← Chapters

အရူးနှစ်ယောက်ဆိုတော့ အခြေအနေပိုဆိုးကုန်ပြီ

Vol. 78 Ch. 1096

အရူးနှစ်ယောက်ဆိုတော့ အခြေအနေပိုဆိုးကုန်ပြီ

Vol. 78 Ch. 1096

အခန်း (၁၀၉၆) အရူးနှစ်ယောက်ဆိုတော့ အခြေအနေပိုဆိုးကုန်ပြီ

ရန်ကျောက်ကဲ အသွင်ပြောင်းထားသည့် နတ်ဘုရားရုပ်တုကြီးကို မနှိမ်နင်းနိုင်တော့ဘဲ ပိုးသားဧကရာဇ် နောက်ပြန်ဆုတ်သွားသည်။

သူက မျက်မှောင်ကြုံ့ထားပြီး သူ၏မျက်နှာထက်တွင် အဖြူရောင်တလှည့် အနက်ရောင်တလှည့်အလင်းတန်းများက စက္ကန့်ပိုင်းအတွင်း အကြိမ်ပေါင်းများစွာ ပြောင်းလဲနေသည်။

နဂိုကပင် မတည်မငြိမ်ဖြစ်နေသော ပိုးသားဧကရာဇ်၏ စိတ်ဝိညာဉ်က ယခုတော့ အက်ကွဲသွားပုံရသည်။

စိတ်စေရာမိုးကြိုးက သူ၏အမြုတေအတွင်းပိုင်းတွင် ပေါက်ကွဲသွားခဲ့ပြီး ကိုယ်တွင်းမိစ္ဆာကို နှိုးဆွပေးလိုက်သည်။

ကိုယ်တွင်းမိစ္ဆာကို အနိုင်ယူရန်မှာ ကျင့်ကြံခြင်းအဆင့်နှင့်မသက်ဆိုင်ဘဲ မိမိကိုယ်တိုင်၏ စိတ်အခြေအနေပေါ်တွင် မူတည်သည်။

ပိုးသားဧကရာဇ်က နဂိုကပင် ကျင့်ကြံခြင်းသွေဖယ်နေသည်ဖြစ်ရာ ယခုတော့ စိတ်စေရာမိုးကြိုးက မီးလောင်ရာဆီလောင်းထည့်ပေးလိုက်သည့်ပမာ ဖြစ်သွားသည်။

သူ့အနေဖြင့် နတ်ဘုရားတံခါးကိုဖွင့်လှစ်နိုင်ခဲ့သည်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုကဲ့သို့ ခက်ခဲသောအချိန်မျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“အရမ်း ရုန်းကန်မနေပါနဲ့ ဧကရာဇ်မင်း ၊ ဒီနေရာက ငရဲကိုးထပ်ဖြစ်တဲ့အတွက် စိတ်ဝိညာဉ်နတ်ဆိုးက အချိန်မရွေး ရောက်လာနိုင်ပါတယ်”

ရန်ကျောက်ကဲပြောလိုက်သည့် ‘စိတ်ဝိညာဉ်နတ်ဆိုး’ ဆိုသည်မှာ ကျင့်ကြံသူများရင်ဆိုင်ရလေ့ရှိသော ကိုယ်တွင်းမိစ္ဆာကို ဆိုလိုခြင်း မဟုတ်ပေ။

မိစ္ဆာနတ်ဘုရား (၁၂)ပါးမှ ထိပ်တန်းမဟာနတ်ဆိုး (၆) ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ‘စိတ်ဝိညာဉ်နတ်ဆိုး’ ကို ဆိုလိုခြင်း ဖြစ်သည်။

‘စိတ်ဝိညာဉ်နတ်ဆိုး’ က စတင်ဖြစ်တည်လာကတည်းက တည်ရှိသူဖြစ်ပြီး ပျက်ဆီးခြင်းမရှိသေးဟု ခန့်မှန်းရသည်။

ဤလောကတွင် စိတ်ခံစားချက်ရှိသော သက်ရှိသတ္တဝါများရှိနေသရွေ့ စိတ်ဝိညာဉ်နတ်ဆိုး အသက်ဆက်ရန် ဖြစ်နိုင်ခြေ ရှိနေပေလိမ့်မည်။

ပြောရမည်ဆိုလျှင် ထိုနတ်ဆိုးက ဘိုးဘေးမဟာနတ်ဆိုး (၆)ပါးထက်ပင် ပိုမိုကြောက်စရာကောင်းပြီး ကိုင်တွယ်ရခက်လှသည်။

သက်ရှိများအားလုံး တပြိုင်တည်းပျက်သုဉ်းသွားမှသာလျှင် ထို ‘စိတ်ဝိညာဉ်နတ်ဆိုး’ လည်း ပျက်ဆီးသွားနိုင်ပေမည်။

လက်ရှိအချိန်တွင် ‘စိတ်ဝိညာဉ်နတ်ဆိုး’ ငရဲကိုးထပ်တွင် ရှိနေသည်လား မရှိဘူးလား မည်သူမှ မသိရှိနိုင်ပေ။

သို့သော် လက်ရှိ သူတို့ရောက်နေသည့်နေရာက ငရဲကိုးထပ်ဖြစ်သည်။

ထို့ပြင် ပိုးသားဧကရာဇ်က ကျင့်ကြံခြင်းသွေဖည်နေသလို အစစ်အမှန်နတ်ဘုရားတစ်ပါးလည်းဖြစ်လေရာ သူ့စိတ်ထဲမှ ‘ကိုယ်တွင်းမိစ္ဆာ’ က ကိုယ်တွင်းမိစ္ဆာအားလုံး၏ရင်းမြစ်ဖြစ်တည်ရာ ဘိုးဘေးနတ်ဘုရား ‘စိတ်ဝိညာဉ်နတ်ဆိုး’ ကို အချက်ပေးသလို ဖြစ်သွားနိုင်သည်။

ပိုးသားဧကရာဇ်က စိတ်ဂယောက်ဂယက်ဖြစ်နေလေရာ ပုံမှန်မဟုတ်သည့် ခန့်မှန်းရခက်သောလုပ်ရပ်များကို ပြုလုပ်လေ့ ရှိသည်။

သို့သော် သူ၏ ခံစားချက်ရှိသည့်ဘက်ခြမ်းဖြစ်စေ ၊ ခံစားချက်ကင်းမဲ့သည့်ဘက်ခြမ်းဖြစ်စေ သူ၏မျက်စိရှေ့သို့ ‘စိတ်ဝိညာဉ်နတ်ဆိုး’ ဆင်းသက်လာသည်ကိုတွေ့ တွေ့မြင်ချင်မည် မဟုတ်ပေ။

သူက ရန်ကျောက်ကဲကိုတစ်ချက်ကြည့်လိုက်ပြီး ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့ပေ။

အင်္ကျီလက်တစ်ဖက်အား ဝှေ့ယမ်းလိုက်ရာ အလံတစ်ခု ထွက်ပေါ်လာသည်။

အလံမျက်နှာပြင်ထက်တွင် ထိုက်ရှီခုန်မင် တန်ခိုးစွမ်းအားပါရှိပြီး အလံတိုင်က ထိုက်ချူးတန်ခိုးစွမ်းအားပါရှိသည်။ အလယ်ဗဟိုတွင် လည်ပတ်နေသော ထိုက်ကျိကားချပ်ပါရှိသည့် ကြည်လင်သော ချီစွမ်းအားစီးကြောင်းများက ထိုအလံကို လှည့်ပတ်နေသည်။

ကြီးမားသည့်အလံကြီးက လေထဲတွင် လွင့်ပျံနေပြီး ခမ်းနားသည့်တန်ခိုးစွမ်းအားများက ပတ်ဝန်းကျင်နယ်မြေတစ်ခုလုံးအား ကနဦးကောင်းကင်သို့ ပြန်လည်ပို့ဆောင်လိုက်သည့်အလား ထင်မှတ်ရသည်။

ခမ်းနားပြီး ကျက်သရေရှိသော ဖြစ်စဉ်မြင်ကွင်းများက လူသားများနှင့် နတ်ဘုရားများကြား ခြားနားချက်ကို ပြသနေသည့်အလား ဖြစ်သည်။

ထိုအလံဆီသို့ အနီးကပ်ထိတွေ့လက်လှမ်းရန်မဖြစ်နိုင်သဖြင့် အဝေးဆီမျ တမ်းတစွာ ငေးကြည့်နေရုံသာ ရှိသည်။

ထူးကဲယန်စည်းတံဆိပ် ၊ ထူးကဲယင်သရဖူတို့ကဲ့သို့ အဆင့်မြင့်အထွတ်ထိပ် မှော်ဝင်ပစ္စည်းများသည်ပင် ထိုအလံကို ယှဉ်နိုင်ခြင်း မရှိပေ။

ထိုက်စွေ့အလံရှည်သည်လည်း အလံအမျိုးအစား ရတနာပစ္စည်းတစ်ခုပင်ဖြစ်သည့်တိုင် ထိုအလံထက် ပိုမိုနိမ့်ကျပြီး အရည်အသွေးမတူညီသော အဆင့်တစ်ခုတွင် ရှိသည်။ တန်ခိုးစွမ်းအားကွာဟချက်က မိုးနှင့်မြေပမာ ဖြစ်ပြီး ကျော်လွန်ရန် မဖြစ်နိုင်ပေ။

ထိုအလံမှာ ပိုးသားဧကရာဇ်၏ အမတမှော်ဝင်ပစ္စည်းဖြစ်သော ‘စစ်ထိုက်ရှန်းထျန်း’ အလံ ဖြစ်သည်။

အရင်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့်တိုက်ပွဲတွင် ပိုးသားဧကရာဇ်အသာစီးရရှိခဲ့ခြင်းမှာ ဤ အမတမှော်ဝင်ပစ္စည်းကြောင့် ဖြစ်၏။

ယခု အလံကြိးက တဟုန်းဟုန်းလွင့်ပျံနေပြီး တစ်လောကလုံးအား လွှမ်းခြုံထားသည်။

ပိုးသားဧကရာဇ်က အလံရှည်အောက်တွင် ရှိနေပြီး မျက်လုံးများကို မှေးမှိတ်ကာ တင်ပျဉ်ခွေထိုင်ရင်း စိတ်ကိုတည်ငြိမ်စေကာ ကိုယ်တွင်းမိစ္ဆာကို စတင်နှိမ်နင်းနေသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲက ထပ်ပြီးမတိုက်ခိုက်တော့ဘဲ ပတ်ဝန်းကျင်မှ စုစည်းထားသော နတ်ဆိုးချီများကို ဖြန့်ကျက်လိုက်သည်။

ထိုက်စစ်ရှန်းထျန်းအလံက ပိုးသားဧကရာဇ်ကို ကာကွယ်ပေးထားသည်ဖြစ်ရာ ရန်ကျောက်ကဲအနေဖြင့် ဆက်လက်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။

ပိုးသားဧကရာဇ်က ကျင့်ကြံခြင်းသွေဖယ်နေသေသာ်လည်း ကြီးမားပြင်းထန်သော အဖျက်စွမ်းအားများကို ပိုင်ဆိုင်နေဆဲပင်။ ထို့ကြောင့် ‘စိတ်ဝိညာဉ်နတ်ဆိုး’ ဆင်းသက်လာမည့် အကျပ်အတည်းကို လျစ်လျူရှုပြီး အကျိုးဆက်ကိုမကြည့်ဘဲ ဆက်လက်တိုက်ခိုက်မည်ဆိုပါက ရန်ကျောက်ကဲအအတွက် အဆင်မပြေလှပေ။

သို့သော် ယခု ပိုးသားဧကရာဇ်က ဆက်လက်တိုက်ခိုက်ခြင်း မရှိသဖြင့် ရန်ကျောက်ကဲ၏ရည်ရွယ်ချက် အောင်မြင်သည်ဟု ဆိုနိုင်သည်။

လေထုထဲတွင် အနက်ရောင် နတ်ဘုရားရုပ်တုကြီး ပျောက်ကါယ်သွားပြီး နတ်ဆိုးချီစွမ်းအားများလည်း လွင့်ပြယ်သွားကာ ရန်ကျောက်ကဲ အသွင်အပြင် ပြန်လည် ထွက်ပေါ်လာသည်။

သို့သော် သူ စိတ်အေးနိုင်ခြင်း မရှိသေးပေ။

အဘယ်ကြောင့်ဆိုသော် ပိုးသားဧကရာဇ်အား တားဆီးပြီး မကြာခင်မှာပင် မိုးကြိုးလျှပ်စီး ပုံဆောင်ခဲကြီးက လှုပ်ခါလာသောကြောင့် ဖြစ်၏။

စောစောက ပိုးသားဧကရာဇ်အသုံးပြုလိုက်သည့် ထိုက်ရှီခုန်မင်မရှိမှုခန္ဓာ၏ ထူးခြားသောတန်ခိုးစွမ်းအားများက မိုးကြိုးပုံဆောင်ခဲအပေါ် သက်ရောက်မှုရှိကာ ချက်ချင်းပင် ပေါက်ကွဲထွက်တော့မည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲ မန်ဝမ်၏လက်ကိုဆွဲကာ အဝေးသို့ ရှောင်ပြေးရန် ပြင်ဆင်လိုက်သည်။

သို့သော် သူတို့အဝေးသို့ မရောက်ခင်မှာပင် ပုံရိပ်ယောင်ဗလာနယ်မိုးကြိုး ပုံဆောင်ခဲကြီးက ပေါက်ကွဲထွက်သွားသည်။

မိုးကြိုးပုံဆောင်ခဲကြီးက အပြည့်အဝ အက်ကွဲသွားခြင်းမရှိသေးသော်လည်း အတွင်းထဲတွင် အလွှာလိုက်ရှိနေသော မိုးကြိုးအလွှာများက တစ်လွှာပြီးတစ်လွှာ ပြန့်ကျဲပေါက်ကွဲသွားသည်။

တစ်ခဏအတွင်း မိုးကြိုးအလွှာများစွာ ပေါက်ကွဲထွက်သွားပြီး လေထုတစ်ခုလုံး လှိုင်းများထန်သွားကာ မိုးကြိုးစွမ်းအားများက အဆုံးမရှိ ကျယ်ပြန့်စွာ ပျံ့နှံ့သွားသည်။

ပတ်ဝန်းကျင်လေထုတစ်ခုလုံး ဖရိုဖရဲဖြစ်သွားပြီး နတ်ဘုရားထောင်ချောက်ဓားသိုင်းကို ကျင့်ကြံထားသည့် ရန်ကျောက်ကဲသည်ပင် ခံနိုင်ရည်မရှိလောက်အောင် ဖြစ်ရသည်။

ပိုးသားဧကရာဇ်က စစ်ထိုက်ရှန်းထျန်းအလံအောက်တွင် မျက်လုံးများ မှေးမှိတ်ကာ တင်ပျဉ်ခွေထိုင်နေဆဲ ဖြစ်သည်။ အမတမှော်ဝင်ပစ္စည်းက သူ့ကိုကာကွယ်ပေးထားသည့်တိုင် ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးပုံဆောင်ခဲ အလွှာလိုက်ပေါက်ကွဲထွက်မှုကြောင့် လွင့်စင်မသွားစေရန် အတော်လေး ထိန်းနေရသည်။

ရန်ကျောက်ကဲက အတတ်နိုင်ဆုံးကြိုးစားပြီး အနေအထားမပျက်အောင် ထိန်းသိမ်းထားသည်။ မဟုတ်ပါက မန်ဝမ်ရောသူပါ လွင့်စင်ထွက်သွားပေမည်။

ပုံရိပ်ယောင်ဗလာနယ်မိုးကြိုး ပေါက်ကွဲမှုက အဆုံးမရှိဟုထင်မှတ်ရပြီး ဆက်တိုက်ဆိုသလို ပေါက်ကွဲနေသည်။

သို့သော် ရန်ကျောက်ကဲက ထိုအချက်ကို စိုးရိမ်ပူပန်ခြင်း မရှိပေ။

အချိန်ကြာလာသည်နှင့်အမျှ ပိုးသားဧကရာဇ် ပြန်လည်စိတ်တည်ငြိမ်လာပြီး မငြိမ်မသက်ဖြစ်နေသော ကိုယ်တွင်းမိစ္ဆာကို ထိန်းချုပ်လိုက်နိုင်မည်ဆိုလျှင် သူတို့ကို ပြန်လည်တိုက်ခိုက်ရန် စွမ်းအားရရှိလာမည် ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ငရဲကိုးထပ်တွင်ရှိနေသရွေ့ ၊ ပိုးသားဧကရာဇ်၏နှလုံးသားထဲတွင် စိတ်စေရာမိုးကြိုးစွမ်းအားရှိနေသရွေ့ ရန်ကျောက်ကဲအနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပေမည်။

အမတမှော်ဝင်ပစ္စည်းဖြစ်သော စစ်ထိုက်ရှန်းထျန်းအလံကြောင့် စိတ်စေရာမိုးကြိုးစွမ်းအား၏ ခြိမ်းခြောက်နိုင်စွမ်း အလွန်လျော့နည်းသွားသည့်တိုင် ခန္ဓာကိုယ်ထဲတွင်ရှိနေသည့်မိုးကြိုးစွမ်းအားက တွန်းလှန်ရန် ခက်ခဲနေဆဲ ဖြစ်ပေမည်။

အမှန်တော့ ဤသို့ဖြစ်ရသည်မှာ သူ၏မူလဇာစ်မြစ်ဖြစ်သော စိတ်ဝိညာဉ်မတည်ငြိမ်သောကြောင့်သာ ဖြစ်၏။

သို့သော် ငရဲကိုးထပ်တွင် ပိုးသားဧကရာဇ်အပြင် အခြားသော ခြိမ်းခြောက်မှုများ ရှိနေသေးသည်။

နှစ်ဖက်ကြား ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော တန်ခိုးစွမ်းအားလှိုင်းလုံးများ ၊ ထိုက်ရှီခုန်မင်တန်ခိုးစွမ်းအားနှင့် မိုးကြိုးပုံဆောင်ခဲ ပေါက်ကွဲထွက်မှုများက ငရဲကိုးထပ်မှ အခြားသောနတ်ဆိုးများကို ဆွဲဆောင်မည် ဖြစ်သည်။

ပြီးတော့ အဝေးတစ်နေရာတိုက်ပွဲမှ အမတခုံရုံးဧကရာဇ် (၂)ပါးလည်း ရှိနေသေးသည်။

ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးပေါက်ကွဲထွက်မှုကြောင့် ပရမ်းပတာဖြစ်နေသော လေထုအလွှာများအလယ် ရန်ကျောက်ကဲက သူ့ကိုယ်သူတည်ငြိမ်စေပြီး မည်သည့်နေရာသို့သွားရမည်လဲ ဆုံးဖြတ်နေသည်။

ငရဲကိုးထပ်တစ်ခွင်ပျံ့နှံ့သွားသော မိုးကြိုးစွမ်းအားများနှင့်အတူ လေထုတစ်ခုလုံးအက်ကွဲသွားပြီး နေရာဒေသအသီးသီးသို့ ဦးတည်နေသော ဗလာနယ်အက်ကွဲကြောင်းများစွာ ထွက်ပေါ်လာသည်။

သို့တိုင် ပုံရိပ်ယောင်ဗလာနယ် မိုးကြိုးပုံဆောင်ခံ ပေါက်ကွဲထွက်မှုကြီးက အဆုံးသတ်ခြင်း မရှိသေးပေ။

အချိန်အတန်ကြာမှ ဗလာနယ်ထဲမှ လှိုင်းထန်မှုများ တဖြည်းဖြည်း အားနည်ငြိမ်သက်သွားသည်။

သို့သော် ရန်ကျောက်ကဲစိတ်ထဲ တစ်ချက်လှုပ်ရှားသွားပြီး ဗလာနယ်အက်ကွဲကြောင်းတစ်ခုဆီသို့ လှမ်းကြည့်လိုက်၏။

ထိုနေရာမှာ ပြင်းထန်သော စွမ်းအားရောင်ဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည် မဟုတ်ပါလား။

ပုံပျက်နေသော ဗလာနယ် အက်ကွဲကြောင်းအတွင်းမှ ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

ဖြူဖျော့သောအသားအရေနှင့် ခရမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော ခပ်ချောချောလူငယ်တစ်ယောက်ဖြစ်ပြီး ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိ ပျင်းရိပျင်းတွဲ ပုံစံမျိုး ဖြစ်သည်။

သူက ဗလာနယ်အက်ကွဲကြောင်းအတွင်းမှ တိုးထွက်လာပြီး သူ့အရှေ့မှ မြင်ကွင်းကို အကဲခတ်မိတော့ စိတ်ကျေနပ်မှုနှင့်အတူ မျက်ဝန်းများ လက်ခနဲ တောက်ပသွားသည်။

“အိုး... ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါလား”

လူငယ်က ခံစားချက်အပြည့်ဖြင့် ရေရွတ်လိုက်၏။

ထိုလူငယ်မှာ အစွန်းရောက်ရှစ်ပါးကမ္ဘာ ငရဲတံခါးအက်ကွဲကြောင်းမှ ငရဲကိုးထပ်သို့ ဝင်ရောက်သွားသည့် အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ မှလွဲပြီး အခြားသူ မဟုတ်ပေ။

သူရောက်လာသည်နှင့် ပိုးသားဧကရာဇ် ၊ လွှမ်းခြုံဧကရာဇ်တို့နှင့် ကောင်းစွာ ယှဉ်ပြိုင်နိုင်သည့် အားကောင်းသော စွမ်းအားရောင်ဝါထွက်ပေါ်လာကြောင်း ရန်ကျောက်ကဲ အာရုံခံလိုက်မိသည်။

ယခု အောက်ဘုံကမ္ဘာတွင်မဟုတ်တော့သဖြင့် ကျင့်ကြံခြင်းအဆင့် ဖိနှိပ်ခံထားရခြင်း မရှိလေရာ လောကပထမ သိုင်းသူတော်စင်တစ်ယောက်၏ တန်ခိုးစွမ်းအား အပြည့်အဝ ထုတ်ဖော်နိုင်နေပြီ မဟုတ်ပါလား။

All Chapters