ပြန်လည် လက်စားချေရန် အစီအစဉ်
Vol. 42 Ch. 628
တစ်ချိန်တည်းတွင် သုံးယောက်သား ရဲစခန်းထဲသို့ ရောက်ရှိလာလေသည်။
လူးဝစ်နှင့် နေသန်တို့၏ မျက်နှာပေါ်တွင်တော့ ဆေးပတ်တီးများ စည်းထားကြပြီး အတော်လေး သနားစရာကောင်းသည့် ပုံစံများ ဖြစ်နေကြ၏။
လင်းရီကို မြင်တော့ နှစ်ယောက်သား ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်လိုက်ကြသည်။
“ မစ္စတာလင်း… ရောက်လာပြီလား…”
လင်းရီ ဝင်လာသည်ကို မြင်တော့ ရှစ်ရှောင်ရှင်း လျစ်လျူရှုဝံ့ခြင်း မရှိ၊ အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။
“ အားလုံး ပြီးသွားပြီလား…” လင်းရီ မေးလိုက်၏။
“ ဟုတ်ကဲ့… ပြီးပါပြီ… လျော်ကြေးငွေတွေ အားလုံး ဒီထဲမှာပါ….” ရှစ်ရှောင်ရှင်း ကြမ်းပြင်၌ ချထားသည့် အိတ်တစ်အိတ်ကို ကမ်းပေးရင်း ပြောလိုက်လေသည်။
“ မစ္စတာလင်း… ရေကြည့်လိုက်ပါဦး…”
“ မရေတော့ပါဘူး.. ကျုပ် ဒါရိုက်တာရှစ်ကို ယုံပြီးသားပါ… လက်မှတ်ထိုးရမယ်ဆို.. ဘယ်မှာလဲ စာရွက်စာတမ်းတွေ…”
“ အိုကေ အိုကေ… ဒီမှာပါဗျ…”
ရှစ်ရှောင်ရှင်း ကြိုတင်ပြင်ဆင်ထားသည့် စာရွက်စာတမ်းများကို ထုတ်ယူလိုက်၏။
လင်းရီ အကြောင်းအရာများကို တစ်ချက်ဖတ်ကြည့်လိုက်ပြီး မည်သည့် လွဲမှားမှုတို့မျှ မရှိကြောင်း သေချာတော့မှ သူ၏ နာမည်ကို လက်မှတ်ထိုးလိုက်လေသည်။
ထိုအခိုက်အတန့်တွင်တော့ ကိစ္စမှာ ပြီးဆုံးသွားပြီဖြစ်၏။
လင်းရီ လက်မှတ်ထိုးလိုက်သည်ကို မြင်တော့ ရှစ်ရှောင်ရှင်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။
လင်းရီလို အဆင့်အတန်းမျိုး ရှိသူတစ်ယောက်နှင့် ပြောဆိုဆက်ဆံနေရသည်က သူ့အတွက် အတော်လေး ဖိအားများလှလေသည်။
“ မင်းတို့နှစ်ယောက် ခု ဘာမှားလဲ သိသွားပြီလား…” ရှစ်ရှောင်ရှင်း လူးဝစ်နှင့် နေသန်တို့ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
“ သိပါပြီ…” နှစ်ယောက်လုံး စိတ်မပါတပါဖြင့် ပြန်ဖြေလိုက်ကြ၏။
“ကျယ်ကျယ်ပြောစမ်း….” လင်းရီ ပြောလိုက်၏။
“ ဟုတ် သိပါပြီ…”နှစ်ယောက်လုံး ကြောက်ကြောက်လန့်လန့်ဖြင့် မတ်တပ်ရပ်ပြီး အော်ဟစ်လိုက်ကြ၏။
“ ဒီလိုမှပေါ့… မှားရဲရင် ဝန်ခံရဲရတယ်… တကယ်လို့ ရိုက်ခံရရင်လည်း ကျေနပ်ပေးတတ်ရတယ်… ရောမ ရောက်ရင် ရောမရဲ့ စည်းကမ်းကို လိုက်နာရမှာ သဘာဝပဲ … ဟုတ်တယ်မလား… ပေါတောတောတွေ လျှောက်မလုပ်နဲ့…”
နှစ်ယောက်လုံး ဘာမျှ ပြန်မပြောကြချေ။ သို့သော်လည်း ကျေနပ်ခြင်းတော့မရှိ၊ ၎င်းတို့၏ ဒေါသများကို မျိုသိပ်ထားကြောင်း သိသာလေသည်။
လင်းရီကတော့ ယခုကိစ္စကို ဆက်အကျယ်ချဲ့လိုစိတ် မရှိတော့ချေ။ ယခုလို ကျောင်းသားများနှင့် အငြင်းပွားနေသည်က သူ့အတွက် ဘာအကျိုးမျှမရှိ၊ ထို့ကြောင့် အားလုံး ပြီးဆုံးပြီးနောက် ရဲစခန်းထဲမှ ထွက်ခွာသွားခဲ့တော့၏။
“ ဘာမှလုပ်စရာမရှိဘူးဆိုတော့ ညဈေးတန်းဘက် သွားကြည့်ကြရင်ကော…”
“ အွန်း .. ကောင်းသားပဲ… ဒီနေ့ ဘော့စ်က မညှာမတာ အရည်ညှစ်ထားတာဆိုတော့ ပြန်ပြီး အားဖြည့်ဖို့ လိုနေပြီ…” စားရမည် သောက်ရမည်ဆိုတော့ ဟော်ယွမ်ယွမ် အားတက်သရောနှင့် ထောက်ခံလိုက်၏။
လင်းရီ ကျီချင်းရန်ကို တစ်ချက်ကြည့်လိုက်ပြီး “ ငါ စားဖို့ ပြောတုန်းကကျ မစားပဲနဲ့ ညဈေးတန်းသွားဖို့ ချောင်းနေတယ်ပေါ့….”
“ ခစ်ခစ်….”
သူမ ရှက်ရွံ့စွာပြုံး၍ လင်းရီကို ညဈေးတန်းသို့ ဆွဲခေါ်သွားတော့၏။
တစ်ချိန်တည်းတွင် လူးဝစ်နှင့် နေသန်တို့လည်း ရဲစခန်းထဲမှ ထွက်လာခဲ့ကြလေသည်။
၎င်းတို့နှစ်ယောက်ကို မြင်တော့ အပြင်တွင် စောင့်နေကြသည့် လူအုပ်စုမှာ သူတို့အနား ချဉ်းကပ်လာကြ၏။
“ ဒီလောက်တောင် ဆိုးဆိုရွားရွားကြီး ရိုက်နှက်ခံခဲ့ရလားကွာ… လူးဝစ် … မင်းအဖေက ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား မဟုတ်ဘူးလား… ဟိုဘက်က ဘယ်နှစ်ယောက်မို့တုန်းကွ…”
၎င်းတို့၏ ပတ်တီးများနှင့် ရုပ်ပျက်ဆင်းပျက် အနေအထားကို မြင်တော့ နိုင်ငံခြား ကျောင်းသားများမှာ အံ့အားသင့်သွားကြသလို ကြောက်လည်း ကြောက်လန့်သွားကြလေသည်။
“ ပြောမနေစမ်းနဲ့… တစ်ယောက်တည်း… စောနလေးတင် မင်းတို့ရှေ့ ထွက်သွားတဲ့ကောင်ပေါ့… အဲ့ဟွာရှန့်ကောင်က တော်တော်လေး အားကြီးတယ်… ငါက သူ့ပြိုင်ဘက်မဟုတ်ဘူး…” လူးဝစ် ဒေါသတကြီးနှင့် ပြောလိုက်၏။
သူ၏ အမြင်တွင်တော့ သူအထင်အမြင် သေးသည့် ဟွာရှန့်ကောင်မှ ဒီလိုဖြစ်သွားအောင် လုပ်သွားသည်က တော်တော်လေး ရှက်ဖို့ ကောင်းလှလေသည်။
“ ကြည့်ရတာ အဲ့ကောင်က ဟွာရှန့်ကွန်ဖူး တတ်ထားတယ်နဲ့ တူတယ်…. မဟုတ်လို့ကတော့ မင်းရဲ့ ခွန်အားနဲ့ဆိုရင် အဲ့လိုကောင် ဆယ်ယောက်လာလည်း ပြဿနာ ရှိမှာမဟုတ်ဘူး…”
“ OK ကွာ… ခု အဲ့အကြောင်း မေ့လိုက်တော့ … ဘရန်ဒွန်က ဟိုမှာ စောင့်နေတယ်…”
သို့နှင့် လူးဝစ် မလှမ်းမကမ်းတွင် ရပ်ထားသည့် BMW 7 ထံသို့ လမ်းလျှောက်သွားလိုက်သည်။
တစ်ချိန်တည်းတွင် ကားထဲမှ လူလည်း အပြင်သို့ ထွက်လာလေသည်။
ထိုလူကတော့ ကျိုးဟိုင် ဖူတန်တက္ကသိုလ်ရှိ PhD ကျောင်းသား ဖြစ်ပြီး နာမည်ကတော့ ဘရန်ဒွန်ပင်။ ထိုသူကလည်း ကျိုးဟိုင် နိုင်ငံတကာ ကျောင်းသားများ အစည်းအရုံး၏ ဥက္ကဌအဖွဲ့ဝင် ဖြစ်၏။ ကျိုးဟိုင်ရှိ ဘွဲ့လွန်ကျောင်းသားများအားလုံး သူ၏ အုပ်ချုပ်မှု လက်အောက်တွင် တည်ရှိလေသည်။
လူးဝစ်နှင့် နေသန်တို့ ကိစ္စကို ကိုင်တွယ်ရာ၌ တာဝန်ရှိသူတစ်ဦးလည်း ဖြစ်၏။
“ ရို ဘဒို… ဘယ်လိုတောင် ဆော်ပလော်တီးခံခဲ့ရတာတုန်းကွ…”
ဘရန်ဒွန် ပါးစပ်ထဲတွင် စီးကရက် ခဲရင်း မေးလိုက်၏။ သူ၏ ရှည်လျားသည့် ရွှေအိုရောင် ဆံပင်တို့ကတော့ လေညှင်းများကြောင့် တစ်ခါတစ်ရံ ယိမ်းယိမ်းသွားပြီး ထီမထင်ဟန် အသွင်အပြင်ကို ဖြစ်ပေါ်စေနေသည်။
“ မေးမနေစမ်းပါနဲ့… ဒီလိုမျိုး ဖြစ်လာမယ်လို့တောင် ထင်မထားဘူး… မဟုတ်ရင် လူတွေ အများကြီး ခေါ်သွားပါတယ်…”
ဘရန်ဒွန် ခေါင်းညိမ့်လိုက်ပြီး လင်းရီနှင့် ကျီချင်းရန်တို့ ထွက်ခွာသွားသည့် အရပ်မျက်နှာဘက်သို့ မျက်နှာမူကြည့်လိုက်သည်။
“ မင်း စောနကကောင်နဲ့ ပါလာတဲ့ အမျိုးသမီးနှစ်ယောက်ကို သိလား…”
လူးဝစ် ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့၏ ပုံရိပ်ကို ပြန်လည်မြင်ယောင်ကြည့်ရင်း ခေါင်းခါရမ်းလိုက်၏။
“ မသိဘူး… ငါလည်း ဒီနေ့မှ မြင်ဖူးတာ…” လူးဝစ်ပြောလိုက်ပြီး “ ဒါပေမယ့် နှစ်ယောက်လုံးကတော့ အလန်းလေးတွေချည်းဟ…. အထူးသဖြင့် ဟို ဂျင်းပန်နဲ့ တစ်ယောက်ပေါ့…”
“ ဟားဟား…. အဲ့ကောင်မလေးက တကယ်ကိုလှတယ်..” ဘရန်ဒွန်ပြောလိုက်ပြီး “ တကယ်လို့ ငါမှတ်မိတာ မမှားဘူးဆိုရင် ဂျင်းပန်နဲ့ အမျိုးသမီးက ရန်တက္ကသိုလ်ရဲ့ အလှဘုရင်မပဲ ဖြစ်ရမယ်… မတွေ့ဖြစ်တာတောင် တော်တော်ကြာနေပြီ… ဒါပေမယ့် ကျိုးဟိုင်မှာ အခြေချနေလိမ့်မယ်လို့ ထင်မထားဘူး… ဘယ်လိုတောင် တိုက်ဆိုင်လိုက်လဲ…”
“ ဖက်ခ်.. မင်းတို့နှစ်ယောက်က အချင်းချင်း သိကြတယ်လား…”
“ သိတာပေါ့ကွ…” ဘရန်ဒွန် ပြောလိုက်ပြီး “ ငါ လိုက်ပြီးတောင် ပိုးပန်းဖူးသေး… ဒါပေမယ့် အိုနာကျိုးကန်းမကြီး တစ်ယောက်က ဝင်တားလို့ ပေါ့… မဟုတ်လို့ကတော့ ခုချိန်ဆို ငါ့အပိုင်ဖြစ်နေပြီ… ဒါပေမယ့် ခု တစ်ခြား ကောင်လေး တစ်ယောက်နဲ့ အတူရှိနေလိမ့်မယ်လို့တော့ ထင်မထားဘူး… နှမြောစရာပဲ….”
“ ငါယီးကို နှမြောနေတာလား.. ခု ပြန်တွေ့ပြီဆိုတော့ သူမကို ပြန်လုယူလိုက်ရင် ရနေပြီလေကွာ.. ရှင်းနေတာပဲ မဟုတ်ဘူးလား…”
“ ဘဒို… ငါ့စီနီယာက အဲ့လောက် ပိုးပန်းဖို့ မလွယ်ဘူးဟ… ဒါကြောင့်မို့ အရမ်း စိတ်လောလို့ မရဘူး….”
ဘရန်ဒွန် ပြောလိုက်ပြီး “ ခု ဒီကိစ္စက တော်တော်လေးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပြီ… ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း လူတိုင်းက ဒီကိစ္စကို ဆွေးနွေးနေကြတာ… ကျိုးဟိုင်တင် မဟုတ်တော့ဘူး.. ဟွာရှတစ်ပြည်လုံးက ကျောင်းသားတွေ အကုန်လုံး ဒီကိစ္စကို လေ့လာစောင့်ကြည့်နေကြတာ… ဆိုတော့ သေချာပေါက်တစ်ခုခုတော့ ပြန်လုပ်မှ ဖြစ်မှာ…”
အဖြစ်အပျက်မှာ အတိတ်ရှိ နိုင်ငံတကာ ကျောင်းသားများနှင့် သာမန် တက္ကသိုလ်ကျောင်းသားများ ပွဲဖြစ်သည့် ကိစ္စလောက် မပြင်းထန်သော်လည်း ဖြစ်ပျက်သည့် နေရာကွာခြားမှုကြောင့် ရလဒ်မှာလည်း ကွဲပြားသွားခဲ့လေသည်။
ကျိန်းရန်လမ်းမှာ တက္ကသိုလ်များ ဝိုင်းရံထားသည့် အလယ်တွင် တည်ရှိပြီး နေ့စဉ်ရက်ဆက် ကျောင်းသား ထောင်နှင့်ချီက ယခုလမ်းမှ ဖြတ်လျှောက်နေကြလေသည်။
ဟွာရှကျောင်းသားများမှ သူတို့လို နိုင်ငံတကာ ကျောင်းသားများအပေါ် အမြင်မကြည်မှုပါ ထပ်ပေါင်းထည့်လိုက်ပါက အဖြစ်အပျက်မှာ အလွန်လျင်မြန်စွာဖြင့် ဝတ်မှုန်ကူးသည့်သဖွယ် အင်တာနက်ပေါ် ပျံ့နှံ့သွားခဲ့ပြီး ရေပန်းစားလာခဲ့သည်။
ထိုအခိုက်အတန့်တွင် အင်တာနက်တစ်ခုလုံး အားရကျေနပ်မှုများဖြင့် ပြည့်နှက်နေပြီး ယခုလို ရလဒ်ကို လူတိုင်းက အားပေးအားမြောက် ပြုနေကြ၏။
အဆိုပါ အကြောင်းအရင်းကို တွေ့တော့ ကျိုးဟိုင်ရှိ နိုင်ငံတကာ ကျောင်းသားများလည်း ဒေါသ ထောင်းနမောင်းထကာ ချက်ချင်း လက်ငင်း အုပ်စုနှစ်ခု ကွဲပြားသွားပြီး အွန်လိုင်းပေါ်တွင် ကီးဘုတ်တိုက်ပွဲ နွှဲကြတော့၏။ ထိန်းမရတော့သည့် အဆုံး၌ အခြေအနေများမှာ အပြင်လောကတွင် တွေ့ပါက ပစ်မှတ်ထားတိုက်ခိုက်ကြတော့မည့် အသွင်သို့ ကူးပြောင်းလာလေသည်။ ထို့ကြောင့် ဘရန်ဒွန်မှ မွန်းလွဲပိုင်း တစ်ညနေလုံး အဆိုပါ အရေးအခင်းများကို ကိုင်တွယ်ဖြေရှင်းရင်း အလုပ်ရှုပ်နေခဲ့၏။ သို့သော်လည်း သူ၏ ကြိုးပမ်းအားထုတ်မှုများက ထင်ထားသလောက် အရာမထင်ခဲ့ချေ။ များပြားလှသည့် လူပင်လယ်ကြီး အောက်တွင် သူ၏ ကြေညာချက်နှင့် ထုတ်ပြန်ချက်တို့က နစ်မြုပ်သွားပြီး လျစ်လျူရှုခြင်း ခံလိုက်ရတော့၏။
“ အဲ့ကောင်က တော်တော်ကြမ်းတယ်.. တကယ်လို့ ငါတို့ သင်ခန်းစာပေးမယ်ဆိုရင် သေချာပေါက် လူအများကြီး ခေါ်သွားမှရမှာ…” လူးဝစ် ပြောလိုက်၏။
“ ငါ့ အထင်တော့ ဒီတိုင်း သင်ခန်းစာပေးလိုက်တာက နည်းနည်းလေး သက်ညှာလွန်းရာ ကျနေမလားလို့…” နေသန် ပြောလိုက်ပြီး “ အဲ့ကောင် ငါတို့ကို ဒူးထောက်တောင်းပန်ရမယ်… ပြီးတော့ ဆိုင်လည်း ထပ်ဖွင့်ခွင့် ပေးလို့မရဘူး.. မဟုတ်လို့ကတော့ ငါတို့ကောင်တွေ ကျောင်းမှာ လူလှောင်ရယ်စရာတွေဖြစ်ပြီးတော့ မျက်နှာပြလို့တောင် ရမှာ မဟုတ်တော့ဘူး…”
နေသန်မှာ သိုးရေခြုံထားသည့် ဝံပုလွေစစ်စစ်ပင်။ နေ့ခင်းတုန်းက လူးဝစ်၏ ကျောထောက်နောက်ခံဖြင့် အများတန်းစီသည်ကို ကြားဖြတ်ဝံ့ခဲ့၏။ သို့သော်လည်း လူးဝစ် အမှောက်သိပ်ခံလိုက်ရပြီးနောက် သူ့ဘက်က ပထမဦးဆုံး ရှုံးနိမ့်ကြောင်း ဝန်ခံလာလေသည်။ လင်းရီ၏ ရှေ့တွင် အသက်ပင် ဝဝမရှူဝံ့သည့် နေသန်မှာ ယခု ဘရန်ဒွန်အားကိုးဖြင့် တစ်ဖန် မောက်မောက်မာမာဖြင့် စကားကြီးစကားကျယ်တို့ ပြောလာပြန်သည်။
“ ဟုတ်တယ်.. နေသန်ပြောတာမှန်တယ်… ငါတို့ အဲ့ကောင်ကို ရှယ်သင်ခန်းစာပေးရမယ်…”
ပြောလိုက်သူကတော့ အနောက်ဥရောပအနွယ်ဝင် နိုင်ငံခြားသား မဟုတ်ပဲ အသားဝါသည့် အာရှသားတစ်ဦးပင်။
ထိုသူ၏ နာမည်ကတော့ ရှီရိုအီရှီဖြစ်ပြီး ဂျပန်မှ ပညာတော်သင် ကျောင်းသားတစ်ယောက်ဖြစ်၏။
သူ ဟွာရှသို့ ရောက်လာစဉ်တုန်းကတော့ စိတ်အခြေအနေမှာ အတော်လေး ပုံမှန်ပင်။ သို့သော်လည်း ရောက်လာပြီး တခဏကြာတော့ သူ၏ စိတ်အခြေအနေတို့က အနည်းငယ် ကစဉ့်ကလျား ဖြစ်လာခဲ့လေသည်။
အကြောင်းမူကား ဟွာရှန့်သူလေးများမှ သူ့လို ရုပ်ချောသည့် ဂျပန်ကောင်လေးကို မနှစ်သက်ကြပဲ သူ့လောက်ပင် မခန့်ညားသည့် မျိုးနွယ်တူ ဟွာရှန့်ကောင်လေးများကိုသာ ကြိုက်နှစ်သက်နေသောကြောင့်ပင်။
ထိုအကြောင်းအရင်းကြောင့် သူ၏ စိတ်အခြေအနေမှာ အတော်လေး ပုံမှန်မဟုတ် ဖြစ်လာလေသည်။
အထူးသဖြင့် သူ့ထက် ရုပ်ပိုချောပြီး ထူးချွန်သည့် ကောင်လေးများရှေ့တွင်တော့ ထိုရောဂါက ပိုပိုဆိုးရွားလာခဲ့၏။
ထိုအချိန်တွင် သူ့ရင်ဘက်ထဲရှိ မစ္ဆေရစိတ်တို့မှာ ရူးသွပ်သည့် အရှိန်ဖြင့် တိုးပွားလာခဲ့ပြီး မည်သို့မျှ ချုပ်ထိန်း၍ မရနိုင်အောင် ဖြစ်လာလေသည်။
“ ဒါဆို ပြောလေ.. ငါတို့ ဘယ်လိုလုပ်ရင် ကောင်းမလဲ…” ဘရန်ဒွန် စီးကရက်ခဲရင်း မေးလိုက်၏။
“ ငါတို့ကောင်တွေ သူ့ဆိုင်ကို မီးရှို့ပြီးတော့ အဲ့ကောင်ကို ဖမ်းခေါ်နှိပ်စက်သာက အကောင်းဆုံးပဲ… အဲ့လိုဆို ငါတို့ ဘယ်လောက် အင်အားကြီးလဲဆိုတာ ဖော်ပြရာကျတယ်…”
“ အင်း...အဲ့အကြံ မဆိုးဘူး…” နေသန် ပြောလိုက်ပြီး “ အဲ့ဆိုင်ကို မီးရှို့… အဲ့ကောင်ကို ရိုက်ပုတ်…”
“ ငါလည်း အဲ့အကြံ မဆိုးဘူးထင်တယ်…” နိုင်ငံခြား ကျောင်းသား နောက်တစ်ယောက်မှ ထောက်ခံလိုက်၏။
“ Nonono……..”
ဘရန်ဒွန် သူ၏ လက်ညိုးကို ခါရမ်းလိုက်ပြီး “ မင်းတို့ကောင်တွေလည်း ငါ့အတိုင်း ဟွာရှသားတွေကို အထင်သေးနေတယ်ဆိုတာ ငါ သိတယ်.. ဒါပေမယ့် မီးနဲ့ ကစားတာကြီးကတော့ အန္တရာယ်များလွန်းတယ်… တကယ်လို့ ငါတို့ မီးစရှို့တာနဲ့ တခြားဆိုင်တွေပါ ကူးစက်သွားခဲ့မယ်ဆိုရင် ငါတို့ပဲ တာဝန်ယူ ဖြေရှင်းပေးရမှာ…. အဲ့ဒီအကြံကို ရွေးချယ်စရာ မရှိတော့မှ သုံးတာ အကောင်းဆုံးပဲ…”
ဘရန်ဒွန် ကျိုးဟိုင် နိုင်ငံတကာ ကျောင်းသားများအစည်းအရုံး၏ ဥက္ကဌဖြစ်လာသည်မှာ အကြောင်းမဲ့ မဟုတ်ချေ။ ထိုအခိုက်အတန့်တွင်တော့ သူ့တွင် ဆင်ခြင်တုံတရား ရှိသေးလေသည်။
“ ဒါဆို ငါတို့က ဘာလိုလုပ်ရမှာ… ဒီတိုင်း သင်ခန်းစာပေးရုံနဲ့တော့ မကျေနပ်နိုင်ဘူး..” လူးဝစ် ပြောလိုက်၏။
“ လွယ်ပါတယ်….” ဘရန်ဒွန် ပြောလိုက်ပြီး “ ငါတို့ ဒီည သူ့ဆိုင်ကို ဖျက်စီးပေးဖို့ လူတစ်ချို့ ရှာလိုက်မယ်.. အဲ့လိုဆို ငါတို့လိုချင်တဲ့ရလဒ်ကို ရပြီလေ …”
လူးဝစ်နှင့် ကျန်သူများ မျက်လုံးအရောင် တောက်ပလာကြသည်။ ယင်းက တကယ့်ကို အကြံကောင်းပင်။
မီးနှင့်ကစားပါက သူတို့လည်း ထိန်းချုပ်၍ မရပဲ အနီးရှိ ဆိုင်များသို့ ကူးစက်သွားပါက သူတို့ထဲမှ တစ်ယောက်မျှ လွတ်ကင်းနိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် လူအငှားဖြင့် ဖျက်ဆီးခိုင်းလိုက်ပါက ထိုသို့သော ပြဿနာမျိုးနှင့် ရင်ဆိုင်ရမည့်ဘေးမှ ကင်းဝေးသွားနိုင်သည်။
“ အိုကေ.. အတည်ဖြစ်ပြီ… လိုအပ်တာကို ငါကပဲ ကြည့်စီစဉ်လိုက်မယ်… ခုတော့ တစ်ခုခု သွားစားကြတာပေါ့..”
“ ရက်စ်… လစ်ကြစို့….”