← Chapters

နေသွေးနီနီဂိုဏ်း

Vol. 1 Ch. 3

နေသွေးနီနီဂိုဏ်း

Vol. 1 Ch. 3

ကျင့်ကြံခြင်း ကမ္ဘာ၊ “ဝူ” ဟု အမည်ရသော တိုင်းပြည်တစ်ခု၌ သွေးရောင် အလင်း ဖျော့ဖျော့ တောက်လောင်နေသည့် တောင်တန်း တစ်ခုရှိ၏။ ထိုတောင်တန်းထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ သေမျိုး အားလုံးကို သိမ်ငယ် ညိုးနွမ်းစိတ်များ ဖြစ်‌ပေါ်အောင် ပြုစားနိုင်စွမ်း ရှိသည်။

နံနက်ခင်း၌ ထိုတောင်တန်းသည် တိမ်တိုက်များကို ထိတွေ့ကာ နေကိုပင် ဖုံးလွှမ်းနိုင်သည် အထိ မြင့်မား၊ ကျယ်ဝန်းလှသည်။ ညတွင်မူ ထိုအရာမှာ လူသားများ၏ ဘဝ အဓိပ္ပာယ် အတွက် လမ်းညွှန်ပေးသော သွေးရောင် ညနေတစ်စင်း ကဲ့သို့ တလက်လက် တောက်ပသည့် နီမြန်းသော ရောင်စဥ်များကို ထုတ်လွှတ်ပေး၏။

ထိုတောင်တန်းကား နေသွေးနီနီဂိုဏ်း၏ ဌာနချုပ် စခန်းပင် ဖြစ်ပေသည်။

တောင်တန်း ပတ်လည် တစ်လျှောက် အကွေ့အကောက်များ၌ တည်ဆောက်ထားသည့် အမျိုးမျိုးသော အဆောက်အဦးများမှာ နတ်ဒေဝါတို့ မှီတင်းနေထိုင်သည့် မြို့တစ်မြို့ အလား ထင်မှတ်ရသည်။ ထိုနေရာများသို့ ခြေချလိုက်ပါက အဆင့်အတန်းကို ညွှန်ပြသည့် မျဥ်းများအား တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ အထက်သို့ ပို၍ မြင့်လေ သွေးရောင် အလင်းမှာ ပို၍ တောက်ပလေ ဖြစ်၏။ တစ်ခါတရံ ဒဏ္ဍာရီလာ ငှက်တို့မှာ လူးလာတုံခေါက် ပျံဝဲနေကြသည်။ ၎င်းတို့ကား ဆယ်မီတာခန့် ရှည်လျားသည့် အဖြူ‌ရောင် ကြိုးကြာငှက်များပင် ဖြစ်သည်။ တောက်ပသော ‌ရောင်ဝါကို ပိုင်ဆိုင်ထားသည့် တန်ခိုးရှင်များမှာ ထိုကြိုးကြာငှက်များထက်၌ စီးနင်းကာ အရပ်မျက်နှာ အသီးသီးသို့ ခရီးနှင်နေကြလေ၏။

လူငယ် တစ်ယောက်သည် ငှက်တစ်ကောင်၏ ကျောထက်၌ စီးနင်းရင်း တောင်တန်းများဆီသို့ ချည်းကပ်လာ၏။ ထိုလူငယ်သည် ငယ်ရွယ်ကာ ခန့်ညားချောမော လှသည်။ သူသည် ငွေရောင် မျက်လုံးနှင့် အနက်ရောင် ဆံပင်များကို ပိုင်ဆိုင်ထားကာ သွေးနီရောင် ဝတ်စုံကို ဝတ်ဆင်ထားလေ၏။ သူ၏ ခန္ဓာကိုယ်မှာ အလွန် ကြီးမားခြင်း မရှိသည့်တိုင် ကြွက်သားများ၏ အဓိပ္ပာယ်ကို ကောင်းစွာ ဖော်ပြနေသည်။

လူငယ်သည် ကြိုးကြာထက်၌ တည်ငြိမ်စွာ ထိုင်ရင်း အဝေးသို့ လှမ်းငေးကြည့် နေခဲ့၏။ သူ၏ နံဘေးတွင်မူ မိန်းမငယ် တစ်ယောက် ရှိသည်။ သူမသည် အောက်သို့ ပြုတ်ကျသွားမည်ကို စိုးရိမ်သည့် အလား ကြိုးကြာငှက်၏ လည်ဆံမွေးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။ သူမ၏ လက်ဆစ်များမှာ တုန်တုန်ရီရီ ဖြစ်နေကာ မျက်နှာမှာလည်း ကြောက်ရွံ့မှုကြောင့် ဖြူရော်နေသည်။

“စီနီယာ အကို ဝေ့ဝူယင် ပြန်လာပြီ ထင်တယ်...”

ဂိုဏ်း၏ နာမည်ခံ တပည့် တစ်ယောက်က လေထဲသို့ လှမ်းမျှော်ကြည့်ရင်း ရေရွတ်လိုက်၏။ သူသည် အသက်လတ် အရွယ်၌ ရှိနေကာ နေသွေးနီနီဂိုဏ်းသို့ အချိန်ကာလ ကြာမြင့်စွာကတည်းက ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကံဆိုးစွာပင် ယခုထိ သူ ရာထူးတိုးနိုင်ခြင်း မရှိသေးချေ။

“ဝေ့ဝူယင် ဟုတ်လား... ဘယ်သူလဲ”

ငယ်ရွယ်နုပျိုသည့် ပုံစံရှိသော ကောင်လေး တစ်ယောက်က စိတ်ဝင်စားသည့် ဟန်ပန်ဖြင့် မေးလိုက်လေသည်။ သူတို့ နှစ်ယောက်သည် အခြား တပည့်များနှင့် အတူ ဆေးပင် ပျိုးခင်းများ၌ အလုပ်လုပ် နေကြရခြင်း ဖြစ်ပေသည်။

“ဟဟ... မင်းမသိရင်လည်း ငါပြောပြရမှာပေါ့...”

အသက်လတ် တပည့်က ဉာဏ်အလင်းအား ပေးစွမ်းနိုင်သည့် ဆရာသခင် တစ်ယောက်၏ ပုံစံကို ယူလိုက်သည်။ မာန်မာနနှင့် မောက်မာမှု အရိပ်အငွေ့သည် သူ၏ မျက်လုံးများတွင် ထင်းခနဲ ပေါ်လွင်လာ၏။

“မင်းက  ဒီကို ရောက်တာ မကြာသေးတော့ ဘယ်သိပါ့မလဲ... စီနီယာ အကိုဝေ့က ငါတို့ ဂိုဏ်းကြီးရဲ့ အဓိက တပည့် ကိုးယောက်ထဲက တစ်‌ယောက်ပေါ့... သူရဲ့ ကျင့်ကြံခြင်းက ချီပျစ်ခဲခြင်း တတိယ အဆင့် ဒြပ်စင်မွေးဖွားခြင်းကို ကျော်လွန်သွားပြီလို့တောင် ပြောကြတယ်”

အသက်လတ် တပည့်မှာ ပြောရင်း ပို၍ စိတ်လှုပ်ရှားလာပုံ ရသည်။ သူ၏ ပတ်ဝန်းကျင်ရှိ တပည့်များမှာလည်း လုပ်လက်စ အလုပ်များကို ပစ်ချကာ သူ့ဘက်သို့ လှည့်ကာ နားထောင်နေကြသည်။

“တကယ်လား...”

လူငယ် တပည့်လေးမှာ အံ့အားသင့်မှုကြောင့် ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့၏။ အကယ်၍ နေသွေးနီနီဂိုဏ်း၏ အဓိက တပည့် တစ်ယောက် မဟုတ်လျှင်ပင် ချီပစ်ခဲခြင်း အဆင့်သုံး ဆိုသော ကျင့်ကြံခြင်း အဆင့်ကား လေးစားမှုများနှင့် ထိုက်တန်နေပြီ ဖြစ်သည်။

“ဟဟ... အမှန်ပဲကွ... အဲဒါတင် မကဘူး... သူက မင်းတို့ ငါတို့လိုလိုပဲ... သေးငယ်တဲ့ မျိုးနွယ်လေး တစ်ခုက လာတာ... ဒါပေမဲ့ သူက အကန့်အသတ်နဲ့ အတားအဆီးတွေကို ချိုးဖျက်ပြီး ဂိုဏ်းရဲ့ အဓိက တပည့် ဖြစ်လာတဲ့ အထိ အဆင့်ဆင့် တက်လှမ်းခဲ့တာလေ”

သူ၏ စကားလုံးများက ဂုဏ်ယူခြင်းများဖြင့် ပြည့်နှက်နေသည်။ ထိုအခိုက်၌ သူကား သူ့ကိုယ်သူ ဝေ့ဝူယင် အလား ခံစားနေခဲ့ရ၏။

သူသာလျှင် မဟုတ်ပါချေ။ နေသွေးနီနီဂိုဏ်း၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော တပည့်များ၏ မျက်လုံးများမှာလည်း စိတ်လှုပ်ရှားမှုများ၊ ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေသည်။ သူတို့သည် ဝေ့ဝူယင် ကဲ့သို့ နဂါးဂိတ်ကို ဖြတ်ကျော်ကာ ဂုဏ်သိက္ခာကြီးမားသော ပုဂ္ဂိုလ်ကြီး တစ်ယောက် ဖြစ်လာရန် ဆန္ဒ ရှိနေကြသည်။

“ဒါပေမဲ့ အကိုတို့ အမြဲပြောခဲ့တာက ရင်းမြစ်မရှိရင် ကျင့်ကြံဖို့ မဖြစ်နိုင်ဘူးဆို... သူက ဘယ်လိုလုပ်ပြီး ဂိုဏ်းရဲ့ အဓိက တပည့် တစ်ယောက် ဖြစ်လာခဲ့တာလဲ...”

လူငယ်လေး၏ အကြည့်များမှာ စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။

ဂိုဏ်းအတွင်း၌ တပည့်များကို အဆင့်လေးဆင့် ခွဲခြားထားသည်။ ၎င်းတို့မှာ နာမည်ခံ တပည့်၊ အပြင်စည်း၊ အတွင်းစည်းနှင့် အဓိက တပည့်တို့ ဟူ၍ ဖြစ်သည်။ အဆင့် တစ်ခုမှ တစ်ခုသို့ တက်ရန်မှာ ကောင်းကင် ကိုးဘုံကို တက်ခြင်း ကဲ့သို့ ခက်ခဲသည်ဟု ပြောစမှတ် ပြုကြသည်။

“ရင်းမြစ် မရှိရင် ကျင့်ကြံဖို့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး... ခက်ခဲရုံတင်ပါ”

လက်ထပ်ပြီးသူများ ဆင်မြန်းရသည့် ဝတ်စုံနှင့် အသက်လတ် မိန်းမကြီး တစ်ဦးက ခေါင်းခါရင်း ပြောလိုက်သည်။

ကျင့်ကြံခြင်းလောက၌ လူတိုင်းသည် ထိုခရီးလမ်းကို ဝင်ရောက်ရန် အခွင့်အရေး ရှိပေသည်။ သူတို့ နေထိုင်ရာ ကမ္ဘာကြီးသည် အခြေခံ အကျဆုံး ရင်းမြစ်ဖြစ်သည့် ကောင်းကင်နှင့် မြေကြီး အမတေကို ထောက်ပံ့ ပေးထားသည်။ သို့သော်လည်း ချီပျစ်ခဲခြင်း အဆင့်သို့ ဝင်ရောက်နိုင်ခြင်း မရှိပါက အစစ်အမှန် ကျင့်ကြံသူ တစ်ယောက်ဟု ယူဆနိုင်လိမ့်မည် မဟုတ်ပါချေ။

“ဟမ့်...”

အသက်လတ် တပည့်က နှာခေါင်းရှုံ့ လိုက်၏။ သူ၏ အမူအရာအရဆိုလျှင် သူနှင့် ထိုအမျိုးသမီး အကြားတွင် အစောကတည်းကပင် ရန်စများ ရှိနေပုံ ပေါ်သည်။

“ရင်းမြစ်မရှိပဲ ဘယ်လိုမှ ကျင့်ကြံလို့ မရဘူး... ကောင်းကင်နဲ့ မြေကြီး အမတေကိုက ရင်းမြစ်ပဲ”

မိန်းမကြီးမှာ နှုတ်ခမ်းတင်းတင်းစေ့ကာ တိတ်ဆိတ်သွား၏။ သူမသည် ယောကျ်ားတန်မဲ့ နှုတ်သီးကောင်းသော ထိုကောင်နှင့် ဖက်၍ ငြင်းခုန်လိုပုံ မရချေ။

“ကျင့်ကြံခြင်း လောကမှာ အခြေခံ တည်ဆောက်ခြင်း အလွှာကို သုံးခု ခွဲခြားထားတယ်... ခန္ဓာကိုယ် သန့်စင်ခြင်း၊ သွေးကြော နိုးထခြင်းနဲ့ ထျန်းတျန် တည်ဆောက်ခြင်းတို့ပဲ... အဲဒီ အဆင့် သုံးခုကို ဖြတ်ကျော်ပြီးမှ ဒဏ္ဍာရီလာ ချီစွမ်းအင်ကို ထိတွေ့နိုင်တဲ့ ချီပစ်ခဲခြင်း အဆင့်ကို ရောက်တယ်... တစ်နေ့ကျရင် ငါလည်း အဲဒီ အဆင့်ကို ရောက်ကို ရောက်ရမယ်”

အသက်လတ် တပည့်ကား စိတ်လှုပ်ရှားခြင်း၏ အထွတ်အထိပ်သို့ ရောက်နေပြီ သူ၏ အသံမှာ ပိုမို ကျယ်လောင် လာခဲ့၏။

အသက်လတ် မိန်းမကြီးက ခေါင်းကို ခါလိုက်၏။

“အခြေခံ တည်ဆောက်ဖို့တောင် အရမ်းခက်တယ်... တစ်ခါတစ်ရံမှာ ထျန်းတျန် တည်ဆောက်ဖို့တောင် ရာစုနှစ် တစ်ခုလောက် ယူရတယ်... နင့်ရဲ့ လိမ်ဆင်ဟောင်းကြီးနဲ့ ကလေးတွေကို လှည့်စား မနေနဲ့... အားလုံးပဲ... အဲဒီ မြေခွေးအိုကြီးက ဆယ်စုနှစ် သုံးခုကြာတာတောင် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို အောင်မြင်သေးတာ မဟုတ်ဘူး”

“ဟုတ်လား...”

များစွာသော လူငယ်လေးများမှာ အသက်လတ် တပည့်ကို ကြည့်ကာ အထင်အမြင်သေး သွားကြသည်။ နှစ်ပေါင်းများစွာ ဂိုဏ်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သော်လည်း ထိုလူကြီးမှာ ယခုထိ ကျင့်ကြံခြင်း ပထမ ခြေလှမ်းမှ ရုန်းမထွက်နိုင်သေးသည်လော။

“ဟွန့်...”

အသက်လတ် တပည့်မှာ ရှက်ယမ်းယမ်းလျှက် အင်္ကျီလက်များကို ခါယမ်းကာ နေရာမှ ထွက်ခွာသွားတော့၏။ ထို့နောက် မကြာမီမှာပင် အခြား လူငယ်လေးများမှာလည်း လူစုခွဲကာ ကိုယ်စီ တာဝန်များကို ထမ်းဆောင်ရန် ထွက်ခွာ သွားခဲ့ကြတော့သည်။

...

“ဟူး...”

ကြိုးကြာသည် ခြံဝက်တစ်ခု အတွင်း ပေါ့ပါးစွာ ဆင်းသက်လိုက်၏။ သူ၏ ကျောပြင်ကား သားမွေးများဖြင့် နူးညံ့လှသည့်တိုင် မိန်းကလေးမှာမူ ကြောက်လန့်တကြား လျှင်မြန်စွာ ခုန်ဆင်းသွားသည်။ သူမသည် မြေပြင်သို့ ဒူးထောက်ချကာ ကမ္ဘာမြေကြီးသာလျှင် အလုံခြုံဆုံး‌ နေရာဖြစ်ကြောင်း တွေးလိုက်မိသည်။

မိန်းမငယ်နှင့် မတူညီစွာပင် ဝေ့ဝူယင်သည် မြေပြင်ထက်သို့ ညင်သာစွာ ဆင်းသက်လာ၏။ ထိုခြံဝင်း အတွင်းရှိ ကောင်းကင်နှင့် မြေကြီး အမတေကား ဂိုဏ်းအတွင်ရှိ အခြား နေရာ အများစုထက် ပို၍ ထူထပ်လှသည်။ ၎င်းကား အဓိက တပည့် ဖြစ်ရခြင်း၏ အကျိုးအမြတ် တစ်ခု ဖြစ်ပေသည်။

နေသွေးနီနီဂိုဏ်းသည် နာမည်နှင့် လိုက်ဖက်လွန်းလှသည်။ တောင်တန်း တစ်လျှောက် ဖြတ်သန်း တည်ရှိနေသည့် သွေးနီဝိညာဥ်ကြောမှ မွေးဖွားသော ချီများသည် နေရာအနှံ့ ဖြန့်ကျက်နေသည်။ နေသွေးနီနီဂိုဏ်းသည် ထိုချီကို ကျင့်ကြံခြင်း အတွက် အသုံးပြုလေ့ ရှိသည်။

ဦးယားဖားယား ခြေသံများသည် အဝေးတစ်နေရာမှ ထွက်ပေါ်လာ၏။ ထို့နောက် ပြင်းပြသော အသက်ရှူသံများနှင့် အတူ ဝဝကစ်ကစ်၊ မုတ်ဆိတ် ပရပျစ် အသက်လတ် လူတစ်ယောက် ရောက်ရှိ လာသည်။ သူသည် တောင့်တင်းသော ခန္ဓာကိုယ်နှင့် ကြေးညိုရောင် အသားအရည်ကို ပိုင်ဆိုင်ထားသည်။ သူ၏ အဝတ်အစားများမှာ အနည်းငယ် ကပိုကယို ဖြစ်နေ၏။

ထိုအသက်လတ်ပိုင်းလူသည် ယခုမကြာသေးခင်ကပင် လိင်ဆက်ဆံ ခဲ့ပုံ ပေါ်သည်။ ခါးစည်းကြိုးကိုပင် သေချာစွာ မချည်နှောင်ရသေးရာ ဝတ်ရုံမှာ ပြေလျော့နေ၏။ သို့သော်လည်း ဝေ့ဝူယင်မှာ ထိုအရာကို အမှုမထားပါချေ။

“သ... ခင်လေး... ပြန်လာပြီလား...”

အသက်လတ်လူက အမောတကော မေးလိုက်၏။ သူ၏ အမည်မှာ တုလင် ဖြစ်သည်။ သူသည် ဝေ့ဝူယင်၏ လက်ထောက် ဖြစ်ပြီး သူတို့ နှစ်ယောက်မှာ ဂိုဏ်းထဲသို့ မရောက်မီ ကတည်းက သိကျွမ်းခဲ့သည်။

“အိုး... မင်းကတောင် ထျန်းတျန်ကို တည်ဆောက်ပြီးသွားပြီပဲ...”

ဝေ့ဝူယင်က ညင်သာစွာ မှတ်ချက်ချလိုက်သည်။ တုလင်၏ အရှိန်အဝါသည် ‌ကောင်းကင်နှင့် မြေကြီး၏ အမတေများဖြင့် ထုံလွှမ်းနေ၏။ ထိုအရာက ချီ၏ ဗဟိုဟု ဆိုနိုင်သော ထျန်းတျန်ကို တည်ဆောက်ပြီးစီးသွားသည့် လက္ခဏာပင် ဖြစ်သည်။ အကယ်၍ သူသာ သွေးကြော နိုးထခြင်း အဆင့်တွင်သာ ရှိနေပါက ကောင်းကင်နှင့် မြေကြီး၏ အရှိန်အဝါမှာ ထွက်ပေါ်လာလိမ့်မည် မဟုတ်ပဲ ခန္ဓာကိုယ် အတွင်းတွင်သာ စက်ဝိုင်းအနေဖြင့် လည်ပတ်နေလိမ့်မည် ဖြစ်သည်။

တုလင်က ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်ရင်း...

“ဟုတ်ပါတယ်... ဟုတ်ပါတယ်... အားလုံးက သခင်လေးရဲ့ ကျေးဇူးကြောင့်ပါပဲ...”

ဝေ့ဝူယင်က ခေါင်းတစ်ချက်သာ ညိတ်လိုက်သည်။ ထို့နောက် သူက မိန်းမငယ် ဘက်သို့ လှည့်လိုက်၏။ သူ အသက်ချမ်းသာ ပေးခဲ့သော ထိုမိန်းမငယ်ကား လခရမ်းဂိုဏ်း ၏ တပည့်တစ်ယောက် ဖြစ်သည်။ သူမသည် မထင်မရှား မျိုးနွယ်တစ်ခုမှ လာကာ ဂိုဏ်း၏ အပြင်စည်း တပည့် တစ်ယောက်သာ ဖြစ်သည်။

သူမ ကျင့်ကြံခြင်း အခြေခံသည် တုလင်နှင့် နီးကပ်နေခဲ့ပြီ ဖြစ်သည်။ ထျန်းတျန် တည်ဆောက်ခြင်း အဆင့်၌ ကောင်းကင်နှင့် မြေကြီး၏ အမတေများသည် ခန္ဓာကိုယ်အား သန်မာစေကာ သေမျိုးများထက် ပိုကဲသည့် ခွန်အားမျိုးကို ပေးသည်။ သူမသည် ထိုအဆင့်သို့ မရောက်သေးသော်လည်း သွေးကြော နိုးထခြင်း အဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။

“သူ့အတွက် အခန်းတစ်ခု ပေးလိုက်... နောက်ပြီး လောလောဆယ် သင့်တော်တဲ့ အလုပ်တစ်ခု ရှာပေးထား...”

ဝေ့ဝူယင်က အမိန့်ပေးလိုက်သည်။ တုလင်က လျှင်မြန်စွာ ခေါင်းညိတ်ကာ လီရင်ထံသို့ အပြုံးဖြင့် လျှောက်သွား၏။ သို့သော်လည်း ညစ်ညမ်းသော အကြည့်တစ်ခုက သူ၏ မျက်ဝန်းတွင် တွဲခိုနေသည်။

လီရင်မှာ ငေးငိုင်လျှက် ရှိနေဆဲ ဖြစ်သည်။ ဤခြံဝန်း၏ လေထုသည် သူမအား ကြီးမားသည့် အံ့အားသင့်ခြင်းကို ဖြစ်ပေါ်စေသည်။ အသက်ရှစ်နှစ် အရွယ်ကတည်းက လခရမ်းဂိုဏ်း သို့ ရောက်ရှိခဲ့သော်လည်း သူမသည် တစ်ခါမျှ ယခုလောက် သက်တောင့်သက်သာရှိမှုကို မခံစားခဲ့ရချေ။

ဝေ့ဝူယင်မှာ သူမအား တစ်ချက်ပင် လှည့်မကြည့်တော့ချေ။ ခြံဝန်းထဲမှ ထွက်ခွာလာခဲ့ပြီး မကြာခင်မှာပင် သူ၏ ကိုယ်ပိုင် အဆောင် ဝင်ပေါက်သို့ ရောက်လာခဲ့သည်။ ထိုအချိန်တွင်ပင် အမျိုးသမီး နှစ်ယောက်၏ တီးတိုးစကားသံက သူ၏ အာရုံကို ဖမ်းစားသွားသွား၏။ ထိုနှစ်ယောက်ကား စုံလင်လှသည့် အကြောင်းအရာ အမျိုးမျိုးကို ပြောဆိုနေခြင်း ဖြစ်သည်။

ဝေ့ဝူယင်က မျက်မှောင်ကြုတ်လိုက်သည်။ ထိုအမျိုးသမီးများကား တုလင်၏ မိန်းမများ ဖြစ်ကာ ဂိုဏ်း၏ နာမည်ခံ တပည့်များ ဖြစ်ကြသည်။ လည်ပင်းထက်ရှိ ဒဏ်ရာကို အနည်းငယ် ပွတ်သပ်လိုက်ပြီးနောက် ဝေ့ဝူယင် အမျိုးသမီး နှစ်ယောက်ကို လျစ်လျူကာ အဆောင်ထဲသို့ ဦးတည်လိုက်လေတော့သည်။

***

All Chapters