မင်းရဲ့ အကျင့်စရိုက်ကို ယုံလို့မဟုတ်ဘူး...
Vol. 42 Ch. 627
'အာ....'
လင်းရီ၏ ဂျူနီယာ နှစ်ယောက်မှာ သူမတို့ မျက်လုံးများ ပြူးကျယ်သွားခဲ့ကြ၏။
သူတို့ရဲ့ စီနီယာအချောလေးက အရမ်းကို စိတ်ကြီးတာပဲ.. တီချယ်လီကိုတောင်မှ အဲ့လိုမျိုး ပြန်ပြောရဲတယ်...
လီကျစ်ဝေ၏ မျက်နှာမှာ ရဲရဲနီလာခဲ့သည်။ လူ့ပတ်၀န်းကျင်၏ အထုအထောင်းများကို ခံရပြီးနောက် လင်းရီ၏ မောက်မာသည့် စရိုက်ကို လျော့ချနိုင်ပြီဟု ထင်ထားသော်လည်း ပို၍ပင် ဆိုးရွားလာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။
"လင်းရီ.. မင်းက ကျိုးဟိုင် တက္ကသိုလ် ကျောင်းဆင်းပဲ.. ဘာပဲဆိုဆို အဲ့ဒီကျောင်းမှာ နှစ်တွေ အများကြီး နေသွားတာပဲ မဟုတ်ဘူးလား... မင်းရဲ့ ဆရာတွေကို လေးစားမှုလေးတော့ ပေးသင့်တယ်..."
"ကျုပ်ကို ဆရာဆိုပြီး လေးစားချင်နေတာလား... အဲ့လိုဆိုရင်တော့ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေ အကြောင်း အရင်စကားပြောကြတာပေါ့..."လင်းရီ ပြောလိုက်ပြီး "ကျုပ် မှတ်မိပါသေးတယ်.. တလောတုန်းက ကျိုးဟိုင် တက္ကသိုလ်ကနေပြီး နိုင်ငံတကာ ကျောင်းသားတွေ လိုက်နာဖို့အတွက် ပြဌာန်းချက်တွေ အများကြီး ထုတ်ပြန်ထားတယ် မဟုတ်ဘူးလား... အဲ့တာကိုတောင် ခုထိ ဖိနပ်လျက် နေတဲ့ ပုံစံ ပြနေတယ်ဆိုတော့ .. ဘာလို့လဲ.. ပြဌာန်းချက်တွေထဲမှာ ရာဇသတ်ကြီး ဥပဒေ မပါလို့ အလေးမထားကြတာလား.... "
လင်းရီ ကျိုးဟိုင် တက္ကသိုလ်တွင် ရှိစဉ်အခါက နိုင်ငံခြား ကျောင်းသားများမှာ ဗိုလ်ကျကြီးစိုးပြီး အတော်လေး မွှေနှောက်ခဲ့၏။
ထိုအကြောင်း ပြချက်ကြောင့်ပဲ ဟွာရှ နိုင်ငံရပ်ခြား ပညာရေး ကော်မရှင်မှ ထိုသို့သော ဖြစ်ရပ်များကို ကာကွယ်နိုင်ရန် စည်းမျဉ်းစည်းကမ်းတစ်ချို့ကို ပြဌာန်းပေးခဲ့သည်။
သိူ့သော်လည်း လက်ရှိ အခြေအနေကို ကြည့်ရသလောက်တော့ အဆိုပါ စည်းမျဉ်းစည်းကမ်းများက နိုင်ငံခြား ကျောင်းသားများ အပေါ်၌ အပြည့်အ၀ အကျိုးသက်ရောက်မှု မရှိသည့်ပုံပင်။
မဟုတ်ပါက လီကျစ်ဝေ ယခုလို အထိတ်ထိတ် အလန့်လန့် ဖြစ်နေလိမ့်မည် မဟုတ်ချေ။
လီကျစ်ဝေ၏ မျက်နှာ အမူအရာမှာ ဆက်တိုက်ဆိုသလို ပြောင်းလဲနေလေသည်။ လင်းရီမှ ဥပဒေ ပြဌာန်းချက်များအကြောင်း ထုတ်ပြောလာလိမ့်မည်လို့ မျှော်လင့်မထားချေ။
ယင်းက သူ့ကို မည်သို့ ပြန်ဖြေရမှန်းမသိ ဖြစ်သွားစေပြီး သူ၏ လေသံပင် ယခင်ကကဲ့သို့ မမာနိုင်တော့ပဲ "လင်းရီ .. ငါမင်းကို ဒီလိုတွေ ပြောပြနေရတာက အုံကြွမှုတွေ ဖြစ်လာမှာဆိုးလို့... "လီကျစ်ဝေ ပြောလိုက်ပြီး "ပြီးတော့ ငါတို့ကျောင်းမှာ နိုင်ငံခြား ပညာတော်သင် ကျောင်းသားပေါင်း တစ်ရာကျော်တယ်... လူး၀စ်က နိုင်ငံတကာ ကျောင်းသားများ အစည်းအရုံး ဥက္ကဌပဲ... တကယ်လို့ ဒီကိစ္စသာ ပေါက်ကွဲထွက်လာမယ်ဆိုရင် ဘယ်လောက်တောင် ပြင်းထန်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာမလဲဆိုတာ မင်းသိလား..."
"နိုင်ငံတကာ ကျောင်းသားများ အစည်းအရုံး...."လင်းရီ ရေရွတ်လိုက်ပြီး "ကျုပ် ကျောင်းတက်တုန်းက အဲ့လို အစည်းအရုံးမျိုး မရှိပါဘူး..."
"အဲ့တာ အသစ်..."
"ကောင်းတာပေါ့.. ဖြစ်လာတော့လည်း တစ်လက်စတည်း နှိမ်နင်းလို့ အဆင်ပြေသွားတာပေါ့..."
လီကျစ်ဝေ "....."
" ငါ အကြံပေးနေတာကို အေးဆေး လက်ခံလိုက်... မဟုတ်ရင် အကျိုးဆက်တွေ ပြင်းထန်လွန်းလို့ မင်း တာ၀န်ယူနိုင်မှာ မဟုတ်ဘူး..."
"ကျုပ်ကို အကျိုးဆက်တွေ အကြောင်း လာမပြောနဲ့..."လင်းရီ ပြောလိုက်ပြီး "ကျုပ် ကျောင်းနေတုန်းက ခင်များလည်း ကျုပ် ဘယ်လို စရိုက်မျိုး ရှိတယ်ဆိုတာကို နားလည်ပါတယ်... ရှင်းရှင်း ပြောမယ်ဗျာ.. အရင်ကအတိုင်းပဲ .. လုံး၀ မပြောင်းပေးနိုင်ဘူး...တကယ်လို့ ယွမ်နှစ်သိန်း မမြင်ရဘူးဆိုရင် သူတို့ ကျန်တဲ့ သက်တမ်း တစ်လျှောက်လုံး ထောင်ထမင်း ထောင်ဟင်းသာ စားဖို့ ပြင်ထားလိုက်တော့...."
"မင်း....."
"မင်းတွေ ငါတွေ လုပ်မနေနဲ့..."လင်းရီ ပြောလိုက်ပြီး "တစ်ခုခု စားမယ်ဆိုရင် နေရာတစ်ရာမှာ ထိုင်ပြီး အော်ဒါမှာလိုက်.. ဆရာတပည့် ဆက်ဆံရေးကို ထောက်ထားပြီးတော့ ကျုပ် ၉၀ ရာခိုင်နှုန်း ဒစ်စကောင့် ပေးမယ်...."
"မင်း ကောင်စုတ်လေးကတော့ ... ငါမင်းကို တကယ်မနိုင်တော့ဘူးပဲ..."ခေါင်းခါရမ်းရင်း လီကျစ်ဝေ ထွက်ခွာသွားခဲ့သည်။
ယင်းမြင်ကွင်းက ဆိုင်ရှိ စားသုံးသူများကို လင်းရီ၏ ယောက်ျားပီသသည့် ဘက်ခြမ်းကို မြင်တွေ့သွားစေသည်။
ဒီလိုမျိုး နွားရိုင်းဆယ်ကောင်ဆွဲတောင် မယိုင်လဲတဲ့ စိတ်ဓာတ်က ဘယ်လောက်တောင် ဆွဲဆောင်မှု ရှိလိုက်လဲ....
"သူဌေး... ငါ နင်နဲ့ ဝီချင် အပ်ချင်လို့..."
ဆံပင်အရှည်နှင့် မိန်းကလေးတစ်ဦးမှ ပြောလိုက်၏။
"တော်ပြီ.. ငါ့မှာ ချစ်သူရှိပြီးသား.. ဝီချက် အပ်စရာ အကြောင်းမရှိဘူး... "
"အိုက်ယား.. သူဌေးရဲ့ ကောင်မလေးက ခု ဒီမှာ ရှိနေလို့လားလို့..."
"သူဌေး.. နင့်ရဲ့ ဆိုင်မှာ စားဖို့အတွက်ကို တစ်လသုံးစရိတ်ကို တစ်ခါတည်း သုံးပစ်လိုက်တာနော်... ဝီချက်လေးတောင် ပေးမအပ်ချင်ဘူးလား...."နောက်ထပ် မိန်းကလေး တစ်ယောက်မှ သနားစဖွယ် တောင်းဆိုလာခဲ့၏။
"ဆိုင်က ငွေချေတဲ့ ကုတ်က လေဒီဘော့စ်ဟာမလား.. ခု ငါတို့ ပေးချေတဲ့ ပိုက်ဆံတွေ အကုန်လုံးက သူ့ အိတ်ကပ်ထဲပဲ ရောက်သွားမှာလေ.. ဝီချက် အပ်ပြီးသွားရင် ငါတို့ သူဌေးရဲ့ အကောင့်ကိုပဲ တိတ်တိတ်လေး လွှဲပေးလိုက်တော့မယ်.. အဲ့နည်းလမ်းက ပိုမကောင်းဘူးလား..."
"အွန်း အွန်း ဟုတ်တယ် သူဌေး... အပ်ရအောင်လေနော်..."
ချလပ်....
မိန်းကလေး အများအပြားမှ လင်းရီ အနား ဝိုင်းအုံ၍ ဝီချက်အပ်ရန် စိတ်အားထက်သန်နေကြစဉ် ကျီချင်းရန် အပြင်မှ ရောက်လာပြီး လင်းရီကို မျက်စောင်းလေး ခဲလိုက်၏။
လှပသည့် လေဒီဘော့စ်မှ ဆိုင်ထဲသို့ ၀င်ရောက်သည်ကို မြင်တော့ ကောင်မလေးများအားလုံး အေးခဲသွားကြပြီး ကိုးရို့ကားယား ဖြစ်သွားကြလေသည်။
"သူဌေးကတော်.. အထင်မလွဲနဲ့နော်.. ညီမ ဝီချက်အပ်ချင်တယ်ဆိုတာက အားရင် ဒီမှာ လာကူပေးမလို့..."
"ဟုတ်တယ် ဟုတ်တယ် ... ဥပမာ ပြောရရင် သူဌေးတို့ ကလေးရတဲ့ အချိန်ကျ မူကြိုပို့ရင် ညီမတို့ ကူကြည့်ပေးလို့ ရတယ်လေ... "
လင်းရီ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။
ဒီကောင်မလေးတွေ တက္ကသိုလ်တက်နိုင်တာ မဆန်းတော့ပါဘူး.. သူတို့ရဲ့ အလိုအလျောက် တုံ့ပြန်ချက်တွေက အရမ်းကောင်းတယ်...
ကျီချင်းရန် ပြောစရာ စကား ကင်းမဲ့သွားခဲ့သည်။
ကုမ္ပဏီမှာ ၀န်ထမ်းတွေ ဒီလောက်များနေတာကို သူတိူ့ အကူအညီယူဖို့ လိုပါ့ဦးမလား...
မည်သို့ပင်ဆိုစေ ကျီချင်းရန် ရောက်လာသောကြောင့် ကောင်မလေး တစ်သိုက်မှာ ဖုန်းများကို ရုတ်သိမ်း၍ အပြုံးကိုယ်စီဖြင့် ထွက်ခွာသွားကြလေသည်။
ကျီချင်းရန် ထိုအချင်းအရာကို အလေးအနက် ထားမနေချေ။
သူမ အနားလည်း အကြောင်းမဲ့ ရောက်လာပြီး ဝီချက်တောင်းသူများ ရှိပါသည် မဟုတ်ပါလော။
မွန်းလွဲငါးနာရီသို့ ရောက်သောအခါ ဟော်ယွမ်ယွမ် ကပျာကလျာနှင့် ရောက်ချလာပြီး အလုပ်တစ်ချို့ ကူညီပေးလေသည်။
ညရှစ်နာရီ ထိုးခါနီး အချိန်သို့ ရောက်သောအခါ ဆိုင်ရှိ ကတ်စတန်မာများလည်း တဖြည်းဖြည်း လျော့နည်းသွားခဲ့တော့၏။
အဘယ်ကြောင့်ဆိုသော် ကျီချင်းရန်မှ ဆိုင်ပိတ်သည် ဆိုင်းဘုတ်ကို ချိတ်ဆွဲလိုက်သောကြောင့်ပင်။
လင်းရီကတော့ ရိုးရှင်းသည့် ဟင်းလျာတစ်ချို့ကို ချက်ပြုတ်၍ ညစာ အတွက်စီမံနေလေသည်။
"ရီ... ငါကြားတာ ဒီနေ့ ဆိုင်ကို ပြဿနာ လာရှာတဲ့ သူတွေ ရှိတယ်ဆို..."ကျီချင်းရန် မေးလိုက်၏။
"အင်း.. ငကြောက် နှစ်ကောင်ပါကွာ.. ငါ တစ်ကောင်ကိုတော့ မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးပြီး နှစ်ကောင်လုံး အချုပ်ထဲ ပို့ထားတယ်..."
လင်းရီ မနက်ခင်းတုန်းက ဖြစ်ပျက်ခဲ့သည်များကို အသေးစိတ် နောက်ကြောင်းပြန်ပြလိုက်ပြီး သူ၏ ရဲဝံ့စွာ ကိုင်တွယ်သည့် အခန်းများကိုတော့ ရွှမ်းရွှမ်းဝေအောင် ပြောဆိုလိုက်လေသည်။
ဟော်ယွမ်ယွမ် ပျော်မြူးသွားခဲ့ပြီး "ဘော့စ်လုပ်လိုက်တာ အရမ်းကောင်းတယ်.. အဲ့ဒီ နိုင်ငံခြားကနေ ကျောင်းလာတက်တဲ့သူတွေ အကုန်လုံးက စက်ဆုပ်ဖို့ ကောင်းတဲ့ သူတွေချည်းပဲ.. ကျောင်းတုန်းကတောင်မှ အစ်မကျီကို အဲ့ဒီသူတွေပဲ လိုက်နှောင့်ယှက်တာလေ..."
"ဟမ်... အဲ့လိုကိစ္စတွေ ရှိခဲ့သေးတာလား..."
"ဘာလို့ ရုတ်တရက်ကြီး ခုမှ လာပြောနေတာ..."ကျီချင်းရန် ပြောလိုက်ပြီး "ပြီးခဲ့တာတွေကလည်း ပြီးခဲ့ပြီးပြီလေ..."
"နေပါစေ.. သူပြောပါစေ.. ငါနားထောင်ကြည့်ချင်လို့..."
"အစ်မကျီ PhD တက်တုန်းက ရန်တက္ကသိုလ်မှာ နိုင်ငံခြား ပညာတော်သင်လာတဲ့ ယူအက်စ်ကကောင် အစ်မကျီကို အရူးအမူး လိုက်ပိုးပန်းခဲ့တာလေ... ပန်းစည်းတွေ၊ လက်ဆောင်တွေဆို ပေးလိုက်တာများ စုံလို့စိလို့.. သူ့မိသားစု အဆက်အသွယ်တွေ သုံးပြီးတော့တောင် အစ်မကျီကို ကုမ္ပဏီတစ်ခု တည်ထောင်ပေးဖို့ ကမ်းလှမ်းလာခဲ့သေးတယ်... တကယ်လို့ တီချယ်ကျန်းသာ ပေါ်လာပြီးတော့ အဲ့ကောင်ကို မောင်းမထုတ်လိုက်ဘူးဆိုရင် အစ်မကျီ PhD ဆက်တက်ဖို့ ချင်းဟွာ တက္ကသိုလ်ကို ပြောင်းရလောက်တယ်... "
"ငိုးပဲ.. ဒီကောင် တော်တော် ရဲတင်းနေပါလားကွ...."
"အမှန်ပဲ.."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "ပြီးတော့ .. အဲ့ဒီတုန်းက အစ်မကျီက ရန်တက္ကသိုလ်ရဲ့ အလှဘုရင်မလေ... ဒီကိစ္စက ဟိုးလေး တကြော်ကြော်ပဲ.. ဒါပေမယ့် အစ်မကျီကတော့ အဲ့ကောင်ကို ရှိတယ်တောင် သဘောမထားဘူး...."
ကျီချင်းရန် သူမခေါင်းကို ဂုဏ်ယူစွာ မော့လိုက်၏။
'နင် မြင်လား.. ငါ အရင်တုန်းက ဘယ်လောက်တောင် နာမည်ကြီးထားလဲ... နင် ဒီလို အလှလေး ရထားတာကို အရမ်း ကံကောင်းတယ်မှတ်....'
"အဲ့ကောင် ချင်းရန်ကို ထပ်ပြီး နှောင့်ယှက်သေးလား..."
"ဟင့်အင်း .. အဲ့မှာတင် ရပ်လိုက်ရတာပဲ..."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "ဘာလို့လဲဆိုတော့ တီချယ်ကျန်းကြောင့် သူတို့ အရမ်းကာရော လျှောက်မလုပ်ရဲကြဘူးလေ.. အဲ့လိုနဲ့ တဖြည်းဖြည်း ရပ်တန့်သွားခဲ့တာ..."
"အဲ့ကောင်က ဘယ်အချိန်ရပ်ရမလဲ ဆိုတာတော့ ကောင်းကောင်းသိသားပဲ..."
ကျီချင်းရန် လှပစွာ ပြုံးလိုက်၏။ ယခုလို လင်းရီ သ၀န်တိုနေသည်ကို ကြည့်ရသည့် ခံစားချက်က တော်တော်လေး ကောင်းမွန်နေသည်။
"ဟုတ်သား... လုံးရှင်းနဲ့ Sci-tech အခြေအနေ ဘယ်လိုရှိလဲ..."လင်းရီ မေးလိုက်၏။
"ကျွန်မတို့ရဲ့ စံနှုန်းနဲ့ မညီတဲ့ လုပ်ထုံးလုပ်နည်း နှစ်ခု ရှိတယ်ဆိုပေမယ့် ပြန်ပြီးတော့ ပြုပြင်နေပြီ.. ပြောရရင် ထွေထူး အခက်အခဲတွေတော့ ဘာမှ မရှိဘူး.. ..."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "လူတိုင်းကလည်း လုံရှင်းနဲ့ Sci-tech က လင်းယွမ်အုပ်စုရဲ့ အကိုင်းအခက်တွေမှန်း သိတော့ သက်ဆိုင်ရာ ဌာနတွေကလည်း အကုန်လုံး မီးစိမ်းပြပြီးသား.. ကျွန်မတို့ အများပိုင်အဖြစ် ကြေညာနိုင်ဖို့ သိပ်မလိုတော့ပါဘူး..."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ခု ကျိုးဟိုင်မှာ လုပ်ခလစာမြင့် အင်ကျူဘေးရှင်း စင်တာတစ်ခု ရှိတယ်.. ငါတွေးထားတာတော့ ကုမ္ပဏီ အသစ်ရဲ့ တည်နေရာကို အဲ့မှာ ထားရင်ကောင်းမလားလို့..."
"အင်ကျူဘေးရှင်း စင်တာ..."ဟော်ယွမ်ယွမ် ရေရွတ်လိုက်ပြီး "၁၉၀ ၊ နန်ပင်းလမ်းက တစ်ခုမလား...."
"အမ်... မင်းက အကုန်သိနေပါလားဟ..."
"စဆောက်တုန်းကတည်းကနေ ကောလဟာလတွေ ကြားနေတာလေ.. ခုတော့ အဲ့အဆောက်အအုံလည်း ပြီးသွားတဲ့ပုံပဲ..."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "ဒါပေမယ့် ကျွန်မအမြင်အရတော့ လိုအပ်တယ် မထင်ဘူး... အဲ့လိုနေရာမျိုးတွေက ကုမ္ပဏီအသေးစားလေးတွေ အတွက်လေ.. တကယ်လို့ လုံရှင်းကိုသာ အဲ့မှာ ရုံးစိုက်လိုက်မယ်ဆိုရင် ကုမ္ပဏီရဲ့ ပုံရိပ်ကို ကျဆင်းစေတယ်..."
"အမှန်ပဲ.. ဒါပေမယ့် အဲ့ဒီနေရာက ခု ငါ့ဥစ္စာဖြစ်သွားပြီလေ... နေရာဖြုန်းတီးလို့ ဘယ်ကောင်းမှာ..."
"အဟွတ်...အဟွတ်..."
ဟော်ယွမ်ယွမ် သီးပြီး စားနေသည့် ခေါက်ဆွဲဖက်များ နှာခေါင်းထဲမှ ပြန်ထွက်ကျတော့မလို ဖြစ်သွားခဲ့သည်။
"အင်ကျူဘေးရှင်း စင်တာက ဘော့စ်ဥစ္စာ... ဘယ် အချိန်တုန်းကလည်း ၀ယ်လိုက်တာ.. ဘော့စ်ရဲ့ ပိုက်ဆံတွေ အကုန်လုံးက ကျွန်မရဲ့ အကောင့်ထဲမှာ မဟုတ်ဘူးလား.... အဲ့တာကို ဘာလို့ မသိလိုက်တာ..."
ကျီချင်းရန်လည်း ဇဝေဇဝါ ဖြစ်သွားခဲ့၏။
'ဒီကောင် ငါမသိအောင် ပိုက်ဆံတွေ ကြိတ်စုနေတာများလား...'
"မင်းရဲ့ အစ်မကျီတောင် မသိတာကို မင်းက သိရအောင် ဘာမို့လို့..."
"အစ်မကျီနဲ့ ကျွန်မက အရမ်းကိုခင်တဲ့ အတန်းဖော် ညီအစ်မတွေပါနော်..ကျွန်မ အကြောင်းလည်း ကောင်းကောင်း နားလည်ပြီးသား..အရမ်းလည်း ယုံကြည်တယ်... တကယ်လို့ ဘော့စ်နဲ့ ကျွန်မနဲ့ အတူအိပ်ဖြစ်တယ်လို့ ပြောရင်တောင် အစ်မကျီက အထင်လွဲမှာ မဟုတ်ဘူး... "
"နေဦး.. မင်းကိုယ်မင်း အဲ့လောက် အထင်ကြီး မနေနဲ့..."လင်းရီပြောလိုက်ပြီး "မင်းရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ဆိုရင် သီအိုရီအရဆိုရင်တောင်မှ ငါ့ကို စော်ကားနေတာနဲ့ အတူတူပဲ... ပြီးတော့ မင်းရဲ့ အစ်မကျီ ယုံတယ် ဆိုတာကလည်း မင်းရဲ့ အကျင့်စရိုက်ကို မဟုတ်ဘူး.. အဲ့ဒီ ကိုယ်လုံးကိုယ်ပေါက်ပဲ... ဘာလို့ဆို မင်းက သူ့ကို မခြိမ်းခြောက်နိုင်ဘူးလေ...."
"အစ်မကျီ.. ကြည့်.. သူ ငါ့ကို အဲ့လိုပြောနေပြန်ပြီ... ဘာမှ ပြန်မပြောပေးတော့ဘူးလား...."
"နင်တို့ နှစ်ယောက်က ဆုံလိုက်တိုင်း တကြတ်ကြတ်ဖြစ်နေတာကို လိုက်ပြောနေရရင် ငါလည်း တခြား ဘာမှ လုပ်လို့ရမှာ မဟုတ်တော့ဘူး..."
သို့နှင့် သူမ လင်းရီကိုကြည့်လိုက်ပြီး "ဘယ်လိုတွေ ဖြစ်သွားလဲဆိုတာ ငါ့ကို ပြောပြ... နင် ဘယ်အချိန်တုန်းကတည်းကရင် အဲ့နေရာ ၀ယ်လိုက်တာ...."
"ငါ မ၀ယ်ပါဘူး... အထက်ကြီးပိုင်းတွေက လက်ဆောင် ပေးတာ..."လင်းရီ ပြောလိုက်ပြီး "ဒါရိုက်တာရှန်းက ခု လီတိုဂရပ်ဖီ ပရောဂျက်ကို သုတေသန လုပ်နေတာ မလား... နောက်ပြီး ငါတို့ နိုင်ငံရဲ့ ချစ်ပ်နဲ့ ဖုန်းအော်ပရေးရှင်း စစ်စတမ်က အားနည်းနေတော့ အထက်ကြီးပိုင်းတွေက လုံရှင်းကို ဟွာရှရဲ့ နည်းပညာနယ်ပယ်မှာ ရှေ့ဆုံးကနေ ဦးဆောင်လမ်းပြ ဖြစ်စေချင်နေတာ... ဒါကြောင့်မို့ ငါ့ကို ပေးလိုက်တာပဲ..."
"ဒါပေမယ့် အနှစ် ၂၀ ပဲ ပိုင်ဆိုင်ခွင့်ရှိတာ... ပြီးရင်တော့ နိုင်ငံဆီ ပြန်ပေးရမှာ..."
"အဲ့လိုဆိုရင်တောင်မှ မဆိုးဘူး ပြောရမှာပဲ..."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး " နောင် အနှစ် ၂၀ ဆိုတာက ကျွန်မတို့အတွက် ကိစ္စတွေ အများကြီး လုပ်ဖို့ လုံလောက်တယ်လေ... ပြီးတော့ လင်းယွမ်အုပ်စုက အများပိုင် ကုမ္ပဏီ အဖြစ်ကြေညာတဲ့ အခါကျရင် ဂုဏ်ဒြပ်တွေက မရှိမဖြစ် လိုအပ်လာမှာ.. ပြီးတော့ စတော့ခွဲဝေမှုတွေပါ ထပ်ပေါင်းလိုက်မယ်ဆိုရင် အချိန်တိုလေး အတွင်း ဘီလီယမ်နာတွေ ဖြစ်လာနိုင်တယ်... ဟိဟိ ... တွေးကြည့်ရုံနဲ့တင် စိတ်ကျေနပ်ဖို့ ကောင်းနေပြီ... "
ကလင် ကလင် ...
လင်းရီ စကားပြောတော့မည့် အချိန်တွင် သူ့အိတ်ကပ်ထဲရှိ ဖုန်းသံ မြည်လာလေသည်။ ယင်းက အမည်မသိ ဖုန်းနံပါတ် တစ်ခုပင်။
"ဟယ်လို.."
"ဟယ်လို မစ္စတာလင်း.. ကျွန်တော်က ကျိန်းရန် ရဲဌာနရဲ့ ဒါရိုက်တာ ရှစ်ရှောင်ရှင်းပါ.. ဒီနေ့ မစ္စတာလင်း ခိုင်းတဲ့ ကိစ္စတွေ လုပ်ပြီးသွားပါပြီ.. ဒါပေမယ့် ပိုက်ဆံယူဖို့ဆိုရင် လက်မှတ်လေး လိုနေလို့ အခု လက်မှတ်လာထိုးပေးလို့ အဆင်ပြေရဲ့လား...."
"ပြေပါတယ်.. ကျုပ် နာရီ၀က်အတွင်း လာခဲ့မယ်..."
"အိုကေ အိုကေ.. ကျွန်တော်တို့ စောင့်နေပါ့မယ်...."
"ကောင်းပြီ.. ကျေးဇူးပါ..."
ရိုးရှင်းစွာ စကားပြောပြီးနောက် လင်းရီ ဖုန်းချလိုက်လေသည်။
"ဘာတဲ့လဲ..."
ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့ ထပ်မစားတော့မည့်ဟန်ဖြင့် တူ ပြိုင်တူချရင်း မေးလိုက်ကြ၏။
"ရဲစခန်းက... နိုင်ငံခြားသား နှစ်ယောက် ပိုက်ဆံ စုပြီးပြီတဲ့ .. အဲ့တာ လာယူပေးဖို့ ပြောနေတာ...."
"ခုပဲ သွားကြမယ်လေ.. ငါတို့လည်း စားပြီးပြီ မဟုတ်ဘူးလား..."
ကျီချင်းရန် ပြောလိုက်၏။
"နောက်ထပ် နည်းနည်းလောက် ထပ်စားပါဦးလား.. ခေါက်ဆွဲတွေက တစ်၀က်ကြီးများတောင် ကျန်နေသေးတယ်..."
"ညရှစ်နာရီတောင် ကျော်နေပြီလေ.. တကယ်လို့ အများကြီး စားလိုက်ရင် ဘယ်လိုလုပ်ပြီး အစာချေနိုင်တော့မှာ..."
"အစာမကြေတော့လည်း မကြေဘူးပေါ့ကွာ... ပန်းလေးကဖြင့် ပိုင်ရှင်ရှိနေပြီးသားကို ဘာလို့ အဲ့လောက်ထိ ဂရုစိုက်နေတာ..."လင်းရီ ပြောလိုက်ပြီး "ဘာလဲ.. မင်းတခြား အတွေးတွေ ရှိနေတာလား..."
"ပေါက်တတ်ကရတွေ လျှောက်ပြောမနေနဲ့..."ကျီချင်းရန် သူမ ခေါင်းငုံ့လိုက်ပြီး နောက်ထပ် လေးငါးလုတ်ခန့် ထပ်စားလိုက်၏။
သို့သော်လည်း သူမ သေချာ စဉ်းစားကြည့်ပြီးနောက် လင်းရီ ပြောသည်က အဓိပ္ပာယ်ရှိကြောင်း ခံစားမိလေသည်။
ဟော်ယွမ်ယွမ်ကတော့ မျက်လုံးလှိမ့်လိုက်၏။ သူမကတော့ ဤနှစ်ယောက် တစ်တီတူးနေတာကို ဆက်မကြည့်နိုင်တော့ပဲ ပန်းကန်ဆေးရန် ထထွက်သွားတော့သည်။
စားသောက်ပြီးနောက် ဆိုင်ကို သန့်ရှင်းရေးလုပ်ကာ တံခါးသော့ခတ်ပြီး အနီးရှိ ကျိန်းရန် ရဲစခန်းသို့ ထွက်လာခဲ့ကြလေသည်။
မျှော်လင့် မထားစွာဖြင့် ရဲစခန်း အ၀င်၀တွင် လူဆယ်ဦးထက်မနည်း စုရုံးရောက်ရှိနေကြောင်း မြင်တွေ့လိုက်ရ၏။
ထိုလူများအားလုံးမှာ ကွဲပြားသည့် အသားအရောင် ကိုယ်စီနှင့် ဖက်ရှင်ကျနစွာ ၀တ်ဆင်ထားကြပြီး လင်းရီတို့ကို မြင်တော့ ထိုသူများလည်း ထူးဆန်းစွာ ပြန်ကြည့်လာခဲ့ကြသည်။
"ဒီ နိုင်ငံခြား ကျောင်းသားတွေက စုရုံးစုရုံးနဲ့ ဘာဖြစ်နေကြတာ...."ဟော်ယွမ်ယွမ် ပျော့ပျောင်းသည့် အသံဖြင့် ပြောလိုက်၏။
" လူး၀စ်နဲ့ နေသန်ကို လာကြိုကြတာနေမှာပေါ့..."
"အမ်.. သူတို့တွေ ငွေစုပြီး နင့်ကို လျော်ကြေးပေးလိုက်တာလား မသိဘူးနော်...."
"ဘယ်သူကပဲ ပေးပေး ကိစ္စမရှိဘူး.. အရေးကြီးတာက ပိုက်ဆံရဖို့ပဲ.. ကျန်တာ ဘာမှ ခေါင်းထဲထည့်နေစရာ မလိုဘူး... "တံခါး၀တွင် ရပ်နေသည့် နိုင်ငံခြား ကျောင်းသားများကို ဂရုစိုက်ခြင်း မရှိပဲ လင်းရီ သာမန်အတိုင်း ပြောလိုက်၏။
သို့သော်လည်း ထိုအခိုက်အတန့်တွင် ခပ်လှမ်းလှမ်း၌ ရပ်ထားသည့် BMW7 စီးရီး၏ မှန်တံခါး ကျလာပြီး ဒရိုင်ဘာ ထိုင်ခုံတွင်တော့ ရွှေအိုရောင် ဆံပင်နှင့် ပြာလဲ့သည့် မျက်၀န်းတို့ကို ပိုင်ဆိုင်ထားသည့် နိုင်ငံခြားသား တစ်ဦး ထိုင်နေလေသည်။ သူက ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့ကို ငေးမောရင်း မျက်၀န်းထဲတွင်လည်း တပ်မက်မှု အရိပ်အယောင်များကို မြင်တွေ့နေရ၏။