← Chapters

ဝေ့ဝူယင်နှင့် ထူးဆန်းသော လူငယ်

Vol. 1 Ch. 2

ဝေ့ဝူယင်နှင့် ထူးဆန်းသော လူငယ်

Vol. 1 Ch. 2

ဆောင်းဦးရာသီ...

သစ်ရွက်များသည် လှပသော အရောင်များသို့ ကူးပြောင်းကာ လေပြည်နှင့်အတူ ယိမ်းနွဲ့ ကခုန်နေကြ၏။ နီ၊ ဝါ၊ ပြာ၊ စိမ်း၊ ခရမ်းနှင့် ညိုလွင်သော ပန်းတို့သည် သင်းပျံ့သော မွေးရနံ့တို့ကို ထုတ်လွှင့်နေကြသည်။

ဝေဝူယင်သည် ယောက်ျား နှစ်ယောက်ဖက်စာခန့် ရှိသော သစ်ကိုင်း တစ်ခုထက်၌ ရပ်ရင်း ပတ်ဝန်းကျင်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့၏။ စခန်း တစ်ခုသည် သူနှင့် မနီးမဝေး၌ ရှိနေသည်။ ထိုစခန်း အတွင်း၌ ငယ်ရွယ်၊ ပျိုမြစ်၊ အိုမင်း၊ သန်စွမ်းသော ယောက်ျား၊ မိန်းမ မျိုးစုံမှာ တည်ရှိနေကြသည်။ သူတို့ အားလုံးသည် လခြမ်း သဏ္ဌာန်များဖြင့် ချယ်သထားသည့် ခရမ်းရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။

စခန်းအတွင်းရှိ မည်သူမျှ ဝေ့ဝူယင် ချဥ်းကပ်လာခြင်း၊ စောင့်ကြည့်နေခြင်းတို့ကို သတိ မထားမိကြပါချေ။

“နောက်ဆုံးစခန်းကို ရှာတွေ့ပြီ...”

ဝေ့ဝူယင်၏ လေသံက ပျော့ပြောင်းလှသော်လည်း အထင်အမြင်‌သေးခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ ဒဏ္ဍာရီလာ ရက်စက်ကြမ်းကြုတ်သော ဝံပုလွေကို သင်္ကေတ အဖြစ် ထားသည့် သူ၏ သွေးနေနီနီဂိုဏ်းသည် ထိုလခရမ်းဂိုဏ်း ကို စစ်ကြေညာခဲ့သည်။ သွေးနေနီနီဂိုဏ်းသည် ထိုစစ်ပွဲအတွက် အကြောင်းပြချက် များစွာကို တည်ဆောက်ထားခဲ့သည့်တိုင် သူသည် အမှန်တရားကို သိပေသည်။

ထိုစစ်ပွဲကား မိန်းကလေး တစ်ယောက် အတွက် ဖြစ်၏။ သူမသည် လခရမ်းဂိုဏ်း ချုပ်၏ မျိုးဆက် တစ်ယောက် ဖြစ်သည်။ သူမနှင့် ဂိုဏ်းချုပ်တို့ မည်ကဲ့သို့ တော်စပ်သည်ကို သူ သေချာ မသိချေ။ သေချာသည် တစ်ခုက သူတို့ နှစ်ယောက်မှာ ဆွေမျိုးတော်ပေသည်။ သဘာဝက ပေးသည့် ပြိုင်ဘက်ကင်း ပါရမီနှင့် အတူ မွေးဖွားလာသည့် ထိုမိန်းကလေးသည် နတ်သက်ကြွေ နတ်မိမယ် တစ်ပါး ကဲ့သို့ လှပလှသည်။ သို့သော်လည်း ကျင့်ကြံခြင်း လောက၌ အားကြီးသူသည် အားနည်းသူကို ချိုးနှိမ်၏။ လှပခြင်း၊ ပါရမီရှိခြင်းတို့သည် ကျင့်ကြံခြင်း အဆင့်၏ ခြေဖနှောင့်အောက်တွင် ပြားပြားဝပ်ရသည်။

ယခု၌ သူမ၏ ကံကြမ္မာက မည်ကဲ့သို့ ဖြစ်သွားပြီနည်း။

ဝေ့ဝူယင်သည် သူမ ဖမ်းဆီးခံရကာ ဂိုဏ်းသခင်လေး၏ လက်အတွင်း ကျရောက်သွားခဲ့ပြီ ဖြစ်‌ကြောင်း သတင်းကြားခဲ့ရသည်။ ယခု၌ သူမသည် တစ်စုံတစ်ယောက် ပျော်တော်ဆက်ရန် အသုံးပြုခံရသည့် ရုပ်သေးရုပ် တစ်ရုပ် ဘဝသို့ ရောက်ရှိနေ‌လောက်ချေပြီ။

ဝေ့ဝူယင်သည် ကြည်လင်သော ကောင်းကင်ကို မော့ကြည့်ကာ ခေါင်းအား ခါယမ်းလိုက်၏။

“မိန်းမလှက ခွေးစားခံလိုက်ရပြီ... ငါသာ သူနဲ့ အတူ ရှိနိုင်ရင်...”

သူက စိတ်မသက်မသာဖြင့် ပြုံးလိုက်၏။ ထို့နောက် သူက လက်စွပ်ထဲမှ နီရဲကာ ပြီးပြည့်စုံသည့် ပန်းသီး တစ်လုံးကို ထုတ်ယူလိုက်သည်။

“ခရက်...”

သူက ပန်းသီးအား တစ်ကိုက် ကိုက်လိုက်ရာ အသံမှာ ကျယ်လောင်စွာ ထွက်ပေါ်သွား၏။ စခန်းအပြင်ဘက်ရှိ အစောင့်သည် ချက်ချင်းပင် နိုးကြားသွားသည်။ သူသည် လက်နက်ကို အသင့်ပြင်ကာ အသံလာရာသို့ လှမ်းကြည့်လိုက်သည်။

ဝေ့ဝူယင်သည် သဘောကျစွာ ပြုံးလိုက်ကာ သစ်ပင်ထက်မှ ညင်သာစွာ ခုန်ဆင်းလိုက်၏။

“နှုတ်ဆက်ပါတယ်...”

“ရန်သူ... ရန်သူ... ရန်သူဟေ့”

အစောင့်သည် တဒင်္ဂမျှ ကြောင်အ သွားသော်လည်း ချက်ချင်းပင် အဆုပ်များ ပွင့်ထွက်မတတ် အော်ဟစ်လိုက်သည်။ ထို့နောက် သူသည် နောက်သို့ ခုန်ဆုတ်ကာ ထွက်ပြေးရန် အစွမ်းကုန် ကြိုးစားလိုက်သည်။

“မဆိုးဘူး...”

ဝေ့ဝူယင်မှာ အစောင့်၏ တုန့်ပြန်မှုကို လေးစားသွား၏။ ကျင့်ကြံခြင်း လောက၌ ဆုံးဖြတ်ချက် ပြတ်သားခြင်းမှာ အလွန် အဖိုးတန်လှသည်။

“ခုခံတဲ့သူကိုသတ်... ကျန်တဲ့လူတွေကို အကုန်ဖမ်း...”

ဝေ့ဝူယင်၏ အမိန့်ပေးသံ အဆုံး၌...

“ဝှစ်... ဝှစ်... ဝှစ်...”

သွေးနီရောင် ပုံရိပ်များမှာ ပတ်ဝန်းကျင်နေရာမျိုးစုံမှ ထွက်ပေါ်လာကာ စခန်းကို ဝန်းရံ လိုက်ကြသည်။ ထိုသွေးနေနီနီဂိုဏ်းသားတို့သည် ‌ရှေးဟောင်း မိစ္ဆာ ဝံပုလွေများကဲ့သို့ ခုန်ပေါက်ရင်း သားကောင်များဆီသို့ တိုးဝင် သွားကြလေ၏။ သူတို့သည် ဆေဘာဓားများ၊ ဓားရှည်များနှင့် အခြား လက်နက်မျိုးစုံကို ကိုင်ဆောင်ကာ သေမင်းတမန်များ အလား တိုက်ခိုက်ကြတော့သည်။

ကြည့်ရသူပင် သွေးပျက် ခြောက်ခြားဖွယ် ကောင်းလွန်းလှသည်။ နီရဲသော သွေးများသည် ဆောင်းဦးသစ်ရွက်များအား သိမ်းပိုက်ကာ စွန်းထင်သွား၏။

ဝေ့ဝူယင်၏ အမြင်အာရုံ၌ နာကျင်ခြင်း၏ အော်ဟစ်သံများ၊ အသက်ရှင်သန်ရန် ကြိုးပမ်းမှုများ၊ စိတ်ပျက်အားငယ်မှုများ၊ မိုးစက်များ ကဲ့သို့ သွေးစက်များက ထင်ဟန်နေ၏။ ထိုမြင်ကွင်းကား အမှန်တကယ် လှပလွန်းလှသည်။

မူမမှန်မှုတစ်ခုက သူ၏ မျက်လုံးများကို ဖမ်းစားသွားသည်။ စခန်း၏ နောက်ဖက် အစွန်အဖျား နေရာတစ်ခု၌ ငါးမီတာခန့် ရှိသော ကုဗပုံ လှောင်အိမ်တစ်ခု ရှိနေ၏။ အားနည်းပြီး စက်ဆုပ်ဖွယ်ကောင်းသော ကျင့်ကြံသူများက ၎င်းကို ဤနေရာသို့ သယ်လာပုံရသည်။

ဝေ့ဝူယင်သည် တစ်ဝက်တစ်ပျက် ကိုက်ပြီးသား ပန်းသီးကို ဆောင်းဦးသစ်ရွက်များထက်သို့ လွှတ်ချလိုက်၏။ ထို့နောက် သူ သေဆုံးခြင်းနှင့် ရုန်းကန်ခြင်းတို့ ပြည့်နှက်နေသည့် စစ်မြေပြင်ဘက်သို့ ဦးတည် လိုက်သည်။ သူ၏ နောက်လိုက်များသည် သတ်ဖြတ်ရာ၌ အထူး ကျွမ်းကျင်သူများ ဖြစ်ကာ ခေါင်းဆောင်ကို ချေမှုန်းပြီးနောက် အခြား အဖွဲ့ဝင်များကို လုံလစိုက်ထုတ် အမဲလိုက်နေကြသည်။

“ကျွန်မကို ကယ်ပါ...”

အသက်နှစ်ဆယ် အရွယ် မိန်းမငယ်လေး တစ်ယောက်မှာ ဝေ့ဝူယင်ထံသို့ နောက်ဆုံး ကောက်ရိုးတစ်မျှင် အလား ပြေးလွှားလာ၏။ သို့သော်လည်း လေ့ကျင့်ခြင်း ကင်းမဲ့ကာ အားနည်းလှသည့် သူမ၏ ခြေထောက်များမှာ မြေပြင်ထက်သို့ ခွေယိုင်ကျသွားသည်။

သူမသည် သွေးပျက်ခြောက်ခြားစွာဖြင့် ရှေ့သို့ တွားသွားလာကာ ဝေ့ဝူယင်၏ ခြေထောက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

“ဝှစ်...”

ဆေဘာဓားတစ်လက်သည် ချက်ချင်းပင် မိန်းကလေး၏ လည်ပင်းထက်သို့ ကျရောက်လာ၏။ သူမသည် လည်ဂုတ်ရှိ အေးစက်စက် အငွေ့အသက်ကို ခံစားလိုက်ရသည်နှင့် သူမ၏ ဘဝမှာ အဆုံးသတ်တော့မည် ဖြစ်ကြောင်း သိရှိလိုက်သည်။ နာကျဥ်းခြင်းတို့ ဖြည့်စွက်နေသော မျက်ရည်စမှာ သူမ၏ မျက်ဝန်းတွင် ခိုဝဲလာ၏။

“ဝှစ်...”

နောက်ဆုံး စက္ကန့်တွင် ဝေ့ဝူယင်၏ လက်တစ်ဖက်သည် လျှင်မြန်စွာ လှုပ်ရှားသွားသည်။ ဆေဘာဓားသွား၏ အဖျားသည် မိန်းကလေး၏ အရေပြားကို အပ်တစ်ဖျားစာ ထိုးဖောက်ပြီးနောက် ရပ်တန့်သွား၏။

ဆေဘာဓားအား ကိုင်ဆောင်ထားသူမှာ အမျိုးသမီး တစ်ယောက် ဖြစ်သည်။ သူမ၏ အေးစက် အသက်မဲ့သော မျက်လုံးများသည် မြင့်မားသော အရပ်အမောင်း၊ ချောမောသော မျက်နှာတို့ ပေါင်းစပ်ထားသည့် ဝေ့ဝူယင်ထံသို့ ရောက်ရှိသွား၏။

ဝေ့ဝူယင်က သနားစရာ မိန်းကလေးကို ငုံ့ကြည့်ကာ ပြုံးပြလိုက်၏။ ထို့နောက် သူက ဆောင့်ကြောင့်ထိုင်ကာ ညာဘက်လက်ကို ဆန့်ထုတ်လိုက်သည်။ လှပကာ ပြီးပြည့်စုံသည့် ပန်းသီးတစ်လုံးမှာ သူ၏ လက်ဖဝါးထက်၌ ပေါ်လာခဲ့၏။

“ဗိုက်ဆာနေလား...”

ရုတ်တရက် လန့်ဖျန့်ကာ အော်ဟစ်ခြင်း မပြုမီတွင် မိန်းကလေး၏ စိတ်သည် တဒင်္ဂစာမျှ ရပ်တန့် သွားသည်။ သူမသည် အရှေ့ လက်မ အနည်းငယ် အကွာ၌ ရှိနေသော စူးရဲသည့် မျက်လုံး အစုံကို ကြည့်ကာ အေးခဲ သွားသည်။ သူမ၏ နှလုံးသားသည် မြွေပွေးတစ်ကောင်၏ ဖမ်းစားခြင်း ခံလိုက်ရသည့် အလား မွမ်းကြပ်မှုကို ခံစား လိုက်ရ၏။

ထိုအရာက ကံကြမ္မာလော။ သူမသည် လက်ခံရန် ဆန္ဒ မရှိပါချေ။

ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် သူမသည် ဝေ့ဝူယင်အား ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါ သူမ၏ မျက်လုံးများထဲရှိ မျှော်လင့်ချက်များမှာ ပို၍ အားကောင်းလာ၏။ သူမက လက်ကို ဆန့်ထုတ်ကာ ပန်းသီးအား ယူလိုက်သည်။ တစ်ကိုက်ကိုက်ပြီးနောက်၌ သူမ၏ စိတ်များမှာ အနည်းငယ် ပြန်လည် တည်ငြိမ် နေခဲ့ပြီ ဖြစ်လေသည်။

"သူ့ကို အသက်ရှင်ခွင့်ပေးလိုက်…"

ဝေ့ဝူယင်က အမိန့်ပေးလိုက်သည်။ မိန်းကလေး ကျေးဇူးတင်စကား မပြောရသေးခင်မှာပင် အေးစက်ပြီး တည်ငြိမ်သည့် အမျိုးသမီးသည် သူမ၏ ပခုံး နှစ်ခုကြားရှိ ဇက်အား လက်ဝါးစောင်းဖြင့် ရိုက်လိုက်သည်။ ထို့နောက် သတိလစ်သွားသော သူမအား တိုက်ခိုက်ရေး သမား တစ်ယောက်မှာ ပခုံးထက်တင်၍ ထမ်းပိုး သွားတော့၏။

ဝေ့ဝူယင်သည် ထိုအရာအား လျစ်လျူကာ ကုဗသဏ္ဌာန် လှောင်အိမ်ဘက်သို့ လျှောက်လာခဲ့သည်။

လှောင်အိမ်သည် အလုံပိတ် ဖြစ်ကာ ဝင်ပေါက်တစ်ခုနှင့် သံချေးတက်နေသည့် သံတိုင် ပြတင်းပေါက်ငယ် တစ်ခုသာ ရှိ၏။  ထိုပြတင်းပေါက်ငယ်သည် အသက် ရှင်သန်မှု အတွက် နေရောင်ခြည်နှင့် အောက်ဆီဂျင် အနည်းငယ်ကို ပေးဆောင်သည်။ ဝေ့ဝူယင်သည် လှောင်အိမ်အား ထိလိုက်ရာ အေးစက်မှုကို သူ့လက်ချောင်းများပေါ်တွင် ခံစားလိုက်ရသည်။ သူသည် အနည်းငယ် အံ့အားသင့် သွား၏။

"နှင်းသံမဏိ…"

ဝေ့ဝူယင်သည် ထိုနှင်းသံမဏိမှာ အလွန်ထူးခြားပြီး တုန်လှုပ်ချောက်ချား စရာ ပစ္စည်းတစ်ခုဖြစ်ကြောင်း သိရှိထားသည်။  နွေရာသီတွင် ဖြစ်စေ၊ ဆောင်းရာသီတွင် ဖြစ်စေ ထိုနှင်းသံမဏိသည် အလွန် နိမ့်ပါးသော အပူချိန်တွင်သာ အစဉ်အမြဲ ရှိသည်။ မီးထဲသို့ ပစ်ချလိုက်လျှင်ပင် နှင်းသံမဏိသည် ပုံမှန်အတိုင်း ရှိနေဦးမည် ဖြစ်သည်။ သံမဏိ အရည်ပျော်မှတ်ထက် အဆပေါင်းများစွာ ပိုပြင်းထန်သော အပူချိန်ကို အသုံးပြုမှသာ ထိုအရာကို တစ်စုံတစ်ခု အဖြစ် ပုံသွင်း နိုင်လိမ့်မည်ဖြစ်သည်။

ဝေ့ဝူယင်က မျက်မှောင်ကြုတ်လိုက်သည်။  ၎င်းနှင့် ပြုလုပ်ထားသည့် လှောင်အိမ်အတွင်းရှိ ကမ္ဘာကား အေးခဲသော ငရဲပင် ဖြစ်ရမည်။

ဝေ့ဝူယင်၏ စူးစမ်းလိုစိတ်က ပို၍ တိုးလာ၏။   ပြေးလွှားပုန်းအောင်းနေရသည့် အပြစ်သား တစ်စုသည် ဤကဲ့သို့သော လှောင်အိမ်ကို တကူးတက သယ်လာရသည် အထိ အထဲတွင် မည်သည့် အရာများ ပါရှိ နေသနည်း။

ဝေ့ဝူယင်က တုံ့ဆိုင်းခြင်း မရှိပဲ လက်ကိုင်ကို ဆုပ်ကိုင်ကာ ဝင်ပေါက်ကို ဖွင့်လိုက်သည်။  အေးခဲနေသော လှောင်အိမ်ထဲတွင် အမှောင်ထုသည် စိုးမိုးနေပုံရသည်။  သူ အသက်ရှုလိုက်တိုင်း အေးစိမ့်သော အဖြူရောင် လေထုတစ်ခုက နှာခေါင်းများထဲမှ ထွက်ပေါ်လာသည်။

"အေးတယ်…"

ဝေ့ဝူယင်က မှတ်ချက်ချလိုက်၏။ သူက လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်ရာ ငွေရောင်ဆေဘာဓား တစ်လက်မှာ သူ၏ လက်တွင် ပေါ်လာသည်။ ထို့နောက် သူသည် တစ်လှမ်းချင်း လှောက်အိမ်ထဲသို့ ဝင်ကာ ပတ်ဝန်းကျင်ကို စိတ်ဝင်တစား ကြည့်လိုက်သည်။

"အား…"

စူးစူးဝါးဝါး အော်ဟစ်သံကြောင့် သူသည် ခန္ဓာကိုယ်အား လှည့်ကာ ဓားဖြင့် ခုတ်ပိုင်းလိုက်၏။ သို့သော်လည်း သူ၏ ဆေဘာဓားသွားသည် အေးစက်သော လေထုမှလွဲ၍ မည်သည့် အရာကိုမျှ ဖြတ်ပိုင်းသွားခြင်း မရှိပါချေ။

သို့သော်လည်း ဝေ့ဝူယင်သည် သူ၏ နောက်၌ တစ်စုံတစ်ခု ရှိနေသည်ကို ခံစားနေမိ၏။ ရုတ်တရက် လည်ပင်းမှ စူးရှသော နာကျင်မှုတစ်ခုကြောင့် သူ၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။ အော်ဟစ်မာန်သွင်းသံနှင့် အတူ ချီစွမ်းအင်မှာ သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။

“ဘုန်း...”

အနက်ရောင် အရိပ်တစ်ခုသည် လှောင်အိမ်နံရံနှင့် ပြင်းထန်စွာ ဝင်ဆောင့်သွားသည်။ အကျိုးရိုးသံ သဲ့သဲ့ ထွက်ပေါ်လာသည့်တိုင် ဝေ့ဝူယင်သည် နာကျင်သော အော်ဟစ်သံကို မကြားရချေ။ စူးရှရှ နာကျင်မှု တစ်ခုမှာ သူ၏ လည်ပင်းထက်၌ တဖြည်းဖြည်း နေရာယူလာ၏။

လည်ပင်းအား လက်တစ်ဖက်ဖြင့် ပြန်စမ်းရင်း ဝေ့ဝူယင်သည် ဆေဘာဓားအား ဆန့်ထုတ်လိုက်သည်။ အဆုံးမရှိသော အမျက်ဒေါသသည် သူ၏ မျက်လုံးများ အတွင်း၌ စီးဝင်လာကာ သတ်ဖြတ်ချင်စိတ်မှာ တဟုန်ထိုး မြင့်တက်သွား၏။

အနီးကပ်ကြည့်လိုက်ပြီးနောက် ဝေ့ဝူယင်သည် ထိုပုံရိပ်မှာ ယောက်ျား တစ်ယောက်ဖြစ်ကြောင်း တွေ့ရှိ လိုက်ရသည်။ သူသည် လူငယ် တစ်ယောက် ဖြစ်ကာ အလွန်ဆုံး နှစ်ဆယ် ပတ်လည်သာ ရှိနိုင်၏။ သူ့ထက်ပင် ပို၍ ကြီးပုံမရချေ။ သို့သော်လည်း ထိုလူငယ်၏ ခန္ဓာကိုယ်သည် အာဟာရ ချို့တဲ့မှုကြောင့် ပိန်လှီ ညှင်းသိုးနေ၏။ သူ၏ အနက်ရောင်မျက်လုံးများသည် ချိုင့်ဝင်နေကာ သူ၏ ငွေရောင်ဆံပင်များမှာ ရှည်လျား ညစ်ပတ်နေသည်။

ထိုလူငယ်သည် မည်သည့် အဝတ်အစားကိုမှ ဝတ်ဆင်ထားခြင်း မရှိပဲ နှင်းသံမဏိ၏ အေးစက်သော အပူချိန်ကို ခန္ဓာကိုယ်ဖြင့် ခံယူနေသည်။ သူ၏ ကြမ်းတမ်းသော အသားအရေသည် ဖြူ‌ရော်ကာ အက်ကွဲနေ၏။ အစီအရီ အမာရွတ်များကို ကြည့်၍ ဝေ့ဝူယင်သည် ထိုလူငယ်မှာ မည်မျှ နှိပ်စက်ခံထားရကြောင်း မှတ်ချက်ချ နိုင်ခဲ့သည်။

လူငယ်၏ ခြောက်ကပ်ကပ် ရယ်မောသံသည် ဝေ့ဝူယင်၏ ဒေါသကို ဖြိုခွင်းကာ စူးစမ်းလိုစိတ်ကို နှိုးဆွသွား၏။ သူက လည်ပင်းထက်ရှိ ဒဏ်ရာကို လက်ဖြင့် နာနာဖိရင်း မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။

“မင်း ဘာလို့ ဒီကို ရောက်နေတာလဲ...”

ဝေ့ဝူယင်က မေးလိုက်သည်။

“မင်း ဘာလို့ ဒီကို ရောက်နေတာလဲ...”

အဆုံးမရှိသည့် ရူးသွပ်မှုများ ပြည့်နှက်နေသည့် တူညီသော အသံက တုန့်ပြန်လာသည်။ ထိုလူငယ်မှာ ရူးသွပ်နေပုံ ရသည်။

ဝေ့ဝူယင်သည် ကန်လိုက်၏။ သူ၏ ခြေထောက်များသည် လေအလျင်ကဲ့သို့ လူငယ်၏ ဦးခေါင်းကို ထိသွားသည်။ အရိုးချင်း ထိတွေ့သည့် အသံတစ်ခုသည် ကြမ်းတမ်းစွာ ထွက်ပေါ်လာ၏။ လူငယ်၏ ဦးခေါင်းသည် ပြင်းထန်စွာ တုန်ရီကာ ဘေးရှိ နှင်းသံမဏိ နံရံပေါ် ကျရောက်သွားသည်။

“ဘုန်း...”

“မင်း ဘာလို့ ဒီကို ရောက်နေတာလဲ...”

ဝေ့ဝူယင်က ထပ်မေးလိုက်သည်။ လူငယ်သည် တဒင်္ဂ အသိကင်းမဲ့နေပုံရသည်။ မည်သို့မှ ပြန်မဖြေချေ။

“ဘုန်း...”

ဝေ့ဝူယင်က ကန်လိုက်ပြန်၏။

“မင်း ဘာလို့ ဒီကို ရောက်နေတာလဲ...”

ပြင်းပြင်းထန်ထန် နာကျင်မှုနှင့် အတူ ဦးခေါင်းခွံမှ သွေးများ စီးကျလာပြီးနောက် လူငယ်သည် ဝေ့ဝူယင်အား ကြည်လင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထိုအရာကား မိုင်ပေါင်းထောင်ချီ ခရီးသွားကာ မရေမတွက်နိုင်သော စာအုပ်များကို ဖတ်ရှုထားသည့် ကျောင်းတော်သား တစ်ယောက်၏ မျက်လုံးများပင်။

“ဟမ်...”

ဝေ့ဝူယင်၏ စိတ်ဝင်စားမှုမှာ မြင့်တက်သွား၏။ ထိုအရူးက ကန်ကျောက်ခံရမှုကြောင့် ကိုယ်ပိုင် မှတ်ဉာဏ်ကို ပြန်လည် ပိုင်ဆိုင်သွားသည်လော။

“မင်းက လူကောင်းလား လူဆိုးလား...”

လူငယ်က ‌မေးလိုက်သည်။ သူ၏ အသံသည် ညင်သာကာ ခွန်အားဖြင့် ပြည့်ဝနေ၏။ ၎င်းသည် ယခင်ကနှင့် လုံးဝ ကွာခြားနေခဲ့သည်။ ဝေ့ဝူယင်က လူသယ်အား ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။

“လူကောင်း ဒါမှမဟုတ် လူဆိုး... မင်းက ကလေးလား...”

ထိုအဓိပ္ပာယ် မရှိသော မေးခွန်းမျိုးကို အတွေးအခေါ် ရူးနှမ်းသော ကျောင်းတော်သားများနှင့် ကလေးများသာ မေးလေ့ရှိသည်။ ထိုခံယူချက်နှင့် အတွေးအခေါ်မျိုးမှာ ကျင့်ကြံခြင်း လောကတွင် နေရာ မရှိချေ။

လူငယ်က အမှတ်တမဲ့ပြုံးကာ ခေါင်းညိတ် လိုက်၏။

“လူကောင်း၊ လူဆိုး၊ သေမျိုး၊ အင်မော်တယ်... ကောင်းမွန်ခြင်းကို ဆောင်ကျဥ်းသူတွေဟာ ကမ္မ ကံကောင်းမှုကို ရရှိကြတယ်... အကုသိုလ်ဟာ အယုတ်ညံ့ဆုံး ဒုစရိုက် တရား ဖြစ်တယ်.... ဒါပေမဲ့ လောကမှာ အကျင့်သီလဟာ ရှုံ့ချရင်း ရှုံ့ချခံနေရတယ်... အားကြီးသူတွေဟာ အားနည်းသူဆီကနေ ကမ္မကို လုယူကြတယ်... ဒါကြောင့် အားကြီးသူတွေဟာ လူကောင်းတွေ ဖြစ်လာပြီးတော့ အားနည်းသူတွေဟာ ဆိုးညစ်တဲ့ မိစ္ဆာတွေ ဖြစ်လာကြတယ်”

“ဘဝမှာ ငါဟာ ဘာအမှားကိုမှ မလုပ်ခဲ့ဖူးဘူး... ဒါပေမဲ့ အဲဒါက မှားတယ်လို့ ငါ ခံစားလာရတယ်... မင်းဖြေကြည့်... ဘဝမှာ ငါက ကောင်းခဲ့တာလား... ဆိုးခဲ့တာလား...”

သူ၏ စကားများမှာ မနာခံလိုခြင်းများဖြင့် အဆုံးမဲ့ ပြည့်နှက်နေ၏။

ဝေ့ဝူယင်က ခေါင်းအား ခါယမ်းလိုက်သည်။ ထိုအကျဥ်းသားသည် ရူးနှမ်းနေပုံ ရသည်။ ထိုကဲ့သို့ လူက အဘယ်ကြောင့် အသက်ဆက်ရှင်သနည်း။ သူက ဆေဘာဓားအား ဆန့်တန်းကာ လူငယ်ကို ချိန်ရွယ်လိုက်သည်။

“မလုပ်ပါနဲ့...”

လူငယ်က သနားစဖွယ် ပြောလိုက်သည်။

“ငါက ရိုးရှင်းစွာပဲ အားနည်းပါတယ်... အဲဒါက မကောင်းမှု ဒုစရိုက်ရဲ့  အကြီးကျယ်ဆုံး ရင်းမြစ်ဖြစ်တယ်... နောက်ပြီး ကမ္မရဲ့ အကြီးကျယ်ဆုံး ရင်းမြစ်လည်း ဖြစ်ပါတယ်”

ဝေ့ဝူယင်က ထိုစကားအား လျစ်လျူကာ ဆေဘာဓားကို လူငယ်၏ ပခုံးအတွင်း ထိုးသွင်းလိုက်သည်။ သွေးစမှုန်များနှင့် ကြက်သွေးရောင် အရည်များသည် ပေါက်ကွဲ ထွက်ပေါ်လာ၏။ သို့သ်ေလည်း လူငယ်သည် နာကျင်မှုကို မခံစားရလေဟန် တုန့်ပြန်မှ မရှိချေ။ သူ၏ မျက်လုံးများသည် ကြည်လင်ကာ အားကောင်းနေဆဲ ဖြစ်၏။ သူသည် အမူအရာက တည်ငြိမ်နေသည်။

“ဒုစရိုက်မှာ မွေးဖွားပြီး ကံကြမ္မာကို ခိုးယူတယ်... ငါက ကမ္မ ဖြစ်တယ်... မင်းလည်း ကမ္မရဲ့ သက်ရောက်မှုကို ခံရလိမ့်မယ်”

လူငယ်က ပြင်းထန်သော စိတ်ဆန္ဒဖြင့် အခိုင်အမာ ဆို၏။ သို့သော်လည်း သူ့ဆီသို့ ရောက်ရှိလာသော အရာကား ဝမ်းဗိုက်မှ ဝင်၍ ကျောထိ ဖောက်ထွက်သွားသော ဓားတစ်ချောင်းသာလျှင် ဖြစ်သည်။

“အဓိပ္ပာယ် မရှိတာတွေ လျှောက်မပြောနဲ့...”

ဝေ့ဝူယင်က အေးစက်စွာဖြင့် ပြောလိုက်၏။

“မင်းက နောက်တစ်ကြိမ် ပြန်ပြီး မွေးဖွားချင်နေမှတော့ ငါ မင်းကို ပြန်လည် မွေးဖွားခြင်း စက်ဝိုင်းဆီ ပို့ပေးမယ်... အမယ်အို မန်ပိုကို ငါ့ကိုယ်စား နှုတ်ဆက်လိုက်ပါ”

ထို့နောက် သူက ဓားအား ဆွဲနှုတ်ကာ လူငယ်၏ လည်ပင်းထက်၌ တင်လိုက်သည်။ သူ၏ အကြည့်များက လူငယ်၏ ရူးသွပ်ခြင်းကို မြင်ဟန် မရချေ။

“ငါ ငါ့ရဲ့ မကောင်းမှု ဒုစရိုက်ကို မြင်ပြီ... ငါ့ရဲ့ ကံကောင်းမှုကို မြင်ပြီ... မင်း ပြန်ပြီး မွေးဖွား...”

သွေးမျဥ်းကြောင်း တစ်ခုမှာ လူငယ်၏ လည်ပင်းထက်၌ ပေါ်လာကာ သူ၏ အသံကို ပိတ်ပင်တားဆီး သွား၏။ လှောင်အိမ် ကြမ်းပြင်ထက်သို့ လူငယ်၏ ဦးခေါင်း ကျဆင်းသွားချိန်၌ နူးညံ့ ညင်သာသော အသံတစ်ခု ထွက်ပေါ်လာသည်။

“အသုံးမဝင်ဘူး...”

ဝေ့ဝူယင်က အေးစက်စက် တံတွေး ထွေးလိုက်သည်။ ထို့နောက်တွင် သူသည် အပြင်သို့ ထွက်လာကာ ဆောင်းဦး၏ နွေးထွေး ‌တောက်ပသော နေရောင်ကို နှုတ်ဆက်လိုက်၏။ သူသည် လက်တစ်ဖက်ဖြင့် လည်ပင်းကို ဆုပ်ကိုင်ထားကာ သွေးများမှာ သူ၏ လက်ချောင်းများကြားမှ စီးကျနေသည်။

သူ၏ ရှေ့တွင်မှု သတ်ဖြတ်ခြင်းတို့ ပြည့်နှက်နေသော စစ်တလင်းပြင်...။

ဝေ့ဝူယင်သည် တစ်ချက်ကြည့်ရုံဖြင့်ပင် အခြေအနေမှာ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်ကြောင်း သိရှိလိုက်၏။ သူသည် ပင်ပန်း နွမ်းနွယ်မှုကို ခံစားနေရကာ ဂိုဏ်းသို့ အလျှင်အမြန် ပြန်လိုစိတ်များ ဖြစ်ပေါ်လာသည်။

မျက်လုံးကို မှိတ်ပြီးနောက် သူက လေကို လေးပင်စွာ ရှူရှိုက်လိုက်သည်။ သွေးထက် တောက်ပသည့် ကြက်သွေးရောင် ဖျော့ဖျော့ အလင်း တစ်ခုသည် သူ၏ လည်ပင်း ဒဏ်ရာထက်တွင် ပေါ်လွင် လာခဲ့လေသည်။

***

All Chapters