ဝေ့ဝူယင်
Vol. 1 Ch. 1
“တောက်... တောက်... တောက်...”
အရောင်ရင့်ရင့် သွေးစက်များသည် ခန်းမ၏ အေးစက်သော ကျောက်သား ကြမ်းပြင်ထက်သို့ အဆုံးမဲ့စွာ ကျဆင်းနေ၏။ ထိတ်လန့်ဖွယ် ကောင်းသော တိတ်ဆိတ်မှုမှာ လေထုကို လွှမ်းခြုံကာ ညအား သိမ်းပိုက် စိုးမိုးထားသည်။
အလောင်းတစ်လောင်း...
တိတိကျကျ ပြောရလျှင် အမျိုးသား တစ်လောင်းမှာ ကြမ်းပြင်ထက်၌ လဲလျောင်းနေသည်။ သူ၏ လက်နှစ်ဖက်သည် လည်ပင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။ မျက်သားဖြူဖြူထက်ရှိ သွေးစင်းကြောင်းများသည် ယခုကဲ့သို့ သေဆုံးသွားရခြင်းအပေါ် လက်မခံနိုင်ပဲ စက်ဆုပ်ခြင်း၊ မုန်းတီးခြင်းတို့ဖြင့် ပြည့်နှက်နေသည်။
သွေးစက်များသည် ငွေရောင် ကြည်လင်စွာ တောက်ပနေသည့် အရာ ဝတ္ထု တစ်ခုထံမှ စီးကျနေခြင်း ဖြစ်ပေသည်။
ဆေဘာဓား တစ်လက်ပင်...။
ဆေဘာဓားအား ကိုင်ထားသူမှာ လူငယ် တစ်ယောက် ဖြစ်၏။ သူ၏ ဆံပင်များမှာ ညဥ့်သန်းခေါင်ယံ ကဲ့သို့ နက်မှောင်ကာ သူ၏ ငွေရောင်မျက်လုံးများမှာ ထူးခြားသန့်စင်စွာ တောက်ပနေသည်။ လူငယ်သည် အဝတ် ဗလာနတ္ထိနှင့် ဖြစ်ကာ သွေးစွန်းသော ဓားတစ်လက်သာလျှင် သူနှင့် ဒွန်တွဲလျက် ရှိ၏။
အလောင်းကောင်ကို မျက်တောင်မခပ် ကြည့်ရင်း အပြစ်ကင်းစင်သည့် အပြုံးတစ်ခုက လူငယ်၏ မျက်နှာထက်တွင် နေရာယူလာသည်။
စက်ဆုပ်ဖွယ် ကောင်းသော သွေးနံ့များသည် အရပ်ရပ်သို့ ပျံ့နှံ့ကာ နှာသီးဝများသို့ အလုအယက် တိုးဝင် နေကြသည်။ သို့သော်လည်း လူငယ်သည် ထိုအရာကို သတိပင် ထားမိဟန် မရချေ။ သူက အခန်းထဲတွင် ရှိနေသေးသည့် နွေးထွေးသော အခြား ခန္ဓာ တစ်ခုကို ငုံ့ကြည့်လိုက်သည်။
သူ၏ အရှေ့ လက်မအနည်းငယ် အကွာတွင် အဝတ် ဗလာ မိန်းမငယ် တစ်ယောက် ဒူးထောက်လျှက် ရှိနေ၏။
မိန်းမငယ်၏ လှပဝိုင်းစက်သော သမင် မျက်လုံးများမှာ မျက်ရည်စ တစ်ချို့ဖြင့် စိုရွှဲနေ၏။ ဖြစ်ပျက်ခဲ့သမျှအား သူမ မယုံကြည်နိုင်သည်က သိသိသာသာပင်။ ထိုအရာကား လူတိုင်း နိုးထရန် ဆန္ဒရှိသည့် အိပ်မက်ဆိုး တစ်ခု ဖြစ်ပေသည်။
"စီနီယာ အကိုယု…"
သူမ၏ လေသံက ဝမ်းနည်းမှုတို့ဖြင့် သိမ်းကြုံး ပြည့်နှက်နေသည်။ သာယာ ကြည်နူးဖွယ်၊ မက်မောဖွယ်ကောင်းသော အမှတ်တရအချို့မှာ သူမ၏ စိတ်အတွင်း ဆွတ်ပျံ့ဖွယ် ပျံ့လွင့်နေ၏။
သူတို့ နှစ်ယောက်၏ ပထမဆုံး တွေ့ဆုံမှု…
ဂိုဏ်းရွေးချယ်ပွဲ ကျင်းပသည့် ဆောင်းဦးရာသီ နံနက်ခင်း…
သူသည် ရှက်ရွံ့တတ်သော လူငယ် တစ်ယောက် ဖြစ်သော်လည်း သူမအား ဆွဲဆောင်နိုင်သည့် လျှို့ဝှက် အရည်အသွေး တစ်ခုကို ပိုင်ဆိုင်ထားသည်။ သူသည် ကိုယ့်အားကိုးကာ ကျင့်ကြံခြင်း အဆင့်များကို တစ်ခုပြီး တစ်ခု ချိုးဖျက်နိုင်ခဲ့သည်။
နောက်ဆုံး...
သူမ၏ နှလုံးသားနှင့် ဘဝ တစ်ခုလုံးကို သိမ်းပိုက်သွားသည် အထိ။
ထိုကာလများ၌ အရာ အားလုံးမှာ သာယာ ကြည်နူးဖွယ် ကောင်းလွန်းလှသည်။ ကျယ်ပြန့်သော ရင်ခွင် အတွင်းသို့ တိုးဝင်ချိန်တိုင်း သူမသည် လုံခြုံ နွေးထွေးမှုနှင့် ပျော်ရွှင်မှုတို့ကို ခံစားခဲ့ရသည်။ ထို့နောက်တွင် အိပ်မက်ဆိုးကြီးမှာ စတင် လာခဲ့လေ၏။
ကျင့်ကြံခြင်း လောကကား အဖြစ်ဆိုးများဖြင့် ပြည့်နှက်နေသော နေရာ ဖြစ်သည်။ အလွန် အင်အား ကြီးမားသည့် ရန်သူဂိုဏ်း တစ်ဂိုဏ်းသည် အကြောင်းပြချက် အမျိုးမျိုးဖြင့် ကျူးကျော်စစ်ကို စတင် ဆင်နွှဲခဲ့သည်။ အပြတ်အသတ် ရှုံးနိမ့်မှုနှင့် အတူ သူတို့၏ ဂိုဏ်းမှာ တစ်စစီ ပြိုကွဲ ပျက်စီး ခဲ့ရ၏။
သူမနှင့် စီနီယာ အကို ယုကျင်းတို့ ချစ်သူ နှစ်ဦးသည် ဂိုဏ်းပြိုကွဲပြီးနောက် ဆက်လက် အသက်ရှင်သန်ရေး အတွက် ထွက်ပြေးခဲ့ကြရသည်။ သူတို့သည် လမ်းတစ်လျှောက်၌ များစွာသော ရန်သူများကို သတ်ဖြတ်ကာ အန္တရာယ် အထပ်ထပ်ကို ကျော်ဖြတ်ခဲ့ကြသည်။
ယနေ့ မတိုင်ခင် အထိ…။
သူမ၏ မျက်လုံးမှ အကြည့်များမှာ အရှေ့တည့်တည့်၌ မတ်တပ်ရပ်နေသော လူငယ်ထံသို့ ရောက်ရှိသွားသည်။ သူ၏ ဆံပင်များသည် နက်မှောင်ကာ ရှည်လျားလှ၏။ သူ၏ ငွေရောင် တဖျပ်ဖျပ် လက်နေသည့် မျက်လုံးများသည် လောကအား သိမ်းပိုက် စိုးမိုးထားသည့် အမှောင်အား တွန်းလှန်နေသည်။
ထိုလူငယ်သည် ရန်သူဂိုဏ်း၏ အဓိက တပည့် တစ်ယောက် ဖြစ်သည်။ သူသည် နောက်မှ အဆက်မပြတ် အမဲလိုက်ကာ သူမတို့အား လိုက်ဖမ်းခဲ့သည်။ နောက်ဆုံး၌ သူမနှင့် အခြား ဂိုဏ်းဝင် အချို့မှာ ထိုမိစ္ဆာကောင်၏ လက်အတွင်း ကျဆင်းခဲ့ရသည်။
ဖမ်းဆီးခံရသူ တစ်ယောက်မှာ မည်ကဲ့သို့ ကိုယ့်ကံကြမ္မာကိုယ် စီရင်ခွင့် ရှိတော့မည်နည်း။ အားနည်းခြင်းနှင့် ကံဆိုးမိုးမှောင်ကျခြင်းမှာ ဒွန်တွဲနေ၏။ သူမသည်လည်း ရန်သူ၏ လက်၌ အားနည်းသော မိန်းမ တစ်ယောက်၏ အဖြစ်ဆိုးကို ခံစားခဲ့ရသည်။ သို့သော်လည်း သူမ၏ စိတ်ဝိညာဥ်နှင့် နှလုံးသားထဲတွင်မူ စီနီယာ အကို ယုကျင်းမှာ တစ်နေ့ ကျိန်းသေ လာကယ်လိမ့်မည် ဟု။
သူမသည် သူ့အား ယုံကြည်ခဲ့သည်။ သူမသည် သူ့အား ယုံကြည်ခဲ့ပါသည်။
သူမ တွေးထားခဲ့သည့် အတိုင်းပင် စီနီယာ အကို ယုကျင်းသည် သူရဲကောင်း ဆန်ဆန် ရောက်ရှိလာကာ သူမအား ကယ်တင်ခဲ့သည်။ သူ၏ အပြုအမူနှင့် ရပ်တည်ချက်တို့တွင် သူမသည် နွေးထွေးမှုနှင့် ပျော်ရွှင်မှုတို့ကို ရင်ခုန် လှိုက်မောစွာ ခံစားခဲ့ရသည်။
ထို့နောက်တွင် ငရဲသည် ဆေဘာဓားသွားအလင်းနှင့် အတူ ဆင်းသက်လာကာ သူမ၏ မျှော်လင့်ချက်တို့ကို ရိုက်ချိုး သွားခဲ့လေ၏။
သို့သော်လည်း ဆေဘာဓားသွားကို မြင်ချိန်တိုင်း သူမ၏ သတ္တိများက သူရဲဘောကြောင်စွာ ပျောက်ကွယ် သွားသည်။ ချက်ချင်းပင် အမှန်တရားသည် စိတ်ကို လွှမ်းမိုးသွား၏။ သူမ၏ ကျင့်ကြံခြင်း အခြေခံ၊ သူမ၏ ခွန်အား... သူမ မည်သည်ကို တတ်နိုင်မည်နည်း။
လိုဏ်ခေါင်းတစ်ခု၏ အဆုံးရှိ မီးရောင် ကဲ့သို့...
မိန်းမငယ်သည် သူမ၏ ဘဝမှာ မည်ကဲ့သို့ ဇာတ်သိမ်းရလိမ့်မည် ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။ လွတ်လပ်မှု၊ ဘဝ အဓိပ္ပာယ်... ထိုအရာများအား ယူဆောင်သွားသည့် မိစ္ဆာကောင်ကို မည်ကဲ့သို့ သူမ ခွင့်လွှတ်နိုင်ပါမည်နည်း။ သူမသည် မေးရိုး၏ ခွန်အားဖြင့် လူငယ်အား အပြင်းထန်ဆုံးသော နာကျင်မှုကို ပေးရန် ဆုံးဖြတ်လိုက်သည်။
“ဟင်း...”
တီးတိုးသော သက်ပြင်းချသံတစ်ခုက သေမင်း၏ တီးတိုး ရေရွတ်သံကဲ့သို့ ထွက်ပေါ်လာသည်။ မိန်မငယ်သည် ထိတ်လန့်သွားကာ ရှေ့သို့ ခပ်မြန်မြန် တိုးလိုက်သည်။ သို့သော်လည်း စက္ကန့်ဝက်မျှ အတွင်းမှာပင် သူမ၏ ခေါင်းမှာ ပခုံးထက်မှ လျှောဆင်းကာ ကျောက်သား ကြမ်းပြင်ပေါ် ကျရောက်သွားလေသည်။
ထိုအရာသည် အရှိန်ဖြင့် ဆက်လက် လိမ့်ဆင်းသွားကာ နောက်ဆုံး ယုကျင်း၏ အလောင်းနှင့် ထိတွေ့သော အခါတွင်မှ ရပ်တန့်သွား၏။
“အနည်းဆုံးတော့ တမလွန်မှာ မင်းတို့ နှစ်ယောက် အတူရှိနေလိမ့်မယ်...”
လူငယ်က သက်ပြင်းတစ်ချက် ချလိုက်သည်။ သူက ဓားမော့အား လှိုင်းတစ်ခု အလား လှုပ်ခါလိုက်ရာ ပေကျံနေသော သွေးများမှာ ပျောက်ကွယ်သွားသည်။ ငွေရောင် ဓားမော့ကား ယခင်က ကဲ့သို့ ပြန်လည် သန့်ရှင်း သွားခဲ့ပြီ ဖြစ်သည်။
“ဝေ့ဝူယင်... နင့်မှာ သိက္ခာရော ရှိသေးရဲ့လား...”
နူးညံ့ ချိုမြိန်သည့် အသံတစ်ခုက ခန်းမအတွင်း ပဲ့တင်ထပ်ကာ ဝင်ရောက်လာ၏။ ထို့နောက်တွင် ကြေးဝါရောင် အသားအရည်နှင့် ကြွက်သားများ ပြည့်နှက်နေသည့် ထွားကျိုင်းသော ပုံရိပ်တစ်ခုမှာ ပေါ်လာခဲ့သည်။ ထိုလူသည် ရဲရဲနီသော တိရစ္ဆာန် သားမွေးများကို ဝတ်ဆင်ထားသည်။
ဝေ့ဝူယင်ဟု အမည်တပ်ခံရသော လူငယ်က စိတ်အနှောင်အယှက် ဖြစ်သွားသည့် ပုံစံဖြင့် အသံရှင်ကို လှည့်ကြည့်လိုက်သည်။ အသံ၏ ကနွဲ့ကလျဆန်မှုနှင့် မလိုက်ဖက်စွာပင် သူ၏ ခန္ဓာကိုယ်မှာ ထူးခြားသော ယောကျ်ားပီသမှုတို့နှင့် ပြည့်နှက်နေသည်။
“ကြည့်ရတာ မင်းရဲ့ ယင်အသံတု ကျင့်စဥ်က အထွတ်အထိပ်ကို ရောက်သွားတဲ့ပုံပဲ...”
ဝေ့ယူယင်က ညာဘက်လက်ကို ဝှေ့ယမ်းလိုက်လေရာ သွေးနီရောင် ဝတ်စုံတစ်ခုမှာ သူ၏ လက်စွပ် အတွင်းမှာ ထွက်ပေါ်လာ၏။ ထို့နောက် သူသည် အလျင်လိုခြင်း မရှိပဲ ဖြည်းညင်းစွာပင် ထိုအရာကို ဝတ်ဆင်လိုက်သည်။
“ဟုတ်တယ်... နင် မနာလိုနေတာလား...”
ယောက်ျားကြီးက ပါးစပ်အား လှုပ်လိုက်သည်နှင့် ချိုအီသော မိန်းမသံမှာ နောက်တစ်ကြိမ် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာပြန်၏။
“မနာလိုနေတာ...”
ဝေ့ဝူယင်က အရယ်ရဆုံး ဟာသ တစ်ခုကို ကြားလိုက်ရသည့် အလား အူလိုက်သည်းလိုက် ရယ်မောလိုက်သည်။ ထို့နောက် သူက ဖြည်းညင်းစွာပင် နောက်သို့ လှည့်ကာ ချူရန်အား အေးစက်စက် ကြည့်လိုက်၏။
“ချူးရန်... မင်း သူ့ကို ဒီနေရာအထိ မြှားခေါ်လာခဲ့တာ မလား... သူ ငါ့ကို သတ်နိုင်မလား ဆိုတဲ့ ရည်ရွယ်ချက်နဲ့လေ...”
ချူးရန်က မျက်မှောင်ကြုတ်လိုက်သည်။ စိတ်ပျက်မှု အရိပ် ဖျော့ဖျော့မှာ သူ၏ မျက်လုံးထဲတွင် ပေါ်လာသော်လည်း ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွား၏။ သူက ထူးမခြားနားဟန်ဖြင့် ခေါင်းအား ခါယမ်းလိုက်သည်။
“နင် ဘာကိုဆိုသလဲ ဆိုတာ ငါနားမလည်ဘူး... ဒီလူငယ်က ထူးခြားတဲ့ နည်းလမ်းနဲ့ ငါတို့ရဲ့ ခံစစ်တွေကို ဖြတ်ကျော်ပြီး နင့်ရဲ့ တဲနန်းထဲ ဝင်လာခဲ့တာ... ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ... ချီပြောင်းလဲမှု လှိုင်းတွေကြောင့်သာ တိုက်ပွဲတစ်ခု ဖြစ်သွားတယ် ဆိုတာ ငါသိခဲ့ရတာ”
ဝေ့ဝူယင် ချူရန်၏ အပြုအမူကို ဂရုမထားဟန် ဖြတ်ပြောလိုက်သည်။
“မင်းရဲ့ ပေါ့ရော့မှု အတွက် အပြစ်ခံယူရမယ်... ဒါကို ရှင်းလင်းထားလိုက်...”
အမိန့်ပေးပြီးသည်နှင့် သူက ချူရန် ဝင်လာသည့် ဝင်ပေါက်ဆီသို့ တဖြည်းဖြည်းချင်း လျှောက်လာခဲ့၏။
“ကောင်းပြီလေ...”
ချူရန်က လေးစားမှု အတုအယောင် လေသံဖြင့် ခေါင်းညိတ်လိုက်သည်။ သူ၏ အကြံအစည် မအောင်မြင်သည့် ဆုလာဘ် တစ်ဖြစ်လည်း ထိုပြစ်မှုမှာ သိပ်မဆိုးလှချေ။ သူသည် သွေးစက်များနှင့် အလောင်းနှစ်လောင်း ရှိရာသို့ လှမ်းကြည့်လိုက်ကာ ဝေ့ဝူယင်နှင့် မျက်နှာချင်းဆိုင်လျှက် အခန်းအတွင်း ဝင်လာခဲ့သည်။
နှစ်ယောက် မျက်နှာချင်းဆိုင်ကာ ခြေတစ်လှမ်း ကျော်လွန်သွားပြီးနောက်...
ရုတ်ချည်းပင် ဝေ့ဝူယင်၏ မျက်လုံးများမှာ ထက်ရှသွား၏။ သတ်ဖြတ်လိုသော အလင်းတန်းများမှာ ထင်းခနဲ ပေါ်လွင်လာသည်။
ချူရန်သည် တစ်စုံတစ်ခုကို ခံစားမိသည်နှင့် လှုပ်ရှားရန် ကြိုးစားလိုက်၏။ သို့သော်လည်း ထိုအချိန်တွင်ပင် ဓားဦးချွန်သည် သူ၏ ဦးခေါင်းကို ထိုးဖောက်ကာ ဦးနှောက်ထဲ အထိ တိုးဝင်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ မှတ်ဉာဏ်များထဲရှိ စကားလုံးများ၊ နောင်တရမှုများမှာ ရုတ်ချည်းပင် ပျောက်ကွယ်သွားလေ၏။
“ဘုန်း...”
ချူရန်၏ ခန္ဓာသည် ကြမ်းပြင်ပေါ် လဲပြိုကျသွားသည်။ ဝေ့ဝူယင်က နောက်ပြန် လှည့်မကြည့်ပဲ နှာခေါင်းရှုံ့ လိုက်၏။
“အမှိုက်ကောင်...”
ထို့နောက်တွင် သူသည် တံခါးအား ကျော်ဖြတ်ကာ အပြင်ဘက်သို့ ထွက်လာခဲ့သည်။ များစွာသော အစောင့်များသည် လက်နက်များကို ကိုင်ဆောင်ကာ မလှမ်းမကမ်းတွင် ရပ်နေကြ၏။ ဝေ့ဝူယင်က ထိုအစောင့် တစ်ယောက်ချင်းစီကို မှတ်မိအောင် အရင်ဆုံး ကြည့်ပြီးနောက်မှ ပြောလိုက်သည်။
“ဗိုလ်ချုပ် ချူရန်က ကျူးကျော်သူရဲ့ အလစ် တိုက်ခိုက်မှု အောက်မှာ သေဆုံးသွားတယ်... ရလဒ် အနေနဲ့ ငါ အဲဒီ ကျူးကျော်သူကို သတ်လိုက်တယ်... အရှုပ်တွေကို ရှင်းထားလိုက်... ငါဂိုဏ်းကို အစီရင်ခံလိုက်ဦးမယ်”
အစောင့်များမှာ သူ၏ စကားကြောင့် အံ့အားသင့်သွားကြဟန် ရသည်။ သူတို့သည် ကျူးကျော်သူ၏ လက်ချက်ဖြင့် ဝေ့ဝူယင်သေဆုံးလိမ့်မည်ဟု မမျှော်လင့်ထားကြသည့်တိုင် ချူရန်ကိုလည်း သူ၏ ကိုယ်ပိုင် အစီအစဥ်နှင့် အတူ ကျဆုံးသွားရလိမ့်မည် ထင်မှတ် မထားခဲ့ကြချေ။ သူတို့၏ စိတ်များသည် အေးစက် သွားကြ၏။ သူတို့သည် အန္တရာယ်၏ အရိပ်အယောင်ကို ခံစားလိုက်ရသည်။
***