လင်းရီ၏ နာမည်ကြီး စားသောက်ဆိုင်
Vol. 42 Ch. 616
အချိန်သည်ကား ညရှစ်နာရီခွဲ။
စားသောက်ဆိုင် အသေးစားလေးထဲတွင် လင်းရီတို့ နှစ်ဦးလုံး ဆိုင်သန့်ရှင်းရေး ပြုလုပ်ပြီးသွားကြလေပြီ။
ကျီချင်းရန်မှာ စားပွဲနားတွင် ထိုင်ရင်း ရှားရှားပါးပါး ရခဲလှသည့် ငြိမ်းချမ်းမှုကို ကြည်နူးနှစ်သက်နေ၏။
“ ဟေ့… ဘာတွေ အတွေးလွန်နေတာ…” လင်းရီ ရောက်လာပြီး မေးမြန်းလိုက်သည်။
“ ငါ ညဈေးတန်း သွားပြီးတော့ ဖန်စီ ပစ္စည်းလေးတွေ ရောင်းတဲ့ ဆိုင်ကို ပြန်သွားကြည့်ချင်လို့… ဈေးပေါတယ် ဆိုပေမယ့် သူတို့ရဲ့ အရည်အသွေးတွေကတော့ မဆိုးရှာပါဘူး…”
“ ပစ္စည်းတွေပဲ ကြည့်မှာပေါ့… မင်းက ဘာမှ မစားတော့ဘူးလား…” လင်းရီ ပြုံးလျက် မေးလိုက်၏။
“ အာ…”
ကျီချင်းရန် ရှက်ရိပ်သန်းသွားခဲ့ပြီး “ ငါကဖြင့် ညစာမှ မစားရသေးတာကို.. အဲ့တော့ စားမိမှာ သဘာဝပဲလေ…. “
“ဒါဆိုလည်း မင်းအတွက် တစ်ခုခု လုပ်ပေးမယ်… ကျန်းမာရေးနဲ့ညီညွှတ်ပြီး အာဟာရ ရှိတာလေးပေါ့…”
“ နင်တစ်နေ့လုံး အရမ်း ပင်ပန်းထားတာကို မလုပ်ပါနဲ့တော့လား ရီရယ်…”
“ အဲ့လောက်လေးများ …. ပင်ပန်းတယ် မခေါ်ပါဘူးကွာ….”
“ ဆိုင်မှာ အမယ်တွေလည်း ဘာမှ သိပ် မကျန်တော့တာကို… နင်ငါ့အတွက် လုပ်လိုက်ရင် မနက်ဖြန်အတွက် ဘယ်ကျန်တော့မှာ….”
“ အဆင်ပြေပါတယ်… မနက်ဖြန်ကျ ဝမ်ထျန်းလုံကို အမယ်တွေ လာပို့ပေးဖို့ ပြောလိုက်မယ်လေ….”
“ လင်းရီ….”
ကျီချင်းရန် စိတ်ဆိုးသွားခဲ့ပြီး သူမ၏ ခါးကြဉ်ကြဉ်လေးထက်သို့ လက်နှစ်ဖက်တင်၍ ခါးထောက်လိုက်ကာ “ ငါပြောနေတယ်လေ… နင် ပင်ပန်းနေပြီလို့… အဲ့တာကြောင့် ပင်ပန်းလိုက်တော့… မြန်မြန် .... နင့်ပစ္စည်းတွေ သိမ်းပြီး ဆိုင်ပိတ်ကြမယ်…”
လင်းရီ “ …. “
ကျီချင်းရန်၏ အကျပ်ကိုင်မှုအောက်တွင် နှစ်ယောက်သား ဆိုင်တံခါး သော့ခတ်၍ ညဈေးတန်းသို့ လက်ချင်းချိတ်၍ ထွက်ခွာသွားခဲ့ကြသည်။
လင်းရီ ဆိုင်အစောကြီး ပိတ်လိုက်သည်ကို မြင်တော့ လမ်းတစ်ဖက် မျက်နှာချင်းဆိုင်တွင် ဘီယာမြည်းနေကြသည့် ကျိုးဖန့်တို့ ဒေါသထွက်စွာဖြင့် အံတင်းတင်းကြိတ်လိုက်ပြီး ‘ သေစမ်း.. ဒီကောင်က စီးပွားရေး ဆက်မလုပ်ချင်တော့တာလားကွ… ဒီလောက် ရောင်းကောင်းနေတာကို ဆိုင်အစောကြီးပိတ်တယ်ဆိုတော့ ဘာသောက်ချိုးချိုးတာ…”
…….
နောက်တစ်နေ့ နံနက် လင်းရီ ဆိုင်သို့ ရောက်လျှင်ရောက်ချင်း လျန်ရူရွှယ်ထံမှ ဖုန်းဝင်လာခဲ့သည်။
“ နင် ဆိုင်မှာလား…”
“ အင်း… ခုလေးတင် ရောက်တာ…”
“ အိုကေ...ငါ နာရီဝက်အတွင်း နင့်ဆိုင်လာခဲ့မယ်… ငါ့ဖို့ နံနက်စာ ခေါက်ဆွဲတစ်ပွဲ လုပ်ထားပေး….”
“ ပိုက်ဆံ ပေးမှာမလား… “
“ နင့်နား အလကား စားမလို့ဟေ့….”
တီ တီ တီ
ကောင်စုတ်က ဖုန်းချသွားတယ်ပေါ့လေ ... ဘာသဘောလဲ... အလကား မကျွေးချင်ဘူးဆိုတဲ့ သဘောလား
နာရီဝက်ကြာပြီးနောက် လျန်ရူရွှယ် ဆိုင်ထဲသို့ ရောက်လာခဲ့လေသည်။ သူမမှာ ပုံမှန် ဝတ်နေကျ ယူနီဖောင်း အဝတ်အစားနှင့် မဟုတ်ပဲ အမျိုးသမီးဝတ် အသားရောင် ခါးရှည်ကုတ်နှင့် ဂျင်းပြာကို ဝတ်ဆင်ထား၏။ ထို့ပြင် အနက်ရောင် ဘွတ်ဖိနပ်နှင့် မိတ်ကပ် ပါးပါးလေးလည်း ပုတ်ထားသေးသည်။
လျန်ရူရွှယ်၏ ဝတ်စားဆင်ယင်သည့် ဒီဇိုင်းက ကျီချင်းရန်နှင့် လုံးဝဆန့်ကျင်ဘက်ပင်။
ကျီချင်းရန်၏ မိတ်ကပ်သွင်ပြင်မှာ အစဉ်အမြဲ တစ်မူထူးလျက်ရှိပြီး သူမ၏ အေးစက်စက် အရှိန်အဝါများက အနားရှိလူများကို ကြောက်ရွံ့စေသည်။
သို့သော်လည်း လျန်ရူရွှယ်ကတော့ ခြားနား၏။ သူမက အနည်းငယ် ပို၍ သာမန်ဆန်သည်။
သူမ၏ မိတ်ကပ်နှင့် အဝတ်အစား ဒီဇိုင်းက ရင့်ကျက်ပြီး ဖက်ရှင်အဟောင်းကြီးများကိုသာ ဝတ်ဆင်လေ့ရှိ၏။ ထိုသို့ ဝတ်ဆင်ရသည်ကို သူမ နှစ်သက်ခြင်း မရှိပါသော်လည်း ဘာမျှ မတတ်နိုင်ချေ။ ယင်းက အလုပ် လိုအပ်ချက် ဖြစ်နေခဲ့၏။
“ အပြင်အဆင်လေးကတော့ မဆိုးဘူးပဲ…” ဆိုင်ထဲသို့ ရောက်လာပြီးနောက် လျန်ရူရွှယ်မှ မှတ်ချက်ပြုလိုက်၏။
"အဲ့တာဆို အလှလေးလျန်က ရင်းနှီးမြုပ်နှံဖို့ စိတ်၀င်စားလား... ရှယ်ယာခွဲပေးမယ်လေ..."
ထိုသို့ ပြောရင်းဖြင့် လင်းရီ လျန်ရူရွှယ်ထံသို့ ခေါက်ဆွဲတစ်ပွဲနှင့် မုန်လာဥချဉ် တစ်ပွဲ ယူလာခဲ့ပေးလိုက်၏။
"နင့်ဆိုင်က မုန်လာဥချဉ်တောင် ဈေးအတော်လေး ကြီးတာပဲနော်...ငါ့မှာ စားဖို့ ပိုက်ဆံတောင် လောက်ပါ့မလားပဲ..."
"အဆင်ပြေပါတယ်... မင်းရဲ့ အထောက်အထားက ထူးခြားတယ်ဆိုတော့ အကြွေးပေးလိုက်မယ်... သိမ်းထားပြီး လကုန်မှ မြို့တော်၀န်ရုံးမှာ လာတောင်းတော့မယ်..."
"တကယ်လို့များ ငါက ၁၇၉ ယွမ်ပေးရတဲ့ ခေါက်ဆွဲနဲ့ ၃၉ ယွမ် ပေးရတဲ့ မုန်လာဥချဉ် စားခဲ့မှန်း သိရင် ဘဏ္ဍာငွေ ဖြုန်းတီးမှုနဲ့ သံတိုင် တွေနောက် ရောက်နေရပါဦးမယ်ဟယ်... အဲ့ခါကျ နင် ငါ့ကို ထောင်ထဲ နေ့လည်စာ လာပို့နေရလိမ့်မယ်... "
"အဲ့ဒီ အချက်တွေ ကြောင့်ပဲ ငါ နိုင်ငံရေး မလုပ်ချင်တာ... ဟွာချင်းရေကန်တောင် လွတ်လွတ်လပ်လပ် သွားလို့ မရဘူး..."
"ကဲ ကဲ ပေါက်တတ်ကရ လုပ်နေတာတွေ တော်လောက်ပြီ... "လျန်ရူရွှယ် ပြောလိုက်ပြီး "ငါ့အမေက နင့်ကိုယ်စား ကုမ္ပဏီ တစ်ချို့နဲ့ ဆက်သွယ်ထားပေးတယ်... အချိန်ကျလာရင် နင့်ရဲ့ ပလက်ဖောင်းနဲ့ ပေါင်းစပ်ဖို့ တစ်စုံတစ်ယောက်ကို လွှတ်လိုက်... "
"အမ်...ဘာအတွက်လဲ...."
လျန်ရူရွှယ် သူမ အိတ်ထဲမှ A4 နှစ်ရွက် ထုတ်လိုက်ပြီး လင်းရီထံ ကမ်းပေးလိုက်၏။
ယူကြည့်လိုက်သောအခါ စာရွက်ပေါ်တွင် စာရင်း၀င်ထားသည့် ကုမ္ပဏီပေါင်း သုံးဆယ်ကျော် ရှိနေပြီး ပင်ဂွင်း၊ အာလီဘာဘာ၊ JD-com အစရှိသဖြင့် လင်းရီ ရင်းနှီးနေပြီး နာမည်ကြီး လူသိများသည့်ကုမ္ပဏီများပင်။
စာရွက်ပေါ်တွင် ရေးသားထားသည့် ကုမ္ပဏီများအားလုံးက နယ်ပယ် အသီးသီးရှိ ဒိတ်ဒိတ်ကျဲကြီးများဟု ပြောလျှင်တောင် မှားလိမ့်မည် မဟုတ်ချေ။
"ဒါက ဘာကြီးလဲ..."
"နင်ပဲ မိုဘိုင်းဖုန်း စစ်စတမ် အသစ် လုပ်ချင်တယ်လို့ မပြောခဲ့ဘူးလား... ငါ့အမေက သူတို့ရဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့ ဆက်သွယ်ပြီးတော့ သက်ဆိုင်ရာ ဆော့ဖ်ဝဲတွေ ထောက်ပံ့ပေးဖို့ ပြောထားတာလေ.... "လျန်ရူရွှယ်မှ ခေါက်ဆွဲစားရင်း ပြောလိုက်၏။
"ငါ လခွမ်း... မင်း အတည်ကြီး ပြောနေတာလား...."
"ဒါပေါ့... နင့် ခေါက်ဆွဲကို ငါ အလကား စားမယ်များ ထင်နေတာလား...."
လင်းရီ သူ့လက်ထဲရှိ စာရွက်ကို ပြန်ကြည့်လိုက်သည်။ ကုမ္ပဏီမှာ သုံးဆယ်ကျော်မျှသာ ရှိသော်လည်း ၎င်းတို့ လက်အောက်ရှိ အက်ပ်များကတော့ သုံးရာကျော်မျှ ရှိ၏။
ယင်းပမာဏက ဈေးကွက်ထဲရှိ ပင်လယ်ရေကဲ့သို့ ပေါများပြားလှသည့် အက်ပ်များထဲမှ ရေတစ်ပုံးစာမျှသာ ရှိသော်လည်း မရှိမဖြစ် လိုအပ်သည့် အက်ပ် ၇၀ ကျော်ကို ထောက်ပံ့ပေးရန် လုံလောက်လေသည်။ ယင်းက အသုံးပြုသူတို့ လိုအပ်သည့် အာသီသကို ဖြည့်ဆည်းပေးနိုင်စွမ်းရာ၏။
စာရင်းကို မြင်တွေ့ပြီးနောက် ရှန်းရှူးရီ၏ ဩဇာလွှမ်းမိုးမှုမှာ သူ စိတ်ကူးယဉ်ထားသည်ထက်ကို ကျော်လွန်နေကြောင်း သိလိုက်ရ၏။
ယခုလို ချဉ်းကပ်လာသည့် ပုံစံဖြင့် ဆိုပါက မစ္စတာချန်နှင့် Ermaပင်လျှင် မဆိုင်းမတွ ခေါင်းညိမ့်မည်မှာ မလွဲဧကန်ပင်။ ထိုမှတစ်ဆင့် ဈေးကွက်ထဲရှိ ရှန်းရှူးရီ၏ ဩဇာ အင်အား ကြီးမားမှုမှာ မည်မျှအတိုင်းအတာအထိ ရောက်နေကြောင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်လေသည်။ သူမနှင့် ပခုံးချင်း ယှဉ်နိုင်သူများမှာ မရှိသလောက် နည်းပါးလှ၏။
"စကားမစပ် ငါ့အမေက နင့်ကို အကြံတစ်ချို့ ပေးလိုက်တယ်.. နင် နားထောင်ချင်လား..."
"ဘယ်လို အကြံဉာဏ်လဲ .. ပြောကြည့်လေ..."
"သူ ပြောတာက လက်ရှိ မိုဘိုင်းဖုန်း ဈေးကွက်က အတည်တကျ ဖြစ်နေပြီးသား.. တကယ်လို့ နင့်ဘက်က နေရာတစ်နေရာ ရချင်တယ်ဆိုရင် တိုက်ရိုက်အကျဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းက ပိုက်ဆံ သုံးဖို့ပဲ... နောက်တစ်ခုက ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဖြန့်ကျက်ဖို့ပဲ..."
"အင်း.. ငါလည်း အဲ့လိုလုပ်ဖို့ တွေးထားတယ်...."လင်းရီ ခေါင်းညိမ့်လိုက်၏။
"အဲ့တာ အပြင်ကို ငါနင့်ကို တစ်ခု ပြောရဦးမယ်..."လျန်ရူရွှယ် ပြောလိုက်ပြီး "အထက်ကြီးပိုင်းတွေက ကျိုးဟိုင်မှာ High-tech incubation center project အစပျိုးဖို့ စိတ်၀င်စားနေတယ်... နင် အဲ့ဒီ ပရောဂျက်ကို လိုချင်လား..."
"တော်ပါပြီ.. အဲ့ဒီ အာလူးပူပူကြီးတော့ မယူပါရစေနဲ့..."
အချို့သော စီးပွားရေး လုပ်ငန်းများမှာ အာဏာပိုင်များနှင့် ပတ်သက်ဆက်နွယ်နေသောကြောင့် ကန့်သတ်ချက်များသလို ချုပ်ချယ်မှုများလည်း ရှိလှ၏။ ထိုသို့သော ပရောဂျက်မျိုးကို လင်းရီ လက်မခံသလို လက်ခံလိမ့်မည်လည်း မဟုတ်ချေ။
"နင်ကလည်းလေ... စကားမဆုံးသေးဘူး.. ငြင်းမယ်ဆိုတာကြီးပဲ..."လျန်ရူရွှယ် မျက်စောင်းလေး ခဲလိုက်ပြီး "အထက်ကြီးပိုင်းတွေက အဲ့ဒီ ပရောဂျက်ကို ၀င်စွက်ဖက်မှာ မဟုတ်ဘူး... နင့်ကို ဆုချတာလို့ သဘောထားလို့ ရတယ်..."
"ဆုချတာလား...."
"အမှန်အတိုင်း ပြောရရင် အထက်က လူကြီးတွေက ရှေ့လာမယ့် ကပ်ကို ကြိုမြင်ထားပြီးသား... ငါတို့ရဲ့ ၀န်ဆောင်မှု နယ်ပယ်က ကမ္ဘာ့ထိပ်တန်း အဆင့်မှာဆိုပေမယ့် အခြေခံ သိပ္ပံနဲ့ သုတေသန နယ်ပယ်ကဏ္ဍမှာကျတော့ အားနည်းနေတုန်းပဲ... "လျန်ရူရွှယ် ဆံပင်ကို နားအနောက်သို့ သပ်လိုက်ရင်း ဆက်ပြော၏။
"ဒါပေမယ့် အဲ့ဒီ အချိန်တုန်းကကျတော့ စီးပွားရေး ဖွံဖြိုးတိုးတက်မှုတွေက မညီမညွှတ် ဖြစ်နေတော့ အဲ့ဒီကဏ္ဍမှာ ရင်းနှီးမြုပ်နှံဖို့ မလုံလောက်သေးဘူး... ဒါပေမယ့် ရှေးနှစ် ZTE အကျပ်အတည်းကြောင့်မို့ အထက်လူကြီးတွေက ဒီကိစ္စကို အချိန်ဆွဲမနေဖို့ ဆုံးဖြတ်လိုက်တာ...."
"ဒါကြောင့်မို့ ဒီလိုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်ပေါ့..."
"အမှန်ပဲ.. နောက်ပြီးတော့ စဖို့လည်း သင့်နေပြီ..."လျန်ရူရွှယ် ပြောလိုက်ပြီး "ခု ဟွာရှရဲ့ မိုဘိုင်းဖုန်း ဈေးကွက်ကို IOS နဲ့ Androidက လက်ဝါးကြီး အုပ်ထားတာ... တကယ်လို့ တစ်နေ့ အဖုအထစ်လေးတွေ ရှိလာလို့ Appleနဲ့ Googleက ဟွာရှရဲ့ ဈေးကွက်မှာ update မလုပ်ပေးတော့ဘူးဆိုရင် ပြဿနာက တော်တော်လေး ပြင်းထန်လာလိမ့်မယ်... သေချာတာပေါ့ .. အဲ့လိုဖြစ်နိုင်ချေက အရမ်းကို နည်းတယ်ဆိုပေမယ့် ငါတို့ ကြိုတင် ပြင်ဆင်ထားတာကလည်း မမှားဘူး... ဒါကြောင့်မို့ နင့်ရဲ့ စစ်စတမ်အသစ် ဖန်တီးချင်တဲ့ အိုင်ဒီယာက အထက်ကြီးပိုင်းတွေရဲ့ အတွေးနဲ့ အတူတူပဲ..."
"အဲ့တာဆို အထက်ကြီးပိုင်းတွေက အင်ကျူဘေးရှင်း စင်တာ ပရောဂျက်ကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ..."
"အကုန်လုံးက နင့်စိတ်တိုင်းကျပဲ.. နင်ဖြစ်ချင်တာသာ ပြောလိုက်.. ငါ့ဘက်က ဥပဒေ မူဝါဒတွေ အကုန်လုံးနဲ့ ကူညီပေးမယ်... "လျန်ရူရွှယ် ပြောလိုက်ပြှး "ဒါပေမယ့် အနှစ် ၂၀ တည်းနော်.. ဒီ အနှစ် ၂၀ အတွင်းမှာ ရလာသမျှ အကျိုးအမြတ်တွေအကုန်လုံးက နင်နဲ့ပဲ သက်ဆိုင်တယ်... အနှစ် ၂၀ ကျော်သွားရင်တော့ နိုင်ငံကို ပြန်ပေးရမှာ...."
"ဒါဆို ငါက နှောင်းလူတွေ အရိပ်ရဖို့ စိုက်ပျိုးပေးရမယ်ပေါ့...."
လျန်ရူရွှယ် ခေတ္တကြာအောင် စဉ်းစားပြီးနောက် "အဲ့လို ပြောလို့လည်း မရဘူးလေ... တကယ်လို့ နင် ပြန်ပေးလိုက်မယ်ဆိုရင်တောင် နင်ဘာမှ ဆုံးရှုံးသွားမှာမို့လို့.. သာမန် သူဌေးတွေရဲ့ မျက်လုံးထဲမှာတော့ အင်ကျူဘေးရှင်း စင်တာက နင့်အပိုင်ပဲလေ...နောက်ပြီး နင်က လုပ်ငန်းရှင်တွေ ကြားထဲမှာ ဂုဏ်သတင်းတစ်ခုလည်း အခိုင်အမာ တည်ဆောက်ထားနိုင်ဦးမယ်ဆိုတော့ နင့်အတွက် အကျိုးမယုတ်ပါဘူး... "
"ကောင်းပြီလေ.. ငါ တစ်ချက် စဉ်းစားကြည့်ဦးမယ်...."
လင်းရီ ချက်ချင်းလက်ငင်း သဘောမတူခဲ့ပေ။
လင်းရီ ထိုကဲ့သို့သော ကိစ္စများတွင် ၀င်မပါချင်သော်လည်း အထက်လူကြီးများမှ ဦးစွာ ကမ်းလှမ်းလာခဲ့သောကြောင့် ၎င်းတို့ကို မျက်နှာတစ်ချို့တော့ ပေးရပေမည် ။ ထို့ကြောင့် သူ ရှောင်ထွက်သွားနိုင်ရန် လမ်းမမြင်တော့ချေ။
"အွန်း.. အချိန်ယူပြီး စဉ်းစားပေါ့.. ဒီကိစ္စက လောစရာ မလိုပါဘူး..."
လျန်ရူရွှယ် တည်ငြိမ်သည့် အမူအရာဖြင့် ပြောလိုက်သော်လည်း စိတ်ထဲတွင်တော့ အတော်လေးကို ဇဝေဇဝါ ဖြစ်နေမိ၏။
ဒါကြီးက သေချာပေါက်ကို အကျိုးအမြတ်ရှိတဲ့ သဘောတူညီမှုလေ... ဘာစဉ်းစားစရာ လိုနေသေးလို့...
( TL : နည်းနည်း ရှုပ်သွားပြီထင်တယ်။
အင်ကျူဘေးရှင်း စင်တာဆိုတာက စီးပွားရေး စလုပ်မယ့် လုပ်ငန်းရှင်တွေကို နေရာတွေ ၊ ရန်ပုံငွေတွေ၊ ဦးတည်မယ့် လမ်းကြောင်းတွေ ထောက်ပံ့ပေး၊ ညွှန်ပြပေးတာ။ အဲ့လိုလုပ်ပြီး သူတို့ ပြန်ရတဲ့ အကျိုးအမြတ်ကကျတော့ လုပ်ငန်းရှင်တွေဆီကနေ ရှယ်ယာယူချင်ယူမယ်၊ အကျိုးအမြတ်ကို ရာခိုင်နှုန်းနဲ့ ယူရင်ယူမယ်.. ဘာညာ အစရှိသဖြင့်ပေါ့။ နောက်ပြီး လုပ်ငန်းရှင်တွေကြားထဲ networking နဲ့ reputation လည်းကောင်းမယ်။
ပြီးတော့ High-tech incubation center project စတင်ရခြင်း ရည်ရွယ်ချက်က foreign country (နိုင်ငံခြားတိုင်းပြည်)က နည်းပညာတွေကို မမှီခိုချင်လို့ပဲ။ပရောဂျက်က သိပ္ပံနဲ့ သုတေသန နယ်ပယ်အတွက် ရန်ပုံငွေတွေကို တိုးမြင့်ပေးမယ်။ အကယ်ဒမီကျောင်းတွေနဲ့ စက်မှုနယ်ပယ် လက်တွဲဆောင်ရွက်မယ်။ ပြည်တွင်း နည်းပညာ ကုမ္ပဏီတွေကို အရှိန်အဟုန်မြင့် ထောက်ပံ့ပေးမယ်။ အဓိကကတော့ နိုင်ငံရဲ့ နည်းပညာ ကဏ္ဍကို တိုးတက်ခိုင်မာအောင် လုပ်မယ့် စီမံကိန်း။ အစက အဲ့လုပ်ဖို့ စိတ်ကူးရှိထားတယ်ဆိုပေမယ့် ဘတ်ဂျက်ကြောင့် ခေတ္တရပ်ဆိုင်းထားရတယ်။ ဒါပေမယ့် 2018 မှာဖြစ်သွားတဲ့ ZTE အကျပ်အတည်းက အထက်ကြီးပိုင်းတွေကို တပ်လှန့်သလို ဖြစ်သွားစေတော့ အချိန်ဆွဲမနေတော့ပဲ အဲ့ပရောဂျက်ကို စလိုက်တော့တာ။ZTE က အမေရိကန် ကုန်သွယ်မှု ပိတ်ဆို့ထားတဲ့ အီရန်နဲ့ နော့ကိုးရီးယားကို US made အစိတ်အပိုင်းတွေ တင်ပို့နေလို့ဆိုပြီး အမေရိကန် ကူးသန်းရောင်း၀ယ်ရေး ဌာနကနေပြီးတော့ ZTE ကို software နဲ့ semiconductor တွေ ရောင်းချခြင်းကို ၇ နှစ် ရပ်ဆိုင်းလိုက်တယ်။ နောက်ပိုင်းတော့ ပြန်အဆင်ပြေသွားပါတယ်။ ဒဏ်ကြေးကြီးကြီးတော့ ဆောင်လိုက်ရတာပေါ့။ အဲ့ကိစ္စကြောင့် ဟွာရှနဲ့ ယူအက်စ်ကြား သိပ်အဆင်မပြေဖြစ်သွားသေးတယ်။ )
ချလပ်....
ထိုသို့ နှစ်ယောက်သား စကားပြောနေစဉ် ဆိုင်တံခါး ပွင့်လာပြီး လူခြောက်ယောက် ၀င်လာခဲ့၏။
ရှေ့မှ ဦးဆောင်လာသူများကတော့ ကျိုးဖန့် နှင့် ချိန်ရန်စုန့်တို့ပင်။
"ခုလောလောဆယ်တော့ ဥထမင်းကြော်နဲ့ ခေါက်ဆွဲပဲ ရဦးမှာ... တခြားစားချင်တာရှိရင်တော့ ခဏစောင့်ဦး..."
"ညီလေး... ငါတို့ ဒီလာခဲ့တာ စားဖို့ မဟုတ်ဘုး... မင်းနဲ့ စကားပြောချင်လို့..."ကျိုးဖန့်မှ စကားစလိုက်၏။
"ကျုပ်နဲ့ စကားပြောမယ်...."
"အင်း.. ငါ့ကိုယ်ငါ အရင်ဆုံး မိတ်ဆက်ပေးမယ်... ငါက ကျိုးဖန့်.. မင်းတို့ ဆိုင် မျက်နှာချင်းဆိုင်က ဘာဘီကျူးဆိုင်ပိုင်ရှင် ... သူက ချိန်ရန်စုန့်.. ရှင်းရှင်း ပေါက်စီဆိုင်က ၊ သူကကျ သွမ်ကျားပေါင် .. ရွှင်ပျော်ပျော် နို့လက်ဖက်ရည်ဆိုင်က... သူကကျ......."
လူခြောက်ယောက်ကို ကျိုးဖန့် တစ်ယောက်ပြီးတစ်ယောက် အစဉ်အတိုင်း မိတ်ဆက်ပေးသွားသောကြောင့် လင်းရီလည်း သူတို့ ဘယ်သူတွေလဲဆိုတာကို သိလိုက်လေသည်။
လျန်ရူရွှယ်ကတော့ ဆိုင်ထဲ ရောက်လာသူများကို တစ်ချက်ကြည့်ပြီးနောက် သူမ စားစရာရှိသည်ကို ဆက်လက်စားသောက်နေလိုက်၏။
"ဘာပြောမလို့လဲ..."
"မင်း စဉ်းစားကြည့်ကြည့်ကွာ... ငါတို့ အားလုံးက ဒီရဲ့ ကျိန်းရန်လမ်းမှာ အချင်းချင်း ဖေးမရင်းနဲ့ စီးပွားရှာနေကြတာ... ဒါပေမယ့် မင်းရောက်လာပြီး ဆိုင်ဖွင့်လိုက်မှ ငါတို့ ဆိုင်တွေ တစ်ခုမှ ရောင်းမကောင်းတော့ဘူး..."
"ရောင်းမကောင်းတော့ဘူး..."လင်းရီ ပြောလိုက်ပြီး "ကျုပ် စီးပွားရေး ကျုပ်လုပ်နေတာလေ...ခင်များတို့ စီးပွားရေး တုတ်နဲ့ထိုးနေတာလည်း မဟုတ်... ရောင်းကောင်းတာ မကောင်းတာ ခင်များတို့ အပိုင်းလေ.. အဲ့တာ ကျုပ်နဲ့ ဘာဆိုင်လို့... "
"မဆိုင်ရင် ငါတို့က မင်းဆီ လာခဲ့ပါ့မလားကွ.. ဆိုင်လို့ကို ရောက်လာတာ..."ကျိုးဖန့် ပြောလိုက်ပြီး "မင်းဆိုင်က အစားအသောက်တွေက အရမ်းဈေးကြီးတယ်... ခု တက္ကသိုလ်ကျောင်းသားတွေက မင်းဆိုင်မှာစားဖို့ဆိုပြီး ပိုက်ဆံ ချွေတာကုန်ကျတော့ ငါတို့ဆီ လာမစားကြတော့ဘူး... အဲ့တာ မင်းမှာ တာ၀န်ရှိတယ် မဟုတ်ဘူးလား...."
လင်းရီ သူ့ရှေ့ရှိ လူများကို ကြည့်ရင်း အနည်းငယ် ထူးဆန်းသည်ဟု ခံစားနေရ၏။
"အဲ့တော့ ဘာလုပ်ပေးရမှာ.. ခင်များတို့ ရောင်းကောင်းအောင် ကျုပ်က ဆိုင်ပိတ်ပေးရမှာလား...."
"အဲ့လောက်ကြီးတော့ မလုပ်ခိုင်းပါဘူးကွာ.. မင်းမှာလည်း ရှာကျွေးရမယ့် မိသားစုကလည်း ရှိသေးတာ မလား..."ကျိုးဖန့် ပြောလိုက်ပြီး "ဆိုင်ဖွင့်ချိန် လျော့လိုက်မယ်ဆိုရင် အဆင်ပြေပြီ...."
"မဖြစ်နိုင်ဘူး... အားလုံးက ကိုယ့်စီးပွားရေးကိုယ် လုပ်နေကြတာ.. ကျုပ်တို့ရဲ့ အစားအသောက်တွေက မကောင်းဘူးဆိုရင် ကျုပ်တို့ ကိုယ့်ဘာသာ ပြန်ဆန်းစစ်ပြီး ကောင်းအောင် လုပ်ပေးလိုက်မယ်... ဒါပေမယ့် ဆိုင်ဖွင့်ချိန် လျော့ချပေးဖို့ တောင်းဆိုနေတယ်ဆိုတော့ ... ခင်များတို့ ဦးနှောက်တွေက ဘာစားတဲ့ ဦးနှောက်တွေလဲ.. ကျုပ်ကို လာနောက် နေတာလား...."
"ညီလေး... မင်းအဲ့လိုကြီးတော့ မပြောနဲ့...စီးပွားရေး လုပ်ငန်းရှင် အချင်းချင်း ငဲ့ကွက်ရမယ်လေ...."ကျိုးဖန့် ပြောလိုက်ပြီး "မင်းရဲ့စီးပွားရေးက ဘယ်လောက်ကောင်းလဲ မင်းကိုယ်တိုင် အသိဆုံးပါ... ဒီတော့ နားလည်ပေးလိုက်.... ဒီကိစ္စ ဒီနေရာမှာတင် ရပ်လိုက်မယ်.. အခြေအနေတွေက ပိုပြီး ဆိုးရွားလာရင် စိတ်မချမ်းမြေ့စရာတွေ ဖြစ်ကုန်လိမ့်မယ်...."
ယခုအချိန်တွင်တော့ လင်းရီ ပိုလို့တောင် ရှုပ်ထွေးသွားခဲ့တော့၏။
"ဒါဆို ကျုပ် စီးပွားရေးက ဘာလို့ ကောင်းနေလဲဆိုတာကော သိလား..."
ကျိုးဖန့်နှင့် ကျန်သူများ အချင်းချင်း ကြည့်လိုက်ကြပြီး "မေးပြီးသွားပြီ.. မင်းက ဆိုင်ထဲမှာ အလှလေးတွေခေါ်ထားပြီး လာစားတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ရုပ်လေးနဲ့ မြူဆွယ်ဖျားယောင်းပြီး ပိုက်ဆံတွေရိတ်နေတာလေ... ကောင်းရောင်းကောင်း၀ယ် စီးပွားရေး လုပ်တယ်ဆိုတာက အဲ့လိုမျိုး လုပ်တာလား...."
"မြူဆွယ် ဖျားယောင်းတယ်...."လင်းရီ၏ အမူအရာမှာ အေးစက်လာခဲ့၏။
"မဟုတ်ဘူးလား..." ကျိုးဖန့် လျန်ရူရွှယ်ကို ညွှန်ပြလိုက်ပြီး "ငါတို့ ၀င်လာတုန်းက မင်း အဲ့ဒီ မိန်းကလေးနဲ့ ဟေးလားဝါးလား လုပ်နေတာ မဟုတ်ဘူးလား... "
"သူမက ငါ့မိတ်ဆွေ.... စကားပြောလို့ မရဘူးလား...."
"မိတ်ဆွေ...."
"ဟားဟား...."
ကျိုးဖန့် အထင်မြင်သေးစွာ ကြည့်လိုက်ပြီး "မင်းပြောတဲ့ အတိုင်းဆိုရင် မင်းဆိုင်ကို လာစားတဲ့ အမျိုးသမီးတိုင်းက မင်းရဲ့ မိတ်ဆွေတွေ... မင်းဆိုင်ကို လာစားတဲ့ အမျိုးသားတိုင်းကလည်း ဟို အမျိုးသမီးရဲ့ မိတ်ဆွေတွေပေါ့...."
ဘုန်း....
လင်းရီ ခြေထောက်မပြီး ကျိုးဖန့်၏ ရင်ဘတ်ကို ဆောင့်ကန်လိုက်၏။
"ငါမင်းကို လုံလောက်အောင် မျက်နှာသာ ပေးပြီးသွားပြီ...."
လျန်ရူရွှယ်မှလွဲ၍ ဆိုင်ထဲရှိ လူတိုင်း ယင်းမြင်ကွင်းကို မျှော်လင့်မထားကြချေ။ အထူးသဖြင့်တော့ တစ်ဖက်သူမှာ လူသား အသားပုံကြီးကဲ့သို့ ပေါင်နှစ်ရာကျော်နေသည့် ကျိုးဖန့်ဖြစ်နေချိန်ပင်။
ဒီကောင်လေး နည်းနည်းလေး သန်မာလွန်းမနေဘူးလားဟ...
လျန်ရူရွှယ်ကတော့ ဘာတစ်ခွန်းမျှ ၀င်မပြောပဲ တိတ်ဆိတ်စွာဖြင့် ဆက်လက်စားသောက်နေလိုက်၏။
ကျီချင်းရန်မှာ လင်းရီ၏ ပြောင်းပြန်အကြေးခွံဖြစ်ပြီး သူမကို ထိပါးစော်ကားလာလျှင်တော့ လင်းရီ မည်သို့မျှ သည်းခံလိမ့်မည် မဟုတ်ချေ။