နတ်ဘုရားတစ်ပါးကဲ့သို့
Vol. 80 Ch. 1110
ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်ချိန်တွင်....
အထူးဂြိုဟ် အလုံးတစ်သောင်းကျော် နေရာယူကာ တာအိုဂြိုဟ်နှင့် တစ်သားတည်း ပေါင်းစည်းသွားချိန်တွင်...
ဝမ်ပေါင်လဲ့ မတ်တတ်ထလာပြီး သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ချိန်တွင်... သူ၏ နောက်၌ ဧရာမ ကြယ်မြေပုံကြီးတစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာတော့သည်။
ထို ကြယ်မြေပုံကြီးမှာ နွားတစ်ကောင်ပုံစံ ဖြစ်နေ၏။ အစတွင် ၎င်းမှာ အလွန်အင်မတန်မှ သေးငယ်နေပါသော်လည်း ချက်ချင်းဆိုသလိုပင် အရွယ်အစားကြီးမားလာသည်။ ၎င်းအား မြင်လိုက်ရသည့် လူတိုင်းမှာ အံ့သြတုန်လှုပ်သွားကြ၏။ နောက်ဆုံးတွင် ထို ကြယ်မြေပုံကြီးမှာ အာကာသကောင်းကင်ကြီးတစ်ခုလုံး၏ တစ်ဝက်ကျော်အထိ နေရာယူထားပြီဖြစ်သည်။ တာအိုဂြိုဟ်နှင့် တစ်သားတည်း ပေါင်းစည်းသွားခဲ့သည့် အထူးဂြိုဟ် အလုံးတစ်သောင်းကျော်မှလွဲ၍ အခြား ကြယ်များအားလုံးမှာ ၎င်းအား နေရာဖယ်ပေးလိုက်ရသည်သာ ဖြစ်သည်။ လူပုံစံစက္ကူရုံများမှာ အပေါ်သို့ မော့ကြည့်လိုက်ကြချိန်တွင် ထို ကြယ်မြေပုံကြီးမှာ အာကာသကောင်းကင်ကြီး၏ နေရာ၌ အစားထိုးဝင်ရောက်လာသည်ဟုပင် ခံစားလိုက်ရ၏။
ဝမ်ပေါင်လဲ့၏ တာအိုဂြိုဟ် တစ်လုံးသာလျှင် ထို ကြယ်မြေပုံ၏ အလယ်တွင်ရှိနေပြီး ဧရာမ မီးဖိုကြီး တစ်လုံးကဲ့သို့ အားမာန်အပြည့်ဖြင့် လောင်ကျွမ်းနေသည်။
ကြယ်မြေပုံကြီးမှာ အထူးဂြိုဟ် အလုံးတစ်သောင်းကျော်အား လမ်းညွှန်ကာ နေရာတကျဖြစ်အောင် စီစဉ်ပေးနေ၏။ ၎င်းတို့မှာ စည်းမျဉ်းတစ်ခုအတိုင်း အလိုအလျောက် အစီအရီ နေရာယူလိုက်ကြသည်သာ ဖြစ်သည်။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် နွားပုံစံ ကြယ်မြေပုံကြီးမှာ လူသားလောကထဲသို့ ဆင်းသက်လာသည့် နတ်နွားကြီးတစ်ကောင်ကဲ့သို့ မျက်စိကျိန်းစရာကောင်းလောက်အောင် ဝင်းလက်တောက်ပသွား၏။ သို့သော် ၎င်းမှာ ကြည်လင်ပြတ်သားမှုမရှိဘဲ အနည်းငယ် မှုန်ဝါးဝါးဖြစ်နေသည်။
ထို့အပြင် နတ်နွားကြီးမှာ မျက်လုံးများ ပွင့်နေခြင်းမရှိဘဲ မှိတ်ထားသောကြောင့် အိပ်မောကျနေသည့်ပုံ ပေါက်နေ၏။ မည်သို့ပင်ဆိုစေကာမူ ၎င်း၏ ခန္ဓာကိုယ်မှာ ကြယ်သုသာန်တစ်ခုလုံးကိုပင် တုန်ရီသွားစေနိုင်သည့် အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေဆဲပင်။
၎င်းမှာ ရဲစွမ်းသတ္တိနှင့်ပြည့်စုံပြီး မျက်လုံးများပွင့်လာသည်နှင့် မိုးကောင်းကင်ကြီး တစ်ခုလုံးကိုပင် တုန်ရီသွားအောင် လုပ်နိုင်စွမ်းရှိနေမည် ဖြစ်သည်။
" ဒါကြီးက... " ကြယ်သုသာန်အင်ပါယာ၏ ပထမဆုံး ဧကရာဇ်ကြီးမှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ သူ၏ ဘေးတွင် ရှိနေသည့် လက်ရှိဧကရာဇ်ကြီးမှာလည်း ထို နတ်နွားကြယ်မြေပုံကြီးကို မြင်လိုက်ရသည်နှင့် အမူအရာများ ပြောင်းလဲသွားသည်။
" အားကောင်းလိုက်တဲ့ အငွေ့အသက်.... ဒါ ကြယ်နယ်မြေအဆင့် ပုံရိပ်ယောင်တစ်ခုလား " သူတို့နှစ်ယောက်မှာ အံ့သြတုန်လှုပ်နေသည့် မျက်ဝန်းများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြ၏။
သို့သော် သူတို့အတွက် အံ့အားသင့်စရာများမှာ မကုန်သေးပေ။ ခဏအကြာတွင် ပြောင်းလဲမှုအသစ်များ ထပ်၍ ပေါ်ပေါက်လာပြန်သည်။ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများ ဝင်းလက်တောက်ပသွားသည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ ကြယ်အချုပ်အနှောင်ပညာရပ်မှာ စတင်လည်ပတ်လာ၏။ ၎င်းမှာ ပထမအဆင့်မှ တတိယအဆင့်နှင့် စတုတ္ထအဆင့်အထိ ချက်ချင်းရောက်ရှိသွားသည်။ ထို့နောက် ၎င်းမှာ တစ်ခဏမျှ ရပ်တန့်သွားပြီး ပဉ္စမအဆင့်အထိ ဖောက်ထွက်သွားတော့သည်။
သူ တစ်ဆင့်ချင်းစီ ဖောက်ထွက်သွားတိုင်း နတ်နွားကြီး၏ အလင်းရောင်များမှာ သုံးဆတိတိ ပို၍ ဝင်းလက်တောက်ပလာသည်သာ ဖြစ်သည်။
နတ်နွားကြယ်မြေပုံကြီးမှာလည်း မှုန်ဝါးဝါးဖြစ်နေရာမှ ကြည်လင်ပြတ်သားလာ၏။ ဝမ်ပေါင်လဲ့၏ ကြယ်အချုပ်အနှောင်ပညာရပ် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားချိန်တွင် အထူးဂြိုဟ် အလုံးတစ်သောင်းကျော်မှာ နတ်နွားကြယ်မြေပုံကြီးထဲ၌ ရှိနေခဲ့သည့် ဂြိုဟ်များ၏ နေရာ၌ အစားထိုးဝင်ရောက်လာတော့သည်။ ထို့ကြောင့် နတ်နွားကြယ်မြေပုံကြီးဆီမှ မျက်စိကျိန်းစရာကောင်းသော အလင်းရောင်များ ထွက်ပေါ်လာ၏။
ထို အလင်းရောင်များနှင့် ယှဉ်လိုက်ပါက အာကာသကောင်းကင်ကြီးတစ်ခုလုံး အပါအဝင် အရာအားလုံးမှာ မှေးမှိန်သွားရ၏။ မီးဖိုကြီး တစ်လုံးကဲ့သို့ လောင်ကျွမ်းနေသည့် တာအိုဂြိုဟ်ပင်လျှင် ၎င်းအား ယှဉ်နိုင်စွမ်းမရှိပေ။
ထို့ကြောင့် ကြယ်သုသာန်တစ်ခုစလုံးမှာ နတ်နွားကြယ်မြေပုံကြီး၏ အလင်းရောင်များ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရတော့သည်။
ဝမ်ပေါင်လဲ့မှာမူ တစ်ကိုယ်လုံးတုန်ရီသွား၏။ သူသည် ကြယ်အချုပ်နှောင်ပညာရပ်ကို အသုံးပြုကာ အထူးဂြိုဟ် အလုံးတစ်သောင်းကျော်ပါသည့် နတ်နွားကြယ်မြေပုံကြီးအား သူတစ်ယောက်တည်း ဖန်တီးခဲ့ရသည်မဟုတ်ပါလော။ ၎င်းမှာ လွယ်ကူသည့် အလုပ်တစ်ခုတော့မဟုတ်ပေ။ ယခုတွင် သူ၏ ကြယ်အချုပ်အနှောင်ပညာရပ်မှာ ပဉ္စမအဆင့်အထိ ဖောက်ထွက်သွားပြီဖြစ်သည်။
သို့သော် ဝမ်ပေါင်လဲ့မှာ ထိုအချက်အား အာရုံခံမိလိုက်သည့်တိုင်အောင် သူ၏ တာအိုဂြိုဟ်အား ကူညီထောက်ပံ့ပေးရန် လုံလောက်မှုမရှိသေးသည့်အလား ခံစားနေရ၏။ ထို့ကြောင့် အကယ်၍ သူ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်လိုပါက... နောက်ထပ်တစ်ဆင့် ထပ်တက်ရန် လိုအပ်သေးသည်။
" ငါ့ရဲ့ တွက်ချက်မှုတွေအရဆိုရင် ကြယ်အချုပ်အနှောင်ပညာရပ်က ဆဋ္ဌမအဆင့်အထိ ရှိတယ် " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ထိုသို့ ရေရွတ်လိုက်ပြီးနောက် မျက်ဝန်းများ ထူးဆန်းစွာ တောက်ပသွား၏။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူကာ ကြယ်မြေပုံကြီး၏ အလယ်ရှိ တာအိုဂြိုဟ်အား လည်ပတ်သွားအောင် လုပ်လိုက်သည်။ ထို တာအိုဂြိုဟ် လည်ပတ်သွားသည်နှင့် သဘာဝစည်းမျဉ်းဥပဒေသစွမ်းအားများ ထွက်ပေါ်လာ၏။ ၎င်း၏ ဘေးပတ်ပတ်လည်ရှိ ဂြိုဟ်ရံများမှာလည်း စွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။
ထိုအခြင်းအရာများကြောင့် တာအိုဂြိုဟ်မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ဝင်းလက်တောက်ပလာပြီး နတ်နွားကြယ်မြေပုံကြီးထက်ပင် ပို၍ တောက်ပသွား၏။ သို့ဖြစ်ရာ ကြယ်မြေပုံထဲသို့ အလင်းရောင်များ ထပ်၍ ထည့်သွင်းလိုက်သဖြင့် ၎င်းမှာလည်း ပို၍ ဝင်းလက်တောက်ပလာသကဲ့သို့ပင်။
ထို့ကြောင့် ကြယ်အချုပ်အနှောင်ပညာရပ်မှာလည်း နောက်ထပ်တစ်ကြိမ် ထပ်၍ အသက်ဝင်လာပြန်သည်။
၎င်းမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပနေခဲ့ပြီးသား ဖြစ်သည့်တိုင်အောင် ပို၍ပင် တောက်ပလာ၏။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ အထူးဂြိုဟ် အလုံးတစ်သောင်းကျော်နှင့် သူ၏ တာအိုဂြိုဟ်၏ အကူအညီများကို ရယူကာ နတ်နွားကြယ်မြေပုံ၏ အလင်းရောင်များကို ပိုမို စူးရှတောက်ပလာအောင် လုပ်လိုက်သကဲ့သို့ပင်။
ထိုသို့ဖြင့် နောက်ဆုံးတွင် ၎င်းမှာ ကန့်သတ်ချက်များကို ဖောက်ထွက်ကာ... ယခင်တုန်းက လုံးဝ မရှိခဲ့ဖူးသည့် ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားတော့သည်။
ထိုအချိန်တွင် ကြယ်တာရာများကိုပင် တစ်စစီ ကြေမွသွားစေနိုင်သည့် ထစ်ချုန်းသံများမှာ မိုးခြိမ်းသံများကဲ့သို့ ထွက်ပေါ်လာ၏။ ၎င်းတို့မှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးထဲတွင်သာမက ကြယ်သုသာန်ထဲရှိ သက်ရှိများအားလုံး၏ အသိစိတ်များထဲတွင်ပါ ပဲ့တင်ထပ်နေကြသည်။
ကြယ်အချုပ်အနှောင်ပညာရပ် ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားသည်နှင့် နတ်နွားကြီးမှာ အပြင်းအထန် တုန်ရီသွားပြီး မျက်လုံးများ ဖျတ်ခနဲ ပွင့်လာတော့သည်။ ထိုအခါ မရေမတွက်နိုင်လောက်အောင် များပြားသည့် ကြယ်များ၏ ကြယ်အလင်းရောင်များ စုစည်းသွားရာမှ ပေါ်ပေါက်လာသော အလင်းတန်းကြီးနှစ်ခုအား မြင်လိုက်ရ၏။
ကြယ်သုသာန်ထဲရှိ သက်ရှိများအားလုံးမှာ ထိုအလင်းတန်းကြီးနှစ်ခုအား မြင်လိုက်ရသည်နှင့် ခန္ဓာကိုယ်များ တုန်ရီသွားကြ၏။ ထိုအချိန်တွင် မျက်လုံးများပွင့်လာသည့် နတ်နွားကြီးမှာ ခေါင်းမော့ကာ ကမ္ဘာကြီးတစ်ခုလုံးကို တုန်ရီသွားစေနိုင်သည့်အသံမျိုးဖြင့် အော်ဟစ်လိုက်တော့သည်။
သို့ဖြစ်ရာ ၎င်းမှာ... အသက်ဝင်လာသည့် အလားပင်။
တချိန်ထဲမှာပင် ကြယ်သုသာန်အပြင်ဘက် မဟာလက်ဝဲတာအိုနယ်မြေထဲရှိ မီးတောက်ကြယ်စင်စု၏ ပင်မဂြိုဟ်အပြင်ဘက်၌ အိပ်မောကျနေသော နတ်နွားကြီး၏ ခန္ဓာကိုယ်အစစ်မှာ အပြင်းအထန် တုန်ရီသွားသည်။ ထို့နောက် သူသည် မျက်လုံးများပွင့်လာပြီး အဝေးသို့ လှမ်းကြည့်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် အထူးအဆန်းဖြစ်နေသည့် အရိပ်အယောင်များကို မြင်နိုင်ပေသည်။ သူ၏ ဘေးတွင်လည်း မီးတောက်ခေါင်းဆောင်ကြီး၏ ခန္ဓာကိုယ် ချက်ချင်းပေါ်ပေါက်လာပြီး အဝေးသို့ လှမ်းကြည့်နေလိုက်၏။
" ငါ့ရဲ့ တပည့်လေး ဒီလောက်မြန်မြန် ဖောက်ထွက်သွားနိုင်လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး " ရှေးဆန်သည့် စကားသံကြီးတစ်သံမှာ အရပ်မျက်နှာအနှံ့၌ ပဲ့တင်ထပ်သွား၏။ ထိုစကားသံပိုင်ရှင်မှာ မည်သူမည်ဝါဖြစ်ကြောင်း အတိအကျမသိနိုင်ပေ။ မီးတောက်ခေါင်းဆောင်ကြီး ဖြစ်နိုင်သလို နတ်နွားကြီးလည်း ဖြစ်နိုင်ပေသည်။ ထိုစကားသံကြီး ပဲ့တင်ထပ်သွားသည့်နှင့် မီးတောက်ကြယ်စင်စု ပင်မဂြိုဟ်ပေါ်ရှိ ဝမ်ပေါင်လဲ့၏ ဂိုဏ်းတူအစ်ကိုအစ်မများ အားလုံးမှာလည်း ခေါင်းမော့လာကြပြီး အာကာသကောင်းကင်ကြီးအား မော့ကြည့်လိုက်ကြသည်။ သူတို့၏ အကြည့်များမှာ ဟင်းလင်းပြင်ကြီးအား ဖောက်ထွင်းကာ ကြယ်သုသာန်အပြင်ဘက်၌ စုဝေးနေသည့် ခမ်းနားထည်ဝါသော ဝဲကြီးအား လှမ်းမြင်နိုင်စွမ်း ရှိနေသကဲ့သို့ပင်။
ထိုဝဲကြီးမှာ ဝမ်ပေါင်လဲ့၏ ဖောက်ထွက်မှုကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်၏။ ၎င်းမှာ ဟင်းလင်းပြင်ကြီးထဲမှ စုဝေးလာပြီး အာကာသကောင်းကင်ကြီးထဲ၌ တိတ်တဆိတ် လည်ပတ်နေသဖြင့် ရှဲ့ဟေးရန်နှင့် အခြားသူများမှာ အံ့သြတုန်လှုပ်သွားရသည်။ သူတို့မှာ ၎င်း ပေါ်ပေါက်လာရသည့် အကြောင်းရင်းအတိအကျကို မသိထားပါသော်လည်း ဝမ်ပေါင်လဲ့နှင့် ပတ်သက်နေရမည်ဟု ခန့်မှန်းမိလိုက်၏။
ထိုအချိန်တွင် ရှဲ့ဟေးရန်မှာ အသက်ပြင်းပြင်းရှူကာ ရေရွတ်လိုက်၏ " လူတစ်ယောက် ထာဝရကြယ်အဆင့်ကို ဖောက်ထွက်ရုံပါပဲ။ ဒီလောက်အထိ ခမ်းနားထည်ဝါနေစရာ လိုလို့လား... "
" ပါးစပ်ပိတ်ထားစမ်းပါ။ မင်းတို့လို သာမန်လူတွေက ငါ့အဖေရဲ့ စွမ်းပကားတွေအကြောင်း ဘာသိမှာမလို့လဲ။ ဟွန်း။ ငါ့အဖေရဲ့ မူလဇာစ်မြစ်အကြောင်းကို ဘာမှမသိတဲ့ကောင်။ ငါ မင်းကို ပြောပြလိုက်ရင် မင်း ကြောက်ချေးပန်းပြီး သေသွားလောက်တယ်။ ငါ့အဖေက... သက်ရှိတွေအကုန်လုံးရဲ့ အဖေကွ " ချန်ဟန်းမှာလည်း အံ့သြတုန်လှုပ်နေရသည့်တိုင်အောင် ရှဲ့ဟေးရန်၏ စကားများကို ကြားလိုက်ရသောအခါ သည်းမခံနိုင်တော့သဖြင့် မောက်မာဝင့်ကြွားစွာ ပြန်ပြောလိုက်၏။ သူ၏ ဘေးတွင် ရှိနေသည့် တာအိုအစောင့်ရှောက်များမှာမူ ခေါင်းများငုံ့သွားကြသည်။ သူတို့မှာ သူတို့၏ သခင်လေးသည် ကံကြမ္မာဂြိုဟ်ပေါ်မှ ပြန်ရောက်လာခဲ့ပြီးနောက် ယခင်တုန်းကနှင့် လုံးဝမတူသည့် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်ဟု ခံစားနေရ၏။ သူ၏ စကားများကြောင့် သူတို့မှာ အရှက်ရနေရပြီ ဖြစ်သည်....
" မင်းရဲ့ အဖေ အခု ဒီမှာမှမရှိဘဲ။ ဘာလို့ သူ့ကို အခုလောက်အထိ ဖားယားနေရသေးတာလဲ " ရှဲ့ဟေးရန်မှာ မကျေမနပ်ဖြစ်နေသည့် အမူအရာဖြင့် ချန်ဟန်အား စိန်းစိန်းဝါးဝါးစိုက်ကြည့်ကာ မေးလိုက်သည်။
" ဟွန်း " ချန်ဟန်းမှာမူ လက်ပိုက်ကာ သူ့အား ဆက်မရှင်းပြချင်သည့် အမူအရာဖြင့်သာ နှာမှုတ်လိုက်၏။
ထိုနေရာတွင် ရှိနေပါသော်လည်း မည်သူမှ သတိမထားမိသေးသည့် ချုံးရိကျစ်မှာလည်း ခပ်လှမ်းလှမ်းတွင် အံ့သြတုန်လှုပ်နေရပြီ ဖြစ်သည်။ သူသည် နောက်သို့လှည့်လာပြီး ဖြည်းဖြည်းချင်း လည်ပတ်နေသည့် ဝဲကြီးနှင့် ဝမ်ပေါင်လဲ့ ပျောက်ကွယ်သွားခဲ့သည့် ကြယ်သုသာန်ဝင်ပေါက်အား လှမ်းကြည့်လိုက်သည်။ ထို့အပြင် သူသည် မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ အန္တရာယ်ကြီးတစ်ခုနှင့် ကြုံရတော့မည့်အလား ခံစားနေရ၏။
" ဒါ ပြစ်ဒဏ်အငွေ့အသက်တွေပဲ... ဘာတွေဖြစ်နေတာလဲဟ "
ပြင်ပကမ္ဘာထဲရှိ လူများ အံ့သြတုန်လှုပ်နေကြစဉ် ကြယ်သုသာန်ထဲတွင်လည်း ထိုနည်းတူပင်။ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးမှာ ပြောင်းလဲနေကြပြီး တိမ်တိုက်များ တလိပ်လိပ်ထကာ လေပြင်းများမှာလည်း နောက်ပြန် တိုက်ခတ်နေ၏။ ထစ်ချုန်းသံများ အရပ်မျက်နှာအနှံ့၌ ပဲ့တင်ထပ်နေစဉ် ကြယ်သုသာန်အင်ပါယာ၏ ပထမဆုံးဧကရာဇ်ကြီးမှာ အမိန့်ပေးလိုက်သည်။
" ဂြိုဟ်အဆင့်ကနေ ဖောက်ထွက်ရင် ပြစ်ဒဏ်အငွေ့အသက်တွေ ပေါ်ပေါက်လာကြမှာ။ မြန်မြန်လေး။ မန္တန်အစီအရင်ကို အသက်သွင်းလိုက်ကြ "
သူ ထိုသို့ အမိန့်ပေးလိုက်သည်နှင့် လက်ရှိဧကရာဇ်ကြီးနှင့် သူ၏ လက်အောက်ငယ်သားအားလုံးမှာ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်ကြ၏။ ထို့အပြင် ဧကရာဇ်ကြီး၏ ဝိညာဉ်အစီအရင်များကိုလည်း အသက်သွင်းလိုက်သဖြင့် ကြယ်သုသာန်ထဲ၌ အဖြူရောင် အလင်းခြုံလွှာများ ပေါ်ပေါက်လာကြပြီး ကောင်းကင်ကြီးတစ်ခုလုံးအား လွှမ်းခြုံသွားသည်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ အငွေ့အသက်များမှာ အားအကောင်းဆုံးအနေအထားသို့ ရောက်နေပြီဖြစ်ပြီး သူသည်လည်း အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် အသက်ရှူကြိမ်အနည်းငယ်ခန့် နှုတ်ဆိတ်နေလိုက်ပြီးနောက် ရုတ်တရက် ခေါင်းမော့လာပြီး လေသံအောအောကြီးဖြင့် အော်ပြောလိုက်၏။
" ငါ့ရဲ့ တာအိုဂြိုဟ်... ဟင်းလင်းပြင်ကြီးထဲကနေ ဖောက်ထွက်ပြီး တာအိုထာဝရကြယ်အဖြစ် ပြောင်းလဲသွားစေ "
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီး သူ၏ လက်နှစ်ဖက်အား ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏ တာအိုဂြိုဟ်နှင့် ၎င်း၏ ဂြိုဟ်ရံကိုးလုံးမှာ နတ်နွားကြီး၏ ခန္ဓာကိုယ်ထဲမှ အပေါ်သို့ မြောက်တက်သွားကြပြီး ၎င်း၏ ဦးခေါင်း အထက်၌ ရစ်ဝဲနေကြတော့သည်။
နတ်နွားကြီးမှာမူ အရောင်တလက်လက် တောက်ပနေသည့် မျက်ဝန်းများဖြင့် မော့ကြည့်လိုက်ပြီး ခေါင်းမော့ကာ နောက်ထပ်တစ်ကြိမ်ထပ်၍ အော်ဟစ်လိုက်ပြန်သည်။ ထို့နောက် ၎င်းမှာ တာအိုဂြိုဟ်အား ဦးခေါင်းဖြင့်တွန်းကာ ၎င်း၏ ကျောကုန်းပေါ်၌ ရှိနေသည့် ဝမ်ပေါင်လဲ့နှင့်အတူ အာကာသကောင်းကင်ကြီးထဲသို့ ပျံတက်သွား၏။ သို့ဖြစ်ရာ ၎င်းမှာ မျက်လုံးဖြင့် မမြင်နိုင်သည့် အကာအရံတစ်ခုအား ခုန်ကျော်သွားသည့်အလားပင်။
အဝေးတွင်ရှိနေသည့် ကြယ်သုသာန်ထဲမှ လူတိုင်းမှာ ထိုမြင်ကွင်းအား ရှင်းလင်းပြတ်သားစွာမြင်နေရ၏။ သူတို့မှာ ထို ပုံရိပ်အား တစ်ဘဝလုံး မေ့နိုင်တော့မည်မဟုတ်ပေ။
ထို ပုံရိပ်ထဲတွင်.... နတ်နွားကြီးမှာ ခံ့ညားထည်ဝါမှုအပြည့် ရှိနေ၏။ ၎င်းမှာ ရဲရဲနီနေသည့် နေမင်းကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားတော့မည့်ပုံ ပေါက်နေသော တာအိုဂြိုဟ်တစ်လုံးအား ဦးခေါင်းအထက်၌ တင်ကာ ကောင်းကင်ကြီး၏ အဆုံးဆီသို့ သွေးရူးသွေးတန်း ပြေးသွားနေသည်။
၎င်း၏ ကျောကုန်းပေါ်တွင်မူ အဖြူရောင်ဝတ်ရုံတစ်ခုအား ဆင်မြန်းထားပြီး ဆံပင်များ လေထဲ၌ တလူလူလွင့်နေသည့် ဝမ်ပေါင်လဲ့ ရှိနေသည်။ သူ၏ မျက်နှာအမူအရာနှင့် မျက်ဝန်းများမှာ တည်ကြည်မှုအပြည့် ရှိနေပြီး သူသည် သူ၏ လက်နှစ်ဖက်အား နောက်သို့ပစ်ထား၏။ ထို့ကြောင့် သူသည်... နတ်ဘုရားတစ်ပါးနှင့်ပင် တူနေတော့သည်။