← Chapters

အဲ့လောက် မစိမ်းကားပါနဲ့လား

Vol. 42 Ch. 620

အဲ့လောက် မစိမ်းကားပါနဲ့လား

Vol. 42 Ch. 620

“ မစ္စတာလျို ဆီကလား..”

နှစ်ယောက်မှာ အချင်းချင်းကြည့်လိုက်ကြပြီး မသိစိတ်မှ အနည်းငယ် တုန်လှုပ်နေကြ၏။

နေရာက တကယ်ကြီး ပြန်ပြောင်းသွားတာများလား…

ယုတ္တကျကျ ပြောမည်ဆိုပါက နေရာပြန်ရုတ်သိမ်းခံရနိုင်ချေမှာ မဖြစ်နိုင်လု နီးပါးပင်။ သူမ အဖေမှာ ကျောင်းတာဝန်ရှိသူများကို ယွမ်သောင်းပေါင်းများစွာ ဟုန်ပေါင်း ပေးထားခဲ့လေရာ ယခုလောက်လေးပင် မစွမ်းဆောင်နိုင်ပါက လူရယ်စရာ ဖြစ်သွားလိမ့်မည် မဟုတ်ပါလော။

သို့သော်လည်း ဖုန်းမှာ မြည်နေဆဲဖြစ်သောကြောင့် စုန့်ယွိထင် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိတ်တည်ငြိမ်အောင် ပြုလုပ်‌၍ ဖုန်းဖြေလိုက်၏။

“ ဟဲလို ....”

ဖုန်းကိုင်ပြီးနောက် စုန့်ယွိထင် တိုးတိုးလေး ပြောလိုက်သည်။

“ ဘာလို့လဲ…”

“ သိပါတယ်… ဒါပေမယ့် ကျွန်မ အဖေက……..”

ဖုန်းခေါ်ဆိုမှုမှာ လျင်မြန်စွာ ပြီးဆုံးသွားပြီး သူမ၏ အမူအရာမှတစ်ဆင့် ဘာဖြစ်သွားလဲဆိုတာကို ခန့်မှန်းနိုင်လေသည်။

“ ယွိထင်.. သူတို့ တကယ်ပြီး ပြန်ပြောင်းလိုက်တာလား…”

“ ဟုတ်တယ်… “ စုန်းယွိထင် လင်းရီနှင့် ဝမ်လုကို အေးစက်စွာ ကြည့်လိုက်ပြီး “ နင်တို့က တော်တော်လေး ရွံဖို့ကောင်းတဲ့ သူတွေပဲ…”

“ ရွံဖို့ကောင်းတယ်…” လင်းရီ ပြုံးလိုက်ပြီး “ မင်းပဲ အဲ့နေရာမှာ သရုပ်မဆောင်ချင်ဘူးလို့ မပြောခဲ့ဘူးလား.. ငါက ဒီတိုင်း စေတနာနဲ့ ကူညီပေးတာကို ဘာလို့ ရွံစရာကောင်းတဲ့သူလို့ ပြောတာ…”

“ နင်…” စုန့်ယွိထင် စားပွဲကို လက်ဝါးဖြင့် ဒေါသတကြီး ရိုက်နှက်လိုက်ပြီး “ ငါ သရုပ်ဆောင်ချင်တာ မဆောင်ချင်တာက နင်နဲ့ ဆိုင်သလား… ဒါပေမယ့် ငါ့ဘက်ကလည်း နင်တို့သိအောင် ပေါ်တင်ပြောလိုက်မယ်… ငါ စုန့်ယွိထင် အဲ့ဒီ နေရာကို ပြန် လု ယူ ပြမယ်…”

“ မင်းမှာ အစွမ်းအစရှိရင် ကိုယ်ပိုင် အရည်အချင်းနဲ့ ယှဉ်ပြိုင်လေ… ဘာလို့ မိသားစု နောက်ခံကို မှီခိုနေတာ…”

“ ဘာဖြစ်လဲ… အဲ့တော့ နင်တို့က မကျေနပ်ဘူးလား…” စုန့်ယွိထင် မချေမငံ ပြောလိုက်ပြီး “ ငါ့မိသားစုက ချမ်းသာတယ်.. ဒါ ငါ့ အားသာချက်ပဲ… နင်တို့ မိသားစုက ဆင်းရဲတိုင်း သူများအပြစ်ဖြစ်ရတယ်လား…”

“ ရပြီ.. ယွိထင် … နင်တော်လိုက်တော့… ငါတို့ ပြန်ကြရအောင်…” ဝမ်ချီမှ အချင်းမပွားချင်သောကြောင့် ခေါ်ထွက်သွားရန် ကြိုးစားလိုက်သည်။

“ သွားမှာပါ… ငါလည်း သူတို့ရုပ်တွေကို မမြင်ချင်ပါဘူး.. အော်ဂလီဆန်လွန်းလို့…” စုန့်ယွိထင် ပြောလိုက်၏။

ချလပ်…

ထိုအခိုက်အတန့်တွင်ပဲ ဆိုင်တံခါး ပွင့်ဟလာပြီး ရှပ်ပြာနှင့် စတိုင်ပန်ကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူတစ်ယောက် ၀င်လာခဲ့သည်။

“ ဒယ်ဒီ…”

အဆိုပါ သက်လတ်ပိုင်းလူကို မြင်တော့ စုန့်ယွိထင် လက်ပြလိုက်၏။

“ စားပြီးပြီလား.. ဘယ်လိုလဲ… အရသာရှိလား.. ကောင်းရင် သမီးအမေကို ဒယ်ဒီ ဝယ်သွားပေးမလို့…”

“ဘာမှ ဝယ်မနေနဲ့… ဒီဆိုင်က အစားအသောက်တွေက အရသာ တစ်စက်မှကို မရှိတာ…” စုန့်ယွိထင် ပြောလိုက်ပြီး “ ဒါနဲ့ ဒယ်ဒီ … သမီးရဲ့ ပြဇာတ်နေရာက ပြန်ရုတ်သိမ်းခံလိုက်ရပြီကော… ဘာတွေလဲဖြစ်နေတာ…”

“ ဟမ်… ပြန်ရုတ်သိမ်းခံရတယ်… “ စုန့်ယွိထင်၏ ဖခင်မှ အံ့အားသင့်သွားခဲ့ပြီး “ မဖြစ်နိုင်ဘူးနော… ဒယ်ဒီ သမီးတို့ ကျောင်းအုပ်နဲ့ သေချာစကားပြောခဲ့တာပါဟ… ဘယ်လိုလုပ်ပြီး ပြန်ရုတ်သိမ်းခံရမှာ…”

“ အားလုံးက သူ့ကြောင့်ပဲလေ….” စုန့်ယွိထင် လင်းရီကို လက်ညိုးထိုးပြလိုက်ပြီး “ သူပဲ ဒီလိုဖြစ်အောင် လုပ်လိုက်တာ… ဒယ်ဒီ ပြန်ရအောင် လုပ်ပေးရမယ်နော်…”

“ အေးပါ အေးပါ… စိတ်အေးအေးထား… ဒီတိုင်း ပြဇာတ်မှာ သရုပ်ဆောင်ရဖို့ ရေးလေးပဲမလား… ဒယ်ဒီ သေချာ….ဟင် ဥက္ကဌလင်း…”

စုန့်ယွိထင်၏ ဖခင်မှာ စကားတစ်ဝက်တစ်ပျက် ဖြစ်သွားခဲ့၏။

“ ခင်များက…”

လင်းရီ သေချာ စဉ်းစားကြည့်သော်လည်း သူ ထိုလူနှင့် မတွေ့ဖူးကြောင်း သေချာလေသည်။

“ ဒါရိုက်တာလင်း… ကျုပ်က ထန်တ နည်းပညာကုမ္ပဏီက စုန့်ရှစ်းချောင်ပါ… ဒါရိုက်တာလင်း အရင်က ကျင်းပတဲ့ ချစ်ပ် 2.0 နည်းပညာ သတင်းစာ ရှင်းလင်းပွဲ လုပ်တုန်းကတောင် ကျုပ်တက်ခဲ့ဖူးသေးတယ်… ကျုပ် ဒါရိုက်တာလင်းကို လေးစားနေတာကြာပြီ…. မျိုးဆက်သစ်တွေကတော့ တကယ်ကြီး ကျွန်တော်တို့ကို ကျော်ဖြတ်သွားခဲ့ပြီပဲ..”

စုန့်ယွိထင် သူမအဖေကို ရှော့ခ်ရစွာဖြင့် ကြည့်လိုက်ပြီး

“ ဒယ်ဒီတို့က အချင်းချင်း သိနေကြတာလား…”

“ ဒယ်ဒီကတော့ ဥက္ကဌလင်းကို သိတယ်… ဒါပေမယ့် ဥက္ကဌလင်းကတော့ ဒယ်ဒီ့ကို မသိဘူး…” စုန့်ရှစ်းချောင် ကိုးရို့ကားယားပြုံးလိုက်ပြီး “ ဒီနေ့ ဆုံဖြစ်တာနဲ့ အတော်ပဲ.. ဒယ်ဒီ မိတ်ဆက်ပေးမယ်…ဥက္ကဌလင်းက လင်းယွမ်အုပ်စုရဲ့ ဥက္ကဌ… လုံးရှင်းစင်တာနဲ့ DIDI နှစ်ခုလုံးက ဥက္ကဌလင်းရဲ့ လက်အောက်ခံ ကုမ္ပဏီတွေချည်းပဲ…. သူတို့ရဲ့ အသားတင်တန်ဖိုးက ယွမ် ဘီလီလျံ တစ်ရာလောက်ရှိတယ်… ကျိုးဟိုင်ရဲ့ လူငယ်မျိုးဆက်ထဲမှာဆို ဥက္ကဌလင်းက အထူးချွန်ဆုံးပဲ…”

“ ဘီ…. ဘီလီယမ်တစ်ရာ ….”

ဝမ်လုနှင့် တူယွီရွှမ်းတို့ အပါအဝင် ဆိုင်ထဲရှိ လူတိုင်း ကြက်သေသေသွားကြတော့၏။

သူတို့အားလုံး လင်းရီ ချမ်းသာမှန်း သိပါသော်လည်း ထိုမျှ ကျိကျိတက် ချမ်းသာနေလိမ့်မည်လို့တော့ ထင်မထားကြချေ။

ယွမ် ဘီလီယမ်တစ်ရာ ဆိုတာက ဘာသဘောလဲ…. သူတို့ဆို အိပ်မက်ထဲတောင် ထည့်မမက်ဖူးဘူး…

“ တစ်ရာဘီလီယမ်ဆိုတာ အောက်ထစ်ပဲ ရှိသေးတာ… ဥက္ကဌလင်းရဲ့ စွမ်းရည်နဲ့ ကြွယ်ဝမှုတွေက ငါတို့စိတ်ကူးယဉ်နိုင်တာ မဟုတ်ဘူး..” စုန့်ရှစ်းချောင် မြှောက်ပင့် ပြောဆိုလိုက်ပြီး “ ဥက္ကဌလင်းက ဒီရဲ့ နေရာကို လိုချင်နေတယ်ဆိုမှတော့ ဒယ်ဒီတို့ လက်လျော့လိုက်ကြတာပေါ့…”

စုန့်ယွိထင်၏ အမူအရာမှာ မိုးပြိုသကဲ့သို့ ဖြစ်ပျက်နေလေသည်။

သူမ ဒယ်ဒီ၏ ကုမ္ပဏီတန်ဖိုးပင်လျှင် ယွမ် မီလီယမ် ရာအနည်းငယ်မျှသာ တန်ဖိုးရှိ၏။ထို့ကြောင့် တစ်ဖက်သူ၏ ခြေဖျားကိုပင် မမှီချေ။

အကယ်၍ သူမ ပြိုင်ဆိုင်ချင်လျှင်တောင်မှ အခွင့်အရေး ရှိလိမ့်မည် မဟုတ်ကြောင်း သေချာလေသည်။

“ ကောင်းပါပြီ…”

စုန့်ရှစ်းချောင်း ကိုယ်ကို အနည်းငယ် ကိုင်းလိုက်ပြီး သူ၏ စီးပွားရေးကတ်ကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်ကာ “ ဥက္ကဌလင်း.. အနာဂတ်ကျရင် ကျုပ်တို့ လက်တွဲလုပ်နိုင်မယ့် အခွင့်အရေးရှိမယ်လို့ မျှော်လင့်ပါတယ်…”

“ အင်း…” လင်းရီ ကတ်ကို လက်ခံပြီး ခေါင်းညိမ့်လိုက်၏။

သာကြောင်းမာကြောင်း စကားအချို့ ဖလှယ်ပြီးနောက် စုန့်ရှစ်းချောင်နှင့် ကျန်သူများ ထွက်ခွာသွားကြလေသည်။

“ အစ်ကိုကြီးလင်းက အရမ်း အံ့ဩဖို့ကောင်းတာပဲ…” ဝမ်လု အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ညီမဘေးနားမှာ ဘီလီယမ်နာကြီး တစ်ယောက်လုံး ရှိနေမှန်း သတိတောင် မထားမိဘူး…”

“ အရေးမပါတာတွေပါကွာ…. ဘာမှ စိတ်လှုပ်ရှားနေစရာမလိုပါဘူး..” လင်းရီ ပြောလိုက်ပြီး “ အစ်မရင်းကော ခုတလော အခြေအနေဘယ်လိုလည်း… အဆင်ပြေတယ်မလား…”

“ အွန်း အွန်း… မမက တော်တော်လေး အဆင်ပြေနေတာ… စိတ်ပူမနေနဲ့…”

စားသောက်ပြီးနောက် ဝမ်လုတို့မှာ ထွက်ခွာရန် အလျင်မလိုသေးပဲ ကျီချင်းရန် ရောက်လာသည့် အချိန်အထိ လင်းရီ၏ အလုပ်များကို ကူလုပ်ပေးခဲ့ကြ၏။

ကျောင်းဆင်းသည့် ညနေပိုင်း အချိန်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဆိုင်၏ စီးပွားရေးမှာလည်း တစ်ဖန်အလုပ်များလာပြန်သည်။

သူမတို့၏ ဝင်ငွေမှာ တိုးပွားလာခဲ့သော်လည်း ကျီချင်းရန် တစ်စုံတစ်ရာ ပျောက်ဆုံး နေသယောင် ခံစားနေရ၏။ အနားယူရန် အချိန်မရှိတော့သည့် အပြင် နှစ်ယောက်အတူ ကုန်ဆုံးနိုင်သည့် သီးသန့်အချိန်တို့မှာလည်း တဖြည်းဖြည်းနည်းပါးလာခဲ့လေသည်။

ယင်းက လင်းရီ ခေါ်ဝေါ်သည့် ဘဝ ဟူသည် ဖြစ်ရပေမည်။ လူ့လောကကြီးမှာ အမြဲတမ်း ရုန်းကန်လှုပ်ရှားခြင်း အလုပ်များနေရ၏။

မကြာမီ ညရှစ်နာရီ ထိုးတော့မည် ဖြစ်ပြီး ဆိုင်ထဲတွင်လည်း ကတ်စတန်မာများ တစထက်တစ နည်းပါးလာကာ အနည်းငယ်မျှသာ ကျန်ရှိတော့သည်။ အဘယ်ကြောင့်ဆိုသော် ဆိုင်ပိတ်တော့မည့် အချိန်သည်ကား နီးကပ်လာသောကြောင့် ဖြစ်၏။

ယခု ရက်ပိုင်း ခပ်စိပ်စိပ်တွင် ကတ်စတန်မာ အကျများသကဲ့သို့ ဆိုင်၏ ဝင်ငွေမှာလည်း တိုးပွားလာသောကြောင့် ကျီချင်းရန် လင်းရီကို မပင်ပန်းစေချင်ပေ။ ထို့ကြောင့် ဆိုင်ကို အချိန်တစ်ခု သတ်မှတ်၍ ပိတ်လိုက်ရခြင်းဖြစ်၏။

[မစ်ရှင် ပြီးမြောက်သွားပါပြီ ]

[ဆုလဒ် : အတွေ့အကြုံမှတ် နှစ်သိန်း ]

[အလုပ်ပြီးမြောက်နှုန်း : ၆၀ ရာခိုင်နှုန်း ]

[ဆုလဒ် : ပြီးပြည့်စုံသည့် ရုပ်ခန္ဓာ ]

စိတ်ထဲရှိ အဆိုပါ အသိပေးသံက လင်းရီ လုပ်နေသည့် အလုပ်ကို ရပ်တန့်သွားစေသည်။

ယနေ့တွင် မစ်ရှင်ပြီးမြောက်လိမ့်မည် ဖြစ်ကြောင်း လင်းရီ မျှော်မှန်းထားသော်လည်း မျှော်မှန်းမထားသည်ကား ချီးမြင့်လာသည့် ဆုလဒ်ပင်။

စနစ်၏ ဆုလဒ်မှာ တဖြည်းဖြည်း မျက်နှာများလာချေပြီ။ ယခင်ကကဲ့သို့ သူလိုအပ်သည်များကို ချီးမြင့်လေ့မရှိတောချေ။

လီတိုဂရပ်ဖီစက်နှင့် ဖုန်းစစ်စတမ်း ဖန်တီးမည့် ပရောဂျက်တို့မှာ ဖြည့်သလောက် မပြည့်နိုင်သည့် ရေတွင်းကြီးကဲ့သို့ဖြစ်ပြီး ငွေကို အဆက်မပြတ် ရေလိုသုံးနေရမည်ဖြစ်၏။

ငါ့ရဲ့ ခန္ဓာကိုယ်က ဒီလောက်ထိ ကြံ့ခိုင်နေပြီကို ပိုက်ဆံပဲ ဆုချလိုက်တာ မကောင်းဘူးလား… ဒါကြီးက လိုမှ မလိုအပ်တာ….

လင်းရီ၏ အတွေးများကို ကြားနေရသည့် အလား စနစ်မှ စကား စလာခဲ့၏။

[ပြီးပြည့်စုံတဲ့ ရုပ်ခန္ဓာက ခန္ဓာကိုယ်ကို တစ်ဖက်သတ် အကျိုးရှိစေတာ မဟုတ်ပဲ အလုံးစုံ ပြီးပြည့်စုံစေမှာပါ…]

“ တကယ်ကြီးလား…”

လင်းရီ၏ ခန္ဓာကိုယ်မှာ အေးခဲသွားခဲ့၏။ စနစ်၏ ဆုလဒ်က သူ့စိတ်ကူးထဲက ဆုလဒ်နှင့် ကွဲပြားနေဟန်ပင်။

“ အဲ့တာက ငါ့ခန္ဓာကိုယ် လုပ်ဆောင်ချက်တွေကို ပြောင်းလဲပေးမယ်ဆိုတော့ အရိုးသိပ်သည်းဆေးလိုပဲ မလား…”

[ဟုတ်ပါတယ် ]

“ အဲ့ဒါဆို ပြီးပြည့်စုံတဲ့ ရူပခန္ဓာက ဘယ်လိုမျိုးတွေ ပြောင်းလဲလာပေးမှာ…”

[စနစ်ရှင်ရဲ့ ခန္ဓာကိုယ်ထဲက မသန့်စင်တဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပြီးတော့ ပိုပြီးကျန်းမာတဲ့ လူတစ်ယောက်အသွင် ဖြစ်လာစေမှာပါ…]

“ခုလည်း ဒေါင်ဒေါင်မြည်နေတာပဲ မဟုတ်ဘူးလား... ပိုက်ဆံပဲ ပေးစမ်းပါကွာ..… အဲ့ဒီရဲ့ ပြီးပြည့်စုံတဲ့ ရုပ်ခန္ဓာလည်း မလိုချင်ဘူး… ငါပိုက်ဆံပဲ ရှာချင်တယ်…"

သို့သော် လင်းရီ စကားပြောပြောပြီးချင်း သူ၏ ခန္ဓာကိုယ်ရှိ ပြောင်းလဲမှုများကို စတင်ခံစားလိုက်ရ၏။

ပဲစေ့လောက်ရှိသည့် ချွေးတို့ နဖူးမှ အလုံးလိုက် ကျဆင်းလာကာ ချွေးထုတ်ခန်းထဲမှ ယခုလေးတင် ထွက်လာခဲ့သည့်နှယ် ဖြစ်နေတော့သည်။

ထိုချွေးတို့က လင်းရီကိုယ်ထဲရှိ မကောင်းသည့် အညစ်အကြေးများ ဖြစ်လိမ့်မည်ဟု လင်းရီ ခန့်မှန်းလိုက်၏။

အဘယ်ကြောင့် ဆိုသော် သူ၏ ခန္ဓာက်ိုယ်က ယခင်ကထက် ပို၍ သွက်လက်လာကြောင်း ခံစားမိနေပြီး အလုံးစုံသော ပင်ကိုယ်အရည်အချင်းတို့မှာလည်း တိုးပွားလာသည့်နှယ်ပင်။

ပြီးပြည့်စုံတဲ့ ရုပ်ခန္ဓာဆိုတာ ဒါလား… ခံစားချက်ကတော့ မဆိုးပါဘူး…

“ စနစ်…ဒီဥစ္စာက မဆိုးဘူးပဲဟ…”

သို့သော်လည်း စနစ်မှာ ဘာမျှ မတုန့်မပြန်တော့ပဲ အလိုအလျောက် ပျောက်ကွယ်သွားခဲ့တော့၏။

“ ဟေ့ ဘာလို့ အဲ့အတိုင်း ပြန်သွားတာ.... ရောက်တုန်းရောက်ခိုက် ထမင်းစားသွားဦးလေ...ဘာလဲ... ခုနက ပြောလိုက်တာကို စိတ်ဆိုးသွားတာလား…. အဲ့လောက်ကြီး မစိမ်းကားပါနဲ့ဟ….”

All Chapters