်းလျာတွေနဲ့ အမြဲယှဥ်ထိုးကြည့်တတ်တယ်ဆိုတဲ့ အချက်ကိုတွေ့ရတယ်လေ။ မမလေးဟင်းလျာက အိမ်ချက်ဟင်းလျာမလို့ အိမ်ဟင်းကို သူတို့အစဥ်းစားမိဆုံးအချိန်မှာ တည်ခင်းလိုက်မယ်ဆိုရင် နိုင်ခြေခုနစ်ဆယ်ရာခိုင်နှုန်း ဖြစ်သွားပြီလေ။”

“အေမီ၊ နင်ကတော့ တဖြည်းဖြည်းနဲ့ ရှေ့ဖြစ်ဟောတဲ့ စက်တစ်လုံးဖြစ်လာသလိုပဲ။”

“ကျွန်မက ရှေ့ဖြစ်မဟောတတ်ပါဘူးနော်။ ဖြစ်နိုင်ခြေကိုတွက်ချက်ပြီး အကောင်းဆုံးရလဒ်ရမယ်ံ့အရာကို ရွေးချယ်ပြီးလုပ်ရုံလေးပါ။” ပြောရရင် မက်ဒါနာရဲ့ဝတ်စုံစနစ်မှာပါတဲ့ တိုက်ပွဲသတိပေးစနစ်နဲ့ အတော်လေးဆင်တူတယ်။

“ဒီတော့ နင်တို့ငါတို့သမ္မတနဲ့ညစာစားပွဲမှာ ဖြစ်နိုင်မယ့်အရာတွေရော နင်ကြိုတွက်လို့ရလား။”

“နည်းနည်းဝေးတဲ့ကိစ္စမလို့ မမလေးရဲ့ဟင်းပွဲကိုခန့်မှန်းသလို မတိကျပေမဲ့ ဖြစ်လာနိုင်တဲ့အရာတွေကို ကြိုတွေးပြီး ဗျူဟာကျကျစဥ်းစားလို့တော့ရတယ်။ တကယ်တော့ အခုလိုကိစ္စတွေကို မမလေးက စစ်ဗျူဟာပညာရှင်မဟုတ်လို့ မခန့်မှန်းနိုင်တာပါ။ သမိုင်းထဲက ခုန်းမင်တို့ ဟမ်နဘဲလ်တို့ဆို ခန့်မှန်းပြီး ကြိုတောင်ပြင်ဆင်ပြီးနေပြီထင်တယ်။”

....

ညစာစားပွဲရဲ့နောက်မှာ အိမ်စေတစ်ယောက်လိုမျိုးရပ်နေတဲ့ အေမီက လက်ညိုးသုံးချောင်းထောင်ပြီးတော့ ဖြစ်နိုင်ခြေတွေကို တစ်ခုချင်းစီပြန်တွက်ပြတယ်။ သူပြောသမျှက မက်ဒါနာကို ကားပေါ်မှာပြောခဲ့တဲ့ စကားတွေနဲ့ထပ်တူပဲ။

“ပိုးကောင်တွေ ကျွန်မတို့နဲ့အေးအေးဆေးဆေး ဆွေးနွေးပြီး ပြန်လွှတ်နိုင်ခြေက ဆယ့်နှစ်ရာခိုင်နှုန်း။

ပိုးကောင်တွေက ကျွန်မတို့မစ်ရှင်အဖွဲ့ ညစာစားပွဲရောက်နေတုန်း တစ်ပြိုင်နက်တည်းထောင်ချောက်ဆင်သတ်နိုင်တဲ့ ဖြစ်နိုင်ခြေက သုံးဆယ့်ငါးရာခိုင်နှုန်း။ ကျွန်မတို့ညစာစားပွဲရောက်နေတုန်း ပိတ်မိအောင်လုပ်ပြီး ပြင်ပက ပစ်မှတ်တွေကို ဖျက်ဆီးနိုင်တဲ့ ဖြစ်နိုင်ခြေက လေးဆယ့်ခုနစ်ရာခိုင်နှုန်း။”

လူတိုင်းက အေမီကို အံ့ဩတကြီးကြည့်နေချိန်မှာ မက်ဒါနာက အေမီကို လက်ခုပ်တီးပေးလိုက်တယ်။ အဲဒီနောက် အခုလိုစကားနဲ့ပါ ချီးကျူးလိုက်လေရဲ့။

“ပြောရရင်တော့ အေမီရဲ့လေးဆယ့်ခုနစ်ရာခိုင်နှုန်း ခန့်မှန်းခြေက တကယ်ဖြစ်လာတာပဲ။”

ချွင်... ချွင်... ချွင်...

ဖရာလီတာက ပျင်းပျင်းရိရိပုံစံနဲ့ လက်တစ်ဖက်နဲ့ မေးကိုထောက်၊ လက်တစ်ဖက်နဲ့ခက်ရင်းကိုင် ဖန်ခွက်ကို သာသာလေးထုရိုက်နေရင်းကနေ အခုလိုပြောလိုက်တယ်။

“ဒါကြောင့် ငါတို့က ဖရီးမေဆင်နဲ့ဟီးရိုးအဖွဲ့တွေအကုန်လုံးကို ခံစစ်ပြင်ဖို့ အကြောင်းကြားထားပြီးသား။”

အေမီက ဖရာလီတာကို ဖြတ်ပြောလိုက်ပြန်တယ်။ “ပြီးတော့ ရှင်တို့မှာ ဘာရွန်ဆိုတဲ့ ရှင်ကိုယ်တိုင်နဲ့ဥစာကီအပြင် သုံးလို့ရတဲ့ ဗိုလ်ချုပ်နှစ်ယောက်ပဲရှိသေးတယ်။ ပြီးတော့ ကျွန်မတို့မစ်ရှင်အဖွဲ့တစ်ခုလုံး ဒီကိုရောက်နေတာမဟုတ်ဘဲ အပြင်မှာစောင့်ရှောက်သူနှစ်ယောက်ကျန်နေခဲ့တယ်။”

“ဆရာကြောင်နက်က သေချာပေါက် သူတို့ဖင်ကို ကန်ထည့်လိုက်မှာပဲ။” ဖရက်က ထောက်ခံတဲ့အနေနဲ့ ဝင်ပြောလိုက်တယ်။

ဘာရွန်က ဟားခနဲ ခပ်ခြောက်ခြောက်ရယ်လိုက်ပြီး လက်ခုပ်နှစ်ချက်တီးလိုက်တယ်။ အဲဒီနောက်တော့ လေးနက်သွားတဲ့ မျက်နှာထားနဲ့ “စိတ်ဝင်စားစရာပဲ။” လို့ပြောလိုက်တယ်။

....

နယူးယောက်မြို့။

မြို့ရဲ့ခံစစ်စွမ်းအင်ဒိုင်းကို ဖွင့်ထားပြီးပါ။ တံတိုင်းထဲမှာ မြို့ထဲကလူတွေတင်မကဘဲ ဒိုင်းတပ်ဆင်မထားတဲ့ အနီးအနားမြို့တွေက လူတွေပါရောက်နေကြတယ်။ မြို့ရဲ့အလယ်ခေါင်မှာတော့ မျောလွင့်နေတဲ့ ရှေးဟောင်းရွှေရောင်ဘုရားကျောင်းကြီးရှိနေပြီး ဖရီးမေဆင်တံဆိပ်ကို လှုပ်ယမ်းပြီး ကျယ်လောင်စွာမြည်ဟီးနေတဲ့ ကြေးခေါင်းဆောင်ကြီးပေါ်မှာမြင်နိုင်ပါတယ်။

“ကောင်းပြီကောင်လေးတို့၊ တကယ့်စစ်ပွဲအဆင့်က အခုရောက်လာပြီ။ ကံကောင်းစွာနဲ့ မစ်ရှင်အဖွဲ့က ရန်သူတွေလှုပ်ရှားမှာကို ကြိုသတိထားမိနေပြီး ငါတို့ကို ခံစစ်ပြင်ခိုင်းထားတယ်။ စစ်ဘက်၊ ဟီးရိုးဌာနတွေနဲ့ ငါတို့မေဆင်တွေအကုန်လုံး ပူးပေါင်းလုပ်ဆောင်ဖို့ မျောလွင့်ကျောင်းဆောင်ကို အမေရိကန်ခံစစ်ဌာနချုပ်အဖြစ်သတ်မှတ်မယ်။”

အမေရိကန်ဖရီးမေဆင်ခေါင်းဆောင်က ထူးခြားတဲ့ စပါတန်ပုံစံကြေးညိုချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ခါးမှာ အတွေးစိတ်ကူးဓားကို ချိတ်ထားတယ်။ ခန်းမထဲမှာ ဝဲလ်ဆင်လက်အောက်ခံမဟုတ်တဲ့ စစ်ဘက်ဆိုင်ရာဗိုလ်ချုပ်တွေရှိနေပြီး မိန့်ခွန်းပြောပြီးတာနဲ့ သူတို့နဲ့ဆိုင်ရာဆိုင်ရာ အမိန့်ပေးစင်တာတွေဆီကို သွားကြတယ်။ ဒီနေရာက ဘုရားကျောင်းကြီးဆိုပေမဲ့ စစ်ဘက်ဆိုင်ရာ ကွန်ပျူတာတွေအများကြီးစင်ထားပြီး ခံစစ်ဌာနချုပ်အဖြစ်သုံးဖို့သီးသန့် ဒီဇိုင်းဆွဲထားပုံပါပဲ။

“ဒီတော့ ငါတို့နိုင်ငံကို လောလောဆယ် ချုပ်ကိုင်နေတာက ဖရီးမေဆင်တွေပေါ့။ သိပ်တော့မမိုက်ဘူးပဲ။”

လူအုပ်ထဲမှာ ဖားလေးနဲ့ဟယ်ရီလည်း ရှိနေပြီးတော့ ခေါင်းကိုကုတ်လိုက်တယ်။ ဟယ်ရီလည်း အတူတူပါပဲ။ သူတို့ကို အခုလိုဆင့်မခေါ်မချင်း ဝဲလ်ဆင်ကိုဆန့်ကျင်တဲ့အုပ်စုက ဖရီးမေဆင်တွေဖြစ်နေမှန်းမသိပါဘူး။

“ငါသိသလောက်တော့ ဒီမိုခရက်နဲ့ရီပက်ပလစ်ကန်အပြင် ဂရင်းပါတီထဲမှာပါ သူတို့လူရှိတယ်တဲ့။ သူတို့ပြောတာတော့ ခုခေတ်မှာ တမင်လူထည့်ထားတာမဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် မမြင်မတူကြလို့တဲ့။”

“ဒီတော့ သူတို့က အမြဲတမ်းလိုလို ဗဟိုစုဖွဲ့မှုရှိတာမျိုးမဟုတ်ဘဲ အခုလိုပြဿနာတက်မှ စည်းရုံးသွားတာမျိုးလား။”

“ငါလည်းမပြောတတ်တော့ဘူး၊ လင်ကွန်းတောင် သူတို့လူတဲ့။”

“.....”

သူတို့ချင်းစကားပြောနေတုန်းမှာပဲ စစ်အရာရှိတစ်ယောက်က သူတို့ဆီပြေးလာပြီး အစီအရင်ခံတယ်။ “A အဆင့်ဟီးရိုးဗားလေး၊ နယူးယောက်ပြည်နယ်ထဲကို ပန်ဆာဗေးနီးယားက ယင်ကောင်အုပ်ဝင်လာပြီ။ တခြားဟီးရိုးတွေနဲ့အတူ ခင်ဗျားသွားခုခံဖို့လိုတယ်။ တိုက်ပွဲဝင်တပ်မအမှတ် ၂၃၃ လည်း အဲဒီမှာရှိနေတယ်။”

ဖားလေးက ခေါင်းညိတ်လိုက်ပြီး ချက်ကျောင်းအပြင်ကို ဦးတည်လိုက်တယ်။ တံခါးကိုဖွင့်ပြီး မျောလွင့်ဘုရားကျောင်းရင်ပြင်ကို ရောက်တယ်ဆိုရင်ပဲ သူ့ကိုလိုက်ပို့မယ့် ဟော့ပါဘိုက်ကို မြင်လိုက်ရတယ်။ ပန်ဆာဗေးနီးယားပြည်နယ်ဘက်ကို ဦးတည်ပျံသန်းနေတဲ့ ငွေရောင်စစ်နတ်သမီးအုပ်စုကြီး ကောင်းကင်ပေါ်မှာ ပျံသန်းနေတာကိုလည်း သူတို့မြင်ရတယ်။ အနည်းဆုံး စစ်နတ်သမီးငါးရာကျော်ပါတယ်။ ပြီးတော့ အက်စတာလေယာဥ်ပျံတွေလည်း အများကြီးပျံတက်နေတာတွေ့ရတယ်။

“တကယ့်ကို စစ်ပွဲပဲ။” ဖားလေး မှတ်ချက်ချလိုက်တယ်။

....

“မင်းက ဒီမှာကိုယ်တိုင်အပိတ်ခံပြီး အဲဒီကောင်မလေးကို သူ့အစ်မမဟုတ်တော့တဲ့သူနဲ့ တစ်ညတာ အချိန်ကုန်ဆုံးစေချင်တယ်ပေါ့။ မင်းတို့ထဲကတစ်ယောက် ငါနဲ့နာရီဝက်ကြာတဲ့အထိ တစ်ယောက်ချင်းတိုက်ရမယ်။ နိုင်စရာမလိုဘူး၊ နာရီဝက်တိတိ တောင့်ခံထားရုံပဲ။ မသေရင်ရပြီ။”

“ကောင်းပြီလေ။” မက်ဒါနာက အေမီကို ငွေရောင်သေတ္တာကမ်းပေးဖို့ပြောပေမဲ့ ဘေးမှာထိုင်နေတဲ့ ဆိုဖီယာက စိုးရိမ်နေပုံစံနဲ့ သူ့လက်ကို ဖမ်းကိုင်လိုက်တယ်။

“မက်ဒါနာ၊ အဲဒါမတန်ဘူးနော်။ ဒီအတိုင်းဖောက်ထွက်ပြီးတော့ပဲ ပြန်ရအောင်။”

မက်ဒါနာက ဆိုဖီယာကို ကြည့်လိုက်တယ်။ တရားနည်းလမ်းတကျ စဥ်းစားမယ်ဆိုရင် ဆိုဖီယာပြောတာမှန်တယ်။ သူက ဒီနေရာမှာ ဘာရွန်ကိုရင်ဆိုင်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ တစ်ယောက်တည်းသောသူပါ။ အခုဘာရွန်က သူ့ကိုကြည့်ပြီးပြုံးနေမှန်း မက်ဒါနာခံစားမိတယ်။ ဘာရွန်က သူ့ကိုတမင်မျှားပြီး သူနဲ့တိုက်စေချင်တာပါ။

‘အဲဒီတုန်းက နင်ထုတ်သုံးခဲ့တဲ့ အသူရာစစ်သည်ရဲ့ဓားချက်ကို ဘာရွန်က စိတ်ဝင်စားနေတာသေချာတယ်။ ဒါပေမဲ့ သူ့ကိုယှဥ်နိုင်မယ့်အရာဆိုလို့ နင့်မှာ ငိုကြွေးဖီးနစ်ပဲရှိတယ်။ နင်နဲ့သွေးမတော်သားမစပ်တဲ့ လူတစ်ယောက်အတွက်နဲ့ နင့်သက်တမ်းတွေကို စတေးပစ်မလို့လား။” ဆိုဖီယာက သူ့ကိုစိတ်နဲ့ဆက်သွယ်ပြီး ပြောလိုက်တယ်။ မက်ဒါနာ့အားနည်းချက်ကို ဆိုဖီယာက ဘာရွန်ကို သိမသွားစေချင်ဘူး။

ဆိုဖီယာပြောသလိုပဲ အခုဘာရွန်ကို စိန်ခေါ်တာက အလကားအကျိုးမရှိဘူး။ ဘာရွန်လက်ကနေ နာရီဝက်အသက်ရှင်နိုင်ရင်တောင်မှ ပြင်ပစစ်ပွဲမှာသေမယ့်သူတွေကို သူကယ်နိုင်မှာမဟုတ်ဘူး။ ဒီအတိုင်း ကလေးမလေးတစ်ယောက် သူ့အစ်မနဲ့စကားပြောဖို့ သူ့ဘဝဆယ်နှစ်တာကို စတေးပစ်ရမှာ။

မက်ဒါနာရဲ့နားထင်မှာ ဇောချွေးတွေနဲ့ ပြည့်နှက်လာတယ်။ အမှန်တော့ သူတို့ဒီနေရာကို ဆွေးနွေးဖို့လာကတည်းကကို မှားနေတာပါ။ မစ်ရှင်အဖွဲ့ဒီနေရာမှာ ပိတ်မိနေတဲ့အတွက် သူတို့ခံစစ်တွေအားနည်းသွားပြီး ပိုးကောင်စစ်တပ်ကို နယ်မြေသိမ်းပိုက်နိုင်မယ့် အခွင့်အရေးပေးလိုက်ရတယ်။ ကြောင်နက်နဲ့ဖရီးမေဆင်တွေ နယ်မြေအများစုကို ကာကွယ်နိုင်ရင်တောင်မှ သာမန်အရပ်သားနဲ့စစ်သည်တွေ ထိခိုက်သေဆုံးမှုတော့ ရှိဦးမှာပါ။

“ခုထိ မဆုံးဖြတ်နိုင်သေးဘူးလား။ မင်းက ငါ့ကိုရင်ဆိုင်ဖို့ ယုံကြည်ချက်မရှိတာလား။ ဒါမှမဟုတ် မင်းစွမ်းအားမှာ ပြဿနာတစ်ခုခုရှိနေတာလား။”

ဘုန်း...

ဘာရွန်ရဲ့ရန်စစကားတွေကို မခံနိုင်တော့တဲ့ ဖရာလီတာက စားပွဲကိုလက်နဲ့ရိုက်ချလိုက်ပြီး လက်ပတ်ကို ထိလိုက်တယ်။ ဝါးဖရိန်ချက်ချင်းပြောင်းသွားပြီး “ဒီလောက်တောင်ဖြစ်နေတာ ငါတို့ဖောက်ထွက်ရအောင်။” လို့ပြောလိုက်ပါပြီ။

ဒါပေမဲ့ ပိုးကောင်စစ်သည်တွေက ကျောင်းသားတွေကို တိုက်ဖို့အသင့်ပြင်တယ်။ ကျောင်းသားတွေနဲ့စစ်နတ်သမီးတွေကလည်း ပြန်တိုက်ဖို့အသင့်ဆိုပေမဲ့ ပိုးကောင်တွေရဲ့အရေအတွက်က ပိုများနေတယ်။

“မင်းတို့ဖောက်ထွက်ကြည့်ဖို့ ကြိုးစားလို့ရတယ်။ ဒါပေမဲ့ ငါက ပိုးကောင်ဗိုလ်ချုပ်တွေထက် အများကြီးပိုစွမ်းတယ်။ ပြီးတော့ မြို့တော်ဝန်အိမ်တစ်ခုလုံးက ပိုးကောင်တွေနဲ့ပြည့်နေတာ။ မင်းတို့ယာဥ်ပျံက လေပေါ်မှာဆိုရင်တောင် သူတို့ထဲက တစ်ယောက်ယောက်မသေဘဲ ပြန်ဆုတ်လို့မရဘူး။”

ဖရာလီတာရဲ့မျက်နှာက ခရမ်းချဥ်သီးတစ်လုံးလို နီရဲလာတယ်။ သူကြာကြာ စိတ်မထိန်းနိုင်တော့မှာစိုးရတယ်။ မက်ဒါနာက သက်ပြင်းရှည်ကြီးချပြီးတော့ ဘာရွန်အတင်းဖိအားပေးနေတဲ့ ကိစ္စကို လိုက်လျောဖို့ဆုံးဖြတ်ခဲ့ပေမဲ့ သူမထခင်မှာပဲ ဖရက်က ထရပ်လိုက်တယ်။

“ခင်ဗျားပြောတာက အဖွဲ့ထဲက တစ်ယောက်ဆိုပြီးတော့မဟုတ်လား။ ကျုပ်လည်း ခင်ဗျားကိုစိန်ခေါ်လို့ရတယ်ပေါ့။”

ဘာရွန်က ဖရက်ကိုကြည့်လိုက်တယ်။ ဖရက်ကလည်း သူ့ကို နောက်မတွန့်ဘဲ ပြန်ကြည့်လိုက်ပါတယ်။ ကွင်းထဲ လေစိမ်းတစ်ချက် တိုက်ခတ်လာတယ်။ ဒါပေမဲ့ လေပြေကြောင့်အေးမသွားဘဲ စိုထိုင်းဆကြောင့် စိတ်ချောက်ချားစရာ အခြေအနေမျိုးသာ ဖြစ်လာပါတယ်။

“ဖရက်၊ နင်က ပိုးကောင်ဗိုလ်ချုပ်တစ်ယောက်ကိုတောင် အနိုင်မယူနိုင်သေးဘူးလေ။”

မက်ဒါနာက စိုးရိမ်တကြီးနဲ့ပြောလိုက်တယ်။ သူ့လေသံက အပြင်ပန်းကကြည့်ရင် ဖရက်ကိုအထင်သေးတဲ့ လေသံပေါက်နေပေမဲ့ တကယ်တော့ စိတ်ပူနေတာပါ။ အရင်တစ်ခါတိုက်ပွဲတုန်းက ဖရက် ပိုးကောင်ဗိုလ်ချုပ်တစ်ကောင်ကြောင့် ခါးကျိုးခဲ့ရတယ်လေ။ သူ့စွမ်းအားအဆင့်က ဘာရွန်နဲ့နည်းနည်းလေးမှ မနီးစပ်ဘူး။

“သခင်မလေး၊ ဒါက နာရီဝက်ပဲမဟုတ်လား။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံကြည်ပေးပါ။ ကျွန်တော်အများကြီး သန်မာလာပါပြီ။”

မက်ဒါနာက ဖရက်ကိုထပ်ကြည့်လိုက်တယ်။ သူ့မျက်လုံးထဲမှာ သံသယတွေ ကိန်းအောင်းနေဆဲပဲ။ သူက လက်ကိုရှေ့ဆန့်ထုတ်လိုက်တယ်။

ဂျိန်းဂျလိန်း....

မိုးခြိမ်းသံတစ်ချက်နဲ့အတူ ကောင်းကင်ပေါ်ကနေပြီးမိုးကြိုးတစ်ချက်ပစ်ချတယ်။ သူ့လက်ထဲမှာတင် မိုးကြိုးက စွမ်းအင်ဓားတစ်လက်အဖြစ်ပြောင်းသွားပြီး အလျှံတငြီးငြီးတောက်ပနေပါတယ်။

“ကျုပ်စိန်ခေါ်လို့ရတယ်မဟုတ်လား။” ဖရက်က ဘာရွန်ကို ထပ်မေးလိုက်တယ်။

ဘာရွန်ကလည်း သဘောတကျနဲ့ ဖရက်ကိုကြည့်လိုက်ပြီး အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်ပါတယ်။ “ရတယ်လေ၊ နာရီဝက်မပြည့်ခင်တော့ မသေစေနဲ့ပေါ့။ မဟုတ်ရင် ငါသိပ်စိတ်ပျက်မိမှာပဲ။”

မက်ဒါနာကတော့ သက်ပြင်းချလိုက်ပြီး ဖရက်နားကို ကပ်သွားကာ ပြောလိုက်ပါတယ်။ “မသေစေနဲ့။” ဒီစကားက ရိုးရှင်းတဲ့စကားတစ်ခွန်းသာဖြစ်ပေမဲ့ ဖရက်ကို အရင်ကထက် အများကြီးတက်ကြွသွားစေပါတယ်။ သူက သူ့သခင်မလေးကို လက်မထောင်ပြလိုက်ပါတယ်။

“ကျွန်တော်က မင်းသမီးလေးကို လုံးဝစိတ်မပျက်စေရဘူး။ ဒီတိုက်ပွဲက ကျိန်းသေပေါက် ကျွန်တော့်အနိုင်ဖြစ်မှာ။”

သူစကားပြောနေတုန်း ဘာရွန်က နကျယ်ကောင်တစ်ဝက်ပုံစံပြောင်းလိုက်တယ်။ သူ့ရဲ့နဂိုက လူသားဆန်မှုတွေပျောက်သွားပြီး လမ်းလျှောက်နေတဲ့ နားကျယ်ကောင်လို့သာထင်ရတော့တယ်။

“ကောင်းကင်ပေါ်မှာ တိုက်ကြတာပေါ့။” သူက ပြောလိုက်ပြီး တောင်ပံတွေကိုခတ်ကာ ပျံတက်တယ်။ ဖရက်ကလည်း သူ့အတောင်ပံတွေကိုခတ်ပြီး မိုးပေါ်ပျံတက်လိုက်တယ်။

All Chapters