ပြိုကျသွားသော ကောင်းကင်၊ ပျောက်ကွယ်သွားသော မြေပြင်
Vol. 48 Ch. 647
“ခေတ်နှစ်ခေတ်က အသက်ရှင်ကျန်ခဲ့တဲ့လူတွေ ဒီသင်္ဘောပေါ်မှာ စုနေတာပါလား”
မဟာနေဧကရာဇ်သည် ထောင်ထောင်မောင်းမောင်းဖြင့် ထွားကြိုင်းကြံ့ခိုင်လှရာ သင်္ဘောပေါ်တွင် ငှက်ကြီးတစ်ကောင် နားနေသကဲ့သို့ ဖြစ်နေ၏။ သူ၏ငှက်ခေါင်းရှိ မျက်လုံးသုံးလုံးက ချိရှီနှင့် လူသားဧကရာဇ်ဆီသို့ ကြည့်နေသည်။ ထို့နောက် သူက အခန်းဆီသို့ လှမ်းကြည့်ကာ ပြုံးလိုက်၏။ “မင်းတို့တွေကို ဖမ်းပြီးရင် ရွှင်ပျော်ပျော်ကျေးရွာကိုလည်း ရှာတွေ့လိမ့်မယ်... အဲဒီလူတွေကိုလည်း တစ်ခါတည်း အကုန်သတ်ပစ်နိုင်ပြီ... ငါ့သွေးကို လိုချင်တာ ဘယ်သူလဲ”
“ကျွန်တော်”
ချင်မူ ပြတင်းပေါက်ဖွင့်ပြီး လက်ထောင်ပြလိုက်သည်။ “နေဧကရာဇ် ကျွန်တော်ပါ... ဒီမှာ ကျွန်တော်”
မဟာနေဧကရာဇ်က သူ့ကို ပြုံးပြသည်။ “မင်းက သေလူပဲ”
ချင်မူ သူ့ကိုယ်သူ အလျင်အမြန် ထိကြည့်လိုက်သော်လည်း အရှင်လတ်လတ်ကြီး ရှိသေးကြောင်း တွေ့လိုက်ရသည်။ “ကျွန်တော်က အရှင်ကြီးရှိပါသေးတယ်... ဘယ်လိုလုပ် သေလူဖြစ်မှာလဲ”
မဟာနေဧကရာဇ်က ပျင်းရိပျင်းတွဲ ပြော၏။ “ငါ့မျက်လုံးထဲမှာတော့ မင်းတို့ကောင်တွေက သေလူတွေပဲ... ငါ့ကို တိုက်ခိုက်ရဲတဲ့ ဒီမိတ်ဆွေနှစ်ယောက်ပဲ အသက်ရှင်လိမ့်မယ်... ဘာကြောင့်လဲသိလား.... ရွှင်ပျော်ပျော်ကျေးရွာနဲ့ ရွှမ်ခုံးကမ္ဘာကို ရှာချင်လို့”
ပန်ကုန်းစုန်က မပြောမဆိုဖြင့် ပြေးလာပြီး ပြတင်းပေါက်ကို ဗြန်းခနဲ ပိတ်လိုက်သည်။
သို့သော် ပြတင်းပေါက်မှာ ပြန်ပွင့်လာ၏။ ချင်မူက ခေါင်းပြူထွက်ကာ ပြုံးပြုံးရွှင်ရွှင် ပြောသည်။ “ဒါပေမဲ့ အရှင်လတ်လတ်ကြီးရှိနေသေးတာ အသိသာကြီးလေ”
မဟာနေဧကရာဇ်၏ သူငယ်အိမ်များ ကျုံ့သွားပြီး သူက သရော်တော်တော် ပြောလိုက်၏။ “မကြာခင် သေတော့မှာပါ”
ဗြန်း
ပန်ကုန်းစုန်က ပြတင်းပေါက်ပိတ်လိုက်ပြန်သည်။
ပြတင်းပေါက်မှာ ကျွီခနဲ ပြန်ပွင့်လာပြန်ပြီး ချင်မူ့ခေါင်း ပြူထွက်လာသည်။ “ဒါဆို ဘာလို့ ကျွန်တော်တို့ကို သေလူတွေလို့ ပြောသေးလဲ... ကျွန်တော်တို့ စကားပြောနိုင်၊ ရယ်နိုင်၊ ခုန်ပေါက်နိုင်သေးတာ အသိသာကြီးလေ... ခင်ဗျားရဲ့စကားက ယုတ္တိကို မရှိဘူး”
မဟာနေဧကရာဇ် မျက်မှောင်ကြုတ်သွားပြီး သူ၏မျက်လုံးသုံးလုံးမှ မီးတောက်များ ဟုန်းခနဲ ထတောက်လာသည်။ သူ ဤခွေးကောင်လေးကို အမှန်တကယ် သတ်ချင်လေသည်။
ချင်မူက ပြတင်းပေါက်ပိတ်သွားသည်။ ထို့နောက် အခန်းထဲမှ သူ့ရယ်သံကြီး ထွက်လာ၏။ “သူ့ကြောင့် ငါ လိပ်ပြာလွင့်မတတ် ကြောက်သွားမယ် ထင်ခဲ့တာ... ငါ့ဆီက စကားလေးတစ်ခွန်းနှစ်ခွန်းတည်းနဲ့ သူ ဆွံ့အသွားတာ မြင်လား... မျက်နှာကြီးဆို စိမ်းပုပ်နေတာပဲ ဟီးဟီး”
အသံများ အခန်းထဲမှ ထွက်လာသည်။ “သခင်ကြီးချင်၊ ဘိုးဘိုးချင် ကျေးဇူးပြုပြီး စကားမပြောပါနဲ့တော့နော် ဟုတ်ပြီလား... ငါ မင်းကို တောင်းပန်ပါတယ်”
“သူက သူ့မျက်လုံးကြီးတွေနဲ့တောင် ငါ့ကို စိုက်ကြည့်ခဲ့တာ...”
“မပြောပါနဲ့တော့ဆို”
“မှော်ဆရာကြီး မင်း ငါ့ကို ဒူးထောက်တောင်းပန်ရင်တောင်မှ သူက မင်းကိုလည်း လွှတ်ပေးမှာမဟုတ်ဘူး... ငါနဲ့အတူတူ သူ့အကြောင်း အတင်းတုပ်တာ ပိုမကောင်းဘူးလား”
....
မဟာနေဧကရာဇ်ဆီ၏မျက်လုံးများမှ ကောင်းကင်အလင်းတန်းများ ထွက်မသွားခင် ပထမလူသားဧကရာဇ်က သူ့ကို ဓားတစ်ချက်ဖြင့် ခုတ်ချလိုက်သည်။ မဟာနေဧကရာဇ်က ခြေတစ်ချောင်းဖြင့် ဓားကို ခုခံကာ အပြုံးတစ်ခုဖြင့် ပြော၏။ “အဖြစ်မရှိတဲ့ ဓားသိုင်း”
သူ၏ခြေသည်းများ ဓားကို ဆုတ်လိုက်သည့်အချိန်တွင် သူ့အမူအရာ အနည်းငယ် ပြောင်းသွားသည်။ သူက အလျင်အမြန် ခြေပြန်ရုတ်လိုက်ကာ ပထမလူသားဧကရာဇ်၏ ဓားဆီသို့ ကောင်းကင်အလင်းတန်းများ ပစ်လွှတ်လိုက်၏။ “ဒါပေမဲ့ ဒီဓားကတော့ ဓားကောင်းတစ်လက်ပဲ”
ကျောက်စိမ်းလင်းရောင်ဓားကြောင့် သူ့ခြေချောင်းများ ပြတ်တောက်လုဆဲဆဲ ဖြစ်ခဲ့၏။ အချိန်မှီ ပြန်ရုတ်လိုက်၍ ကံကောင်းသွားခြင်းဖြစ်သည်။
ပထမလူသားဧကရာဇ်က ဓားကို ဓားအိမ်ထဲ ပြန်ထည့်၍ ကောင်းကင်မြေပြင်မုဒြာသိုင်းကွက်ဖြင့် ကောင်းကင်အလင်းတန်းများအား ခုခံလိုက်သည်။ အခြားတစ်ဖက်တွင် ချိရှီသည် သူ့ကို ပြေးလာ၏။ ဓားရောင်ခြောက်ချက် ပြိုးပြက်လက်သွားပြီး ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ်နှင့်အတူ မဟာနေဧကရာဇ်ဆီသို့ ပိုင်းချလိုက်သည်။
မဟာနေဧကရာဇ်က ပထမလူသားဧကရာဇ်၏ မုဒြာသိုင်းကွက်ကို လက်ဗလာဖြင့် ဟန့်တား၏။ ချိရှီ ပြေးဝင်လာသည့်အခါ သူ့အမူအရာက အံ့အားသင့်သွားပုံရပြီး အလျင်အမြန် တောင်ပံခတ်လျက် ဓားရောင်နှင့် ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ်ကို ရှောင်တိမ်းလိုက်သည်။
ပထမလူသားဧကရာဇ်နှင့် ချိရှီက လေသင်္ဘောထဲမှ ခုန်ထွက်၍ ကြယ်တာရာကောင်းကင်ထဲတွင် မဟာနေဧကရာဇ်နှင့် အပြင်းအထန် တိုက်ခိုက်နေသည်။
မဟာနေဧကရာဇ် တောင်ပံများ ဖြန့်ကားလိုက်သည့်အခါ ၎င်းတို့အထဲမှ မီးကျီးကန်းနတ်ဘုရားများ ပျံထွက်လာသည်။ သူက သရော်သလို ပြုံး၍ ပြောလေသည်။ “အခန်းထဲက ကောင်လေးတွေ အခု သေလို့ရပြီ”
မီးကျီးကန်းနတ်ဘုရားများက လေသင်္ဘောပေါ် ဆင်းသက်လိုက်လျှင်ချင်း အခန်းထဲ ပြေးသွားကြသည်။ သို့သော် တံခါးသည် ဝုန်းခနဲ ပွင့်လာပြီး ချင်မူက တံခါးဝ၏အလယ်၌ ဘူးလေးတစ်ဘူး ကိုင်လျက် ရပ်နေသည်။
သူ့အနောက်ရှိ ပန်ကုန်းစုန်နှင့် လင်ယွိရှို့မှာ အလျင်အမြန် မျက်လုံးပိတ်လိုက်ကြပြီး မကြည့်ရဲကြပေ။
ရွှစ်ခနဲ အသံတစ်သံ ကြားလိုက်ရ၏။ ကြမ်းတမ်းခက်ထန်သော အရှိန်အဝါတစ်ခုသည် သွေးဆာနေသော သားရဲကြီး နိုးထလာပြီး လူသားစားချင်နေသကဲ့သို့ သောင်းကျန်းဖြာထွက်သွား၏။
ဘူးထဲရှိ ခေါင်းက မျက်လုံးဖွင့်လိုက်ပြီး စိတ်လှုပ်ရှားနေသောအမူအရာ ရှိနေသည်။ ဘူးလေးနှင့် တွဲဆက်နေသော ခေါင်းနောက်ရှိ အမြှေးပါးအသားများက လေဒလက်လို ပြန့်ကားလာပြီး လျင်မြန်စွာ တုန်ခါလာသည်။
ခေါင်း၏မျက်လုံးမှ အလင်းတန်းနှစ်တန်းက နဂါးနှစ်ကောင်လို ထွက်သွားပြီး မည်းမည်းမြင်ရာမှန်သမျှ သိမ်းကျုံးတိုးဝှေ့သွား၏။
သင်္ဘောတစ်စင်းလုံး တိခနဲ တိတ်ဆိတ်သွားသည်။ တိုက်ခိုက်ရန် ပြင်နေသော မီးကျီးကန်းနတ်ဘုရားများမှာ နေရာမှာပင် မလှုပ်မယှက် ရပ်နေကြသည်။
အလင်းတန်းနှစ်တန်းက တဖြည်းဖြည်း နောက်ပြန်ဆုတ်လာပြီး ဘူးထဲ ပြန်ရောက်သွားသည့်အခါ ချင်မူ ဘူးကို ပိတ်လိုက်သည်။ သိပ်သည်းပြင်းထန်လှသော သွေးညှီနံကြောင့် ချင်မူမှာ မူးမေ့လဲတော့မလိုပင် ဖြစ်သွား၍ ထိတ်လန့်သွား၏။
ထိုစဉ် ဘူးထဲမှ ‘အေ့’ ခနဲ လေချဉ်တက်သံ ထွက်လာသည်။ သူပဲ နားကြားမှားလေသလား မသိပေ။
အခန်းအပြင်တွင် မီးကျီးကန်းနတ်ဘုရားများမှာ ကျောက်ရုပ်သဖွယ် ရပ်လျက်သာ ရှိကြသေး၏။ ရုတ်တရက် ပထမလူသားဧကရာဇ်၊ ချိရှီနှင့် မဟာနေဧကရာဇ်တို့၏ တိုက်ပွဲမှ လှိုင်းဂယက်များ ဖြာထွက်လာပြီး သူတို့ကို ရိုက်ခတ်လိုက်သည့်အချိန်တွင် ခေါင်းများသည် လည်တိုင်မှ လျှောကျကာ ကြမ်းပြင်ပေါ် တဘုတ်ဘုတ် ပြုတ်ကျကုန်၏။
အလောင်းများလည်း တဘုန်းဘုန်း လဲကျကုန်သည်။
“နွားကျောင်းသား၊ နင့်ကို သွေးအခိုးအငွေ့တွေ ဝန်းရံနေတယ်” လင်ယွိရှို့ မျက်လုံးဖွင့်လိုက်သည်နှင့် ချင်မူ့ကို ဝန်းရံရစ်သိုင်းနေသော သွေးအခိုးအငွေ့များအား မြင်လိုက်ရသည်။
ချင်မူ ထိတ်လန့်သွား၏။ သူ့ကိုယ်သူ ကပျာကယာ ငုံ့ကြည့်လိုက်ပြီး အမှန်ပင် ခပ်ရေးရေး သွေးအခိုးအငွေ့များ ဝန်းရံလျက် ရှိနေကြောင်း မြင်လိုက်ရသည်။ ဤသွေးအခိုးအငွေ့များကို ပကတိမျက်စိဖြင့် မြင်နိုင်သော်လည်း အမှန်တကယ် ထူးဆန်း၏။
“သွေးအခိုးအငွေ့တွေက မင်းကို ကူးစက်သွားပြီ ဂိုဏ်းသခင်ချင်”
ပန်ကုန်းစုန်က အပြုံးတစ်ခုဖြင့် ပြောလေသည်။ “မင်းက နတ်ဘုရားအများကြီး သတ်ခဲ့တယ်... တစ်ရာကျော်တယ် မဟုတ်လား.... သူတို့ဝိညာဉ်တွေက မင်းကို ကပ်ငြိနေပြီ... မင်း သေချာပေါက် သေရလိမ့်မယ်”
ချင်မူက ဘူးလေးကို ဖွင့်တော့မည့်ဟန် ပြင်လိုက်၍ ပန်ကုန်းစုန်၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူက ကမန်းကတန်း ထွက်ပြေးသွားတော့သည်။
‘ဒီသွေးအခိုးအငွေ့တွေက ဘူးလေးရဲ့ အငွေ့အသက်တွေ ဖြစ်သင့်တာလေ... ဘာလို့ ငါ့ကို ကူးစက်နေတာလဲ... သူ သူ့ကို အစာမကျွေးရင် နောက်တစ်ခေါက် သေရမယ့်လူက ငါ များလား’ ချင်မူ ရင်ထဲ မသက်မသာ ဖြစ်လာသည်။
ဤသွေးအခိုးအငွေ့များက မည်သည့်အရာမှန်း သူ မမြင်နိုင်သော်လည်း ၎င်းနှင့် ဘူးလေးအကြား၌ ဆက်သွယ်မှု ရှိနေကြောင်း ခံစားရသည်။
ရုတ်တရက် သွေးအခိုးအငွေ့များက သိပ်သည်းလာပြီး သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးဖောက်ဝင်သွား၏။ မကြာမီ တတိယမျက်လုံးက အကုန်စုပ်ယူလိုက်ချေပြီ။
တတိယမျက်လုံးဆီမှ အေ့ခနဲ လေချဉ်တက်သံ ထွက်လာ၏။
ဘူးလေးဆီမှလည်း လေချဉ်တက်သံ ကြားခဲ့ရသည်။ သူ၏တတိယမျက်လုံးကလည်း လေချဉ်တက်ခဲ့သည်။ ဤကမ္ဘာပေါ်တွင် ထူးထူးဆန်းဆန်းအရာများ များပြားလွန်းပါ၏။
....
ချင်မူ၏တတိယမျက်လုံးထဲတွင် အေးစက်စက်အသံတစ်သံ ထွက်လာသည်။ “ဘယ်သူ ငါ့အစာကို လုရဲတာလဲ... အဲဒီကောင်လေးက ငါ စားချင်နေတဲ့ ကောင်လေးကွ... မင်းကများ ရာရာစစ ငါ့သားကောင်းကို လုရဲတယ်... ငါ မင်းကို စားပစ်မယ်”
ချင်ဖုန်းကျင့်က သွေးအခိုးအငွေ့များကို ခေါက်ဆွဲလို စုပ်စားလိုက်ပြီး အေ့ခနဲ လေချဉ်တက်လိုက်၏။ သူက ကောင်းကင်ဆီသို့ လက်သီးလက်မောင်းတန်းကာ အော်ဟစ်လိုက်သည်။ “အောင်မာ မင်းကများ ငါ့ကို လေသံလာမာနေတယ်... ငါ ဒီနေရာက လွတ်တာနဲ့ မင်းကို ဖောက်ခနဲ ဖြစ်ညစ်ပြီး စားပစ်မယ်ကွ”
...
သင်္ဘော၏အပြင်၊ ကြယ်တာရာကောင်းကင်ထဲ၌
တိုက်ပွဲပြင်းထန်နေသည်။ မဟာနေဧကရာဇ်၊ ပထမဘိုးဘေးကြီးနှင့် ချိရှီဆီမှ ကောင်းကင်နတ်သိုင်းများကြောင့် လေသင်္ဘောမှာ တစတစ တွန်းထုတ်ခံနေရ၏။
ချိရှီသည် လက်ခြောက်ဖက်ဖြင့် ဓားခြောက်လက်ကို ကိုင်စွဲထားပြီး သူ၏ဦးခေါင်းထက်၌ အထပ်တစ်ထောင် ပြာဿဒ်ဆောင်တစ်ခု လွင့်မျောနေသည်။ သူ၏ရုပ်ခန္ဓာကောင်းကင်နတ်သိုင်းများမှာ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ပြင်းထန်ပြီး သူ တိုက်ခိုက်သောပုံစံက ကြမ်းတမ်း၏။ ထို့အပြင် ချိရှီ၏ သိုင်းကွက်များက အလွန်တရာ မြန်သည်။
ချိရှီက ဦးခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ရှိသူ မဟုတ်ပါ၏လော။ သူ၏ဓားခြောက်လက်သည်လည်း ထိပ်တန်းကောင်းကင်ဓားများ ဖြစ်၏။ အနီးကပ်တိုက်ကွက်များတွင် သူ့အလျင်အား ယှဉ်နိုင်သူမရှိလောက်ပေ။ သူ၏သိုင်းစွမ်းအားမှာ ပထမလူသားဧကရာဇ်နှင့် မဟာနေဧကရာဇ်အောက် နိမ့်ကျသဖြင့် မဟာနေဧကရာဇ်၏ တိုက်ကွက်များကို ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ်ဆောင်နှင့်အတူ ခုခံနေရသည်။
ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရုပ်ခန္ဓာသည် သေချာပေါက် သန်မာအားအကောင်းဆုံး ရုပ်ခန္ဓာ ဖြစ်၏။ သာမန်လူတစ်ယောက်အတွက် လက်တစ်ဖက်အပို ရှိနေရုံနှင့်တင် များစွာအသာစီးရချေပြီ။ ပို၍ပင်များပြားသော ကျင့်စဉ်များကိုလည်း လေ့လာနိုင်မည်။
အပိုရှိနေသော လက်တစ်ဖက်တိုင်းက သိုင်းကွက်တစ်ကွက်စီတိုင်း၏ စွမ်းအားကိုလည်း ဆထက်တိုး ပြင်းထန်စေနိုင်သည်။ သူ၏ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ခန္ဓာမှာ အနီးကပ်သိုင်းကွက်များအား အပြည့်အဝ အသုံးချနိုင်၏။
ချင်မူ အခန်းထဲမှ ထွက်၍ သင်္ဘောအမြှီးပိုင်း၌ ရပ်လိုက်သည်။ သူ့မှာ တအံ့တဩ စုပ်သပ်နေမိသည်။ ‘ချိမင်ခေတ်မှာ ကောင်းကင်နတ်သိုင်းတွေ မတိုးတက်ခဲ့ပေမယ့် သူတို့ရဲ့ ရုပ်ခန္ဓာတွေကတော့ အမှန်တကယ် အံ့ဩစရာကောင်းပေတယ်... လက်တစ်ဖက်၊ ခေါင်းတစ်လုံး အပိုပါရုံနဲ့တင် အခြေခံဓားချက်ဆယ့်လေးကွက်မှာ တစ်ကွက်အပို ထည့်ပေါင်းလိုက်တာနဲ့ ညီမျှတယ်... ကြည့်ရတာ ပန်ကုန်းစုန် ကျင့်ကြံနေတဲ့ အန္တရာဝသိုင်းနတ်ဘုရားကျင့်စဉ်ကို ငါတို့ လျှော့တွက်ခဲ့မိတဲ့ပုံပဲ”
မဟာမြို့ပျက်တွင် ခေါင်းအပို၊ လက်အပိုများ ရှိသော နတ်ဘုရားရုပ်တုများစွာ တွေ့မြင်ရနိုင်သည်။ ချိမင်ခေတ်၏ ရုပ်ခန္ဓာကျင့်စဉ်များကို ထိုနတ်ဘုရားများ ကျင့်ကြံခဲ့ခြင်းဖြစ်လိမ့်မည်။
ဤအခြင်းအရာမှတစ်ဆင့် ချိမင်ခေတ်အတွင်း ရုပ်ခန္ဓာအသားပေးလမ်းစဉ် မည်မျှထွန်းကားကျော်ကြားခဲ့ကြောင်း စိတ်ကူးကြည့်နိုင်သည်။
သို့သော် မဟာနေဧကရာဇ်၏ စွမ်းအားတစ်ဝက်ကျော်က ပထမလူသားဧကရာဇ်ကို ဖိနှိပ်နေခြင်းဖြစ်၏။ နှစ်ယောက် ပထမဆုံးအကြိမ် တိုက်ခိုက်လိုက်ကတည်းက မဟာနေဧကရာဇ်မှာ ပထမလူသားဧကရာဇ်၏ အံ့အားသင့်ဖွယ် စွမ်းအားကို တမုဟုတ်ချင်း ခံစားခဲ့ရသည်။
ပထမလူသားဧကရာဇ်၏ မုဒြာသိုင်းကွက်များက သူ၏သိုင်းကွက်များကို ထိပ်တိုက်ရင်ဆိုင်နိုင်သည့်အတွက် မဟာနေဧကရာဇ် ထိတ်လန့်လာမိသည်။ ချိရှီကမူ အနည်းငယ်အနှောင့်အယှက် ပေးနိုင်သော်လည်း ပထမလူသားဧကရာဇ်အောက် သိုင်းစွမ်းအား နိမ့်ကျ၏။
မဟာနေဧကရာဇ်၏ သိုင်းကွက်အခင်းအကျင်းများက ချင်မူ့ကို အမြင်ပွင့်လာစေသည်။
ဤနတ်ဘုရား၏ ခြေသုံးချောင်းက ခြေသည်းချွန်များရှိသော ငှက်ခြေထောက်သုံးချောင်း ဖြစ်၏။ အာကာသထဲတွင် ခြေသည်းချွန်များသည် အချွန်ဆုံးလက်နက် ဖြစ်ချေသည်။ ထိုခြေသည်းချွန်များဖြင့် တောင်တန်းများ၊ ကျောက်ခဲများကိုပင် အခက်အခဲ ပိုင်းခြမ်းပစ်နိုင်သည်။
သူ့တွင် တဖျတ်ဖျတ် ခတ်နေသော တောင်ပံနှစ်ဖက်လည်း ရှိသည်။ တောင်ပံများက အလွန်မြန်သောကြောင့် မဟာနေဧကရာဇ်သည် အရပ်မျက်နှာတစ်ခွင်၌ သွက်လက်စွာ ရွေ့လျားနိုင်၏။ လျင်မြန်လွန်း၍ ပထမလူသားဧကရာဇ်နှင့် ချိရှီမှာ သူ့ကို မလိုက်နိုင်ပေ။ ထို့အပြင် တောင်ပံများက ဓားများသဖွယ် ခုတ်ချနိုင်သည်။ အဆုံးမဲ့မီးစွမ်းအင်လည်း ကိန်းဝပ်နေသေးသည်။
တောင်ပံများအပြင် သူ့တွင် ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်နိုင်သော လက်နှစ်ဖက်လည်း ရှိသည်။ မုဒြာသိုင်းကွက်တစ်ကွက် ထုတ်လွှတ်လိုက်တိုင်း နေတစ်စင်းက သူ့လက်ဝါးထဲမှ ခုန်ထွက်လာပြီး ပေါက်ကွဲသွားတတ်၏။ မီးတောက်မီးလျှံများက နေအသေးလေးများသဖွယ် အာကာသထဲ၌ ပြည့်နေတော့သည်။
ဤခန္ဓာကိုယ်အစိတ်အပိုင်းများအပြင် သူ၏နှုတ်သီးကလည်း အင်အားကြီးသော လက်နက်တစ်မျိုး ဖြစ်နေသေး၏။ သူ ထိုးဆိတ်လိုက်သည့်အချိန်တွင် ပထမလူသားဧကရာဇ်နျင့် ချိရှီမှာ မရှောင်နိုင်လျှင် သေချာပေါက် ခေါင်းတွင် အပေါက်ကြီးများ ပေါက်သွားလိမ့်မည်။
ပို၍ပင်ကြောက်စရာကောင်းသည်မှာတော့ သူ၏မျက်လုံးသုံးလုံး ဖြစ်သည်။ ထိုမျက်လုံးများအတွင်း၌ ကိန်းဝပ်နေသော ဝင်္ကပါစွမ်းအားသည် နေကျောက်စိမ်းမျက်လုံးလို ကောင်းကင်အလင်းတန်း ထုတ်လွှတ်တတ်၏။ ပြင်းအားက အဆပေါင်းများစွာ ပိုမိုအားကောင်းသည်။
ချိရှီ၏ ခေါင်းသုံးခေါင်းနှင့် လက်ခြောက်ဖက်က သိုင်းကွက်များကို လွန်စွာ ရှုပ်ထွေးစေပြီး မဟာနေဧကရာဇ်ကလည်း မနိမ့်ကျပေ။ တောင်ပံတစ်စုံနှင့်အတူ သူက လျှပ်စီးလို ရွေ့လျားရင်း ခြေသုံးချောင်း၊ လက်နှစ်ဖက်၊ တောင်ပံ၊ နှုတ်သီးနှင့် မျက်လုံးတို့ဖြင့် ပထမလူသားဧကရာဇ်နှင့် ချိရှီဆီသို့ ဟာကွက်မဲ့သော သိုင်းကွက်များ ပစ်လွှတ်နေ၏။ တခဏကြာသော် ပထမလူသားဧကရာဇ်နှင့် ချိရှီမှာ ဒဏ်ရာဒဏ်ချက်များ ပြည့်လာတော့သည်။
‘ဒီတိုင်း ဆက်သွားရင် ပထမလူသားဧကရာဇ်နဲ့ ချိရှီ သူ့လက်ချက်နဲ့ သေရလိမ့်မယ်’
ချင်မူ့မျက်လုံးများ တောက်ပလာသည်။ ဘူးလေးဖွင့်၍ နတ်ဘုရားစီရင်ရာဓားမဖြင့် ကူညီချင်သော်လည်း သူတို့က အလွန်မြန်လွန်းသည်။ အထူးသဖြင့် မဟာနေဧကရာဇ်က ပထမလူသားဧကရာဇ်နှင့် ချိရှီထက် မြန်နေချေရာ နတ်ဘုရားစီရင်ရာဓားမကို သုံးလိုက်ပါက သူတို့နှစ်ယောက် ခေါင်းပြတ်သွားလောက်သည်။ တစ်ယောက်မှ မထိမိလျှင်တော့ သူ ခေါင်းပြတ်လိမ့်မည်။
ရုတ်တရက် မဟာနေဧကရာဇ်က ချိရှိ၏အပေါ်သို့ ပျံတက်သွားပြီး ခြေသုံးချောင်းဖြင့် အထပ်တစ်ထောင် ပြာဿဒ်ဆောင်ကို ဆုပ်ကိုင်ကာ လွှင့်ပစ်လိုက်သည်။
‘သေစမ်း’ ချင်မူ ထိတ်လန့်သွားသည်။
ချိရှီမှာလည်း မဟာနေဧကရာဇ်၏ တောင်ပံများ သူ့ဆီ ခုတ်ချလိုက်သည်ကို မြင်လိုက်ရသဖြင့် မျက်နှာတွင် သွေးမရှိတော့ပေ။ သူက ဓားခြောက်လက်ဖြင့် ကပျာကယာ ခုခံလိုက်သည်။ သူ့ခန္ဓာကိုယ်မှာ အောက်ရှိ အာကာသထဲ ကျဆင်းသွားသည်။
တစ်ချိန်တည်းမှာပင် ပထမလူသားဧကရာဇ်က မဟာနေဧကရာဇ်၏ နောက်ကျောဆီသို့ မုဒြာလက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ငှက်မွှေးတောင်များက သူ၏မုဒြာလက်ဝါးကို ဟန့်တားနိုင်လိုက်သော်လည်း မဟာနေဧကရာဇ် သွေးအန်လိုက်ရသေး၏။
သူက ခေါင်းလှည့်၍ ပါးစပ်ဟကာ နေမီးလျှံများ မှုတ်ထုတ်လိုက်သည်။ နေမီးလျှံများသည် မီးလုံးကြီးသဖွယ် ထွက်သွားပြီး သူ၏အကြည့်သုံးခုမှ စူးရှသော ကောင်းကင်အလင်းတန်းများလည်း ဖြာထွက်လာသည်။
ပထမလူသားဧကရာဇ်၏အမူအရာမှာ မှိုင်းညို့လာပြီး သူ၏စိတ်ဓာတ်ကျနေသော အငွေ့အသက်က သိပ်သည်းသထက် သိပ်သည်းလာ၏။ မဟာနေဧကရာဇ်က အန္တရာယ်များသော အခြေအနေကို ခံစားလိုက်ရ၍ သူ့ကိုယ်ပေါ်ရှိ ငှက်မွှေးတောင်များ ထောင်မတ်လာသည်။
သူက ချိရှီကို ရိုက်ထုတ်ရန် ပထမလူသားဧကရာဇ်၏ မုဒြာလက်ဝါးကို တမင် ခံယူခဲ့ခြင်းဖြစ်သည်။ ပထမလူသားဧကရာဇ်က သန်မာအားအကောင်းဆုံး ဖြစ်၍ သူ့ကို တစ်ယောက်တည်း တိုက်ခိုက်ပြီး အနိုင်ယူချင်ခဲ့၏။
သို့သော် ယခုတွင် ပထမလူသားဧကရာဇ်က အသာစီးရသွားပြီး အသေသတ်သိုင်းကွက်ကို ထုတ်လွှတ်ပေတော့မည်။
ချင်မူ အဝေးမှ လှမ်းကြည့်နေသည်။ “ကောင်းကင်ဘုံကို မှောက်ခုံလှန်သည့် လက်ကွက်သုံးကွက်၊ ပထမလက်ကွက် ပြိုကျသွားသော ကောင်းကင်၊ ပျောက်ကွယ်သွားသော မြေပြင်....”
ပထမလူသားဧကရာဇ်၏ ‘ကောင်းကင်ဘုံကို မှောက်ခုံလှန်သည့် လက်ကွက်သုံးကွက်’ သည် ချင်မူ မတတ်မြောက်ခဲ့သော သိုင်းကွက်သုံးကွက် ဖြစ်၏။ ချင်မူ့ခံစားချက်က မလုံလောက်သေး၍ ထိုသိုင်းကွက်များအား မထုတ်ဖော်နိုင်ခဲ့ပေ။ ဤမုဒြာသိုင်းကွက်သုံးကွက်အတွက် လူတစ်ယောက်တွင် ကောင်းကင်မြေပြင်နှင့်အတူ သေဝံ့သော သတ္တိရှိရန် လိုအပ်ပေသည်။
ချင်မူ ထိုသို့မလုပ်နိုင်ပေ။
ကြယ်တာရာကောင်းကင်မှာ တောက်ပလင်းထိန်လာပြီး ပထမလူသားဧကရာဇ်၏ ခြေထောက်အောက်၌ ခံ့ညားထည်ဝါနေသည့် ကောင်းကင်နတ်ဘုံတစ်ဘုံ ဖွဲ့တည်လာသည်။ နေနှင့်လသည် ကောင်းကင်မပြိုကျသေးခင် တင့်တယ်လှပစွာ တောက်ပနေကြ၏။ ထို့နောက် နေနှင့် လ ပျက်စီးသွားပြီး ကြယ်များ မိုးသဖွယ် ရွာကျလာသည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေပြင်၏ ပျက်စီးမှုမှာ အလွန်လှပပြီး ခမ်းနားနေ၏။
ချင်မူ့အမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူက ဘူးလေးကို ဆုပ်ကိုင်ပြီး လှည့်ပြေးတော့သည်။ သူ အခန်းဆီ တရှိန်ထိုး ပြေးလိုက်သည့်အချိန်မှာ လင်ယွိရှို့ တံခါးဖွင့်၍ အပြင်ထွက်ရန် ပြင်နေသည့်အချိန် ဖြစ်၏။ စောစောက သူမမှာ သတ္တိမွေးပြီး အခြေအနေ ထွက်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ ချင်မူက မပြောမဆိုဖြင့် သူမဆီ တန်းတန်းမတ်မတ် ပြေးလာပြီး သူမကို ပခုံးပေါ် စွေ့ခနဲ တင်ကာ အခန်းထဲသို့ ပြေးဝင်လိုက်လေသည်။
ဝုန်း
ကြောက်မက်ဖွယ် တုန်ခါလှိုင်းများ ဖြာဆင်းလာ၍ နှစ်ယောက်လုံး မျက်နှာကြက်အထိ မြောက်တက်သွားကြသည်။ လေသင်္ဘောမှာ တဝုန်းဝုန်း လည်သွားပြီး သင်္ဘော၏ကိုယ်ထည်မှ တကျွိကျွိမြည်သံများ ထွက်လာ၏။ တဖြောင်းဖြောင်း ကျိုးအက်သံများလည်း ကြားရသည်။
ချင်မူနှင့် လင်ယွိရှို့ သွေးများအေးစက်သွားကြသည်။ ချိမင်ခေတ်၏ ဤရတနာသင်္ဘောကား အချိန်မရွေး ပျက်စီးတော့ပေမည်။
၎
င
၎
၎