တူညီသည့်နည်းလမ်းကိုထပ်မံအသုံးပြုခြင်း
Vol. 78 Ch. 1098
အခန်း (၁၀၉၈) တူညီသည့်နည်းလမ်းကိုထပ်မံအသုံးပြုခြင်း
ချန်ချန်းဟွာက ကာလရှည်ကြာ ပျောက်ဆုံးနေသော ထိပ်တန်းသိုင်းပညာဖြစ်သည့် ‘ကနဦးကောင်းကင် ခွဲဖြာမီးလျှံလက်ဝါးသိုင်း’ ကို တတ်မြောက်ထားသဖြင့် အနည်းငယ်အံ့အားသင့်သွားသော်လည်း ပိုးသားဧကရာဇ်၏ အတွေ့အကြုံနှင့် အသိဉာဏ်အရ ထိုအချက်ကို လွယ်လွယ်နှင့် လက်ခံနိုင်ခဲသည်။
သူက နေရာမှာပင် မလှုပ်မယှက် မတ်တတ်ရပ်နေသည်။
ကနဦးကောင်းကင် ခွဲဖြာမီးလျှံအနှစ်သာရက အလွန်တရာစွမ်းအားကြီးမားသော်လည်း ပိုးသားဧကရာဇ်ကဲ့သို့ အစစ်အမှန်နတ်ဘုရားတစ်ပါးကို ဒုက္ခမဖြစ်စေနိုင်ပေ။
ဟုတ်ပေ၏။
ထို မိုးမြေတစ်ခွင်မှောက်လှန်ပစ်စေနိုင်သည့် ရွှေရောင်မီးတောက်မီးလျှံများက ထိုက်ရှီတန်ခိုးစွမ်းအားကို ထိုးဖောက်ဝင်ရောက်သွားသည့်တိုင် ပိုးသားဧကရာဇ်အား ဒဏ်ရာတစ်ချက်ပင် မရနိုင်စေခဲ့ပေ။
အစစ်အမှန်နတ်ဘုရားတစ်ပါး၏ ရုပ်ခန္ဓာဆိုသည်က ယိုစိမ့်ခြင်းမရှိသည်ဖြစ်ရာ သေမျိုးလူသားအဆင့် ကျင့်ကြံသူတို့၏ တန်ခိုးစွမ်းအားကြောင့် ထိခိုက်ပျက်ဆီးရန် ခက်ခဲသည်။
သို့သော် ချန်ချန်းဟွာက ဤသည်ကို ကြိုမြင်ထားသည့်ပမာ ခန္ဓာကိုယ်ကိုလှည့်လိုက်ပြီး ပိုးသားဧကရာဇ်နောက်ကျောသို့ ရောက်ရှိသွားကာ လည်ပင်းနောက်သို့ လက်သီးဖြင့် ထိုးစိုက်ချလိုက်သည်။
သူ၏လက်သီးသိုင်းဝိညာဉ်က ကျိုင်းတံလှံရှည်အဖြစ်ပြောင်းလဲသွားကာ ပိုးသားဧကရာဇ်ထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။
ကနဦးကောင်းကင်ခွဲဖြာမီးလျှံ အနှစ်သာရက အယောင်ပြတိုက်ကွက်သာဖြစ်ပြီး ဤသည်ကမှ ချန်ချန်းဟွာ၏ လူသတ်တိုက်ကွက် အစစ်အမှန် ဖြစ်သည်။
ရန်ကျောက်ကဲ တိုက်ပွဲမြင်ကွင်းကိုကြည့်ရင်း မျက်ဝန်းများ ကျဉ်းမြောင်းလိုက်သည်။
လူသားအထွတ်ထိပ် သိုင်းသူတော်စင်ဖြစ်သော ချန်ချန်းဟွာ၏ လှုပ်ရှားမှုများက နတ်ဘုရားတစ်ပါးဖြစ်သော ပိုးသားဧကရာဇ်ထက် ပိုမိုလျှင်မြန်နေပုံ ရသည်။
သို့သော် တကယ်တော့ သူ၏လှုပ်ရှားမှုများ လျှင်မြန်နေခြင်း မဟုတ်ပေ။
သူက တစ်ဖက်ရန်သူ၏ သိုင်းကွက်လှုပ်ရှားမှုတိုင်းကို ကြိုမြင်နေသဖြင့် အားသာချက်ကို ဆုပ်ကိုင်ထားနိုင်ခြင်းသာ ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက သမုဒ္ဒရာကမ္ဘာတွင် ကြံ့ဝိညာဉ်လက်သီးသိုင်းဆိုသော ပညာတစ်ရပ်ကို ရန်ကျောက်ကဲ တွေ့မြင်ခဲ့ဖူးသည်။
ယခု ချန်ချန်းဟွာ အသုံးပြုနေသည့်သိုင်းပညာက ထိုပညာနှင့် ဆင်တူသည်ထင်ရသော်လည်း တကယ်တမ်းတွင် အလွန်ကွဲပြားသည်။
ပိုးသားဧကရာဇ်က နတ်ဘုရားတစ်ပါးဖြစ်ပြီး ချန်ချန်းဟွာက သေမျိုးလူသား ကျင့်ကြံသူတစ်ယောက် ဖြစ်သဖြင့် သူတို့နှစ်ယောက်၏အဆင့်က မိုးမြေပမာကွာခြားကြောင်း လူတိုင်း သိရှိကြသည်။
ပိုးသားဧကရာဇ်ကိုတိုက်ခိုက်ရာတွင်ပင် ချန်ချန်းဟွာက တိုက်ကွက်များကို ကြိုတင်ခန့်မှန်းနိုင်နေသည်ဆိုလျှင် အဆင့်တူသူများနှင့် ကျင့်ကြံခြင်းအဆင့် ပိုမိုနိမ့်ပါးသူများကို တိုက်ခိုက်သည့်အခါ မည်သို့ရှိပါမည်နည်း။
ထိုသူက မြူခိုးများစွာ လွှမ်းခြုံရစ်သိုင်းထားသည့်ပမာ နားလည်ရခက်သည်ဆိုသော်လည်း ယခုတော့ ရန်ကျောက်ကဲစိတ်ထဲ ချန်ချန်းဟွာအကြောင်း နေရောင်ဖြာ၍ တိမ်ကင်းစင်သွားသည့်အလား ရှင်းရှင်းလင်းလင်း နားလည်သွားသည်။
ချန်ချန်းဟွာက ထူးဆန်းစွာပင် နီးကပ်သည့်အနာဂတ်အပေါ် ခန့်မှန်းနိုင်ခြင်းအား ပိုးသားဧကရာဇ်ကတော့ အံ့အားသင့်ဟန် မပြပေ။
သို့သော် သူ၏အနောက်ဘက်မှ ဝင်ရောက်လာသည့် ကျိုင်းတံလှံရှည်ကို အာရုံခံမိသည့်အခါ သူ၏မျက်ဝန်းများ အနည်းငယ် အေးစက်သွားသည်။
ဤထိုးနှက်ချက်ကိုခံရပါက ပိုးသားဧကရာဇ်အနေဖြင့် ထိခိုက်ဒဏ်ရာရမည်မဟုတ်သော်လည်း ဟန်ချက်ပျက်သွားမည်ဖြစ်သလို သိက္ခာကျစရာလည်း ဖြစ်လာပေမည်။
ပိုဆိုးသည်မှာ ဤကျိုင်းတံလှံရှည်သိုင်းပညာက ထိုက်ချင်အဆက်အနွယ်မှ ဆင်းသက်လာသည့် ထိပ်တန်းသိုင်းပညာတစ်ခု ဖြစ်နေခြင်းပင်။
ထိုက်ရှီခုန်မင်မရှိမှုခန္ဓာ တန်ခိုးစွမ်းအားအပြင် ပိုးသားဧကရာဇ်၏ခန္ဓာကိုယ်ထက်တွင် ကြည်လင်သောချီစွမ်းအားများ လှည့်ပတ်နေပြီး အတိုင်းအဆမဲ့ထိုက်စုခန္ဓာ စွမ်းအားကိုပါ ထုတ်ဖော်လိုက်သည်။
ထိုက်ရှီနှင့် ထိုက်စုတို့၏ ခိုင်ခန့်သော ခံစစ်စွမ်းအားကို တညီတညွတ်တည်းပြသကြပြီး ချန်ချန်းဟွာ၏ ကျိုင်းတံလှံရှည်ကို ခုခံလိုက်သည်။ ထို့နောက် ပိုးသားဧကရာဇ်က နောက်သို့ ရုတ်တရက်လှည့်ပြီး ချန်ချန်းဟွာကို စွန်ကုပ်လက်သည်းဖြင့် ကုတ်ချလိုက်သည်။
ချန်ချန်းဟွာ၏တိုက်ခိုက်မှု မအောင်မြင်ဘဲ နောက်ပြန်ဆုတ်သွားရသည်။
သို့သော် ပိုးသားဧကရာဇ်၏မျက်လုံးများက တည်ကြည်လေးနက်နေပြီး လေထုထဲသို့ လက်ညှိုးတစ်ချက် ညွှန်ပြလိုက်သည်။
သူ၏လှုပ်ရှားမှုက အလွန်နှေးကွေးပြီး အပြည့်အဝ တည်ငြိမ်ဟန် ရှိသည်။
သို့သော် ဤလက်ချောင်းသိုင်းက အချိန်နှင့်နေရာကို လျစ်လျူရှုပြီး ချန်ချန်းဟွာရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။
ကနဦးကောင်ကင် ရှန်းထျန်းဝူထိုက်မှ ထိုက်ချူးနတ်လက်ချောင်းသိုင်းပင် ဖြစ်၏။
“အဓိပတိနတ်လက်ချောင်းသိုင်း” ဟု လူသိများသော ဤလက်ချောင်းသိုင်းတွင် သဏ္ဌန်မရှိ ၊ ထိတွေ့မရသော ‘ထိုက်ချူး’ အယူအဆများပါရှိပြီး မိုးမြေတခွင်မှ လျှို့ဝှက်နက်နဲသော ဖန်ဆင်းခြင်း သန္ဓေတည်စ သဘောတရားများ ပါဝင်သည်။
ပိုးသားဧကရာဇ် လက်ညိုးညွှန်လိုက်သည်နှင့် သူ၏လက်ချောင်းက ချန်ချန်းဟွာ၏ မျက်ခုံးနှစ်ခုကြားသို့ ထိုးဖောက်လုနီးပါး ဖြစ်နေပေပြီ။
ချန်ချန်းဟွာ ကြုံးဝါးသံတစ်ချက်ပြုလိုက်ပြီး ယွိချင်အဆက်အနွယ် နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆) စောင်ကို ပေါင်းစုပြီး သိုင်းပညာအခြေခံအုတ်မြစ်ကို စုစည်းလိုက်သည်။
စွမ်းအားမြင့်မားသည့် ခံစစ်တိုက်စစ်စွမ်းအားကို တစ်ချိန်တည်းတွင် ဖော်ထုတ်ခဲ့ပြီး ပိုးသားဧကရာဇ်၏တိုက်ခိုက်မှုအား ကြံ့ကြံ့ခံ ရင်ဆိုင်လိုက်သည်။
ထိုက်ချူးနတ်လက်ချောင်းသိုင်း၏ လွှမ်းမိုးမှုအောက်တွင် ချန်ချန်းဟွာ၏ ကျင့်ကြံခြင်းအခြေခံက ပြန့်ကျဲသွားလိုက် ပြန်လည်ပေါင်းစည်းလိုက် ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေသည်။
ချန်ချန်းဟွာက ပိုးသားဧကရာဇ်၏လက်ချောင်းသိုင်းကို ရှောင်တိမ်းလိုက်နိုင်သည့်တိုင် ထိုလက်ချောင်းက သူ၏နဖူးနှင့် တစ်လက်မအလိုတွင် ရှိနေသေးသည်။
ယွိချင်အဆက်အနွယ် မူလကောင်းကင်ကျမ်းစာ (၆)အုပ်ကို တစ်ပေါင်းတည်းကျင့်ကြံထားသည့် ကျင့်ကြံခြင်းအခြေခံက လျှို့ဝှက်ချက်များစွာဖြင့် ပြည့်နက်နေပြီး တန်ခိုးစွမ်းအားများစွာကို ခုခံတွန်းလှန်နိုင်စွမ်း ရှိသည်။
ပိုးသားဧကရာဇ်က ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားသောကြောင့်သာ ချန်ချန်းဟွာကို အသာစီးရယူပြီး နှိမ်နင်းနိုင်ခြင်း ဖြစ်သည်။ ချန်ချန်းဟွာသာ နတ်ဘုရားတစ်ပါးဆိုလျှင် ပိုးသားဧကရာဇ်အနေဖြင့် မည်သည့်နည်းနှင့်မှ လွယ်ကူမည် မဟုတ်ပေ။
ချန်ချန်းဟွာက ခေါင်းကိုအနည်းငယ်စောင်းကာ ပိုးသားဧကရာဇ်ကို ပြုံးပြလိုက်သည်။
ထို့နောက် သူ၏လက်ဖဝါးနှစ်ဖက်ကို ပြိုင်တူပင့်မြှောက်လိုက်ရာ လက်ဖဝါးထက််တွင် အဖြူရောင်နှင့်အနီရောင် ရောယှက်နေသော တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာ၏။
ဒါကိုမြင်တော့ ရန်ကျောက်ကဲရော ပိုးသားဧကရာဇ်ပါ မျက်ဝန်းများ တောက်ပသွားသည်။
“သွေးနီရောင်ကပ်ဘေးကျမ်းစာ... သူက စန့်ချင်အဆက်အနွယ်က ထိပ်တန်းသိုင်းပညာတွေကိုပါ သိနေတာလား”
စန်းချင်း (၃)ပါးအဆက်အနွယ် သိုင်းပညာရပ်များကို အစီအစဉ်တကျ ခွဲခြမ်းစိတ်ဖြာနိုင်သည်။
ယွိချင်အဆက်အနွယ်တွင် မူလကောင်းကင်ကျမ်းစာ (၁၀)စောင်ရှိပြီး ထိုက်ချင်အဆက်အနွယ်တွင်တော့ ကနဦးကောင်းကင် ‘ရှန်းထျန်းဝူထိုက်’ နှင့် နှောင်ပိုင်းကောင်းကင် အခြေခံတန်ခိုးစွမ်းအား (၅)ရပ် ဟူ၍ ရှိသည်။
စန့်ချင်အဆက်အနွယ်တွင်တော့ လင်ပေါင်ဓားသိုင်း (၄)မျိုးအပြင် ရှေးဟောင်းကျမ်းစာ (၅)စောင် ရှိနေသေးသည်။ ထိုကျမ်းစာ (၅)စောင်ကို “ခေတ်သစ်ဂန္ထဝင်ကျမ်းစာ (၅)စောင်” ဟု ခေါ်ဆိုကြသည်။
လင်ပေါင်ဓားသိုင်း (၄)မျိုးက အလွန်ကျော်ကြားပြီး စွမ်းအားကြီးမားသော်လည်း ခေတ်သစ်ဂန္ထဝင်ကျမ်းစာ (၅)စောင်ကတော့ ရှေးယခင်ကတည်းကပင် ပျောက်ဆုံးသွားခဲ့ပြီဖြစ်ပြီး ယခုအချိန်တွင် လူအနည်းငယ်သာလျှင် ထိုကျမ်းစာများအကြောင်းကို သိရှိတော့သည်။
စန့်ချင်အဆက်အနွယ် ဘိုးဘေးဖြစ်သော ‘လင်ပေါင်ထျန်းကျွင်း’ က ‘ပျက်ဆီးခြင်းတရား’ ကို ရိုးရှင်းစွာ ကိုယ်စားပြုသည့်အပြင် ‘ဖြစ်တည်မှု’ နှင့် ‘မရှိမှု’ ၊ ‘ဖြစ်တည်မှု’ မှ ‘မရှိမှု’ သို့ ပြောင်းလဲခြင်းတရားများကိုလည်း ကိုယ်စားပြုသည်။
အရင်ဆုံး ‘ဖြစ်တည်မှု’ ဆိုသောအရာ ရှိမှသာ ‘မရှိမှု’ သဘောတရားကို ဖော်ပြနိုင်ပေမည်။
လင်ပေါင်ထျန်းကျွင်းဆိုသည်က ‘ဖြစ်တည်ခြင်း’ သင်္ကေတဖြစ်သလို ‘ပျက်ဆီးခြင်း’ သင်္ကေတလည်း ဖြစ်သည်။
ခေတ်သစ်ဂန္ထဝင်ကျမ်းစာ (၅)စောင်တွင် ကနဦးကောင်းကင်နှင့် နှောင်းပိုင်းကောင်းကင် စပ်ကြားမှ ဖြစ်စဉ်များကို ရှင်းပြဖွင့်ဆိုထားသည်။
လင်ပေါင်ဓားသိုင်း (၄)မျိုးက အချိန်နှင့်နေရာအတွင်း သက်ရှိသတ္တဝါများအားလုံးကို ‘ဖြစ်တည်မှု’ မှ ‘ပျက်ဆီးခြင်း’ သို့ ပို့ဆောင်ပေးသည်။
အဆုံးသတ်တွင် “ဘာမှမရှိ” ဆိုသော သဘောတရားကို ရှင်းလင်းပြသသည်။
‘သွေးနီရောင်ကပ်ဘေးကျမ်းစာ’ က ခေတ်သစ်ဂန္ထဝင်ကျမ်းစာ (၅)စောင်ထဲမှ တစ်ခုအပါအဝင် ဖြစ်ပြီး ယင်နှင့်ယန် ဆုံတွေ့ခြင်းကြောင့် ဖြစ်တည်လာသည့် ဖန်ဆင်းခြင်းဆိုင်ရာ အပြောင်းအလဲများအကြောင်း ပြဆိုသည်။
စန်းချင်း (၃)ပါးသည် တစ်သားတည်းဖြစ်ပြီး ‘သွေးနီရောင်ကပ်ဘေးကျမ်းစာ’ ၏ အခြေခံမူများမှာ ယွိချင်အဆက်အနွယ် မူလကောင်းကင်ကျမ်းစာမှ ယင်ယန်ကောင်းကင်ကျမ်းစာနှင့် ထိုက်ချင်အဆက်အနွယ်ရှိ ထိုက်ကျိယင်ယန် လက်ဝါးသိုင်းတို့နှင့် ဆင်တူသည်။
အထက်ဘုံကမ္ဘာ ၊ အနောက်မြောက် ယိုးထျန်းကောင်းကင်ပြည်နယ်မှ ‘ချိကျင်းကျီ’ ၏ အဆက်အနွယ်ဖြစ်သော ‘သွေးနီယင်ယန်အလှည့်အပြောင်း’ သိုင်းပညာရပ်မှာ ဤ ‘သွေးနီရောင်ကပ်ဘေးကျမ်းစာ’ နှင့် အနည်းငယ် ဆင်တူသည်။
ယခု ချန်ချန်းဟွာက ပိုးသားဧကရာဇ်၏ ထိုက်ချူးနတ်လက်ချာင်းသိုင်းကို ခုခံရန်အတွက် မူလကောင်းကင်ကျမ်းစာ (၆)စောင် အခြေခံအုတ်မြစ်နှင့်အတူ ‘သွေးနီရောင်ကပ်ဘေးကျမ်းစာ’ ၏ ထူးခြားသော တန်ခိုးစွမ်းအားကို အသုံးပြုခဲ့သည်။
သူက စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို အချိန်အဆက်အဖြစ်အသုံးပြုကာ ကနဦးကောင်းကင်မှ နှောင်းပိုင်းကောင်းကင်သို့ လှည့်ပြောင်းခဲ့သည်။
ဘဝနှင့်ဖန်ဆင်းခြင်း အပြောင်းအလဲများကြောင့် ချန်ချန်းဟွာမှာ ထိုက်ချူးနတ်လက်ချောင်းသိုင်းအပြည့်အဝကို မဖယ်ရှားနိုင်ခဲ့သည့်တိုင် ပိုးသားဧကရာဇ်၏ ဖိနှိပ်ခြင်းကို မခံရတော့ပေ။
တိုက်ပွဲမြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲနှုတ်ခမ်းထောင့်များတွန့်ကွေးကာ ပြုံးလိုက်သည်။
ချန်ချန်းဟွာ၏ လှုပ်ရှားမှုက ကနဦးကောင်းကင်မှ နှောင်းပိုင်းကောင်းကင်သို့ လှည့်ပတ်နိုင်ရန် စက်ဝန်းသံသရာကောင်းကင်ကျမ်းစာကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ဤပုဂ္ဂိုလ်သည် ထိပ်တန်းသိုင်းပညာအမျိုးမျိုးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်အသုံးပြုနိုင်ခြင်း မရှိသေးသော်လည်း ပိုးသားဧကရာဇ်၏တိုက်ကွက်ကို ချေဖျက်ရန် အံ့သြဖွယ်ရာ နည်းလမ်းတစ်ခုကို အသုံးပြုခဲ့သည်။
ကြည့်ရသည်မှာ ချန်ချန်းဟွာက ကောင်းကင်ဖွင့်ကျမ်းစာကို သိရှိပုံ မပေါ်ပေ။
အထက်ရပ်ထိပ်တန်းအရှင်သခင်၏ ပင်ကိုယ်စရိုက် မည်သို့ပင်ရှိပါစေ သူပိုင်ဆိုင်သည့် အရည်အချင်းများကတော့ အမှန်ပင် ရှာမှရှား ဖြစ်၏။
ပိုးသားဧကရာဇ်က ကံဆိုးမိုးမှောင်ကျကာ ကျင့်ကြံခြင်းသွေဖယ်သွားပြီး စိတ်စေရာမိုးကြိုးစွမ်းအားကို ခံစားနေရသည့်တိုင် ၊ သူက ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်လေရာ သေမျိုးလူသား ကျင့်ကြံသူများထက် တိုင်းတာမရနိုင်အောင် တန်ခိုးစွမ်းအား မြင့်မားနေဆဲ ဖြစ်သည်။
သို့တိုင် သူ့ရှေ့မှ လူငယ်ပြိုင်ဘက်ကို ဘာမှ မလုပ်နိုင်သေးပေ။
လူတစ်ယောက် နာမည်ကြီးသည်ဆိုသည်က ကြီးထိုက်သောကြောင့် ဖြစ်သည်။
ယခင်က ကောင်းကင်သခင်လေး ၊ ယခု အထက်ရပ်ထိတ်တန်းအရှင်သခင်က သေမျိုးလူသားကျင့်ကြံသူတစ်ယောက် ဖြစ်သည့်တိုင် အစစ်အမှန်နတ်ဘုရားများကို ကောင်းစွာယှဉ်ပြိုင်နိုင်သည် အမှန်ပင်။
ထိုသို့သော စွမ်းအားမျိုးပိုင်ဆိုင်ခြင်းမှာ ရှေးယခင်အချိန်ကရော ယခုခေတ်အချိန်တွင်ပါ ရှားပါးလှသည်။
ချန်ချန်းဟွာသည် နတ်ဘုရားတစ်ပါးကဲ့သို့ အပြစ်အနာအဆာကင်းသော ရုပ်ခန္ဓာ မရရှိသေးသော်လည်း ပိုးသားဧကရာဇ်အနေဖြင့် သူ့ကို အနိုင်ယူရန် ခက်ခဲလှသည်။
လက်ရှိတွင် နှစ်ဖက်လုံး ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသည်။
သို့သော် ချန်ချန်းဟွာက တန်ခိုးစွမ်းအားမြင့်မားသည့်တိုင် တိုက်ပွဲကိုအချိန်ဆွဲတိုက်ခိုက်ည်ဆိုပါက ရေရှည်တွင် ပိုးသားဧကရာဇ်ကို ယှဉ်နိုင်မည် မဟုတ်ပေ။
ဟုတ်ပေ၏။
ထိုအချိန်...
ချန်ချန်းဟွာ၏မျက်ဝန်းများ အနည်းငယ် တောက်ပသွားပြီး တုန်လှုပ်ဖွယ်ရာအလင်းရောင်ဖြင့် ပေါက်ကွဲထွက်သွားသည်။
သိမ်မွေ့ပြီး သဏ္ဌန်မရှိသော စွမ်းအားတစ်ခုက အလင်းရောင်အဖြစ် သိပ်သည်းသွားပြီး ချန်ချန်းဟွာ၏မျက်လုံးမှပွင့်ထွက်လာကာ ပိုးသားဧကရာဇ်ဆီသို့ ကျရောက်သွားသည်။
ပိုးသားဧကရာဇ်က အေးစက်စွာပြုံးရင်း...
“စိတ်စေရာမိုးကြိုး... စိတ်စေရာကောင်းကင်ကျမ်းစာ... အဟက်”
ချန်ချန်းဟွာက မူလကောင်းကင်ကျမ်းစာ နှောင်းပိုင်း (၆)စောင်မှ စိတ်စေရာကောင်းကင်ကျမ်းစာကိုအသုံးပြုကာ စွမ်းအားပြည့် အသုံးပြုတိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
စိတ်စေရာကောင်းကင်ကျမ်းစာတွင် နှောင်းပိုင်းကောင်းကင်မှ သက်ရှိများ၏ စိတ် ၊ ဝိညာဉ်နှင့် စိတ်ဝိညာဉ်များ၏ အပြောင်းအလဲကို ရှင်းပြရေးသားထားသည်။
ယခု ချန်ချန်းဟွာက စိတ်စေရာမိုးကြိုးစွမ်းအားထိမှန်ခံထားရသည့် ပိုးသားဧကရာဇ်၏ အားနည်းချက်ကိုတိုက်ခိုက်ရန် ထိုစွမ်းအားကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။
သို့သော် ပိုးသားဧကရာဇ်က အလွန်အတွေ့အကြုံများသူ ဖြစ်သည်။
သူက စိတ်စေရာမိုးကြိုးစွမ်းအားကြောင့် ကြီးမားသောဆုံးရှုံးမှုကြီး ကြုံတွေ့ခဲ့ရပြီးဖြစ်လေရာ ချန်ချန်းဟွာ၏ စိတ်စေရာကောင်းကင်ကျမ်းစာ၏လျှို့ဝှက်ချက်ကို သတိပြုမိသဖြင့် ထိုက်တိုက်ကွက်ကို ရှောင်ရှားနိုင်ခဲ့သည်။
ချန်ချန်းဟွာက စိတ်စေရာကောင်းကင်ကျမ်းစာ တန်ခိုးစွမ်းအားဖြင့် တိုက်ခိုက်လာသည်ကိုမြင်တော့ ပိုးသားဧကရာဇ်က နောက်ဆုတ်မသွားဘဲ ထိုက်ချူးနတ်လက်ချောင်းသိုင်းတွင် စွမ်းအားပိုထည့်ကာ ဆက်လက်တိုက်ခိုက်လိုက်သည်။
ချန်ချန်းဟွာက ရှိသမျှတန်ခိုးစွမ်းအားများ အကုန်ပုံအောပြီး စိတ်စေရာကောင်းကင်ကျမ်းစာကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင်၏ ပေါင်းစပ်မှု ဟန်ချက်ပျက်သွားပြီး အခြေခံအုတ်မြစ် အားနည်းသွားကာ သူ့ကိုယ်သူ ကာကွယ်မှုလည်း လျော့နည်းသွားလေသည်။