ကြီးမားသော မဟူရာနတ်ဘုရားရုပ်တုကြီး
Vol. 78 Ch. 1094
အခန်း (၁၀၉၄) ကြီးမားသော မဟူရာနတ်ဘုရားရုပ်တုကြီး
ခရမ်းရောင်မြူခိုးတိမ်တိုက်များအလယ်တွင် ပိုးသားဧကရာဇ် ‘ဖုယွင်ချီ’ ၏ ချောမောလှပသောရုပ်သွင် ထွက်ပေါ်လာသည်။
သူက ထိုက်ရှီခုန်မင်မရှိမှုခန္ဓာ တန်ခိုးစွမ်းအားကို အသုံးပြုနိုင်သည်ဖြစ်ရာ ဗလာနယ်ထဲတွင် ကိုယ်ယောင်ဖျောက်သွားလာရန် အလွန်အဆင်ပြေသည်။
ထိုမြင်ကွင်းကိုတွေ့တော့ မန်ဝမ်က တည်ငြိမ်စွာပင် ရန်ကျောက်ကဲကိုကြည့်လိုက်ပြီး မပြတ်သေးသော စကားစကို ဆက်ပြောလိုက်သည်။
“ဂိုဏ်းတူအစ်မ’ဖန်း’ အတွက် ဘယ်လိုအရာမျိုးက စိတ်ကျေနပ်စေမလဲဆိုတာ မပြောပါနဲ့... ဒါပေမဲ့ ရှင် သူ့အတွက်နဲ့ အန္တရယ်ကြားထဲတိုးဝင်မှာကိုတော့ သူ သေချာပေါက် သဘောကျမယ် မထင်ဘူး”
“ငါက စွန့်စားရတာသဘောကျပေမယ့် ကိုယ်သေမယ့်အလုပ်မျိုးတော့ မလုပ်ပါဘူး ၊ အတိုင်းအတာတစ်ခုအထိ ကိုယ့်ဘက်ကိုကာကွယ်ဖို့ အမြဲလုပ်ထားတယ် ၊ ဒီတစ်ခါလည်း ဒီလိုပါပဲ...”
ရန်ကျောက်ကဲက ခရမ်းရောင်မြူခိုးတိမ်တိုက်များအလမှ ထွက်ပေါ်လာသည့် ပိုးသားချည်ထိုးဧကရာဇ်ကို လှမ်းကြည့်လိုက်သည်။
“........ အင်း.... အဲဒါက ငါခန့်မှန်းထားတဲ့အတိုင်းပဲ”
သူက ပိုးသားဧကရာဇ်ကိုကြည့်လိုက်ပြီးနောက် အဝေးတစ်နေရာမှ တိုက်ပွဲမြေပြင်သို့ လှမ်းကြည့်လိုက်သည်။
“ဒီ တိုက်ပွဲကနေလွတ်မြောက်ပြီး ပိုးသားဧကရာဇ်နဲ့ အခုလိုပြန်တွေ့ရတာ ဒီ ‘ရန်’ တကယ့်ကိုကံကောင်းပါတယ် ၊ လွှမ်းခြုံဧကရာဇ်ရော ဘယ်လိုအခြေအနေရှိသလဲ သိချင်မိတယ်”
ပိုးသားဧကရာဇ်၏ရောင်ဝါက အနည်းငယ် ဖျော့တော့နေသယောင်ထင်မှတ်ရပြီး သူ၏အမူအရာကလည်း ပုံမှန်အတိုင်း ဖြစ်သည်။ တိုက်ပွဲကိုပင် ရင်ဆိုင်ခဲ့ရဟန်မတူ သူ့မျက်နှာထက် အပြုံးရိပ်တစ်ခု ရှိနေသည်။
ရန်ကျောက်ကဲနှင့်မန်ဝမ်ကိုမြင်တော့ သူက ပြုံးရင်း...
“အခြေအနေက ဖရိုဖရဲဖြစ်နေတော့... တိုက်ပွဲထဲပိတ်မိနေမှာပေါ့ ၊ မင်း လွတ်မြောက်သွားပြီဆိုတော့ အစ်ကို’လီ’ လည်း အမတခုံရုံးကလူတွေနဲ့ ဆက်ပြီးတိုက်ခိုက်ဖို့မ လိုတော့ဘူး ၊ အခွင့်အရေးရရင် သူ ကိုယ်လွတ်ရုံးလာလိမ့်မယ်”
ရန်ကျောက်ကဲက မျက်ခုံးပင့်ရင်း...
“ဒါဆို အခု ကျဉ်းထဲကျပ်ထဲရောက်နေတာ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်တစ်ယောက်ပဲ ရှိတာပေါ့”
ပြောသာပြောလိုက်ရသည် ၊ ရန်ကျောက်ကဲက ထိုအချက်ကို သေချာနေပုံရသည်။
အမတခုံရုံမှ ရေခဲဇာမဏီအသွင်ဆောင်ထားသော ဧကရာဇ်မင်း၏စကားအရဆိုလျှင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်သည်လည်း အမတခုံရုံးက အလိုရှိနေသည့် တရားခံပြေးတစ်ယောက် ဖြစ်ပုံရသည်။
အဘယ့်ကြောင့် အလိုရှိရသည်ကို မသိနိုင်သော်လည်း ‘မီးလျှံထက်ယံအရှင်သခင်’ နှင့် ပတ်သက်မှုရှိမည်ဟု ရန်ကျောက်ကဲ အကြမ်းဖျင်းခန့်မှန်းထား၏။
ယခု ရန်ကျောက်ကဲနှင့် ယိုးမင်ဂမ္ဘီရစက်ဝန်းက လွတ်မြောက်သွားပြီဖြစ်ရာ အမတခုံရုံးမှ လူများအနေဖြင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို အပြည့်အဝ အာရုံစိုက်ကြပေတော့မည်။
ထို့ကြောင့် အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်အနေဖြင့် ငရဲကိုးထပ်မှ နတ်ဆိုးများမှလွဲပြီး အခြားသူများကို အရေးစိုက်ရန် မလိုတော့ပေ။
သို့သော် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကတော့ အမတခုံရုံးမှ ဧကရာဇ် (၂)ပါး၏ ပစ်မှတ်ထားခြင်းကိုခံရပြီး ရန်သူ မိတ်ဆွေ ခွဲခြားရခက်သော ငရဲကိုးထပ်မှနတ်ဆိုးများဖြင့်လည်း ရောထွေးနေမည် ဖြစ်သည်။
သို့ဖြစ်ရာ အခန့်မသင့်ပါက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အနေဖြင့် ငရဲကိုးထပ်တွင် လုံးဝပိတ်မိသွားနိုင်သည်။
ပိုးသားဧကရာဇ်က...
“ငါနဲ့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် နောက်ထပ်တိုက်ပွဲတစ်ခုတိုက်ဖို့ စီစဉ်ထားတာ ၊ အရင်ကတော့ ‘ဖန်း’ မိန်းကလေးကို ရှာပြီးလို့ ငရဲကိုးထပ်ကပြန်လာရင် တိုက်ကြမလို့ပဲ”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ အမတခုံရုံးနဲ့ အခုလိုမျိုးကိစ္စဖြစ်သွားမယ်လို့ ဘယ်သူထင်မှာတဲ့လဲ”
ရန်ကျောက်ကဲက...
“အရင်တုန်းက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ရဲ့တိုက်ခိုက်မှုကြောင့် ကျွန်တော်နဲ့ ဧကရာဇ်မင်းရဲ့သမီး ‘ဖုထင်’ တို့ အမတခုံရုံးနယ်မြေကိုရောက်သွားခဲ့တယ် ၊ အဲဒါကြောင့် ဧကရာဇ်မင်းရဲ့သမီးလည်း အတော်လေး အခက်အခဲဖြစ်ခဲ့ရတယ် ၊ ဒါပေမဲ့ ဒါက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ဘက်က မရည်ရွယ်ဘဲဖြစ်သွားတဲ့ကိစ္စပါ”
ပိုးသားဧကရာဇ်က ပြုံးလိုက်ရင်း...
“ငါ နားလည်ပါတယ် ၊ ငါလည်း သမီးလေးအတွက် မလွှဲမရှောင်သာ မကျေမနပ် ဖြစ်ရုံပါပဲ ၊ ပြီးတော့ ငါ့ဘက်ကလည်း အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ဒုက္ခမရောက်စေချင်ပါဘူး ၊ ငါတို့ကြား ရန်ငြိုးတွေရှိတယ်ဆိုပေမယ့် ငါတို့အားလုံးက လမ်းမှန်တာအိုကျင့်ကြံသူတွေပဲ မဟုတ်ဘူးလား”
ရန်ကျောက်ကဲ စကားမဆိုဘဲ ပိုးသားဧကရာဇ်ကို ငြိမ်သက်စွာ ကြည့်နေသည်။
မန်ဝမ်၏စိတ်ထဲမှာတော့ အေးစိမ့်မှုကို ခံစားလိုက်ရသည်။
နဂိုကပင် မရင်းနှီးခဲ့သော ဖခင်ရင်းသည် ယခု ပို၍ပင် မရင်းနှီးတော့သယောင် ထင်မှတ်ရ၏။
ပိုးသားဧကရာဇ်နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကြားမှ ရန်ငြိုးရန်စအကြောင်း သူမ ဂဃနဏ မသိရှိခဲ့ပေ။ ပိုးသားဧကရာဇ် ၊ လွှမ်းခြုံဧကရာဇ်နှင့် ရန်ကျောက်ကဲတို့ပြောသည့် စကားအသွာအးလာမှတဆင့် အကြမ်းဖျင်းမျှသာ သိရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် ပိုးသားဧကရာဇ်၏လက်ရှိအခြေအနေအကြောင်း ရန်ကျောက်ကဲပြောပြထားသည်ဖြစ်ရာ ဉာဏ်ကောင်းသော’မန်ဝမ်’ အတွက် ဤကိစ္စနောက်ကွယ်မှ အမှန်တရားကို နားလည်ရန် မခက်ခဲပေ။
ယနေ့တိုက်ပွဲတွင် ပိုးသားဧကရာဇ်၏ ဇာတ်လမ်းဆင်လုပ်ကြံမှုတွင် ပထမဆုံး သားကောင်ဖြစ်သွားသူမှာ ရန်ကျောက်ကဲလည်းမဟုတ်သလို သူမလည်း မဟုတ်ပေ။ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်သာလျှင် ဖြစ်၏။
သာမန်စိတ်အခြေအနေဖြင့်ဆိုလျှင် ပိုးသားဧကရာဇ်က ဤသို့သောလုပ်ရပ်မျိုးကို ပြုလုပ်မည် မဟုတ်ပေ။
ယခု ပိုးသားဧကရာဇ်က အပြင်ပန်းတည်ငြိမ်ပုံပေါက်သော်လည်း စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ် ဖြစ်နေသည်။ သူ၏စိတ်က လုံးဝ ပုံမှန်မဟုတ်သလို သူ၏အပြုအမူများကလည်း ပုံမှန်လူသားတစ်ယောက်နှင့် ကွဲပြားနေပြီ ဖြစ်သည်။
လက်ရှိတွင် ပိုးသားဧကရာဇ်၏ စိတ်ဝိညာဉ်က နှစ်ပိုင်းကွဲနေသည်။
သူ၏ ခံစားချက်ရှိသည့်အပိုင်းက အရင်တုန်းက ဖုထင်ဖြစ်ပျက်ခဲ့သောကိစ္စအတွက် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အပေါ် အမျက်ရှလျှက် ရှိသည်။
သို့သော် သူက မာနကြီးပြီး တည်ငြိမ်သူဖြစ်လေရာ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ဖြောင့်မတ်မှန်ကန်စွာပင် သူသေကိုယ်သေ တိုက်ခိုက်လိုစိတ် ရှိသည်။
သို့ရာတွင် ခံစားချက်ကင်းမဲ့သည့်ဘက်ခြမ်းကတော့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် အန္တရယ်ကျရောက်စေရန် လုပ်ကြံဖန်တီး ဇာတ်လမ်းဆင်ပြီး လုံဝ ရှင်းပစ်ခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း လက်ခံထား၏။
သို့သော် မီးလျှံထက်ယံအရှင်သခင် မည်သည့်နေရာရောက်နေကြောင်း မသိရသဖြင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ကိုယ်တိုင်ရှင်းပစ်မည်ဆိုလျှင် မမြင်နိုင်သည့်အန္တရယ်များနှင့် ဆိုးကျိုးများ ဖြစ်ပေါ်လာစေနိုင်သည်။
ထို့ကြောင့် ကိုယ်တိုင်လှုပ်ရှားခြင်းထက် သူများ၏ဓားအငှားဖြင့် သုတ်သင်ပစ်ခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်ပေသည်။
ဆိုတော့ ခံစားချက်ရှိသည့်ဘက်ခြမ်းဖြစ်စေ ခံစားချက်ကင်းမဲ့သည့်ဘက်ခြမ်းဖြစ်စေ ပိုးသားဧကရာဇ်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို သတ်ဖြတ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
သို့သော် သတ်ဖြတ်ရန်နည်းလမ်း ကွဲပြားသွားခြင်းသာ ဖြစ်၏။
ခံစားချက်ရှိသည့် ဘက်ခြမ်းက သိက္ခာရှိစွာ သူသေကိုယ်သေ တိုက်ခိုက်သတ်ဖြတ်ရန် ရည်ရွယ်ထားပြီး ခံစားချက်ကင်းမဲ့သည့်ဘက်ခြမ်းကတော့ ဇာတ်လမ်းဆင်လုပ်ကြံ အပြတ်ရှင်းမည် ဖြစ်၏။
ဤအချက်ကိုတွေးမိတော့ မန်ဝမ်စိတ်ထဲ အလွန်အေးစက်သွားသည်။
ရန်ကျောက်ကဲ၏ ခန့်မှန်းချက်များ တဖြည်းဖြည်း လက်တွေ့ဖြစ်လာပြီ မဟုတ်ပါလား။
ပိုးသားဧကရာဇ်၏ စိတ်ဝိညာဉ် နှစ်ပိုင်းကွဲထွက်ပြီးနောက် ကိုယ်တွင်းရုန်းကန်မှုတိုက်ပွဲတွင် ခံစားချက်ကင်းမဲ့သောဘက်ခြမ်းက အမှန်တကယ်ပင် အသာစီးရရှိနေပေပြီ။
မန်ဝမ်၏အတွေးများကို ရိပ်မိဟန်ဖြင့် ပိုးသားဧကရာဇ်က ရုတ်တရက် ပြုံးလိုက်ရင်း...
“ဝမ်အာလေး... မကြောက်ပါနဲ့”
သူက ဆက်ပြောသည်။
“မင်းရဲ့ပုံစံကိုကြည့်ရတာ... မိတ်ဆွေလေး’ရန်’ က မင်းကို ကိစ္စအတော်များများ ပြောပြထားပြီးပြီထင်တယ်”
“ကျားတောင်မှ ကိုယ့်သားသမီးကိုယ် ပြန်မစားပါဘူး ၊ အခြေအနေတွေက မင်းထင်ထားသလောက် မဆိုးပါဘူး ၊ အဖေက ပိုကောင်းတဲ့ဖြေရှင်းမှုမျိုးရအောင် အမြဲတမ်း ကြိုးစားနေခဲ့တာပါ”
ပိုးသားဧကရာဇ်က သက်ပြင်းချရင်း...
“သမီးနဲ့အဖေ အကြာကြီးကွဲကွာနေပြီး အခုမှ ပြန်ဆုံရတာ စိတ်မကောင်းစရာပဲ ၊ ဒါပေမဲ့ ပြန်ဆုံပြီး သိပ်မကြာခင်မှာပဲ အခုတော့ စိတ်ချင်းဝေးကြရပြန်ပြီ”
“အဖေ သမီးကို အပြစ်မတင်ပါဘူး ၊ ဒါက ဖခင်တစ်ယောက်ရဲ့ ခံစားချက်ပဲလေ ၊ ဒီလောကကြီးမှာ ကိုယ်မတတ်နိုင်တဲ့အရာတွေလည်း အများကြီးရှိတာပဲ မဟုတ်လား”
ထိုစကားကြားတော့ မန်ဝမ် အနည်းငယ် အံ့အားသင့်သွားပြီး...
“အဖေ...”
ပိုးသားဧကရာဇ်က ပြုံးလိုက်ပြီး သူမ စကားဆက်မပြောရန် လက်ကာပြလိုက်သည်။
“ဝမ်အာ ... စိတ်မပူပါနဲ့ ၊ ဘာမှမဖြစ်ပါဘူး”
ထို့နောက် သူက ရန်ကျောက်ကဲကို ကြည့်လိုက်ပြီး...
“မိတ်ဆွေလေး’ရန်’... ဘာလို့ ဒီကိစ္စတွေကို ပြောပြလိုက်ရတာလဲ”
ရန်ကျောက်ကဲက လက်နှစ်ဖက်ဖြန့်ကားရင်း...
“ဘာထူးခြားသွားမှာမို့လို့လဲ”
ရန်ကျောက်ကဲက လက်နှစ်ဖက်ကိုဖြန့်ကားရင်း ဆိုသည်။
“ဧကရာဇ်မင်းက ကျောက်ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်ဖို့ လုပ်လိုက်တာပဲ ၊ လွှမ်းခြုံဧကရာဇ်တိုက်ပွဲထဲမှာ ပိတ်မိနေသလို အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်လည်း ကျဉ်းထဲကြပ်ထဲ ရင်ဆိုင်နေရတယ် ၊ ဆိုတော့... ဧကရာဇ်မင်းရဲ့ နောက်ထပ်ပစ်မှတ်က ကျွန်တော်ဖြစ်ရင်ဖြစ် မဟုတ်ရင် ဧကရာဇ်မင်းရဲ့သမီး ‘မန်ဝမ်’ ပဲ မဟုတ်လား”
“ဧကရာဇ်မင်းရဲ့ သမီးကို ပစ်မှတ်ထားမယ်ဆိုရင် ဒီကိစ္စတွေကို ကိုယ်တိုင်ဖွင့်ပြောမှာပဲ ၊ ဒါပေမဲ့ ကျွန်တော့်ကို ပစ်မှတ်ထားမယ်ဆိုရင်တော့... အကြောင်းပြချက်မရှိဘဲ သတ်ပစ်မှာပဲ မဟုတ်လား”
ပိုးသားဧကရာဇ်က ခဏမျှတိတ်ဆိတ်နေပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“အမှန်ပဲ... ငါက သူတောင်ကောင်းယောင်ဆောင်နေတာ အမှန်ပဲ ၊ ဒါကလည်း ဒီရက်ပိုင်း မိတ်ဆွေလေး’ရန်’ သင်ကြားပေးခဲ့တာပဲလေ...”
သူ့ပုံစံက အေးဆေးတည်ငြိမ်ပြီး စကားလုံးများက စစ်မှန်သိမ်မွေ့ဟန်ရှိသော်လည်း ရန်ကျောက်ကဲစိတ်ထဲ ကြိုတင်သတိပေးချက်များ ထွက်ပေါ်လာခဲ့သည်။
ဟုတ်ပေ၏။
ထို့နောက်မှာတော့ ပိုးသားဧကရာဇ်၏ လက်တစ်ဖက်ပင့်မြှောက်လိုက်ပြီး ရန်ကျောက်ကဲအား ရိုက်ချလိုက်သည်။ သူ၏လက်ဖဝါးတွင် ယင်နှင့်ယန် ချီစွမ်းအားနှစ်ခု ပေါင်းစပ်ပါဝင်နေသည်။
သူ၏လက်ဝါးရိုက်ချက် ထွက်ပေါ်လာသည်နှင့် မန်ဝမ် အဝေးသို့ ပို့ဆောင်ခံလိုက်ရပြီး ရန်ကျောက်ကဲပတ်ဝန်းကျင်မှ အနက်ရောင်နတ်ဆိုးချီစွမ်းအားများသည်လည်း လွင့်ပြယ်သွားသည်။
အချိန်ကာလက ဝေဝါးသွားပြီး ဗလာနယ်ပျောက်ကွယ်သွားကာ မူလချီစွမ်းအားများဖြစ်သော ယင်နှင့်ယန်သာလျှင် တည်ရှိတော့သည်။
ပိုးသားဧကရာဇ်၏ လက်ဝါးရိုက်ချက်က ရန်ကျောက်ကဲအားဖုံးလွှမ်းသွားချိန် မိုးနှင့်မြေတွင် ထိုက်ကျိကားချပ် ထွက်ပေါ်လာ၏။
ရန်ကျောက်ကဲ၏ခန္ဓာကိုယ်မှာ ထို ထိုက်ကျိကားချပ်နှင့်အတူ လည်ပတ်နေပြီး အသွင်ပြောင်းမှုများစွာ လုပ်ဆောင်နိုင်လျှင်တောင်မှ ၊ အဆုံးမရှိသော တန်ခိုးစွမ်းအားများကို ထုတ်ဖော်နိုင်လျှင်တောင်မှ သူ့အတွက် လွတ်မြောက်ရန် ခက်ခဲနေသေးသည်ဟု ခံစားလိုက်ရသည်။
ဤသည်မှာ အစစ်အမှန်နတ်ဘုရားတစ်ပါး၏ တန်ခိုးစွမ်းအား ဖြစ်သည်။
ကျူတောပင်လယ်ဒေသတွင် ချင်းယွမ်ဧကရာဇ်နှင့် ရင်ဆိုင်ရစဉ်ကလည်း ရန်ကျောက်ကဲ ဤသို့သော တန်ခိုးစွမ်းအားမျိုး ရင်ဆိုင်ခဲ့ရဖူးသည်။
သို့သော် ထိုစဉ်က မြေကမ္ဘာမယ်တော်တာအိုထုံးတမ်းအစီအရင်နှင့် နှောင်းပိုင်းမြေကမ္ဘာကျမ်းစာက ကာကွယ်ပေးထားသဖြင့် ယခုလောက် အခြေအနေမဆိုးခဲ့ပေ။ ယခုတော့ ပိုးသားဧကရာဇ်၏ ဖိအားပေးမှုကို ခက်ခက်ခဲခဲရင်ဆိုင်ရင်း သာမန် သေမျိုးလူသားကျင့်ကြံသူတစ်ယောက်နှင့် နတ်ဘုရားတစ်ပါးကြား အမှန်တကယ်ခြားနားမှုကို နားလည်နိုင်ခဲ့ပြီ ဖြစ်သည်။
သို့ပေသိ ရန်ကျောက်ကဲက ထိတ်လန့်တုန်လှုပ်သွားခြင်း မရှိခဲ့ပေ။
ငရဲပြည်တွင်းနက်ကြီးတစ်ခုအတွင်းမှ နတ်ဆိုးများစွာ ကြုံးဝါးသံအလား ၊ သုခဘုံမှ ဇင်ဗုဒ္ဓဘာသာ ကျမ်းစာရွတ်ဆိုသံများအလား မရေရာမသဲကွဲသည့် ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။
ထို့နောက် ရန်ကျောက်ကဲ၏ ဦးခေါင်းထက်တွင် မျက်နှာ (၄)ခုနှင့် လက် (၁၂)ဖက် ပါရှိသော ကျောက်စိမ်းရောင် နတ်ဘုရားရုပ်တုကြီး တဖန်ပြန်လည် ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲ၏ ရုပ်ခန္ဓာက ထိုနတ်ဘုရားရုပ်တုကြီးနှင့် အပြည့်အဝ ပေါင်းစပ်သွားသည်။
နောက်အခိုက်အတန့်မှာတော့ အဆုံးမရှိသော နတ်ဆိုးချီစွမ်းအားများ စုဝေးလာပြီး လက် (၁၂)ဖက်ပါရှိသော ကျောက်စိမ်းရောင် နတ်ဘုရားရုပ်တုကြီးအားလှည့်ပတ်သွားကာ ကြီးမားသော အနက်ရောင်နတ်ဘုရားရုပ်တုကြီးအဖြစ် ပြောင်းလဲသွားစေသည်။
အနက်ရောင် နတ်ဘုရားရုပ်တုကြီး၏ နဖူး ၊ ရင်ဘတ်နှင့် လက်ဖဝါးတို့ထက်တွင် '卍' ဝမ့်စကြာသင်္ကေတက ပြောင်းပြန်လှည့်ပတ်နေသည်။
“ဧကရာဇ်မင်းရဲ့လုပ်ရပ်က ကျွန်တော့်မှန်းဆချက်ကို သက်သေပြလိုက်တာပဲ...”
ကြီးမားသော နတ်ဘုရားရုပ်တုကြီးအတွင်းမှ ရန်ကျောက်ကဲ၏စကားသံ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
“ဧကရာဇ်မင်းက ခံစားချက်ကင်းမဲ့တဲ့လမ်းစဉ်ကို လျှောက်လမ်းချင်တယ် ၊ အနာဂတ်အတားအဆီးတွေအားလုံးကို ဖယ်ရှားပစ်ပြီး ပိုမိုမြင့်မားတဲ့အဆင့်တစ်ခုကို တက်လှမ်းချင်တယ် ၊ ထင်တဲ့အတိုင်း... ကျွန်တော့်အဖေရဲ့ ထိုက်ယိဟွာတိမ်တိုက်ကို လိုချင်နေတာ မဟုတ်လား”
***
Note -
'卍' (ဝမ့်စကြာ) သင်္ကေတဆိုတာ ဗုဒ္ဓကို ကိုယ်စားပြုပါတယ် ၊ အဲဒီသင်္ကေတပြောင်းပြန်လှည့်ပတ်တယ်ဆိုတော့ နတ်ဆိုးဆိုတဲ့အဓိပ္ပါယ်ပါ __ ဘာသာပြန်သူ