ယွမ်ယွမ်က အသဲကွဲသွားတာမဟုတ်ဘူး.. လွဲချော်သွားတာ…
Vol. 42 Ch. 629
ကျိန်းရန်လမ်းအဆုံးရှိ ညဈေးတန်းတွင်တော့ လင်းရီ ပိုက်ဆံထည့်ထားသည့် အိတ်ကို ဆွဲလျက် မိန်းမလှလေး နှစ်ယောက်နှင့်အတူ လမ်းလျှောက်နေလေသည်။
ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့ နှစ်ယောက်လုံးက အစားသရဲလေးများ ဖြစ်ကြသောကြောင့် တစ်လမ်းလုံး အစားနှင့်လက်နှင့်မပြတ် စားသောက်လာကြရင်း တစ်ထောက်ပင်မနား စကားပြောလာခဲ့ကြ၏။
“ အစ်မကျီ.. ညီမအထင်တော့ ဒီရဲ့ ညဈေးတန်းက ရန်ကျင်းက တစ်ခုထက် ပိုကြီးသလားလို့…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ညီမတို့ ကျောင်းပေါက်ဝရှေ့က ညဈေးတန်းက ပစ္စည်းတွေဆို နည်းနည်းလေးပဲ ရှိတာ… ဒီကနဲ့တောင် ယှဉ်လို့မရဘူး…”
“ ဒါကြောင့်မို့ ငါနဲ့ ရီက ဒီကို ခနခန လာလည်ကြတာလေ….”ကျီချင်းရန် လင်းရီလက်မောင်းကို ပိုမိုတွယ်ကပ်ရင်း အပြုံးလေးဖြင့် ပြောလိုက်၏။
“ ညီမက တတိယဘီးမှန်း သိပါတယ်နော်… ဒါပေမယ့် ညီမရှေ့မှာတော့ အဲ့လိုမျိုး ကြင်နာယုယ ပြမနေကြပါနဲ့လား…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ တကယ်လို့ ဒီနေ့ တစ်စုံတစ်ယောက်က ဒကာခံပါ့မယ်လို့ မပြောရင် ညီမလည်း လိုက်မလာပါဘူး…”
“ တကယ်လို့ နင်မလိုက်လာရင်လည်း ဒီလိုမျိုး အရသာရှိတဲ့ဟာတွေ စားလို့မရတော့ဘူးလေ…”
“ အဲ့တာတော့ ဟုတ်တယ်… ညီမ ညဈေးတန်း မရောက်ဖြစ်တာ ဘယ်လောက်တောင် ကြာနေပြီလဲမသိဘူး… ဒီက ညဈေးတန်းက ကျောင်းပေါက်ဝကထက် အများကြီးသာတယ်…” ဟော်ယွမ်ယွမ် စောဒက တက်လိုက်ပြီး “ နှစ်နေရာလုံးက အစားအသောက်တွေ ရောင်းတဲ့နေရာချည်းပဲကို ကွာခြားချက်က ဘာလို့ အဲ့လောက်တောင် ကြီးနေရတာ…”
“ သာမန်ပါပဲ…” လင်းရီ ပြောလိုက်ပြီး “ အဲ့တာက ရန်တက္ကသိုလ်လေ…. သာမန်တက္ကသိုလ်မှ မဟုတ်တာ… ဆိုတော့ အဲ့နားဝန်းကျင်မှာ ဆိုင်တွေ သိပ်မရှိတာ သာမန်ပါပဲ… မင်းတို့ လည်လို့ ပတ်လို့ရအောင် ညဈေးတန်း နည်းနည်းပါးပါး ရှိတာတောင် ဟုတ်လှပြီ…”
“ ဒါပေမယ့် ရန်တက္ကသိုလ်က ကျောင်းသားတွေကလည်း လူသားတွေပဲလေ… ငါတို့လည်း စားဖို့ သောက်ဖို့ လိုသေးတာပေါ့…”
“ မင်းတို့ကောင်တွေကမှ ဘဝကို ဘယ်လို ပျော်အောင်နေရမလဲမှ မသိကြတာ…” လင်းရီ ပြောလိုက်ပြီး “ ရန်တက္ကသိုလ်ဆိုတာ ထိပ်တန်းကျောင်းသားတွေချည်း ပြည့်နှက်နေတဲ့ တက္ကသိုလ်တစ်ခု… သူတို့ အချင်းချင်း ပြိုင်ဆိုင်ရင်းနဲ့ပဲ ထွက်လည်ဖို့ အချိန်တောင် ရှိလို့လား…”
“ မယုံဘူးဆိုရင် ယှဉ်ကြည့်လိုက်…ဖူတန်တို့ ကျောင်းထုံးတို့လို ထိပ်တန်းတက္ကသိုလ်ဝန်းကျင်မှာ ဟိုတယ် သေးသေးလေးတောင် မရှိဘူး… ခု ကျိုးဟိုင်လို သာမန်တက္ကသိုလ်တွေ ဝန်းကျင်နားမှာဆို ဟိုတယ်တွေက ယွမ် ၂၀ ကနေ ယွမ် ၂,၀၀၀ ကြားဆို ကောင်းကောင်း ရနေပြီ… ချစ်သူများနေ့လိုဆို မှောင်ခို လက်မှတ်ရောင်းသမားတွေက အခန်းတွေကို ဈေးကြီးနဲ့ တစ်ဆင့်ခံပြီးတောင် ပြန်ရောင်းကြသေး… ဟုတ်တယ်ဟုတ်….”
“ အာ… အဲ့လိုကျတော့လည်း ဟုတ်သားပဲ….”
“ ဘော့စ်… နင်က အရမ်းတော်တာပဲ.. ဘာလို့ ကျိုးဟိုင်တက္ကသိုလ်မှာပဲ သင်တာ… တကယ်လို့ ချင်းဟွာ တက္ကသိုလ်ကို မတက်နိုင်ဘူးဆိုရင်တောင် အနည်းဆုံး 985 တက္ကသိုလ်တစ်ခုခုလောက်တော့ မှီသင့်တယ်လေ….” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး
“ ဧကန္တ ဘော့စ် မ ကိစ္စနဲ့ ဗျာများနေလို့ စာထဲ အာရုံမစိုက်နိုင်တာများလား..”
ထိုမေးခွန်းကို ကြားတော့ ကျီချင်းရန် သေချာလေး နားစွင့်ပြီး လင်းရီ၏ အဖြေကို အာရုံစိုက်နေလိုက်၏။
“ ငါ့ဖင်ကြီးကိုပဲ ဗျာများ… ငါ အဲ့တုန်းက အင်နိုးစန့်လေး… ဘာဆိုဘာမှ မသိသေးဘူး…” လင်းရီ ပြောလိုက်ပြီး “ အဲ့တုန်းက ဂေဟာမှာ ကလေးတွေကလည်း အများကြီးပဲလေ… ပြီးတော့ ရန်ပုံငွေကလည်း ကျပ်တည်းတော့ အထက်တန်း နောက်ဆုံးနှစ်မှာ စာထဲ သိပ် အာရုံမစိုက်လိုက်နိုင်ဘူး… ရှင်းရှင်းလေးပဲ…”
“ အန်တီက အရမ်း အံ့ဩဖို့ကောင်းတယ်နော်… ဂေဟာကို တစ်ယောက်တည်း အချိန်အကြာကြီး ပံ့ပိုးထားပေးနိုင်တယ်…”
"အင်း...."လင်းရီ ခေါင်းညိမ့်လိုက်သည်။
အတိတ်တွင်တုန်းက လင်းရီ ဟော်ယွမ်ယွမ် နားမလည်နိုင်သည့် ကိစ္စများကို ပြုခဲ့လေသည်။
ယခု သူမ လင်းရီနှင့် ပိုပြီး ထိတွေ့ဆက်ဆံလေ၊ လင်းရီကို တဖြည်းဖြည်းနှင့် ပို၍ နားလည်လာခဲ့၏။
သို့နှင့် သုံးယောက်သား စားရင်းသောက်ရင်း ပြောရင်းဆိုရင်းဖြင့် လမ်းဘေး အစားအစာများ ရောင်းချသည့် နေရာမှ ထွက်လာကာ နေ့စဉ်သုံး ပစ္စည်းများ ရောင်းချသည့် နေရာသို့ ရောက်လာခဲ့ကြ၏။
“ အစ်မကျီ…. ဟိုနားမှာ စတော်ကင်တွေနဲ့ ကာတွန်းပုံ အတွင်းခံလေးတွေ ရောင်းနေတယ်… သွားကြည့်ဦးမလား..”
“ ဒီမှာ အဝတ်အစားတွေ မဝယ်ဖို့ အကြံပေးချင်တယ်… အရည်အသွေးတွေက မကောင်းဘူး…” လင်းရီ ပြောလိုက်သည်။
“ အရည်အသွေး မကောင်းလို့ပဲ ဝယ်သင့်တာလေ…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ တကယ်လို့ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေ ဝယ်မယ်ဆိုရင် ဆွဲဖြဲရမှာ နှမြောနေမှာ…. ခုလိုဆို အားပါးတရကြီး ဆွဲဖြဲလို့ရပြီလေ… ဘယ်လောက်ပျော်ဖို့ ကောင်းထားလဲ…”
ကျီချင်းရန် ရှက်သွေးဖြန်းသွားခဲ့ပြီး “ နင်ဘာမဟုတ်တာတွေ လျှောက်ပြောနေတာ…. ပါးစပ်ပိတ်ပြီး ကိုယ့်စားစရာရှိတာကို စားစမ်း….”
ဟော်ယွမ်ယွမ် တခစ်ခစ် ရယ်မောလိုက်၏။ သူမ၏ အစ်မကျီ ရှက်ရွံ့နေသည့် အမူအရာကို မြင်ရသည်က အတော်လေး မျက်စိပဒါသ ရှိလှ၏။
အချိန်တို့ တဖြည်းဖြည်း ကုန်လွန်လာကာ ညမှာ အတော်လေး ညဉ့်နက်နေပြီ ဖြစ်ပြီး သုံးယောက်သား ပြန်ရန် ဟန်ပြင်လိုက်ကြသည်။
“ ဟမ်… ရှေ့မှာ ရပ်ထားတဲ့ ကားက ရင်းနှီးနေသလိုပဲ..”
လင်းရီ၏ အကြည့်နောက်သို့ လိုက်ပါသွားရင်း ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့ လမ်းဘေးတွင် ထိုးရပ်ထားသည့် အဖြူရောင် အယ်ဖာလေး တစ်စင်းကို မြင်တွေ့လိုက်ရ၏။
ယခုလိုကားမျိုးမှာ ဈေးကြီးခြင်းမရှိချေ။ အခွန်အခများ ပါဝင်ပြီးလျှင်တောင် ယွမ်တစ်သန်းကျော်မျှသာ တန်ကြေးရှိလေသည်။ သို့သော်လည်း ထိုသို့သော ကားမျိုး ဝယ်စီးနိုင်သူများကို တန်းမြင့် လူတန်းစားများဟု ခေါ်သမုတ်၍ရ၏။
“ နင် အဲ့ကားကို သိလို့လား..” ကျီချင်းရန် သာမန်လေသံဖြင့် မေးလိုက်သည်။
“ အင်း… ငါ့အထင် ချင်းကြီးဥစ္စာထင်တာပဲ.. အဲ့ချီးထုပ်က ဒီဘာလာလုပ်တာပါလိမ့်….”
“ လာ… သွားကြည့်ကြည့်ကြစို့…”
သုံးယောက်သား ကားအနီးသို့ ရောက်လာပြီး လင်းရီ လိုင်စင်နံပါတ်ပြားကို ကြည့်လိုက်သောအခါ တကယ်ကြီး ချင်းဟန်၏ ကား ဖြစ်နေခဲ့လေသည်။ လင်းရီ ဖုန်းထုတ်၍ ခေါ်တော့မည့်အချိန်တွင် အနောက်မှ တစ်စုံတစ်ယောက် စကားပြောသံကို ကြားလိုက်ရ၏။
“ ဟိုကောင် မင်းဘာကြည့်နေတာ… ဝေးဝေးနေစမ်း…”
လင်းရီ ကြည့်လိုက်သောအခါ ဖက်ရှင်ကျနစွာ ဝတ်ဆင်ထားသည့် မီးခိုးရောင် ဆံပင်ဆိုးနှင့် လူငယ်တစ်ယောက်ဖြစ်ကြောင်း မြင်တွေ့လိုက်ရ၏။
“ ငါ ကားပိုင်ရှင်နဲ့သိတယ်.. အဲ့တော့ ကြည့်လို့မရဘူးလား…” လင်းရီ ပြုံးလိုက်၏။
“ မင်းလား… ဒါက သခင်လေးချင်းရဲ့ ကားကွ.. မင်းက သူနဲ့ သိတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ…”
“ ဝေ့ချီ… မင်း ငါယီးတွေ လုပ်နေတာလားကွ…”
လင်းရီ စကားပြောတော့မည့် ဆဲဆဲတွင် ချင်းဟန်၏ အသံကို ကြားလိုက်ရ၏။ တိုက်တိုက်ဆိုင်ဆိုင် ချင်းဟန် အမျိုးသမီးတစ်ယောက်ကို တွဲလျက် ဟော့ပေါ့ဆိုင်ထဲမှ ထွက်လာသည်ကို မြင်တွေ့လိုက်ရပြီး ကောင်းကျုံးယွမ်ကလည်း သူ့ဘေးတွင် ကပ်လျက် လိုက်ပါလာလေသည်။
“ အစ်ကိုကြီးချင်း… ဒီကောင် အစ်ကိုကြီးရဲ့ ကားနား ရစ်သီရစ်သီ လုပ်နေတာ အကြာကြီးပဲ… ပြီးတော့ အစ်ကိုကြီးချင်းနဲ့ သိတယ်ဆိုပြီးတောင် ကြွားလိုက်သေးတယ်… အဲ့တာကြောင့် မောင်းထုတ်လိုက်မလို့…”
“ မင်း သောက်ရူး.. ငါ့ရှေ့က ထွက်သွားစမ်း… သူနာမည် လင်းရီကွ… သူငါ့ကို သိတယ်ဆိုတာကို မင်းက မယုံသင်္ကာ ဖြစ်နေသေးတာလား….”
“ သောက်ကျိုးနည်း .. သူက အစ်ကိုကြီးလင်းလား…”
မီးခိုးရောင် ဆံပင်နှင့် လူငယ်မှာ လင်းရီကို မယုံကြည်နိုင်သည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်၏။
အဘယ်ကြောင့်ဆိုသော် သူ ချင်းဟန်တို့နှင့် မကြာခဏ လျှောက်လည်လေ့ရှိပြီး လင်းရီ၏ အမည်နာမကို ကြားဖန်များထားပါသော်လည်း ယနေ့လို လူကိုယ်တိုင် တွေ့ဆုံရလိမ့်မည်လို့ ထင်မထားချေ။
“ အစ်ကိုကြီးလင်း… ဆော… ဆောတီးပါဗျာ… ကျုပ် အစ်ကိုကြီးလင်းကို မမှတ်မိလိုက်ဘူး ဖြစ်သွားတယ်.. စိတ်မရှိပါနဲ့ဗျ….”
“ ရပါတယ်… တမင်သပ်သပ်မှ မဟုတ်တာ…” လင်းရီ ပြောလိုက်၏။
မီးခိုးရောင် ဆံပင်နှင့် ကောင်လေးမှ တောင်းပန်နေသည်ကို မြင်တော့ ကျိုးဟိုင်ရှိ ချမ်းသာသည့် ဒုတိယမျိုးဆက်များ၏ အသိုင်းအဝိုင်းတွင် သူမဘော့စ်က နာမည်ဂုဏ်သတင်း အခိုင်အမာ ရှိထားကြောင်း ဟော်ယွမ်ယွမ် သတိပြုမိလိုက်သည်။ လင်းရီ မည်သည့် နေရာသို့ သွားစေကာမူ လူတိုင်းက အားတက်သရောနှင့် အစ်ကိုကြီးလင်းဟု ခေါ်ဆိုကြမည်ဖြစ်၏။
သူမ၏ အစ်မကျီကတော့ ထိုအစ်ကိုကြီး၏ အမျိုးသမီး ဖြစ်လာချေပြီ။
ဟော်ယွမ်ယွမ် သက်ပြင်းချလိုက်၏။
‘ အဲ့လိုဖြစ်ဖို့က ငါ့အိပ်မက်ပဲလေ…’
‘ ဘာလို့ ငါက အစ်မကျီလို မဖြစ်လာပဲနဲ့ တစ်နေ့တစ်ခြား အဲ့ သူဌေးစုတ်နဲ့ ပိုပိုတူလာပါလိမ့်…’
‘ ဟင်း….’
“ လင်းကြီး … ဘာတွေ ဖြစ်နေတာ…. မင်းက ဘာလို့ ဒီရောက်နေတာ…” ချင်းဟန် မေးလိုက်၏။
“ ငါဒီမှာ ဆိုင်ဖွင့်ထားတာလေ… သူတို့နှစ်ယောက်က ငါ့ကို လာကူပေးတာ… ဒီနေ့ဆိုင်ပိတ်ပြီးတော့ ဘာမှ လုပ်စရာမရှိတာနဲ့ပဲ ဒီနားတစ်ဝိုက် လိုက်လျှောက်လည်နေတာ….မင်းနဲ့ လာဆုံမယ်တောင် ထင်မထားဘူး…”
“ လခွမ်း… မဖြစ်နိုင်လိုက်တာ… အစ်ကိုကြီးလင်းက… ဒီမှာ ဆိုင်ဖွင့်ထားတယ်…” ကောင်းကျုံးယွမ် အံ့အားသင့်သည့်လေသံဖြင့် ပြောလိုက်သည်။
“ ဒီတိုင်းပဲ ဘဝအတွေ့အကြုံ ခံစားဖို့ပေါ့…”
“ အစ်ကိုကြီးလင်းကလည်း စောကတည်းက ပြောရောပေါ့… ကျုပ်တို့ အစ်ကိုကြီးရဲ့ဆိုင်မှာ လာအားပေးမှာပေါ့…” ကောင်းကျုံးယွမ်ပြောလိုက်သည်။
“ ဒီတိုင်း ဆိုင်သေးသေးလေးပါကွာ… ၈၉ ကျိန်းရန်လမ်းမှာ…. လာချင်ရင် အချိန်မရွေးလာခဲ့ကြ…”
“ အိုကေ…”
“ အဲ့တာဆို ပြောနေတာတွေ ရပ်ပြီး မက်ထရိုပိုလစ်ကို ဒိုးကြမယ်… ငါတို့ကောင်တွေ အတူမသောက်ရတာတောင် တော်တော်လေး ကြာနေပြီ….” ချင်းဟန် အကြံပြုလိုက်၏။
“ တော်ပါပြီကွာ… မင်းတို့ကောင်တွေပဲ သွားကြတော့.. ငါ့လို မိသားစုနဲ့ စီးပွားရေး လုံးပန်းနေရတဲ့ကောင်က အဲ့လို နေရာမျိုးတွေကို တာ့တာပြပြီးသွားပြီ…”
ကောင်းကျုံးယွမ် ဟော်ယွမ်ယွမ်ကို တစ်ချက် ကြည့်လိုက်ပြီး “ အစ်ကိုကြီးလင်း… အလုပ်တာကလည်း လုပ်ပေါ့.. ဒါပေမယ့် အနားယူဖို့ကလည်း အရေးကြီးတယ်လေ… မရီးကလည်း ဒီမှာ ရှိနေတာပဲကို… အားလုံး အတူတူသွားကြတာပေါ့…”
“ ကောင်းကြီး… မင်းက မရိုးတော့ဘူးနော်ဟျောင့်..”
ကျီချင်းရန် ပါးစပ်အုပ်၍ ခိုးခိုးခစ်ခစ် ရယ်မောလိုက်သည်။ သူမ လင်းရီဆိုလိုချင်နေသည်ကို နားလည်ပေသည်။
ကောင်းကျုံးယွမ်မှာ ဟော်ယွမ်ယွမ်ကို တိတ်တခိုး နှစ်သက်နေပုံရ၏။
“ နောက်မှပေါ့ကွာ… ဒီညတော့ အတော်လေး နောက်ကျနေပြီ…”
“ အဆင်ပြေပါတယ်.. ဘာပဲဆိုဆို မက်ထရိုပိုလစ်ဆိုတာကလည်း စကားပြောလို့ အဆင်ပြေတဲ့ နေရာမှ မဟုတ်တာ… “ ကောင်းကျုံးယွမ် အပြုံးလေးဖြင့် ပြောလိုက်သည်။
နှစ်ဖွဲ့မှာ တခဏကြာ စကားပြောပြီးနောက် ကိုယ်စီ လမ်းခွဲလိုက်ကြလေသည်။
“ ငုံးလိုလုပ်မနေနဲ့… မင်းဘယ်လိုမြင်လဲ…” စားသောက်ဆိုင်သို့ ပြန်ရင်း လမ်းတွင် လင်းရီ ဟော်ယွမ်ယွမ်ကို မေးလိုက်၏။
“ ကျွန်မက အစ်မကျီလောက် မရှည်ဘူးဆိုပေမယ့် ပုလည်း မပုပါဘူး. ဘယ်မှာ ငုံးနဲ့ တူနေလို့…” ဟော်ယွမ်ယွမ် ပြောလိုက်သည်။
“ ငါတို့ ကုမ္ပဏီ အစည်းအဝေးမှာ နောက်ဆုံးတွေ့ကတည်းရင် ကောင်းကြီးက မင်းကို ခဏခဏ ခိုးကြည့်နေတာနော်… ကြည့်ရတာ မင်းကို စိတ်ဝင်စားနေတယ်နဲ့ တူတယ်… ဘယ်လိုထင်လဲ…” လင်းရီ မေးလိုက်ပြီး
( သတင်းစာရှင်းလင်းပွဲ ပြီးတော့ လုပ်တဲ့ အစည်းအဝေး..)
“ သူက နည်းနည်းလေး မျက်စိနောက်ဖို့ ကောင်းတယ်ဆိုပေမယ့် သူ့ရဲ့ စရိုက်လေးကတော့ မဆိုးရှာပါဘူး… တကယ်လို့ မင်းသူ့ကို မကြိုက်ဘူးဆိုရင် လျန်ကြီးကော… အဲ့ကောင်လည်း ဆိုးတော့ မဆိုးဘူး… မင်းဘယ်သူ့ကို ကြိုက်လဲပဲ ပြောလိုက်… ငါကူညီပေးမယ်…”
“ တော်ပါပြီ.. ကျွန်မက ကိုယ့်ရဲ့ မင်းသားလေးကို ကိုယ့်ဘာကိုယ်ရှာမှာ…”
“ မင်း ချီကြီးကို စိတ်ဝင်စားနေတာတော့ မဟုတ်ဘူးမလား…” လင်းရီ မေးလိုက်ပြီး “ နှစ်ယောက်က နေ့တိုင်း ရုံးမှာ အလုပ်အတူလုပ်နေတယ်ဆိုတော့ မီးပွားလေးတွေ ထနေပြီထင်တယ်… ကြည့်လည်းလုပ်ကြဦးနော်… ငါ့ရဲ့ လင်းယွမ် အဆောက်အဦးလေးလည်း မီးလောင်မသွားစေနဲ့ဦး…”
“ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ … ကျွန်မနဲ့ အစ်ကိုချီက ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေပဲ… မဟုတ်တာတွေ လျှောက်မပြောနဲ့…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ခုဆို အစ်ကိုချီက ဌာနတစ်ခုရဲ့ ဒုဥက္ကဌနဲ့ ဘာညာဘာညာတွေ ဖြစ်နေတာ… တကယ်လို့ အစ်ကိုချီရဲ့ အိမ်ထောင်ရေးသာ ပြိုကွဲသွားခဲ့လို့ကတော့ အားလုံးက ဘော့စ်ကြောင့်ပဲ…”
“ လခွမ်း… သောက်ကျိုးနည်းကြီး မဖြစ်နိုင်လိုက်တာ… ချီကြီးက တကယ်ကြီး ရုံးတွင်း အချစ်ဇာတ်လမ်းတွေ ရှိနေတယ်တဲ့လား… စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး မဆုံးဖြတ်နဲ့ဆိုတာက တယ်မှန်ပါလားဟ…”
“အဲ့တာ အတုမြင် အတတ်သင်လို့ ခေါ်တယ်.. ဘော့စ်လည်း အစ်မကျီနဲ့ ဒိတ်လုပ်တုန်းက ချောင်ရန်အုပ်စုရဲ့ ဝန်ထမ်းဖြစ်နေတာပဲ မဟုတ်ဘူးလား…”
“ ဟာသလာလုပ်မနေနဲ့… ငါက အလုပ်ထွက်ပြီးမှ မင်းရဲ့အစ်မကျီကို စပိုးပန်းတာ…”
ကျီချင်းရန် မျက်လုံးလှိမ့်လိုက်ပြီး “ နင်တို့နှစ်ယောက် သာမန်လေးပဲ စကားပြောလို့မရဘူးလား…”
“ အိုကေ အိုကေ အိုကေ… စကားပြောတာ ဒီမှာတင် ရပ်ကြမယ်…”
စားသောက်ဆိုင်အဝသို့ ရောက်သောအခါ သုံးရောက်သား ကားကိုယ်စီထဲသို့ ဝင်ရောက်လိုက်ကြလေသည်။
လင်းရီနှင့် ကျီချင်းရန်တို့ကတော့ ကျိုကျုံးဗီလာသို့ ပြန်လာခဲ့ပြီး ဟော်ယွမ်ယွမ်ကတော့ သူမအိမ်သူမ ပြန်သွားခဲ့၏။
“ ငါဘာလို့ ဟော်ယွမ်ယွမ်နဲ့ ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေတယ်လို့ ခံစားနေရပါလိမ့်…” လင်းရီ ဆိုဖာပေါ်တွင် ထိုင်ရင်း မေးလိုက်သည်။
“ နင် ယွမ်ယွမ်ကို နားမလည်ပါဘူး…. ယွမ်ယွမ် အကြောင်း နင်မသိသေးတာတွေ အများကြီး ရှိသေးတယ်…” ကျီချင်းရန် ပြောလိုက်၏။
“ အမ်…. ယွမ်ယွမ်က ပလေးခံလိုက်ရတာလား…”
ထိုကိစ္စက ဖြစ်နိုင်ချေရှိသည်ဟု လင်းရီ ခံစားလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် သူမက သူ့ကို မကောင်းတဲ့ကောင်ဟု တစ်ခေါ်တည်း ခေါ်နေသောကြောင့်ပင်။
“ ပလေးခံလိုက်ရတာမဟုတ်ဘူး.. လွဲချော်သွားခဲ့တာ…”