သူတို့ နှစ်ယောက်က မရိုးမသား လုပ်နေတာ သေချာတယ်
Vol. 42 Ch. 622
သူမ၏ အပြုအမူက အတော်လေး ရယ်စရာကောင်းနေလေသည်။
လင်းရီ သူ၏ ရယ်မောချင်စိတ်ကို မျိုသိပ်ရင်း ပြုံးစစ မေးလိုက်၏။ “ မင်း အဲ့တာ ဘာလုပ်နေတာ…”
လျန်ရူရွှယ်၏ အမူအရာမှာ ကိုးရို့ကားယား ဖြစ်သွားခဲ့သည်။ ယခုလို ကိုင်ပေါက်သည့် အကွက်မှာ သူမ ကြိမ်ဖန်များစွာ လေ့ကျင့်ထားသည့် အကွက်ဖြစ်ပြီး သူမ၏ စကေးများမှာ လင်းရီလောက် မကောင်းမွန်သော်လည်း ယခုလို လျှပ်တစ်ပြက် တိုက်ခိုက်လိုက်သည့် အချိန်တွင်တော့ အောင်မြင်နိုင်ဖို့ အခွင့်အရေးက အရမ်းများ၏။ သို့သော်လည်း လင်းရီကဲ့သို့ သန်မာသူမျိုးနှင့် ဆုံတွေ့ရသည်ကတော့ သူမ၏ ပထမဆုံးအကြိမ်ပင်။
ဒီကောင်က ဘယ်လိုကောင်ပါလိမ့်….
အား…
လင်းရီ လျန်ရူရွှယ်၏ လက်မောင်းကို ဖမ်းဆွဲလိုက်သည်။ ရုတ်တရက်ဆိုတော့ တစ်ဖက်သူမှာ ထိတ်လန့်သွားဟန်ပင်။ လင်းရီ သူမကို နံရံနှင့် ကပ်ပြီး ကိုးရီးယား ဒရာမာ ထဲကကဲ့သို့ သေးသွယ်သည့် ကိုယ်လုံးလေးကို လက်မောင်းနှစ်ခုဖြင့် ကန့်သတ်ထားလိုက်၏။ လျန်ရူရွှယ် မည်သို့မျှ လှုပ်၍မရတော့။
“ မြန်မြန်.. ငါ့ကိုလွှတ်လို့…” လျန်ရူရွှယ် ရှက်ရွံ့စွာဖြင့် မျက်လုံးစုံမှိတ် အော်ဟစ်လိုက်၏။ လင်းရီ၏ ကိုယ်မှာ သူမနှင့် အတော်လေး နီးကပ်နေလေပြီ။
လင်းရီ သူမ အနားသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာပြီး နားအနား တိုးကပ်၍ လေသံတိုးတိုးလေးပြောလိုက်၏။
“ ရုန်းကြည့်လေ…. မင်းဘယ်လောက်ထိ ရုန်းနိုင်မလဲ ငါကြည့်စမ်းမယ်….”
လင်းရီ၏ နှုတ်ခမ်းထက်မှ နွေးထွေးသည့် အငွေ့အသက်ကိုရတော့ လျန်ရူရွှယ် ရင်ထဲ ကဆုန်စိုင်း၍ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားတော့မတတ် ဖြစ်သွားခဲ့၏။
ယခုလို ပုံစံမှာ တစ်ဖက်သူ၏ ရမ္မက်စိတ်ကို တစ်မျိုးတစ်ဖုံဖြင့် နိုးကြွစေပြီး အတွေ့အကြုံ မရှိသေးသူ လျန်ရူရွှယ်အဖို့တော့ အင်မတန်ချုပ်ထိန်း မရဖြစ်လာလေသည်။ မကြာမီ သူမ ကျားခံတွင်းဝသို့ ကျရောက်၍ ပြုသမျှ နုရတော့မည့် သိုးငယ်လေး တစ်ကောင်အသွင်သို့ ဖြစ်လာခဲ့၏။
“ နင် နင် …ပေါက်တတ်ကရတွေ လျှောက်လုပ်မနေနဲ့… သူများတွေ မြင်ကုန်လိမ့်မယ်….”
သူမ အားအင် ဖျစ်ညစ်၍ ထိုစကားလုံးများကို အော်ပြောလိုက်သည်။
“ ဒါက ထိပ်ဆုံးထပ်… ဘယ်သူမှ မရှိဘူး…”
“ ရှောင်ဝမ် … ငါ့အဖေဆီကကြားတာတော့ အထက်ကြီးပိုင်းတွေက ဒီရဲ့ နေရာကို လုပ်ခလစာမြင့် စက်မှုဇုန်စင်တာအဖြစ် ပြောင်းတော့မှာ… မြို့ကလည်း အစည်းအဝေး ထိုင်ပြီးပြီဆိုတော့ မကြာခင် ဒီစင်တာက ပိုင်ဆိုင်သူ ရှိလာတော့မှာ…”
ထိုအသံကိုကြားတော့ လင်းရီနှင့် လျန်ရူရွှယ်တို့မှာ အံ့အားသင့်သွားခဲ့ကြပြီး သူတို့ လုပ်လက်စ အလုပ်ကို ရပ်လိုက်ကြ၏။
ယခုလိုမြင်ကွင်းအား အခြားသူများကို မြင်တွေ့ခွင့် မပြုနိုင်ပေ။
လျန်ရူရွှယ် လင်းရီကို စိတ်ဆိုးစွာ ဆွဲစိတ်လိုက်ပြီး “ ကောင်စုတ်...ငါ တုံ့ပြန်တာ မြန်လို့ပေါ့… သူများတွေသာ မြင်သွားလို့ကတော့ ငါတော့ ဆုံးပါပြီ…”
“ မြင်တော့ကော ဘာဖြစ်လဲ… ငါတို့အားလုံးက အရွယ်ရောက်ပြီးတဲ့သူတွေပဲ မဟုတ်ဘူးလား… သူတို့ နားလည်ပေးရမှာပေါ့….”
“ နင့်ဖင်ကြီးပဲ နားလည်ပေးလိမ့်မယ်….”
သို့သော်လည်း တစ်ယောက်ယောက် လာနေသည်ကို မြင်သောကြောင့် လျန်ရူရွှယ် ကမန်းကတမ်း သူမ၏ ကိုယ်နေဟန်ထားကို တည်ငြိမ်အောင် လုပ်လိုက်ပြီး
“ နင် နေရာရွေးပြီးသွားပြီလား…”
“ အင်း…”
“ ငါတော့ ဒီထိပ်ဆုံးထပ်က အတော်လေး မဆိုးဘူးလို့တော့ ထင်တာပဲ..” လင်းရီ လျန်ရူရွှယ်ကို ဆက်လက် မစနောက်တော့ပဲ သူ၏ အတွေးများကို ထုတ်ဖော်လိုက်၏။
မူလကတော့ လင်းရီ လုံရှင်းနှင့် Sci-tech ကို အများပိုင်အဖြစ် ကြေညာပြီးနောက် ကုမ္ပဏီလိပ်စာကို လင်းယွမ်အဆောက်အဦးတွင် သတ်မှတ်ရန် စီစဉ်ထားခဲ့သော်လည်း ယခုတော့ အဆောက်အအုံမှာ သူ၏ အပိုင်ဖြစ်လာသောကြောင့် ယခုနေရာတွင် ကုမ္ပဏီအသစ် တည်ရန်မှာလည်း သိပ်ဆိုးဝါးသည့် အကြံဉာဏ်တော့ မဟုတ်ချေ။
“ နင် ဆုံးဖြတ်ပေါ့… ဘယ်နေရာပဲ ရွေးရွေး အတူတူပါပဲ.. ငါက နင့်ကို လုပ်ထုံးလုပ်နည်း ကိစ္စတွေ အားလုံး ကူညီပေးသွားမှာ…”
“ အင်း….. အဲ့တာဆို အတည်ပြုလိုက်ပြီ…”
လင်းရီအတွက်တော့ ထိပ်ဆုံးထပ်တွင် ရပ်နေရသည်က ကောင်းသည့် လက္ခဏာဖြစ်သော်လည်း မည်သည့် အထပ် ဆိုတာနှင့် စပ်လျဉ်း၍ကတော့ တယူသန်မနေခဲ့ချေ။
“ ဟေ့… ညီကို…”
နှစ်ယောက် ထွက်ခွာတော့မည့် အချိန်တွင် နောက်ကျောဘက်မှ မျှော်လင့်မထားသည့် လှမ်းခေါ်သံကို ကြားလိုက်ရ၏။
ထိုသူများကတော့ ယခုလေးတင် ထိပ်ဆုံးထပ်သို့ တက်လာခဲ့ကြသည့် လူလေးယောက်ပင်။ အမျိုးသား နှစ်ယောက်နှင့် အမျိုးသမီး နှစ်ယောက်တို့ ပါရှိပြီး အမျိုးတစ်ဦးမှလွဲ၍ ကျန်သူများမှာ လျန်ရူရွှယ်ကဲ့သို့ သာမန် အဝတ်အစားများကိုသာ ဝတ်ဆင်ထားကြလေသည်။
ဦးဆောင်လာသူ အမျိုးသားမှာ ခေတ်စားနေသည့် ဖက်ရှင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဆံပင်ကို အကြေတွန့် တွန့်ထားကာ ပွဖောင်းဖောင်း တီရှပ် အနက်ရောင်နှင့် ငွေဆွဲကြိုးကုံး အတုတ်ကြီးကိုလည်း ဆွဲထားသေး၏။ AJ1 ဖြင့် မိမိုက်နေသည့် ခေတ်မှီလူငယ်လေးတစ်ဦးပင်။
သို့သော်လည်း အနှီလေးယောက်ထဲတွင် မျက်စိ အဖမ်းစားနိုင်ဆုံးကတော့ ထိုလူငယ် နံဘေးတွင် ရပ်နေသည့် အမျိုးသမီးလေးဖြစ်၏။ သူမက လျန်ရူရွှယ်ကဲ့သို့ လျှာထုပ်ဦးထုပ်ကို ဆောင်းထားပြီး ရှည်လျားသည့် ဆံနွယ်တို့က ပခုံးပေါ် ချထားကာ ဂျင်းအနက်နှင့် ဘွတ်ဖိနပ်တို့က သူမ၏ ရှည်သွယ်သည့် ခြေထောက်များပေါ်တွင် ပေါ်လွင်ထင်ရှားနေလေသည်။
သေချာကြည့်ကြည့်ပါက အဆိုပါ မက်မောစရာ ပေါင်တံ နှစ်ချောင်းကပင် ဆက်စီကျကျ ၊ အနက်ရောင် ကျစ်ကျစ်လျစ်လျစ်၊ စွင့်စွင့်ကားကားနှင့် စွဲမက်စရာကြီးဖြစ်၏။
အမျိုးသား နာမည်ကတော့ ကျိုးဇီဖြစ်ပြီး အမျိုးသမီး၏ နာမည်ကတော့ ရွှီးဝမ်ပင်။ ကျန်နှစ်ယောက်ကတော့ ဟန်ဖေး၊ ဝမ်ကျိန်းတို့ ဖြစ်ကြပြီး လေးယောက်လုံးက ကျိုးဟိုင် နည်းပညာတက္ကသိုလ်ကျောင်းသားများ ဖြစ်ကြကာ မာစတာဘွဲ့ရများဖြစ်ကြလေသည်။
ရွှီးဝမ်မူကား ကြည့်ကောင်းသူ အမျိုးသမီးလေးဖြစ်ပြီး ယခုလို လုံးကိတ်သည့် ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်နိုင်ရန် gym တွင် နှစ်အတော်ကြာ ကြိုးပမ်းခဲ့ရ၏။
ကျိုးဇီကတော့ မိသားစု အဆက်အသွယ်ဖြင့် မာစတာဘွဲ့ရထားသူပင်။ မည်သို့ပင်ဆိုစေ ကျိုးဟိုင်နည်းပညာ တက္ကသိုလ်မှာ သာမန် 211 တက္ကသိုလ်လေး တစ်ခုသာဖြစ်သောကြောင့် ဘွဲ့တစ်ခု ရရန်က ဘယ်လောက်မျှ မပေးရချေ။
သို့သော်လည်း ကျိုးဇီနှင့် မတူညီစွာ ရွှီးဝမ်ကမူ မာစတာဘွဲ့ ဒုတိယနှစ်ကပင် သူမ၏ စာတမ်းကို ကြိုတင်ပြင်ဆင်ပြီး SCI ဂျာနယ်တွင်ပင် ထည့်သွင်းဖော်ပြခြင်း ခံခဲ့ရ၏။ ကျောင်း၏ ပံ့ပိုးကူညီမှုနှင့်အတူ စွန့်ဦးတီထွင် လုပ်ငန်းရှင် တစ်ယောက်၏ လမ်းကြောင်းပေါ်သို့ တက်လှမ်းလာခဲ့ပြီး အောင်မြင်မှု တစ်ချို့ရရှိရန် ကြိုးပမ်းနေသူလေးပင်။ ထို့ကြောင့် အနာဂတ်တွင် ပိုကောင်းသည့် အလားအလာတို့နှင့် တရားဝင်ကုမ္ပဏီတစ်ခု တည်ထောင်နိုင်ရန်အတွက် ယခု အဆောက်အအုံတွင် နေရာထိုင်ခင်း လာကြည့်နေရခြင်းဖြစ်၏။
“ ငါ့ကို ပြောနေတာလား…”
လင်းရီ၏ အမူအရာမှာ အေးစက်စက်ဖြစ်နေသည်။
အဆိုပါ သာသနာဖျက်များကြောင့်သာ မဟုတ်ပါက လင်းရီနှင့် လျန်ရူရွှယ်တို့ တစ်စခန်း သွားနိုင်သော်လည်း အဆိုပါ ရနိုင်ခဲလှသည့် အခွင့်အရေးမှာ ထိုတစ်သိုက်ကြောင့် လက်လွှတ်ဆုံးရှုံးလိုက်ရ၏။ ထို့ကြောင့်ပင် သူ အတော်လေး စိတ်လက်မကြည်မသာ ဖြစ်နေလေသည်။
“ ငါမေးချင်တာ မင်းလည်း ဒီမှာ ရုံးခန်းငှားဖို့ ရောက်လာတာလား…”
လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ ဘာလဲ ဖြစ်လို့..”
“ အမှန်အတိုင်းပြောရရင် ငါတို့လည်း ဒီမှာ ကုမ္ပဏီ ရုံးစိုက်မလို့… သီးခြားလေ့လာပြီးတော့ တစ်ယောက်နဲ့တစ်ယောက် မနှောင့်ယှက်ကြတာပေါ့…” ကျိုးဇီ ပြောလိုက်သည်။
“ အဲ့လိုလုပ်ဖို့ လိုမယ်မထင်ဘူး… ငါက ဒီတစ်ထပ်လုံးကို ယူပြီးသွားပြီ.. မင်းတို့ကောင်တွေ လိုချင်ရင် တခြား အထပ် သွားကြည့်ကြ…”
သူက တစ်ထပ်လုံး ယူလိုက်ပြီလား…
ဘယ်လောက်ကြီးတဲ့ ကုမ္ပဏီမို့လို့တုန်းဟ…..
လင်းရီနှင့် လျန်ရူရွှယ်တို့ ကျိုးဇီတို့ကို လျစ်လျူရှူလိုက်ပြီး တခြား နေရာများသို့ ဆက်လက် ကြည့်ရှုနေလိုက်ကြ၏။
အကယ်၍ တစ်ခုခု အလိုမကျစရာများ တွေ့သည်နှင့် လိုအပ်သည့် ပြောင်းလဲမှုများကို ပြုရပေမည်။
အချုပ်အားဖြင့်ဆိုသော် ယခုအချိန်မှစ၍ ဤအဆောက်အဦးမှာ လင်းရီ၏ ပိုင်နက် ဖြစ်သွားချေပြီ။ ထို့ကြောင့် သူ့ စိတ်ကျ ပြုမည်ဖြစ်၏။
လင်းရီတို့ ထွက်ခွာသွားခဲ့သည်ကိုမြင်တော့ ကျိုးဇီ နှာခေါင်းရှုံ့လိုက်သည်။
“ အဲ့ကောင်က တော်တော်လေကျယ်တဲ့ ကောင်ပါလားကွ… တစ်ထပ်လုံး ငှားမယ်ဆိုပဲ…” ဝမ်ကျိန်း စောဒက တက်လိုက်သည်။
“ ဒါပေမယ့် ငါ မှန်းကြည့်ရသလောက်တော့ သူ့ စိတ်အခြေအနေ သိပ်မကောင်းဘူးထင်တယ်နော်.. စကား ပြောသွားပုံကိုက စိတ်မရှည်တဲ့ဟန်နဲ့….” ဟန်ဖေး ပြောလိုက်၏။
“ ဘယ်စိတ်ရှည်မှာ.. ” ဝမ်ကျိန်း ပြောလိုက်ပြီး “ ငါတို့ ရောက်လာတော့ သူ့ဘေးက အမျိုးသမီး ပျာပျာသလဲနဲ့ အဝတ်တွေ ပြန့်အောင် လုပ်နေတာ မင်းမမြင်လိုက်ဘူးလား…”
“ မြင်တယ်လေ...အဲ့တာ ဘာဖြစ်နေလို့…”
“ သူတို့ မကောင်းတာ တစ်ခုခု လုပ်နေတဲ့ အချိန် ငါတို့နဲ့ ပက်ပင်းတိုးမိတယ်ဆိုတာ ရှင်းနေတာပဲ.. အဲ့တာကြောင့် ငါတို့ကို အကြောင်းမဲ့ စိတ်လာတိုပြနေတာ.…”
“ မဖြစ်နိုင်လိုက်တာ…” ဟန်ဖေး၏ အမူအရာမှာ အံ့အားတကြီး ဖြစ်သွားခဲ့ပြီး “ အဲ့လို ကိစ္စမျိုးတွေက ဒီလိုနေရာမျိုးတွေမှာမှ လုပ်လို့မရဘူး မဟုတ်လား…”
“ ကားထဲမှာတောင် ရမှတော့ ဘာလို့ ဒီလို နေရာမျိုးမှာ မရရမှာ.. “ ဝမ်ကျိန်း ရှင်းပြလိုက်ပြီး “ ဒီလိုမျိုး မြင်ကွင်းကျယ်တဲ့ နေရာမျိုးမှာ လုပ်ရတာကလည်း ဖီလင်တစ်မျိုးပဲလေ…”
“ ဟမ့်… နင်တို့ စိတ်ဓာတ်တွေကိုက နှာထန်နေကြတာ…” ဟန်ဖေး ပြောလိုက်ပြီး “ ဒီလိုနေရာမျိုးမှာ ဘာစိတ်လှုပ်ရှားစရာ ရှိလို့…. “
“ အဲ့တာက မင်း မကြုံဖူးသေးလို့ပါ…”
“ အပိုတွေ ပြောနေကြတာ တော်လောက်ပြီ…” ရွှီး၀မ် ပြောလိုက်ပြီး “ စောနက လူက တစ်ထပ်လုံး ဘွတ်ကင်လုပ်မယ်ဆိုတော့ ငါတို့ အောက်ထပ်က နေရာကောင်းလေးတွေ လိုက်ရှာကြည့်ကြတာပေါ့…”
“ သောက်ရေးမပါတာ… ကုမ္ပဏီ အများစုက ဒီကို မလာကြဘူး… လာတဲ့ ကုမ္ပဏီတွေကလည်း အကုန် အသေးစား အလတ်စားလေးတွေချည်းပဲ… သူ့မှာ အထပ်တစ်ခုလုံးကို ငှားနိုင်တဲ့ အစွမ်းအစ ရှိမယ်လို့ ထင်လား…. ဟာသပဲ…” ကျိုးဇီ ပြောလိုက်၏။
“ အဲ့တာလည်း ဟုတ်သားပဲ… ဒါဆို ငါတို့က တိုက်ခိုက်ကြရတော့မှာပေါ့နော်…” ဟန်ဖေး မေးလိုက်၏။
“ ဒါပေါ့ … ငါ့ အဖေရဲ့ အဆက်အသွယ်တွေကို ဆက်သွယ်ပြီးတော့ နေရာကောင်းကို ကြိုတင် စာချုပ်ချုပ် ထားလိုက်မယ်..” ကျိုးဇီ ရွှီးဝမ်ကို ကြည့်လျက် ပြောလိုက်၏။
“ တကယ်လို့ အရမ်းကြီး အလုပ်ရှုပ်မယ်ဆိုရင်လည်း ထားလိုက်ပါဟယ်… ထိပ်ဆုံးအထပ် ရနိုင်ရင် ကောင်းပေမယ့် မရလည်း အဆင်ပြေပါတယ်…”
“ ရှောင်ဝမ်… မင်းက ဘာလို့ အဲ့လောက် သွေးကြောင်နေတာ…. ငါတို့က မျှမျှတတ ယှဉ်ပြိုင်နေတာပဲလေ… နောက်ဆုတ်လို့ ဘယ်ဖြစ်မှာ…” ဝမ်ကျိန်း ပြောလိုက်ပြီး “ပြီးတော့ ငါတို့ ကုမ္ပဏီက ခုမှ စတည်ထောင်မှာ… အစကောင်းမှ အနှောင်းသေချာဆိုသလို ကောင်းတဲ့နေရာကို သေချာရွေးပြီးတော့ ရှေ့ပြေး နိမိတ်ဆောင်တဲ့ အနေနဲ့ ရအောင် ယူမှဖြစ်မယ်…”
“ ထောက်ခံတယ်… ငါတို့ တိုက်ခိုက်ပြီးတော့ ယူရင် ယူရမှာပဲ .… ပြောမရဘူးလေ… ငါတို့ရရင်လည်း ရသွားနိုင်တာပဲ မဟုတ်ဘူးလား..” ဟန်ဖေး ထောက်ခံ ပြောဆိုလိုက်၏။
“ အမှန်ပဲ… ငါတို့အားလုံးက လက်တွေ့ကျတဲ့သူတွေ… အဲ့လိုမျိုး အပျော်လင်လေးကို ရှုံးစရာ ဘာအကြောင်းရှိလို့…”
“ အပျော်လင်..” ဟန်ဖေး အံ့အားသင့်သွားခဲ့ပြီး “ ဝမ်ကျိန်း … နင်ဘာတွေ ပြောနာ…”
“ ငါပြောတာ မဟုတ်လို့လား…” ဝမ်ကျိန်း အချက်လက်ကျကျဖြင့် “ ငါတို့ ခုလေးတင် တွေ့လိုက်ရတဲ့ ကောင်လေးက ဆယ်လီတွေထက်တောင် ရုပ်ချောနေသေးတယ်… ပြီးတော့ အမျိုးသမီးကလည်း နေကာမျက်မှန်ကြီးနဲ့… သူမ ဘယ်သူမှန်း မမှတ်မိအောင် ဖုန်းကွယ်ထားတယ်ဆိုတော့ သေချာပြီ.. သူမက လင်ငယ်နဲ့ အပြင်ထွက်လာတဲ့ အိမ်ထောင်ရှိအမျိုးသမီး တစ်ယောက်ပဲ…”
“ အဲ့တာက စွပ်စွဲတာ ဖြစ်သွားပြီလေ..” ရွှီဝမ် ပြောလိုက်ပြီး “ ငါတို့မှာ သက်သေ အလုံအလောက်မရှိပဲနဲ့ သူများကို ရဲရဲတင်းတင်းကြီး စွပ်စွဲလို့ မရဘူး…”
“ ရှောင်ဝမ်…ရှောင်၀မ်... မင်းက အရမ်းရိုးအတာပဲ..” ကျိုးဇီ ခေါင်းခါရမ်းလိုက်ပြီး “ အဲ့ဒီအမျိုးသမီးက သူ့ကို စာရွက်စာတမ်း ကိစ္စတွေ ကူညီပေးမယ်လို့ ပြောနေတာ မကြားလိုက်ဘူးလား…. ဟိုကောင်လေးကို သူမရဲ့ ချမ်းသာမှုတွေနဲ့ ပံ့ပိုးပေးနေတာလေ… မဟုတ်ရင် ဘယ်သူက အဲ့လိုမျိုး ကမ်းလှမ်းပေးလာမယ်လို့ ထင်လဲ…”
ကျိုးဇီ၏ စကားလုံးများကို ကြားတော့ ရွှီဝမ် စောနက စကားဝိုင်းကို ပြန်လည်ကြားယောင်လိုက်သောအခါ အမှန်တကယ်ပင် ထိုသို့ ပြောသွားခဲ့ကြောင်း သတိပြုမိလိုက်၏။
ရွှီဝမ် သူမခေါင်းကို ကူကယ်ရာမဲ့စွာဖြင့် ရမ်းလိုက်ပြီး ကောင်လေးအတွက် နောင်တရသလို ခံစားလိုက်ရသည်။
ယနေ့ခေတ်တွင် ရုပ်ချောသည်နှင့် အလုပ်ခွင်တွင် အားသာမှုပေါင်းများစွာ ရှိလေသည်။ ကျိုးဟိုင်လို နေရာမျိုးတွင်ပင် အလုပ်တစ်ခု ရှိရုံနှင့် အကြွေးကင်းကင်း သာယာချမ်းမြေ့စွာ နေထိုင်နိုင်သည်။
သို့သော်လည်း လူငယ်ပီပီ အားထုတ်ကြိုးပမ်းချင်စိတ်တို့မရှိ၊ ဖြတ်လမ်းနည်းဖြင့် ပိုက်ဆံရှာကာ သူများ၏ အပျော်လင်လေး လုပ်နေခဲ့၏။
နှမြောစရာ ကောင်းလွန်းပေစွ။
“ ဒီမှာပဲ အဆုံးသတ်ကြတာပေါ့.. ငါပြန်ပြီးတော့ အဖေ့နား အဆက်အသွယ်တွေတောင်းပြီး စာချုပ် စောစောစီးစီး ချုပ်နိုင်အောင်သွားပြောကြည့်လိုက်မယ်…”
“ အိုကေ ..အဲ့လိုဆို အစ်ကိုကျိုးလက်ထဲပဲ လွှဲခဲ့လိုက်တော့မယ်…” ဝမ်ကျိန်း ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်ပြီး “ ကျုပ်ကတော့ ထိပ်ဆုံးထပ်ရတာနဲ့ ကျုပ်တို့ကုမ္ပဏီရဲ့ အလားအလာက ကောင်းတော့မယ်လို့ နိမိတ်တွေ မြင်နေရတယ်…”
“ အင်း… ငါလည်း တူတူပါပဲ…”