မီးကျီကန်းဝင်္ကပါကို ချိုးဖျက်ခြင်း
Vol. 48 Ch. 645
ဆယ်ရက်ကြာပြီးနောက်တွင်တော့ လေသင်္ဘောသည် ရွှမ်တုထဲမှ ထွက်လာခဲ့၏။ ချင်မူ နောက်လှည့်ကြည့်လိုက်သော်လည်း ကောင်းကင်နယ်စားမင်း၏ ရုပ်သွင်အပြည့်အစုံ မမြင်ရသေး၍ အနည်းငယ် နှမြောတသ ဖြစ်နေမိသည်။
လေသင်္ဘောက လောလောဆယ်တွင် နေတစ်စင်း၏ ဘေးအနား၌ ရွေ့လျားနေသည်။ နေလုံးကြီးမှာ သူတို့ဆီမှ မိုင်သန်းပေါင်းများစွာ ဝေးကွာသော်လည်း အလွန်နီးကပ်နေသယောင် ထင်ရ၏။ အလွန်နီးကပ်လွန်း၍ နေဆီမှ အပူလှိုင်းများ ဖြာဆင်းလာနေသည်ကိုပင် ချင်မူ ခံစားရသည်။ နေအလင်းတန်းတို့ သူ့ခန္ဓာကိုယ်ကို ရိုက်ခတ်သည့်အခါ အပ်များ ထိုးဖောက်ဝင်ရောက်လာသကဲ့သို့ ခပ်စူးစူးနာကျင်မှုကို ခံစားရ၏။
နေဆီမှ အပူရှိန်ကလည်း တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ပူခြစ်နေသည်။ အပူရှိန်သည် ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် တရှိန်ထိုး လာဟပ်နေသဖြင့် ချင်မူ ရင်ထဲတွင် လှုပ်ရှားသွားပြီး လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ် လှည့်ပတ်လိုက်သည်။ သူက နေ၏ အပူရှိန်နှင့် အလင်းတန်းများကို အသုံးချ၍ ရုပ်ခန္ဓာကို ကျင့်ကြံနေခြင်း ဖြစ်လေသည်။ သူ၏ဦးခေါင်းနောက်၌ ဗုဒ္ဓရောင်ခြည်တော်များ ကွန့်မြူးလာသည့်အပြင် နဂါးသဏ္ဍာန်အလင်းတန်းများ ဖွဲ့တည်နေ၏။ ချင်မူကား ရှေးဟောင်းနဂါးသံရှစ်ချက်နှင့် ဗုဒ္ဓသံများကို တစ်သားတည်း ပေါင်းစည်းပြီးပြီဖြစ်သည်။
တစ်သားပေါင်းစည်းနေသော နဂါးနှင့် ဗုဒ္ဓကျင့်စဉ်ကို နေအလင်းတန်းများ၊ အပူစွမ်းအားဖြင့် ဆုံတွေ့ပေးလိုက်သည့်အခါ ချင်မူသည် နတ်ဘုရားလိုအမြန်နှုန်းဖြင့် တိုးတက်လာ၏။
‘ဒီကောင်လေး ငါ့ကောင်းကင်မြေပြင်နှလုံးသားကျင့်စဉ်ကို မကျင့်ကြံချင်လို့သာ မကျင့်ကြံတာပါ...’ ပထမလူသားဧကရာဇ် စိတ်ဓာတ်ကျသွားသည်။
လင်ယွိရှို့ကလည်း ချင်မူ့ကို ကြည့်ပြီး ရှေးဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ် လှည့်ပတ်၍ ရှေးဟောင်းနဂါးသံရှစ်ချက်ဖြင့် သူမ၏ရုပ်ခန္ဓာအား လေ့ကျင့်လိုက်သည်။ အပူစွမ်းအားနှင့် နေအလင်းတန်းတို့က သူမ၏ခန္ဓာကိုယ်ကို တိုက်စားရင်း သန်မာအားကောင်းလာစေ၏။ အခြားတစ်ဖက်တွင် ပန်ကုန်းစုန်လည်း အန္တရဝသိုင်းနတ်ဘုရားကျင့်စဉ်နှင့်အတူ ရုပ်ခန္ဓာကျင့်ကြံနေသည်။
ချိရှီက ကြယ်မြေပုံကို ကြည့်ရင်း နေ၏ပတ်လမ်းကြောင်းမှ မောင်းနှင်နေသည်။ လေသင်္ဘော နေ၏တစ်ဝက်ခန့်သို့ ရောက်လျှင် ချိရှီက ရွက်များ ဖြန့်ချလိုက်၏။ ရွက်များသည် နေ၏ အပူရှိန်နှင့် အလင်းတန်းတို့ကြောင့် တမုဟုတ်ချင်း ဖောင်းကြွလာပြီး သင်္ဘော၏အရှိန်အား မြှင့်တင်ပေးလိုက်တော့၏။
ချင်မူ ခေါင်းမော့ကြည့်လိုက်ပြီး ရွက်များအား နတ်ဘုရားတို့၏ အရေပြားဖြင့် ချုပ်ထားကြောင်း မြင်လိုက်ရသည်။ သင်္ကေတအမှတ်အသားများလည်း ရှိနေပြီး နေအလင်းတန်းများ မျက်နှာပြင်ပေါ် ထိမှန်သည့်အခါ အရေပြားကို မဖောက်နိုင်သည့်အတွက် အရှိန်မြင့်တက်သွားခြင်း ဖြစ်သည်။
ထို့အပြင် တဖျတ်ဖျတ် ခတ်နေသော လေသင်္ဘော၏ တောင်ပံများမှာလည်း မီးထတောက်ပြီး အရှိန်လာသဖြင့် လေသင်္ဘောမှာ လျင်မြန်စွာ ရွေ့လျားသွားသည်။
ထိုစဉ် မှိန်ဖျော့ဖျော့ မီးတန်းများ ကြယ်တာရာကောင်းကင်ထဲ၌ ပေါ်လာပြီး နေလုံးကြီးထဲ ဝင်ရောက်သွားကြ၏။
“နောင်တော်ချိရှီ၊ ဒီသင်္ဘောကို ဘယ်လိုနတ်ဘုရားတွေ လိုက်လာနိုင်လဲ” ပထမလူသားဧကရာဇ်က နေထဲ ဝင်သွားသော အနီရောင်အတန်းများကို ကြည့်၍ မေးလိုက်သည်။
ချိရှီက သင်္ဘောအမြှီးသို့ သွားပြီး အဝေးသို့ လှမ်းကြည့်၏။ “ဒီသင်္ဘောကို မှီအောင် လိုက်နိုင်တဲ့ လူတွေ အများကြီးပဲ... ဥပမာ မီးငှက်မျိုးနွယ်၊ နဂါးမျိုးနွယ်၊ ဖုန့်ဟွမ်မျိုးနွယ်လို အင်အားကြီးတဲ့ မျိုးနွယ်တွေ... သူတို့အပြင် မဟာနေဧကရာဇ်လက်အောက်က နတ်ဘုရားတွေလည်း နေအင်အားကို ငှားပြီး အမြန်သွားနိုင်ကြတယ်”
ပထမလူသားဧကရာဇ် ပြောလိုက်သည်။ “အဲဒါဆို လာနေတဲ့လူတွေက မဟာနေဧကရာဇ်လက်အောက်က လူတွေပေါ့... မဟာနေဧကရာဇ်လည်း ပါနေမလားမသိဘူး”
ချိရှီ၏ ခေါင်းသုံးခေါင်းက နေလုံးကြီးထဲ ဝင်ရောက်သွားသော အနီရောင်အတန်းများဆီသို့ စိုက်ကြည့်လိုက်သည်။ အနီရောင်အတန်းများက နေမျက်နှာပြင်ထက်တွင် လျင်မြန်စွာ ရွေ့လျားနေကြ၏။
“မဟာနေဧကရာဇ် မပါဘူး”
ချိရှီ ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ်ဆောင်ကို မြှောက်ကာ သရော်တော်တော် ပြောလိုက်၏။ “မဟာနေဧကရာဇ် ဒီနတ်ဘုရားတွေထဲမှာ ပါလို့ကတော့ နေစွမ်းအားနဲ့ ငါတို့ကို ပစ်ချပြီးနေပြီ”
သူတို့နှစ်ယောက် သင်္ဘော၏အမြီးပိုင်းတွင် ရပ်နေစဉ် အနီရောင်အတန်းများ ရွေ့လျားနေသည့်အလျင်က ပို၍မြန်လာသည်။ ချိရှီမှာ စိတ်ပူနေသော်လည်း ပထမလူသားဧကရာဇ်ကတော့ အနည်းငယ် အေးဆေးနေသည်။
ရုတ်တရက် နေလုံးကြီးက အနီရောင်တန်းများကို လေသင်္ဘောဆီသို့ တန်းတန်းမတ်မတ် ပစ်လွှတ်လိုက်၏။
“သတိထား”
ပထမလူသားဧကရာဇ် လှမ်းအော်လိုက်သည်။ “အခန်းထဲမှာ သွားပုန်းကြ၊ တံခါးတွေ ပြတင်းပေါက်တွေ ပိတ်ထား”
ချင်မူ လင်ယွိရှို့ကို အလျင်အမြန် ဆွဲ၍ အခန်းထဲ ဝင်လိုက်ပြီး ပန်ကုန်းစုန် မဝင်နိုင်ခင် တံခါးပိတ်လိုက်သည်။
ပန်ကုန်းစုန်က နှာခေါင်းရှုံ့ပြီး အရိပ်အသွင် ပြောင်းကာ တံခါးအဟကြားမှ တိုးဝင်သွားသည်။
ဤအချိန်တွင် နေဆီသို့ ပို၍ပင် များပြားသော မီးတန်းများ ဝင်ရောက်နေကြ၏။ မီးတန်းတစ်တန်းစီတွင် နတ်ဘုရားတစ်ပါးစီ ရှိပြီး စိတ်ကူးမကြည့်နိုင်သည့် အမြန်နှုန်းဖြင့် နေမျက်နှာပြင်တစ်လျှောက် ရွေ့လျားနေကြသည်။
ချင်မူက ပြတင်းပေါက်ဘေးတွင် ရပ်ပြီး ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်ကို ကျောက်စိမ်းကောင်းကင်မျက်လုံးအထိ ဖွင့်ပြီး သင်္ဘောနောက် လိုက်လာသော အနီရောင်အတန်းများဆီသို့ ကြည့်လိုက်သည်။ မီးတဟုန်းဟုန်း တောက်နေသည့် နတ်ဘုရားများကို သူ ဝိုးတိုးဝါးတား မြင်လိုက်ရ၏။ သူတို့တွင် အနီရောင်အမွှေးအတောင်များ ရှိနေသည်။
ဤနတ်ဘုရား အနားရောက်လာသည့်အခါမှ သူတို့၏ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်ရသည်။ ဤနတ်ဘုရားများတွင် ကျီးကန်းခေါင်းများ ရှိပြီး တစ်ကိုယ်လုံးမှာ မီးတောက်မီးလျှံများ ဖုံးလွှမ်းနေ၏။ လက်ထဲ၌ ဘူးသီးခြောက်ကြီးများ ကိုင်ထားကာ ခြေသုံးချောင်း၌မူ လေးများ ဆုပ်ကိုင်ထားကြသည်။
“ဘိုးဘိုးထော့ကျိုးထက်တောင် မြန်တာပဲ”
ချင်မူ အံ့အားသင့်သွားသော်လည်း မကြာမီ ဤမီးကျီးကန်းနတ်ဘုရားများက ထင်ထားသလောက် မမြန်ကြောင်း တွေ့လိုက်ရ၏။ အာကာသထဲတွင် လေဖိအားမရှိသည့်အပြင် နေစွမ်းအားကြောင့်သာ မြန်နေခြင်းဖြစ်သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာလို နေရာမျိုးတွင် ဤမီးကျီးကန်းများသည် ထော့ကျိုးထက် မြန်သော်လည်း သိပ်မမြန်နိုင်မည်မဟုတ်ပေ။
သို့သော် ကြောက်စရာအကောင်းဆုံးက မီးကျီးကန်းနတ်ဘုရားအရေအတွက် ဖြစ်သည်။ စောစောက တစ်ဒါဇင်ကျော်သာ ရှိခဲ့သော်လည်း ယခုတွင် မီးတန်းထောင်နှင့်ချီ နေလုံးကြီးထဲ ပျံသန်းဝင်ရောက်နေကြချေပြီ။
မီးကျီးကန်းနတ်ဘုရားများတွင် အချင်းချင်း ဆက်သွယ်နိုင်သည့် ထူးဆန်းသော နည်းလမ်းများ ရှိလိမ့်မည်။ ထို့ကြောင့် မီးကျီးကန်းနတ်ဘုရားများ တဖွဲဖွဲ ရောက်လာနေကြခြင်း ဖြစ်နိုင်သည်။
ပထမမီးကျီးကန်းအသုတ်မှာ သင်္ဘောနှင့် အလွန်နီးကပ်နေပြီဖြစ်သော်လည်း ကောင်းကင်နတ်သိုင်းများ ပစ်လွှတ်နိုင်သည့် အတိုင်းအတာသို့ မရောက်သေးပေ။ သူတို့က ကျည်တောက်ထဲမှ မြားတစ်စင်း ဆွဲထုတ်ပြီး ခြေသုံးချောင်းဖြင့် လေးကြိုးကို ဆွဲလိုက်ကြသည်။ မြားတို့သည် သင်္ဘောဆီသို့ ပြေးဝင်လာကြ၏။
မီးကျီးကန်းများတွင် ခြေသုံးချောင်းရှိ၍ လေးပစ်နှုန်းက မယှဉ်နိုင်အောင် မြန်သည်။ မီးကျီးကန်းတစ်ဒါဇင်သာ ရှိသော်လည်း တခဏအတွင်း နတ်ဘုရားတစ်ပါးစီမှ မြားတစ်ရာကျော် ပစ်လွှတ်ခံလိုက်ရ၏။ မြားတို့က ကျိုင်းကောင်အုပ်ကြီးသဖွယ် ရွာကျလာသည်။
နတ်ဘုရားချိရှီက ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ်ကို မြှောက်လိုက်ပြီး ရတနာများ လင်းလက်တောက်ပလာသည်။ ကောင်းကင်လက်နက်များသည် မြားများကို ဟန့်တားရန် ပျံထွက်သွားကြ၏။
ဤအခိုက်အတန့်တွင် မီးကျီးကန်းတို့က အနီရောင်ဘူးသီးခြောက်များကို ဖွင့်လိုက်၍ ဘူးသီးခြောက်ထဲမှ နေနတ်မီးလျှံ ထွက်လာကာ လေသင်္ဘောအား တဒင်္ဂအတွင်း လွှမ်းခြုံသွားသည်။
ချိရှီ မာန်သွင်းဟိန်းဟောက်၍ ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ်ကို အပေါ်မြှောက်တင်လိုက်သည်။ ပြာဿဒ်မှာ ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားလာပြီး လေသင်္ဘော၏အပေါ်၌ ပျံဝဲနေ၏။ ပြာဿဒ်အမိုးအောက်ရှိ ခေါင်းလောင်းကြီးများက တဒေါင်ဒေါင် မြည်လျက် နေနတ်မီးလျှံတို့ သင်္ဘောကို မတိုက်စားနိုင်အောင် ခါထုတ်ပစ်နေသည်။
မီးကျီးကန်းနတ်ဘုရားများက ဤအခြေအနေကို အခွင့်အကောင်းယူရင်း သင်္ဘောပေါ် တက်လာကြသည်။ ရုတ်တရက် ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ်ဆောင်ထဲမှ ဓားမခြောက်လက် ပျံထွက်လာ၏။ ချိရှီက ဓားမများကို ကိုင်စွဲ၍ ပျံသန်းနေသကဲ့သို့ ရွေ့လျားသွားသည်။ အသက်တစ်ရှိုက်ပင် မကြာသေးခင် သူသည် သင်္ဘောအား တစ်ပတ်ပတ်ပြီးသွားပြီး ဝှေ့ယမ်းနေသော သူ၏ဓားမများနှင့်အတူ ခေါင်းပြတ်များ ကြမ်းပြင်ပေါ် ပြုတ်ကျလာ၏။
ဤအခိုက်အတန့်တွင် မီးကျီးကန်းတစ်ရာကျော်က တောင်ပံများခတ်လျက် ရောက်လာကြပြီး ပြိုင်တူ မြားပစ်ကြသည်။ ချိရှီ ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ်ဆောင်ကို ထပ်မံအသုံးပြုလိုက်သော်လည်း ကောင်းကင်လက်နက်များစွာ ဖျက်စီးခံလိုက်ရ၏။
ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ်၏ အင်အား သိသိသာသာ ကျဆင်းသွားချေပြီ။ ဤရတနာမှာ နန်းဆောင်တစ်ခုကို ဖိနှိပ်ထိန်းချုပ်နိုင်သော အံ့ဖွယ်ရတနာတစ်ပါး ဖြစ်သော်လည်း ချိရှီ၏ သိုင်းအဆင့်မှာ ရတနာစွမ်းအား အပြည့်အဝ ထုတ်လွှတ်ရန် မလုံလောက်သေးပေ။
အသစ်ရောက်လာသည့် မီးကျီးကန်းနတ်ဘုရားများက ဘူးသီးခြောက်များ ဖွင့်လိုက်ကြ၍ နေနတ်မီးလျှံများ ထွက်လာကြသည်။ ထိုအဖွဲ့နောက်တွင် လျင်မြန်စွာ ချဉ်းကပ်လာနေသော မီးကျီးကန်းထောင်နှင့်ချီ ရှိ၏။
ပထမလူသားဧကရာဇ် မျက်မှောင်ကြုတ်သွားသည်။ ဤမီးကျီးကန်းနတ်ဘုရားတို့သည် စစ်ပွဲတွင် အသုံးပြုသော သိုင်းကွက်ဝင်္ကပါများကို အသုံးပြုနေ၏။ ချိရှီမှာ ချိမင်ခေတ်၏ အာဏာပါးကွပ်သားတစ်ယောက် ဖြစ်၍ စစ်မတိုက်ခဲ့ဖူးရာ သိုင်းကွက်ဝင်္ကပါများကို မရင်ဆိုင်တတ်ပေ။
အခြားတစ်ဖက်တွင် ပထမလူသားဧကရာဇ်မှာလည်း တပ်ပြေးတစ်ယောက် ဖြစ်၍ သိုင်းကွက်ဝင်္ကပါများကို ရင်ဆိုင်ရန် နည်းလမ်းများ သင်ခဲ့ဖူးသော်လည်း လက်တွေ့အသုံးချဖူးသည့် အတွေ့အကြုံမရှိပေ။
နှစ်ယောက်သား မီးကျီးကန်းနတ်ဘုရားတို့၏ သိုင်းကွက်ဝင်္ကပါအရှေ့၌ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေကြသည်။
မီးကျီးကန်းနတ်ဘုရားအုပ်က မီးမြားများ ပစ်ခွင်းပြီးနောက် သင်္ဘောကို မီးလောင်တိုက်သွင်းရင်း ချိရှီ ခြေကုန်လက်ပန်းကျအောင် ညှင်းဆဲနေသည်။ သူ မီးကျီးကန်းနတ်ဘုရားတစ်ဖွဲ့ကို ရင်ဆိုင်နေစဉ် နောက်တစ်ဖွဲ့က ရောက်လာပြီး တောင်ပံများကို တိုက်ခိုက်၏။ သင်္ဘော၏အောက်သို့ သွား၍ သင်္ဘောကို နောက်ပြန်ဆွဲရန် ကြိုးစားနေသော အဖွဲ့လည်း ရှိသည်။
မီးကျီးကန်းတချို့က ရွက်တိုင်များဆီ ပျံတက်ကာ ချိုးပစ်ရန် ပြင်နေကြသည်။
နတ်ဘုရားချိရှီမှာ ပျာယာခေတ်နေတော့သည်။ “အဆွေတော်၊ ဒါက မီးကျီးကန်းဝင်္ကပါပဲ... ငါ တစ်ယောက်တည်း မဖြိုခွင်းနိုင်ဘူး ကူပါဦး”
ပထမလူသားဧကရာဇ်မှာလည်း ကူကယ်ရာမဲ့နေသည်။ ယခုလိုအခြေအနေမျိုးနှင့် သူ တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။
မီးကျီးကန်းနတ်ဘုရားအရေအတွက် ထောင်နှင့်ချီနေ၍ သူတို့ မည်မျှကြိုးစားစေကာမူ သင်္ဘောပျက်စီးသွားမည့် ရလဒ်အား မပြောင်းလဲနိုင်ဟု သူ ခံစားနေရသည်။
ထိုစဉ် ချင်မူက ပြတင်းပေါက် ဖွင့်ကာ လှမ်းအော်သည်။ “ပထမဘိုးဘေးကြီး... ကောင်းကင်မြေပြင်မုဒြာ၊ လည်ပတ်နေသော ကောင်းကင်မြေပြင်၊ မပြောင်းလဲမည့် နှလုံးသား”
ပထမလူသားဧကရာဇ် စိတ်နှင့်ကိုယ် ပြန်ကပ်သွားပြီး တမုဟုတ်ချင်း လက်နှစ်ဖက်ကို ကြက်ခြေခတ်ထားကာ ကောင်းကင်မြေပြင်မုဒြာသိုင်းကွက် ထုတ်လွှတ်လိုက်၏။ တမုဟုတ်ချင်း ဟင်းလင်းပြင် လည်ပတ်သွားပြီး လေသင်္ဘောက ကောင်းကင်နှင့်မြေပြင် ဖြစ်လာသည်။ တစ်ချက်တစ်ချက် ကောင်းကင်က အောက်၊ မြေပြင်က အပေါ်တွင် ရှိနေပြီး တစ်ချက်တစ်ချက် ကောင်းကင်က အပေါ်၊ မြေပြင်က အောက်ရောက်သွားတတ်သည်။
မီးကျီးကန်းတို့မှာ အစက မည်သူမှ မတိုက်ခိုက်နိုင်အောင် လျင်မြန်သော်လည်း ယခုတွင် မုဒြာသိုင်းကွက်၏ နေရာဟင်းလင်းပြင်ထဲ ရောက်သွားသည်။ မီးကျီးကန်းများအားလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်ကုန်ကြပြီး လေသင်္ဘောက သူတို့ကို ခါထုတ်လိုက်၏။
နတ်ဘုရားချိရှီလည်း ကျွမ်းထိုးမှောက်ခုံ ဖြစ်နေသဖြင့် မူးဝေလာပြီး ရွက်တိုင်တစ်တိုင်ကို ကပျာကယာ ဖက်လိုက်ရသည်။
ချင်မူက အော်ဟစ်သည်။ “ရွက်တိုင်ပေါ် တက်”
ပထမလူသားဧကရာဇ်က ခုန်လိုက်ပြီး ခြေတစ်ဖက်ဖြင့် ရွက်တိုင်ပေါ် နင်းလိုက်သည်။
ချင်မူ့အသံက အဆောက်အအုံထဲမှ ထွက်လာသည်။ “အလယ်ကောင်းကင်ဘုံကို ရစ်ပတ်သော ထာဝရနေမင်း”
ပထမလူသားဧကရာဇ်က ဤမုဒြာသိုင်းကွက်ကို တမုဟုတ်ချင်း ထုတ်လွှတ်လိုက်ပြီး ဟင်းလင်းပြင်မှာ စကြာလို လည်သွားသည်။ မီးကျီးကန်းနတ်ဘုရားများလည်း သူ၏မုဒြာသိုင်းကွက်နှင့်အတူ လည်သွားကြ၏။ ခန္ဓာကိုယ်ကို ထိန်းရန် ကြိုးစားကြသော်လည်း ကြောက်မက်ဖွယ်ရာအားလှိုင်းက ဆွဲဖြဲပစ်လိုက်ကြသဖြင့် တအားအား အော်ဟစ်နေကြတော့သည်။
မီးကျီးကန်းနတ်ဘုရားတစ်အုပ်က ပထမလူသားဧကရာဇ်ကို ဝိုင်းအုံလာပြီး ဒေါသတကြီး တိုက်ခိုက်ကြသည်။
“ဘာဆက်လုပ်ရမှာလဲ” ပထမလူသားဧကရာဇ်က အော်မေးလိုက်သည်။
ချင်မူ့အသံ ထွက်လာ၏။ “ကောင်းကင်မြေပြင်၏ ပျက်သုဉ်းမှု၊ ဖုန့်ဟွမ်၏ ပူဆွေးသောက”
ပထမလူသားဧကရာဇ် ဤမုဒြာသိုင်းကွက်ကို ထုတ်ဖော်လိုက်သည့်အခါ ကောင်းကင်နှင့်မြေပြင်သည် သူ၏လက်ဝါးဆီသို့ ဦးတည်လျက် ပြိုကျလာ၏။ ကောင်းကင်ယံရှိ မီးကျီးကန်းအားလုံး သူ၏လက်ဝါးထံ ဆွဲငင်ခံလိုက်ရသည်။ သူတို့မှာ တစ်ယောက်ကို တစ်ယောက် ဝင်တိုက်ပြီး အလုံးကြီးတစ်လုံး ဖြစ်လာ၏။
“ရှစ်မျိုးသောပါ့ကွ၊ ကောင်းကင်မြေပြင်ဖြင့် သန့်ရှင်းသောမြေ ဖွင့်လှစ်မည်၊ မီး ရေ လေ မြေ အာကာသ မဟာဘူတဓာတ်ငါးပါး၏ အဆုံးအဖြတ်”
ပထမလူသားဧကရာဇ်က မည်သည်ကိုမျှမစဉ်းစားဘဲ ဤမုဒြာသိုင်းကွက်နှစ်ကွက်ကို ထုတ်လွှတ်လိုက်၏။ လက်ဝါးလေးဖက်၊ မုဒြာသိုင်းကွက်နှစ်ကွက်နှင့်အတူ ပါ့ကွကောင်းကင်မြေပြင်အင်းကွက်သည် မီးကျီးကန်းနတ်ဘုရားတို့ စုဝေးနေသော အသားလုံးကြီးကို ရိုက်ချလိုက်၏။ ထို့နောက် မဟာဘူတဓာတ်ကြီးငါးပါး၏ စွမ်းအားက မီးကျီးကန်းတို့၏ အရိုးအရွက်များအား တဖျောက်ဖျောက် ချိုးပစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်များမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သည်အထိ တုန်ခါနေပြီး အရိုးတခြား၊ အသားတခြားဖြစ်သည်အထိ ထုရိုက်ခံလိုက်ရကာ အပိုင်းပိုင်းပြတ်သည်အထိ ခုတ်ထစ်ခံလိုက်ရ၏။ ထို့နောက် မီးလောင်ပြာကျသွားသည်။ လေတစ်ချက် ဝှေ့တိုက်လိုက်သည့်အခါ မီးကျီးကန်းတို့သည် ပြာမှုန်များအဖြစ် လွင့်မျောသွားတော့သည်။
ပထမလူသားဧကရာဇ်မှာ အတန်ကြာ မှင်သက်နေပြီး သူ့ကိုယ်သူ မယုံနိုင်ဖြစ်နေသည်။ “ငါ ဝင်္ကပါကို ချိုးဖျက်လိုက်တာလား”
ဤအချိန်တွင် အခန်းထဲမှ လင်ယွိရှို့နှင့် ပန်ကုန်းစုန်၏ အလန့်တကြား အော်သံထွက်လာ၍ ပထမလူသားဧကရာဇ် ထိပ်ပျာသွားသည်။ သူ အလျင်အမြန် အောက်ဆင်းလိုက်သည့်အချိန်တွင် မီးကျီးကန်းနတ်ဘုရားတစ်ယောက်က သူ၏မုဒြာသိုင်းကွက်ထဲမှ လွတ်သွားပြီး ပြတင်းပေါက်ထဲ ဝင်သွားခဲ့ကြောင်း မြင်လိုက်ရ၏။
ချင်မူက သူ့ကို ညွှန်ကြားရန် ပြတင်းပေါက် ဖွင့်ထားခဲ့သည့်အတွက် ဤမီးကျီးကန်းနတ်ဘုရားသည် ချင်မူနှင့် ကျန်ရှိသူများကို သတ်ရန် ပြတင်းပေါက်မှ ဝင်သွားခြင်း ဖြစ်မည်။
ပထမလူသားဧကရာဇ် ကမန်းကတန်း ပြေးပြီး ပြတင်းပေါက်ထဲ မဝင်နိုင်ခင် တုန်လှုပ်ချောက်ချားဖွယ် လူသတ်လိုစိတ် ကိန်းဝပ်နေသော သွေးရောင်အလင်းတန်းနှစ်တန်း ဖြာထွက်လာသည်ကို မြင်လိုက်ရ၏။ သူ အလျင်အမြန် နောက်ပြန်ဆုတ်လိုက်၏။ အခန်းထဲ ဝင်သွားသော မီးကျီးကန်းနတ်ဘုရား ခေါင်းပြတ်သွားချေပြီ။
ချင်မူက ဘူးလေးကို ကိုင်ရင်း ကျောက်ရုပ်သဖွယ် ရပ်နေသည်။ သူ့မှာ နတ်ဘုရားစီရင်ရာဓားမ၏ စွမ်းအားကြောင့် တုန်လှုပ်နေဟန်တူ၏။
ပထမလူသားဧကရာဇ်မှာ အခန်းထဲ ကရောသောပါး ပြေးဝင်ပြီး သူ့ကို စမ်းကြည့်ကာ စိုးရိမ်ပူပန်မှုအပြည့်ဖြင့် မေးသည်။ “ဓားမ မင်းကို ပြန်တိုက်ခိုက်သေးလား... မင့်ခေါင်း ဖြတ်ခံလိုက်ရပြီလား”
သူ့မှာ ထိတ်လန့်နေပြီး တုန်ရီနေသော လက်ချောင်းတစ်ချောင်းဖြင့် ချင်မူ့ခေါင်းကို တွန်းကြည့်ချင်နေသော်လည်း ချင်မူ့ခေါင်း ပြတ်ကျသွားမည်စိုးနေ၏။
ရုတ်တရက် ချင်မူက သူ့လက်ကို ပုတ်ထုတ်ကာ ချီးကျူးလိုက်သည်။ “အင်အားကြီးလိုက်တဲ့ ဘူး၊ အင်အားကြီးလိုက်တဲ့ ဓားမပဲ”