ငါလည်း လေ့ကျင့်ထားတယ်
Vol. 42 Ch. 621
လင်းရီ မိနစ်အနည်းငယ်ကြာအောင် စောင့်ဆိုင်းကြည့်ပါသော်လည်း စနစ်မှာ တုံ့ပြန်လာခြင်း မရှိသောကြောင့် လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်၏။
နောက်ထပ် မစ်ရှင်အတွက်ကတော့ လင်းရီ ဘာမျှ စိတ်ပူမနေပေ။ အတိတ်မှ အတွေ့အကြုံများအရ သူတစ်ခုခု လုပ်နေစဉ်အတွင်း စနစ်မှ ရုတ်ချည်း တာ၀န်ပေးလာပေမည်။
အင်း.. နည်းနည်းလေးတော့ ခက်တာပေါ့...
"ရီ... ဘာတွေ ငိုင်နေတာ..."ကျီချင်းရန် လင်းရီ မျက်နှာရှေ့ လက်ချောင်းလေးများ ရမ်းလိုက်ပြီး "ပြီးပြီလေ.. ဆိုင်ပိတ်ပြီး အိမ်ပြန်ကြစို့..."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး "အင်း...သွားကြစို့..."
ပစ္စည်းများ သိမ်းဆည်းပြီးနောက် နှစ်ယောက်သား အိမ်အတူပြန်၍ တစ်နေ့တာကို အဆုံးသတ်လိုက်ကြလေသည်။
နောက်တစ်နေ့ နံနက် လင်းရီ ဆိုင်သို့ ရောက်လျှင်ရောက်ချင်း လျန်ယူရွှယ်ထံမှ ဖုန်းခေါ်တိုလာခဲ့၏။
"နင် မနေ့က ငါပြောသွားတဲ့ အင်ကျူဘေးရှင်းစင်တာအကြောင်း စဉ်းစားပြီးသွားပြီလား..."လျန်ရူရွှယ် ပြောလိုက်ပြီး "အချိန်ရရင် ငါ ဒီနေ့ အားတော့ နင့်ကို လိုက်ပြပေးလို့ရတယ်နော်..."
"ကောင်းပြီလေ.. ဘယ်မှာ ဆုံကြမလဲ..."
"ငါ့အိမ်လာခဲ့..."လျန်ရူရွှယ် ပြောလိုက်ပြီး "စကားမစပ် နင်အခု ဆိုင်မှာလား..."
"အင်း ... ဘာလို့လဲ..."
"ငါ့ကို ဥထမင်းကြော်တစ်ပွဲနဲ့ မုန်လာဥချဉ် တစ်ပွဲလောက် ပါဆယ်ဆွဲခဲ့စမ်းပါ... "လျန်ရူရွှယ် ပြောလိုက်ပြီး "ပြီးရင် ရှာရီ မောင်းလာခဲ့... ပြိုင်ကားတွေ မောင်းမလာခဲ့နဲ့..."
" ငါက ဒီနေ့ ဆိုင်ကို လွိုင်ကန်နဲ့ လာခဲ့တာဟ နောက်ဖေးမှာ ရပ်ထားတဲ့ သုံးဘီးတော့ ရှိတယ်.. အဲ့တာ စီးမလား..."
"အာ..... အဲ့ဒါဆိုလည်း လွိုင်ကန်နဲ့ပဲ သွားကြတာပေါ့..."
လွန်ခဲ့သည့်ရက်မှ ရှက်ရွံ့မှုကို ပြန်လည် စဉ်းစားမိသောအခါ လျန်ရူရွှယ် လွိုင်ကန်ကို ရွေးချယ်ရန်သာ ဆုံးဖြတ်လိုက်လေသည်။
"အိုကေ.. အဲ့တာဆို အိမ်မှာ စောင့်နေလိုက်တော့..."
သို့နှင့် လင်းရီ ဥထမင်းကြော်တစ်ပွဲ လုပ်၍ မုန်လာဥချဉ်ကို အိတ်နှင့် သေချာထုပ်ကာ လျန်ရူရွှယ်၏ အိမ်သို့ ဦးတည်လိုက်သည်။
လျန်ရူရွှယ်မှာတော့ သူမ အိမ်နေ၀တ်သည့် ပေါ့ပေါ့ပါးပါး ချည်ထည်လေးများကိုသာ ၀တ်ဆင်ထားပြီး ရင့်ကျက်သည့် အိမ်ထောင်ရှင်မတစ်ဦးအလားပင်။ သူမဘက်မှ နေ၍ မည်သူဖြစ်ကြောင်း အထောက်အထားကို ဦးစွာ မဖော်ပြဘူးဆိုပါက မြင့်မားသည့် ရာထူးတစ်ခုရှိကြောင်း မည်သူမျှ တွေးမိလိမ့်မည် မဟုတ်ချေ။
"ဟဲ့..ငါမှာတာ ပါခဲ့လား.. မနေ့ည အစည်းအဝေးက ကိုးနာရီလောက်မှ ပြီးသွားတာနဲ့ ဘာမှတောင် မစားလိုက်ရဘူး... "
"ရော့ ရော့..."လင်းရီ ဥထမင်းကြော် ပါဆယ်ထုပ်ကို ကမ်းပေးလိုက်၏။
"မဆိုးဘူး မဆိုးဘူး... ခုထိ ပူနေသေးတုန်းပဲ.. မဟုတ်လို့ကတော့ ပြန်နွှေးရတော့မှာ..."
"ဒါပေါ့..နွေးအောင် ဆိုပြီး ငါ့ အတွင်းဘောင်းဘီထဲ ထည့်လာခဲ့ပေးတာလေ... ငါ့ဘောင်းဘီရဲ့ အပူချိန်က ခု အဲ့ဘူးနဲ့ အတူတူပဲ.... "
"တော်စမ်းပါ..."
လင်းရီ၏ ပေါက်တတ်ကရများကို လျစ်လျူရှုလိုက်ပြီး သူမ လက်ထဲရှိ ဘူးကိုယူ၍ မနက်စာစားရန် ဟန်ပြင်လိုက်တော့၏။
"ကောင်းလိုက်တာ ...နင် ဒီထမင်းကြော်ကို ဘယ်လိုချက်ထားတာ...."သူမ၏ လှပသည့် ပုံရိပ်ကိုပင် ဂရုမစိုက်၊အီသီယိုးပီးယားမှ ရောက်လာသည့်နှယ် ဇွန်းကြီးကြီးခပ်၍ အားပါးတရ စားရင်း မေးလိုက်၏။
"လက်နဲ့လေ..."
ပြောရင်းဖြင့် လင်းရီ ရေခဲသေတ္တာ ဖွင့်လိုက်သောအခါ "ဟေ့.. ဘာလို့ စတော်ကင်တွေကို ရေခဲသေတ္တာထဲ ထည့်ထားပြန်တာ.. မင်း လူကို တမင်တကာ ရေမသောက်စေချင်လို့ လုပ်နေတာလား..."
လျန်ရူရွှယ်၏ အမူအရာမှာ အုံ့ဆိုင်းသွားခဲ့ပြီး "ကရားအိုးထဲမှာ ရေအေးရှိတယ်... ငါ့ဖို့လည်း တစ်ခွက်လောက်...."
လင်းရီ ဖန်ခွက် နှစ်ခွက်ထဲသို့ ရေဖြည့်လိုက်ပြီး သူအရင် တစ်ခွက်သောက်ကာ ကျန်တစ်ခွက်ကို လျန်ရူရွှယ်အနား ချပေးလိုက်၏။
"နေရာက အကုန်လုံး အဆင်သင့်ပဲမလား..."
လျန်ရူရွှယ် ခေါင်းညိမ့်လိုက်ပြီး "အဲ့နေရာက တည်ဆောက်ထားတာကြာပြီဆိုပေမယ့် တရား၀င်တော့ ခွင့်မပြုရသေးဘူး.. အဲ့ဒီ ဥပဒေကြောင့်မို့လို့ နိုင်ငံပိုင် ဖြစ်နေတုန်းပဲ..ခု အစီအစဉ်တွေချမှတ်ထားပြီး အခွင့်အရေးလည်း ရလာပြီဆိုတော့ တရား၀င် လုပ်ဆောင်ဖို့ပဲ ကျန်တယ်... မနေ့က အစည်းအဝေးမှာလည်း အဲ့အကြောင်းတွေ ဆွေးနွေးနေတာလေ.."
"ရလဒ်က ..."လင်းရီ မေးလိုကိ၏။
"စင်တာကို တစ်ဦးတည်းပိုင်အဖြစ် လွှဲပြောင်းထားလိုက်မှာ..."လျန်ရူရွှယ် ပြောလိုက်ပြီး "အဲ့ဒီ အဆောက်အဦးကို နင့်ကို အနှစ် ၂၀ အလကားပေးထားမှာ... အဲ့ကာလအတွင်း အဆောက်အဦးဆီကနေ ရသမျှ အမြတ်တွေကုန်လုံး နင့်အပိုင်ပဲ.. တစ်ခုတည်းသော လိုအပ်ချက်က စာချုပ်ချုပ်ဆိုတဲ့ ကုမ္ပဏီတွေဟာ နည်းပညာ ကုမ္ပဏီတွေပဲ ဖြစ်ရမယ်...."
"တကယ်... အကျိုးအမြတ်တွေ အကုန်လုံး ငါ့အိတ်ထဲပဲ ၀င်လာမှာပေါ့..."
အစကတော့ အထက်ကြီးပိုင်းများမှ သူ့ကို အသုံးပြုခွင့်သာ ပေးထားသည် ထင်သော်လည်း အကျိုးအမြတ်ကိုပါ ပေးလိမ့်မည်လို့ မျှော်လင့်မထားချေ။
"အွန်း.. နင့်ကို ဆုချတာလေ..."လျန်ရူရွှယ် ပြောလိုက်ပြီး "ဘာပဲဆိုဆို နင် နိုင်ငံအတွက် ယူဆောင်လာခဲ့ပေးတဲ့ အကျိုးအမြတ်တွေက အဲ့ဒီအဆောက်အဦးထက်တောင် ပိုပြီးတော့ တန်ဖိုးရှိသေးတယ်... နောက်ပြီးတော့ နင် ငှားယမ်းခတွေကိုလည်း လျော့ချလို့ ရတယ်.. တစ်ခုတည်း ကုန်ကျမယ့်ဟာက နင့်ရဲ့ စစ်စတမ်အသစ်အတွကိ အက်ပ်တွေပဲ.. ဒါပေမယ့် အဲ့တာကလည်း ငါ့အမြင်သပ်သပ်ပါပဲ.. ဘယ်လိုလုပ်မယ်ဆိုတာကတော့ နင့်ဘာနင် ဆုံးဖြတ်...."
"အဲ့ဒီ အကြံကောင်းတယ်... ဥပဒေ ကင်းလွတ်ခွင့်ပေးတယ် ဆိုတော့ မယူရင် ဘယ်ကောင်းမှာ...."
"အွန်း ငါပြောချင်တာလည်း အဲ့တာပဲလေ..."
သူမ နံနက်စာကို ကျေနပ်စွာဖြင့် လက်စသတ်ပြီးနောက် လျန်ရူရွှယ် အိပ်ခန်းသို့ ပြန်ကာ အ၀တ်စားလဲလေသည်။ ပြန်ထွက်လာသည့် အခါတွင်တော့ လင်းရီကို ရှော့ခ်ရသွားစေခဲ့တော့၏။
သူမမှာ အဖြူရောင် ဆွယ်တာနှင့် ဖြူဖွေးသည့် ခြေကျင်း၀တ်များကို လှစ်ဟာပြထားသည့် အပြာရောင်ပန်ကို ၀တ်ဆင်ထားပြီး ဆံပင်ကိုပင် တက္ကသိုလ် ကျောင်းသူလေးကဲ့သို့ မြင်းမြီးပုံစံ ချည်နှောင်ထားလိုက်သေးသည်။
"ဘာလို့ အဲ့လို ကြည့်နေတာ.. တို့က အရမ်း လှနေလို့များလား..."လျန်ရူရွှယ် ဆံပင်ကို ခါရင်း မေးလိုက်၏။
"မင်းက အသက်သုံးဆယ်ရုပ်ပေါက်တယ်ဆိုပေမယ့် ဘာလို့ အဲ့လိုကြီး ၀တ်စားပြီးတော့ ငယ်တဲ့ အသွင် ဖမ်းနေတာ..."
"ဘာပြောလိုက်တယ်...."လျန်ရူရွှယ် ကျွဲမြီးတိုသွားခဲ့ပြီး "ငါက သုံးဆယ်တည်းဟဲ့.. သုံးဆယ် အရွယ်ပေါက်နေတာ မဟုတ်ဘူး..."
"ငါဆိုလိုတာက အဲ့လို ၀တ်စားတဲ့ ပုံစံကြီးက မင်းရဲ့ အဆင့်အတန်းနဲ့ မကိုက်ညီဘူးလို့ ပြောချင်တာ..."
"ငါက အစိုးရ အရာရှိလေ.. နင်လို ကုမ္ပဏီဘော့စ်နဲ့ အပြင်သွားမယ်ဆိုတာက ပိုပြီးတောင် မသင့်လျော်ဘူး... "
ပြောရင်းဖြင့် လျန်ရူရွှယ် နေကာမျက်မှန်နှင့် လျှာထုတ်ဦးထုပ်ဆောင်းကာ ကိုးရီးယား ဒရာမာကားများ ထဲကကဲ့သို့ ရုပ်ဖျက်ခြင်း ပြီးဆုံးသွားခဲ့၏။
သို့သော်လည်း လင်းရီအမြင်တွင်တော့ မံမီကြီးနှင့် တူနေလေသည်။
"သွားစို့.. ငါနင့်ကို လိုက်ပြပေးမယ်..."အိမ်ထဲမှ ထွက်လာပြီးနောက် နှစ်ယောက်သား ကားထဲသို့ ၀င်လိုက်ကြ၏။ လင်းရီက ဒရိုင်ဘာခုံတွင်ထိုင်ကာ လျန်ရူရွှယ် ပြောသည့် အတိုင်း မောင်းနှင်လာရင်း အသစ်တည်ထောင်ထားသည့် အင်ကျူဘေးရှင်း စင်တာသို့ ရောက်ရှိလာခဲ့၏။
တည်နေရာကတော့ ၁၉၀၊ နန်ပင်း လမ်းပင်။
လင်းရီ Didi ပြေးစဉ်က ယခုနေရာ ၀န်းကျင်သို့ ရောက်ခဲ့ဖူးသော်လည်း ပတ်၀န်းကျင်ကိုတော့ သိပ်သတိမမူမိပေ။
နှစ်ယောက်သား နေရာလွတ်တစ်နေရာတွင် ကားပါကင်ထိုးလိုက်ကြ၏။ ယခု နေရာမှနေ၍ လင်းရီ မလှမ်းမကမ်းရှိ အထပ်လေးဆယ်မြင့် အဆောက်အအုံကြီးကို လှမ်းမြင်နေရလေသည်။
"နေရာကတော့ မဆိုးဘူးပဲ.. လင်းယွမ် အဆောက်အဦးလောက် မကောင်းဘူးဆိုပေမယ့် အဲ့လောက် နီးနီးတော့ရှိတယ်..."
"ကျိုးဟိုင်ကို မပြောနဲ့ဦး.. ဟွာရှ တစ်ခုလုံးမှာတောင် နင့်လင်းယွမ် အဆောက်အဦးနဲ့ ယှဉ်နိုင်တဲ့ အဆောက်အဦး ရှိသေးလို့လား..."လျန်ရူရွှယ် စောဒကတက်လိုက်ပြီး "နင်ကလည်း လူတစ်မျိုးပဲ.. တစ်ခါတစ်လေ အရမ်းကို ၀င့်ကြွားပြီးတော့ တစ်ခါတစ်လေကျတော့လည်း အရမ်းကို သိုသိပ်လွန်းတယ်..."
"လင်းယွမ်အုပ်စုကို ၀ယ်ဖို့ ၁၈ ဘီလီယမ်လောက်ပဲ ကုန်သွားတာပါကွာ... အများကြီး မဟုတ်ပါဘူး..."
လင်းရီ လျန်ရူရွှယ်၏ ပခုံးကို လေးနက်စွာ ပုတ်လိုက်ပြီး "မြို့တော်၀န်လျန် .. မင်းရဲ့ အမြင်တွေက ပိတ်ဆို့ပြီးတော့ ကျဉ်းမြောင်းနေတာပဲ.. ဒီပုံစံ အတိုင်းဆိုရင် အနာဂတ်ကျ ကြီးကြီးမားမား စွမ်းဆောင်နိုင်မယ့် လမ်းမမြင်ဘူး..."
"ငါ့ကို စော်ကားမနေနဲ့.."လျန်ရူရွှယ် ပြောလိုက်ပြီး "အရင်ဆုံး အထဲသွားကြည့်ကြမယ်..."
နှစ်ယောက်သား ဘေးချင်းကပ် လမ်းလျှောက်လိုက်ပြီး ရှင်းလော်မြို့ထဲရှိ ရုံးခန်း အဆောက်အဦးထံသို့ ဦးတည်လိုက်ကြလေသည်။
"ငါ ဘာလို့ ငါတို့ နှစ်ယောက်က ချိန်းတွေ့နေတယ်လို့ ခံစားနေရတာ..အမ်.. ပြီးတော့ ငါ့စိတ်ထဲ ငါတို့နှစ်ယောက်က လက်ထပ်ပြီးသားတွေဆိုပြီး ဘာလို့ ထင်နေရတာ... "
"ကောင်စုတ်ကတော့ လုပ်မိတော့မယ်.. ပေါက်တတ်ကရတွေ မပြောနဲ့ .. မြန်မြန်လျှောက်..."
အတွင်းပိုင်း အပြင်အဆင်ကတော့ လင်းရီ စိတ်ကူးယဉ်ထားသကဲ့သို့ ဆန်းပြားမနေပဲ ပို၍ ရိုးရှင်းစွာဖြင့်လက်တွေ့ကျ၏။ ဒီဇိုင်းပိုင်းတွင်လည်း မဆိုးလှပဲ ကောင်းမွန်သည့် ခံစားချက်များကို ပေးစွမ်းနေလေသည်။
ထို့ပြင် လိုအပ်သည့် ပစ္စည်းများအားလုံးလည်း ရှိနှင့်ပြီးဖြစ်သောကြောင့် အရပ်စကားနှင့် ပြောရလျှင်တော့ လူ၀င်နေရုံပင်။
လင်းရီ လိုက်ပတ်ကြည့်ရှုရင်းဖြင့် ၎င်းတို့နည်းတူ လူတစ်ချို့ကို မြင်တော့ အံ့အားသင့်သွားခဲ့၏။
"ဒီလူတွေက ဘာလဲလာလုပ်တာ..."
"သူတို့လည်း သတင်းကြားပြီးတော့ နေရာလာကြည့်တာ နေမှာ..."
"ဟိုက်ရှားပါး.. သူတို့ရဲ့ သတင်းကွန်ရက်က အဲ့လောက်တောင် ကောင်းလားဟ..."
"တစ်ချို့တစ်လေကျတော့ စီးပွားရေး အမြင်ရှိတယ်... ကျိုးဟိုင်မှာ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေက မပြတ်လပ်တော့ လှုပ်ရှားမှုရှိတာနဲ့ လူတိုင်းက အဲ့ကိစ္စကို သိကြမှာပဲ..."လျန်ရူရွှယ် ပြောလိုက်ပြီး "မနေ့ညက လိုပေါ့... ငါတို့ ကုမ္ပဏီကို လွှဲပြောင်းပေးတော့မယ် ဆိုတဲ့ သတင်းတောင် အပြင်မှာ ပျံ့နေလောက်ပြီ... ဒီတော့ ငှားခလျော့ချတာတွေ မျှော်လင့်ထားပြီးသား.. အဲ့ဒါကြောင့်မို့ ကြိုတင်ပြီး နေရာလာကြည့်နေကြတာ မဆန်းပါဘူး..."
"ဘယ်လိုတောင် ဝီရိယ ရှိလိုက်တဲ့ ကောင်တွေပါလိမ့်..."
"နင်ကကော... အရင်ကထက် ပိုပြီး ပျင်းရိလာတယ်လို့ မခံစားမိဘူးလား.."လျန်ရူရွှယ် ပြုံးလိုက်ပြီး "နင်က ဘီလီယမ်နာ ဖြစ်လာပြီးတော့ အရင်လောက် အားမထုတ်တော့သလိုပဲ..."
လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ပခုံးတွန့်လိုက်ပြီး "ကြိုးစားတယ်....အဲ့စကားလုံးက ငါ့အဘိဓာန်မှာ မရှိသေးဘူး... ငါက ဘာအားထုတ်မှုမှ မရှိပဲနဲ့ ဒီတိုင်း ပြီးစလွယ် အောင်မြင်လာတာလေ..."
လျန်ရူရွှယ် "...."
"နင်ကလေ... စကားမပြောတာ အကောင်းဆုံးပဲ.. ဒါပေမယ့် စကားပြောပြီ ဆိုတာနဲ့ လူကို ရိုက်နှက်ချင်လာအောင် လုပ်ပေးနေသလိုပဲ..."
"ဟားဟား... မနာလိုနေတာလား.. အလှလေးလျန်... အဲ့ဒီအတွေးတွေက အရမ်း အန္တရာယ်များတယ်နော်..."
"ငါ့ဖျင်ကြီးပဲ အန္တရာယ် များနေလိုက်..."
လျန်ရူရွှယ် လင်းရီ၏ ခါးကို ဆွဲစိတ်လိုက်ပြီး "အလုပ်ထဲ အာရုံစိုက်ထား..."
"ဟေး.. ဘာလို့ ငါ့လာဆိတ်နေတာ..."လင်းရီ ထူးမခြားနားစွာ ပြောလိုက်ပြီး "မင်းရဲ့ ကိုယ်လုံးသေးသေးလေးနဲ့ ငါ့ရှေ့မှာ ရှိုးမပြတာ ကောင်းမယ်နော်... သေနတ်မပါတဲ့ အချိန်မှာ နိမ့်နိမ့်ချချနေတာက အကောင်းဆုံးပဲ..."
"ငါက အဲ့လို လက်နက်တွေပဲ အားကိုးတယ် ထင်နေတာလား..."လျန်ရူရွှယ် ပြောလိုက်ပြီး "ဘောက်စင်လည်း သင်ထားသေးတယ်..ငါ့ လာပြီး လျော့မတွက်နဲ့..."
လင်းရီ ရုတ်တရက် သူ ပင်းချန်ကျောင်းတွင် ရှိစဉ်က လျန်ရူရွှယ်၏ အမှတ်မထင် ပညာပေးခြငိး ခံလိုက်ရသည့် မြင်ကွင်းကို ပြန်အမှတ်ရသွားခဲ့၏။ သူမလည်း စကေးတစ်ချို့ လေ့ကျင့်ထားသည့် ပုံပင်။
"လေ့ကျင့်ထားတယ်ဆိုရင်တောင်မှ မင်းက မိန်းကလေး ဖြစ်နေတုန်းပဲလေ..."
ယင်း စကားလုံးများက လျန်ရူရွှယ် အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့၏။ သူမ ရုတ်ချည်း လှည့်လာခဲ့ပြီး လင်းရီ၏ လက်မောင်းကို ဆွဲကာ ပခုံးထက်သို့ တင်၍ ကိုင်ပေါက်ပြီး သူမ၏ ခွန်အားအကြောင်း ကောင်းကောင်းမှတ်မိသွားအောင် သင်ပြပေးရန် ဟန်ပြင်လိုက်၏။
သို့သော်လည်း အားအင်အပြည့်ဖြင့် လက်မောင်းကို ဆွဲလိုက်သည့် အချိန်တွင်ပဲ တစ်ခုခုမှားနေကြောင်း သတိထားမိသွားခဲ့သည်။
လင်းရီ၏ ခန္ဓာကိုယ်မှာ မြေပြင်တွငိ အမြစ်တွယ်ထားသကဲ့သို့ တုတ်တုတ်မျှ မလှုပ်ချေ။ သူမ အားမည်မျှပင် စိုက်ထုတ်ပါစေ လုံး၀ မရွေ့နိုင် ဖြစ်နေလေသည်။
"ဟမ်.. နင့်ရဲ့ အောက်ပိုင်းက ဘာလို့ အဲ့လောက်တောင် သန်မာနေတာ..."လျန်ရူရွှယ် အံ့အားသင့်နေသည့် လေသံဖြင့် မေးလိုက်၏။