← Chapters

ကြယ်များ ပြန်လည်ရောက်ရှိလာခြင်း

Vol. 80 Ch. 1109

ကြယ်များ ပြန်လည်ရောက်ရှိလာခြင်း

Vol. 80 Ch. 1109

ဝမ်ပေါင်လဲ့မှာ တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး အာရုံအပြည့်စိုက်ကာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို လည်ပတ်သွားစေလိုက်သည်။ သူ၏ မျက်ဝန်းများမှာ ထူးဆန်းစွာ တောက်ပလာ၏။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများ၏ လည်ပတ်နှုန်းမှာလည်း တဖြည်းဖြည်းနှင့် ပို၍မြန်ဆန်လာသည်။

ယခင်တုန်းကဆိုလျှင် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ ခန္ဓာကိုယ်တစ်ခုလုံးအား တစ်ပတ်ပြည့်အောင် လည်ပတ်နိုင်ရန် အသက်ရှူကြိမ် လေးကြိမ်ခန့် လိုပေသည်။ ယခုတွင်မူ အသက်ရှူကြိမ် တစ်ကြိမ်မျှသာ လိုတော့၏။ ထိုကဲ့သို့ မြန်ဆန်လာသည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ အပူဓာတ်များ ထွက်ပေါ်လာပြီး သူ၏ တာအိုဂြိုဟ်မှာ ၎င်းတို့အား စုပ်ယူလိုက်၏။ ထို့ကြောင့်လည်း ထို တာအိုဂြိုဟ်မှာ ပို၍ပင် ဝင်းလက်တောက်ပလာရသည်။ ၎င်း၏ ပတ်ပတ်လည်ရှိ ရှေးဟောင်းဂြိုဟ် ကိုးလုံးမှာလည်း ထို အပူဓာတ်များထဲမှ အချို့အဝက်အား စုပ်ယူလိုက်သဖြင့် ၎င်းတို့မှာလည်း ပို၍ ဝင်းလက်တောက်ပလာကြ၏။

" ဒီလောက်နဲ့ မလုံလောက်သေးဘူး... " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ မျှော်လင့်စောင့်စားမှု အရိပ်အယောင်များ တောက်ပလာ၏။ သူသည် မီးတောက်ကြယ်စင်စုဆီသို့ မရောက်ဖူးခင်တုန်းက ထာဝရကြယ်အဆင့်အကြောင်း အပြည့်အဝ နားလည်ထားခဲ့ခြင်း မရှိပေ။ သို့သော်လည်း သူသည် ထို ကြယ်စင်စုထဲ၌ မီးတောက်ခေါင်းဆောင်ကြီးနှင့် ဆုံတွေ့ကာ ရှေးဟောင်းစာအုပ် အမြောက်အမြားကို ဖတ်ရှုလေ့လာခဲ့ပြီးနောက် ထာဝရကြယ်အဆင့်အကြောင်း အများကြီးပို၍ နားလည်လာခဲ့၏။

ထာဝရကြယ်များအား ကောင်းကင်၊ မြေကြီး၊ နက်နဲ၊ အဝါရောင်နှင့် သာမန်ဟူ၍ အဆင့်ငါးဆင့်ခွဲထားကြောင်း သူက နားလည်ထားသည်။ နက်နဲထာဝရကြယ်အဆင့်သို့ တက်လှမ်းနိုင်သည့် လူအရေအတွက်မှာ များများစားစားမရှိပေ။ အတော်အသင့် ကံကောင်းပြီး အထူးအခွင့်အရေးများနှင့် ကြုံတွေ့မှသာ ထိုအဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။ ဥပမာ ပြရလျှင် သူ၏ အစောင့်အရှောက်များထဲမှ တစ်ယောက်မှာ နက်နဲထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ ထို ကျင့်ကြံသူကြီးမှာ မီးတောက်ကြယ်စင်စုထဲတွင်ပင် တမူထူးခြားသည့် ရာထူးအဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားသည်။

ချုံးရိကျစ် တိုက်ခိုက်ခဲ့စဉ်တုန်းက ထိုကျင့်ကြံသူကြီးမှာ ရှုံးနိမ့်သွားခဲ့ပါသော်လည်း သူ ရရှိခဲ့သည့် ဒဏ်ရာများမှာ အနည်းဆုံးဖြစ်သည်။ ၎င်းမှာ နက်နဲထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားဖြစ်ပေသည်။ မြေကြီးထာဝရကြယ်အဆင့် ကျင့်ကြံသူများမှာမူ... အလွန်အင်မတန်မှ ရှားပါး၏။ ချုံးရိကျစ်မှာ မြေကြီးထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

သူသည် မဟာလက်ဝဲတာအိုနယ်မြေထဲမှ အဆင့်တစ်ဂိုဏ်းဖြစ်သော လမ်းကိုးသွယ်တာအိုဂိုဏ်း၏ အဆင့်နှစ်တာအိုဂိုဏ်းသား ဖြစ်နေသည်မဟုတ်ပါလော။ ထိုအချက်ကို ကြည့်လျှင် မြေကြီးထာဝရကြယ်အဆင့် ကျင့်ကြံသူများမှာ မည်မျှအထိ ရှားပါးကြောင်း သိနိုင်ပေသည်။ မီးတောက်ကြယ်စင်စုတစ်ခုလုံးထဲ၌ ယခင်တုန်းက မြေကြီးထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက် ရှိလျှင်ရှိခဲ့နိုင်ပါသော်လည်း ယခုတွင်မူ....

" မရှိတော့ဘူး " ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် မီးတောက်ကြယ်စင်စုအကြောင်းအား မေ့ထားလိုက်၏။ ထို့နောက် ကောင်းကင်ထာဝရကြယ်အဆင့်နှင့် ပတ်သက်၍ သူနားလည်ထားသည့် အရာများမှာ သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာသည်။

ကောင်းကင်ထာဝရကြယ်အဆင့် ကျင့်ကြံသူများမှာ ဤ အဆုံးမဲ့တာအိုနယ်မြေ တစ်ခုလုံးထဲတွင်ပင် အလွန်အင်မတန်မှ ရှားပါးပေသည်။ ထို့အပြင် ထို အဆင့်နှင့် ပတ်သတ်၍ လျှို့ဝှက်ချက်အချို့ ရှိနေသေးသည့်ပုံပင်။ ထို့ကြောင့်လည်း ရှေးယခင်ကတည်းကစ၍ လက်ရှိအချိန်အထိ အဆုံးမဲ့မျိုးနွယ်စု၏ တော်ဝင်မိသားစုသာလျှင် ကောင်းကင်ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်အား မွေးထုတ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်ထာဝရကြယ်အဆင့် ဖြစ်စေ၊ သာမန်ထာဝရကြယ်အဆင့် ဖြစ်စေ၊ ထာဝရကြယ်အဆင့်သို့ တက်လှမ်းရသည့် နည်းလမ်းမှာ ဆင်တူပေသည်။ မိမိလိုချင်သည့် အဆင့်အတန်းတွင်ရှိသော ထာဝရကြယ်တစ်လုံးအား ရှာဖွေကာ ၎င်းအား မိမိ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းထည့်ပြီး ဖောက်ထွက်နိုင်ရန် ကြိုးစားရမည်ဖြစ်သည်။

သို့ဖြစ်ရာ ထာဝရကြယ်အဆင့်အား ခေါ်ဆိုကြသည့် အခြားနာမည်တစ်ခုလည်း ရှိသေးသည်။ ၎င်းမှာ ကြယ်စင်စုအဆင့် ဖြစ်သည်။

ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားသည်နှင့် မိမိနှင့် ပေါင်းစည်းခဲ့သည့် ပထမဆုံးဂြိုဟ်မှာ ထို ကြယ်စင်စုထဲ၌ ပထမဆုံးဂြိုဟ်အဖြစ်သို့ ရောက်သွားမည်ဖြစ်သည်။

သို့သော် ထိုကဲ့သို့ ဖောက်ထွက်ပြီးခါစ အချိန်တွင် ကောင်းကင်ထာဝရကြယ်အဆင့်ဖြစ်စေ၊ သာမန်ထာဝရကြယ်အဆင့် ဖြစ်စေ ကွဲပြားခြားနားချက် ကြီးကြီးမားမား ရှိနေဦးမည်တော့ မဟုတ်ပေ။ နောက်ပိုင်း ကျင့်ကြံခြင်း ဆက်လက်လေ့ကျင့်ပြီးသည့် အချိန်များတွင်သာ ကွဲပြားခြားနားချက်များမှာ သိသာလာမည်ဖြစ်သည်။ ဥပမာပြရလျှင် သာမန်ထာဝရကြယ်အဆင့်အား ခွက်တစ်ခွက်အဖြစ် သတ်မှတ်လိုက်ပါက မြေကြီးအဆင့်မှာ ရေတိုင်ကီကြီးတစ်လုံးနှင့် တူနေမည်ဖြစ်ပြီး ကောင်းကင်အဆင့်မှာ ရေကန်တစ်ကန်နှင့် တူနေမည်ဖြစ်သည်။

အဆင့်ပိုမြင့်လေလေ ကျင့်ကြံခြင်းစွမ်းအားများ ပို၍ စုဆောင်းနိုင်လေလေ ဖြစ်ပေသည်။ ထိုအပြင် ထာဝရကြယ်အဆင့် ကျင့်ကြံသူများမှာ ကျင့်ကြံခြင်း လေ့ကျင့်လို့ပါက မိမိ၏ ကျင့်ကြံခြင်းပညာရပ်များကို လေ့ကျင့်ရန် လိုအပ်ရုံသာမက ထာဝရကြယ်များကို ဝါးမျိုကာ မိမိ၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းရန်လည်း လိုအပ်သေးသည်။

ထိုကဲ့သို့ အဆုံးအထိ ပေါင်းစည်းပြီးသွားလျှင် မိမိ၏ ကြယ်စင်စုမှာ ကြယ်နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။ ထိုအချိန်သို့ရောက်လျှင် ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားမည်ဖြစ်သည်။

" ဒါပေမဲ့ ငါလိုချင်တာ... အဲဒီအဆင့် ငါးဆင့်မဟုတ်ဘူး။ အဲဒီအဆင့် ငါးဆင့်ထက် ပိုပြီးတော့ ရှားပါးတဲ့အဆင့်ကို လိုချင်တာ။ ဒဏ္ဍာရီလာ တာအိုထာဝရကြယ်အဆင့်ကို လိုချင်တာကွ " ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်လိုက်ပြီးနောက် မျက်ဝန်းများ ဝင်းလက်တောက်ပသွား၏။ တာအိုထာဝရကြယ်အဆင့်ဆိုသည်မှာ တာအိုဂြိုဟ်တစ်လုံးအား ပိုင်ဆိုင်ထားပြီး ရှားရှားပါးပါး အခွင့်အရေးတစ်ခုနှင့် ကြုံတွေ့နိုင်ပါမှ ရရှိပိုင်ဆိုင်နိုင်မည့် အဆင့်ဖြစ်သည်။

ထိုအဆင့်သို့ တက်လှမ်းလိုပါက တာအိုဂြိုဟ်အား ထာဝရတာအိုအဆင့်သို့ မြှင့်တင်ပေးရမည် ဖြစ်သည်။

အဆုံးမဲ့မျိုးနွယ်စု၏ ပထမမျိုးဆက်မှ ခေါင်းဆောင်ကြီးသာလျှင် ထိုအဆင့်သို့ မြှင့်တင်နိုင်ခဲ့၏။ တာအိုဂြိုဟ် အရေအတွက်မှာ အလွန်အင်မတန်မှ နည်းပါးလွန်းလှသည့်အပြင် ၎င်းအား ထာဝရတာအိုအဆင့်သို့ မြှင့်တင်နိုင်မည့် အခွင့်အရေးများမှာဆိုလျှင် ပို၍ပင် နည်းပါးနေသေးသည် မဟုတ်ပါသော။ သို့ဖြစ်ရာ တာအိုထာဝရကြယ်အဆင့်သို့ တက်လှမ်းနိုင်ရန်မှာ လုံးဝနီးပါးမဖြစ်နိုင်ပေ။ ထိုသို့ တက်လှမ်းလိုလျှင်လည်း ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ကြယ်သုသာန်သို့ လာရာလမ်းတွင် နည်းလမ်းအချို့အား စဉ်းစားတွေးတောထားခဲ့ပြီးသား ဖြစ်သည်။ ဥပမာပြရလျှင် သူ ယခုလို သူ၏ ကျင့်ကြံခြင်းစွမ်းအား လည်ပတ်မှုနှုန်းအား အဆက်မပြတ် အရှိန်မြှင့်တင်နေရသည့် အကြောင်းရင်းမှာ ထို နည်းလမ်းသည် သူ စဉ်းစားမိခဲ့သည့် နည်းလမ်းများထဲမှ အောင်မြင်နိုင်ခြေ အရှိဆုံးနည်းလမ်းဟု သူက ခံစားနေရသောကြောင့်ပင်။

သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အရှိန်အဟုန်ပြင်းစွာ လည်ပတ်စေလိုက်မည်ဆိုပါက သူ၏ ခန္ဓာကိုယ်မှာ မီးလုံးကြီးတစ်လုံးကဲ့သို့ အပူဓာတ်များ ထုတ်လွှတ်လိုက်မည် ဖြစ်သည်။ ထိုအခါ သူ၏ ဂြိုဟ်၏ အငွေ့အသက်များမှာလည်း အားအကောင်းဆုံး အနေအထားသို့ ရောက်ရှိသွားမည်ဖြစ်သည်။ ထိုသို့သာဆိုလျှင် သူသည်... ဖောက်ထွက်နိုင်မည့် အခွင့်အရေးအား အာရုံခံနိုင်လောက်ပေသည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့ စဉ်းစားတွေးတောလိုက်ပြီးနောက် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ ကျင့်ကြံခြင်းစွမ်းအား လည်ပတ်မှုနှုန်းအား ထပ်၍ အရှိန်မြှင့်တင်လိုက်၏။ ထို့ကြောင့် ၎င်းမှာ အသက်ရှူကြိမ်တစ်ကြိမ်လျှင် ခန္ဓာကိုယ်တစ်ပတ် လည်ပတ်နေခဲ့သည့် အနေအထားမှ အသက်ရှူကြိမ်တစ်ကြိမ်လျှင် ခန္ဓာကိုယ်သုံးပတ်၊ ငါးပတ်နှင့် နောက်ဆုံးတွင် ဆယ်ပတ်အထိ လည်ပတ်နေသည့် အနေအထားသို့ ရောက်ရှိသွားတော့သည်။ ထိုအချိန်တွင် သူသည် ထပ်၍ အရှိန်မြှင့်တင်နိုင်တော့မည်မဟုတ်ကြောင်း အာရုံခံမိလိုက်သည်။

သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ အရှိန်အဟုန်ပြင်းစွာ မရပ်မနား လည်ပတ်နေသဖြင့် သူ၏ တာအိုဂြိုဟ်မှာ ချစ်ချစ်တောက်ပူပြင်းနေပြီ ဖြစ်သည်။ ကြယ်သုသာန်အထက်ရှိ ကောင်းကင်ကြီးထဲတွင် မီးလောင်နေသည့်အလား အနီရောင် အလင်းရောင်များ ပေါ်ပေါက်လာ၏။ စက္ကူပင်လယ်ကြီးထဲရှိ လူပုံစံစက္ကူရုပ်များမှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ အမူအရာများ ပြောင်းလဲသွားကြသည်။

၎င်းတို့ အမူအရာများ ပြောင်းလဲသွားကြချိန်တွင် ဝမ်ပေါင်လဲ့မှာ စိုးရိမ်စိတ်များ စတင်ကြီးထွားလာတော့သည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ အသက်ရှုကြိမ်တစ်ကြိမ်လျှင် ခန္ဓာကိုယ်ဆယ်ပတ်တိတိ လည်ပတ်နေပြီဖြစ်ပြီး သူသည် ထို အခြေအနေအား အကြာကြီး ထိန်းထားနိုင်တော့မည်မဟုတ်ပေ။ သို့သော်ငြားလည်း... သူသည် မည်သည့် ဖောက်ထွက်မှုအငွေ့အသက်ကိုမှ အာရုံမခံမိသေးပေ။

" ငါ့ရဲ့ တာအိုဂြိုဟ်ကို လောင်ကျွမ်းအောင်လုပ်ပြီး သူ့ရဲ့ စွမ်းအားတွေကို အသုံးပြုလိုက်မယ်ဆိုရင် ဖောက်ထွက်သွားနိုင်မယ်လို့ ခံစားနေရတယ်။ ဒါပေမဲ့ ငါ အဲလိုမလုပ်ချင်ဘူး " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ထိုသို့ ရေရွတ်လိုက်ပြီးနောက် မျက်ဝန်းများ အရောင်တောက်ပသွား၏။ ထိုအချိန်တွင် ဖုတ်ကောင်တစ်ကောင်၏ ပုံရိပ်နှင့် နတ်ဆိုးဓား၏ ပုံရိပ်သာမက သူ၏ အခြားအတိတ်ဘဝများ၏ ပုံရိပ်များမှာ သူ၏ ခန္ဓာကိုယ်အပြင်ဘက်၌ ပေါ်ပေါက်လာကြသည်။ သမင်ဖြူလေးမှာလည်း ထိုပုံရိပ်များထဲတွင် ပါ၏။ ၎င်းတို့မှာ အရပ်မျက်နှာအနှံ့သို့ ပြေးထွက်သွားကြပြီး သူ၏ တာအိုဂြိုဟ်နှင့် ပေါင်းစည်းလိုက်ကြသဖြင့် ထို တာအိုဂြိုဟ်မှာ အားအင်များ ပြည့်ဖြိုးသွားသည့်အလား တုန်ရီသွားသည်။ ထို့နောက် အလင်းရောင်နှင့် အပူဓာတ်များမှာ မိုးကောင်းကင်ထဲသို့ ထိုးတက်သွား၏။

ထိုကြောင့် ကြယ်သုသာန်အထက်ရှိ အာကာသကောင်းကင်ကြီးတစ်ခုလုံးမှာ ချက်ချင်းဆိုသလိုပင် လင်းထိန်သွားသဖြင့် ညကောင်းကင်ကြီးမှာလည်း အဖြူရောင် ဟင်းလင်းပြင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုအချိန်တွင် တာအိုဂြိုဟ်နှင့် ပေါင်းစည်းထားသည့် ဝမ်ပေါင်လဲ့မှာ မသဲမကွဲဖြစ်နေသည့် အကာအရံတစ်ခုအား အာရုံခံမိလိုက်တော့သည်။

ထို အကာအရံထဲတွင် သူ၏ တာအိုဂြိုဟ်အား ဖောက်ထွက်နိုင်စွမ်းမရှိအောင် တားဆီးနေသည့် အချုပ်အနှောင်တစ်ခု ရှိနေသည့်ပုံပင်။ ၎င်းမှာ စကြဝဠာကြီး၏ ကန့်သတ်ချက်တစ်ခုကဲ့သို့ ဖြစ်နေ၏။ ထိုကန့်သတ်ချက်အား ကျော်လွှားနိုင်ရန် သူသည် တာအိုဂြိုဟ်၏ စွမ်းအားများအားလုံးကို ထုတ်သုံးရမည်ဖြစ်သည်။ သို့မှသာ ၎င်းမှာ ချောချောမွေ့မွေ့ ဖောက်ထွက်သွားနိုင်မည် ဖြစ်သည်။

မကြာသေးမီတုန်းက သူသည် သူ၏ တာအိုဂြိုဟ်အား လောင်ကျွမ်းသွားစေလိုက်ပါက ထိုကဲ့သို့ ဖောက်ထွက်သွားနိုင်လိမ့်မည်ဟု ခံစားခဲ့ရသည်မဟုတ်ပါလော။ ၎င်းအား လောင်ကျွမ်းသွားအောင် ပြုလုပ်လိုက်လျှင် သူသည် ထို ကန့်သတ်ချက်အား ကျော်လွှားနိုင်ရန် လိုအပ်သည့် စွမ်းအားများကို အလုံအလောက် ရရှိသွားမည်ဖြစ်သည်။ ထိုသို့သာဆိုပါက သူ၏ တာအိုဂြိုဟ်မှာလည်း အလွယ်တကူ ဖောက်ထွက်နိုင်စွမ်း ရှိသွားမည်ဖြစ်သည်။

သို့သော် သူသည် ထိုသို့ မလုပ်လိုပေ။

ထို့ကြောင့် ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ခေါင်းမော့လာ၏။ ထို့နောက် တည်ကြည်လေးနက်မှု အပြည့်ရှိသော သူ၏ စကားသံကြီးမှာ မိုးကောင်းကင်ထဲ၌ ပဲ့တင်ထပ်သွားသည်။

" အို မိုးကောင်းကင်ထဲမှ ကြယ်များ.... အာကာသကောင်းကင်အစစ်ကို မြင်ရဖို့အတွက် ကြယ်စင်စုကြီးကို ဖြတ်ကျော်မယ့် ခရီးစဉ်မှာ ငါ့ကို ဘယ်သူတွေ အဖော်ပြုပေးချင်လဲ "

သူ ထိုသို့ဆိုလိုက်သည်နှင့် ဝင်းလက်တောက်ပနေကြသည့် ကြယ်များမှာ ရုတ််တရက်ဆိုသလို ရူးသွပ်လုမတတ် ဖြစ်သွားကြ၏။ ၎င်းတို့၏ အလင်းရောင်များမှာလည်း ယခင်တုန်းကနှင့် လုံးဝမတူသည့် ပြင်းအားမျိုးဖြင့် ပေါက်ကွဲထွက်ပေါ်လာသောကြောင့် မိုးကောင်းကင်ကြီးထဲတွင် ကြယ်အလင်းရောင်များ မျက်စိတစ်ဆုံး ပြည့်နှက်သွားတော့သည်။

ထိုကဲ့သို့ ဝင်းလက်တောက်ပနေကြသည့် ကြယ်များထဲတွင် အားအကောင်းဆုံး အလင်းရောင်များကို ပိုင်ဆိုင်ထားကြသည့် ကြယ်အလုံးရေ တစ်သောင်းကျော် ရှိနေကြ၏။ ၎င်းတို့မှာ အထူးဂြိုဟ်များ ဖြစ်ကြပေသည်။ ၎င်းတို့ တလက်လက် တောက်ပနေကြစဉ် ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်ကို မြှောက်ကာ စိတ်ဓာတ်ပြတ်သားမှု အပြည့်ရှိသော မျက်ဝန်းများဖြင့် အမိန့်ပေးလိုက်၏။

" နေရာယူကြ "

သူ၏ အမိန့်ပေးသံ ပဲ့တင်ထပ်သွားသည်နှင့် ကြယ်အလုံးရေ တစ်သန်းကျော်မှာ အပြင်းအထန်တုန်ရီသွားပြီး ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာကြ၏။ သို့သော် ၎င်းတို့ထဲတွင် အထူးဂြိုဟ် အလုံးတစ်သောင်းကျော်မှာ အမြန်ဆုံးဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းတို့မှာ အခြားကြယ်များအားလုံးကို ကျော်တက်ကာ ဝမ်ပေါင်လဲ့၏ ရှေ့သို့ရောက်ရှိလာကြ၏။ ထို့နောက် ၎င်းတို့မှာ သူ၏ ပတ်ပတ်လည်၌ လည်ပတ်ရင်း အထူးဂြိုဟ်မဟုတ်သည့် ကြယ်များအားလုံးကို အဝေးသို့ တွန်းထုတ်နေသည့် အကာအရံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ တစ်ချိန်ထဲမှာပင် ၎င်းတို့မှာ ၎င်းတို့၏ ကြယ်အလင်းရောင်များအားလုံးကို စုစည်းကာ ထုတ်လွှတ်လိုက်ကြပြီး ဝမ်ပေါင်လဲ့၏ တာအိုဂြိုဟ်နှင့် တစ်သားတည်း ပေါင်းစည်းသွားစေလိုက်သည်။

အထူးဂြိုဟ် အလုံးတစ်သောင်းကျော်၏ အလင်းရောင်များ ဝမ်ပေါင်လဲ့၏ တာအိုဂြိုဟ်ထဲသို့ ပေါင်းစည်းဝင်ရောက်သွားသည်နှင့် ထို တာအိုဂြိုဟ်၏ စွမ်းအားများမှာ မိုးထိုးလုမတတ် မြင့်မားသွား၏။ ၎င်း၏ အငွေ့အသက်များမှာလည်း လူပုံစံစက္ကူရုပ်အများစု၏ မျက်နှာအမူအရာများကို ပြောင်းလဲသွားစေနိုင်လောက်သည့် အဆင့်အထိ မြင့်တက်သွားသည်။

ဝမ်ပေါင်လဲ့မှာမူ ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့သည့်ပုံ ပေါက်နေ၏။ ထို့ကြောင့် သူသည် လေးလံနေသည့် အသက်ရှူသံများဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီးနောက် မတ်တတ်ထလာပြီး အသံကုန်အော်ဟစ်လိုက်တော့သည်။

" ကြယ်အချုပ်အနှောင်ပညာရပ် “

All Chapters