← Chapters

နေသွေးနီနီဂိုဏ်း

Vol. 1 Ch. 4

နေသွေးနီနီဂိုဏ်း

Vol. 1 Ch. 4

ဝေ့ဝူယင်သည် သူ၏ အဆောင်အတွင်းသို့ ဝင်လာခဲ့၏။ သူ၏ အဆောင်ကို သန့်ရှင်းသပ်ရပ်သည့် အခန်းတစ်ခုတည်းဖြင့် ဖွဲ့စည်းထားသည်။ အခန်းထဲ၌ ခုတင်တစ်လုံးနှင့် စားပွဲ၊ ကုလားထိုင် တစ်ခုစီသာ ရှိ၏။ ထိုအခန်းသည် အခြား အဆောက်အဦများထက် ပိုမို ကြီးမားသည်မှ လွဲ၍ အပြင်အဆင်မှာမူ အလွန် ရိုးစင်းလွန်းလှသည်။ ခမ်းနား ထင်ရှားစွာ တွေ့မြင်နိုင်သော အရာဟူ၍  စာအုပ်များ၊ ပရပိုက်များ ပြည့်နေသော စာအုပ်စင် တစ်ခုနှင့် ‌သုံးချောင်းထောက် ဆေးကြိုအိုး တစ်လုံးသာလျှင် ရှိသည်။

သုံးချောင်းထောက် ဆေးကြိုအိုးသည် အစိမ်းရောင် အဆင်း ရှိကာ အရွယ်အစား သေးငယ်၏။ မွေးကြိုင်သော ဆေးရနံ့များမှာ ထိုအထဲမှ ထွက်ပေါ်နေသည်။ ခန်းမ အလယ်၌ ထားရှိခြင်းကို ကြည့်ပါက ဝေ့ဝူယင်မှာ ထိုဆေးကြိုအိုးကို မည်မျှ တန်ဖိုးထားကြောင်း သိနိုင်ပေလိမ့်မည်။

ဝေ့ဝူယင်သည် စိတ်ရော၊ ကိုယ်ပါ ပင်ပန်း နွမ်းနယ်မှုကို ခံစားနေရသဖြင့် ခုတင်ပေါ်သို့ ပစ်လှဲချလိုက်သည်။ ငွေရောင်ဆံပင် လူငယ်နှင့် တွေ့ဆုံပြီးသည့် အချိန်မှ စ၍ သူ၏ ခန္ဓာကိုယ်မှာ အားပြတ်သကဲ့သို့ ခံစားနေရပြီး အဆက်မပြတ် လေးလံ နေခဲ့သည်။ ပထမ၌ သူသည် အကိုက်ခံရခြင်းကြောင့် ပိုးဝင်ခြင်း သို့မဟုတ် အဆိပ်တက်ခြင်း ဖြစ်လိမ့်မည်ဟု တွေးထင်မိခဲ့သည်။

သို့သော်လည်း အခြေအနေ ဆိုးရွားသည့် အရိပ်အယောင်ပင် မပြပဲ သူ၏ ဒဏ်ရာက ပြန်လည် ကောင်းမွန် လာနေခဲ့သည်။ ဒဏ်ရာ၏ နေရာ အချို့မှာ အနာဖေး တက်နေဆဲ ဖြစ်သော်လည်း အများစုမှာမူ ပျောက်ကင်း သွားခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချလိုက်၏။ လခရမ်းဂိုဏ်း ၏ အကြွင်းအကျန်များအား အမြစ်ပြတ် ချေမှုန်းခြင်း တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်ပြီးနောက် သူမောပန်းနွမ်းနယ် နေခြင်း ဖြစ်ပေလိမ့်မည်။

“ငါ့ကို တဲနန်းထဲအထိ လာပြီး သတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ တစ်ယောက်က ချီပျစ်ခဲခြင်း တတိယ အဆင့် ဒြပ်စင်မွေးဖွားခြင်းမှာ ရှိနေတာပဲ... ငါသာ လောလောလတ်လတ် အဆင့်လေးကို အောင်မြင်ထားတာ မဟုတ်ရင် ချူရန်ရဲ့ အစီအစဥ်ထဲမှာ ကျဆုံး သွားလောက်ပြီ”

သူက ခေါင်းအား ခါယမ်းလိုက်သည်။ ကျင့်ကြံခြင်း လောကကား အမှန်ပင် အန္တရာယ်များလွန်းလှသည်။

နေသွေးနီနီဂိုဏ်းသည် ဝူတိုင်းပြည်၏ မဟာဂိုဏ်းကြီး ငါးဂိုဏ်း အနက် တစ်ဂိုဏ်း ဖြစ်သည်။ ရေပဲ့တင်သံဂိုဏ်း၊ ကမ္ဘာတိုက်တန်ဂိုဏ်း၊ ကောင်းကင်ဓားဂိုဏ်း၊ ကျောက်စိမ်း ကြာပန်းဂိုဏ်းတို့မှာ နေသွေးနီနီဂိုဏ်း ကဲ့သို့ တောင့်တင်းသည့် အင်အားကို ပိုင်ဆိုင်ထားသည့် ဂိုဏ်းများ ဖြစ်သည်။ ထိုဂိုဏ်းကြီး ငါးဂိုဏ်းသည် ဝူတိုင်းပြည်ကို ကြီးမားစွာ လွှမ်းမိုးချုပ်ကိုင်ထားကာ လေနှင့် မိုးကိုပင် ဆင့်ခေါ်နိုင်သည့် အထိ ခွန်အားကြီးလှ၏။  တော်ဝင်မိသားစုများမှ ပုဂ္ဂိုလ်များ ပင်လျှင် သူတို့နှင့် တွေ့သည့်အခါ လေးစားမှုကို ပြသကြရသည်။

ဂိုဏ်းများအကြားရှိ ပဋိပက္ခများမှာ အလွန် ရှုပ်ထွေးလှပြီး အမျိုးမျိုးသော အကြံအစည်များဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း ဂိုဏ်းများ၏ အတွင်းပိုင်းမှာ ပို၍ပင် ဆိုးရွားသေး၏။ ချူရန်သည် အလွန်ကြီးမားသော အစီအစဥ်ကြီး တစ်ခုတွင် နယ်ရုပ်တစ်ခုမျှသာ ဖြစ်သည်။ ဝေ့ဝူယင်၏ မြင့်မားသော အဆင့်အတန်းနှင့် နိမ့်ကျသော နောက်ခံသည် များစွာသော လောဘတို့၏ မျက်လုံးများကို ဆွဲဆောင်စေခဲ့ပြီး ကျင့်ကြံခြင်း လျှို့ဝှက်ချက် တစ်ခု ပိုင်ဆိုင်ထားသည်ဟု ယူဆစေခဲ့သည်။ ဂိုဏ်းအတွင်း၌ ဝေ့ဝူယင်အား သတ်ချင်သူ၊ သေစေချင်သူများမှာ ရေတွက်၍ မကုန်နိုင်ချေ။

“ဒီတာဝန်ကို ငါထမ်းဆောင်ခဲ့ရတာ ကျူးလန်ကြောင့်ပဲ... အနှေးနဲ့ အမြန် ငါ သူ(မ)နဲ့ ရင်ဆိုင်ရလိမ့်မယ်”

တိုင်းပြည်များကို စစ်ဖြစ်စေနိုင်သည့် အလှပိုင်ရှင် မိန်းမပျိုအကြောင်း တွေးနေသည့်တိုင် ဝ့ဝူယင်၏ မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပနေသည်။

အတွေးများက လွင့်မြောနေလေရာ အချိန်များ မည်မျှ ကုန်ဆုံးသွားသည်ကိုပင် သူ မသိလိုက်ချေ။ ထိုအချိန်တွင်ပင် အပြင်ဘက်မှ နူးညံ့သော တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာ၏။

“သခင်လေး... ကျွန်တော် တုလင်ပါ... သခင်လေး အတွက် ဖိတ်စာတစ်ခု လက်ခံ ရရှိထားပါတယ်”

ဝေ့ဝူယင်က အသက်ကို ပြင်းပြင်း ရှူထုတ် လိုက်သည်။ ဂိုဏ်းသို့ ပြန်လည် ရောက်ရောက်ချင်းပင် ဖိတ်စာ တစ်စောင်ကို ရရှိခဲ့သည်။ သူက ပင်ပန်း နွမ်းနယ်နေသော ခန္ဓာကိုယ်ကို မြှောက်ရင်း တံခါးဆီသို့ လျှောက်သွားလိုက်၏။ တံခါးအား ထိတွေ့သည်နှင့် သူ၏ မျက်လုံးများမှာ လျှင်မြန်စွာ လှုပ်ရှားသွားသည်။

ချက်ချင်းပင်...

သူသည် နောက်သို့ ခုန်ကာ ဆုတ်ခွာလိုက်၏။ လျှပ်တပြက် အချိန်ကလေးပင် ထက်မြရှည်လျားသော ဓားတစ်ချောင်းမှာ တံခါးအား ဖောက်တွင်းကာ အခန်းထဲသို့ ဝင်ရောက်လာသည်။ ထွက်ပေါ်လာသော သက်ရောက်မှုသည် သစ်သား တံခါးကို အစိတ်စိတ် အမွှာမွှာ ကွဲအက်သွားစေ၏။

တိုက်ခိုက်သူ ကောင်းစွာ မမြင်နိုင်မှီတွင် နောက်ထပ် အရိပ်တစ်ခုမှာ သေမင်းတမန်တော် အလား သူ၏ နောက်တွင် ပေါ်လာခဲ့သည်။ ဝေ့ဝူသည် နောက်သို့ လှည့်ခြင်း၊ သို့မဟုတ် ရှေ့သို့ ဖိအားပေးကာ တိုက်ခိုက်ခြင်း မပြုပါချေ။ သူက လက်ဝါး ချိပ်တံဆိပ်တစ်ခုကို ဖွဲ့စည်းကာ မြေပြင်ကိုသာ ဖိချလိုက်၏။

လေဒြပ်စင် ကျင့်စဥ်... လေနံရံ...

ပေါက်ကွဲမှုတစ်ခုသည် ရုတ်ချည်း ဖြစ်ပေါ်လာကာ လေစီးကြောင်းများမှာ သူ၏ ခန္ဓာကိုယ် တစ်ဝိုက်အား ကြမ်းတမ်းစွာ ဖုံးလွှမ်းသွား၏။ အရိပ်ထံမှ ချွန်ထက်သော လက်နက် တစ်မျိုးသည် ဝေ့ဝူယင်၏ ခေါင်းအား ထိုးဖောက်ရန် ကြိုးစားလိုက်သော်လည်း လေစီးကြောင်းများ၏ ကာကွယ်မှုအား တိုးမ‌ပေါက်သည်ကို တွေ့လိုက်ရသည်။

ဝေ့ဝူယင်သည် ကျင့်ကြံခြင်း အခြေခံကို စုစည်းကာ လက်နှစ်ဖက်ကို စည်းချိပ်တံဆိပ် အသွင် ထပ်မံ ဖော်ဆောင်လိုက်သည်။  တစ်ချိန်တည်း၌ သူ၏ ညာဘက်ခြေထောက်သည် ရှေ့သို့ ရွေ့လျားကာ ကနဦး တိုက်ခိုက်သူထံ တိုးဝင်သွားလေ၏။

မီးဒြပ်စင် ကျင့်စဥ်... မြွေနဂါး၏ အသက်ရှူခြင်း...

လူတစ်ယောက်၏ ခန္ဓာကို ဝါးမျိုနိုင်သည် အထိ ကြီးမားသော မီးတောက်လျှာကြီး တစ်ခုမှာ သူ၏ ပါးစပ်မှ ထွက်ပေါ်လာသည်။ အခန်းအတွင်း၌ အပူရှိန်များ ဖုံးလွှမ်းလာကာ မြွေနဂါး၏ ပုံရိပ်ယောင်မှာ ဝေဝါးစွာ ထွက်ပေါ်လာ၏။ အံ့အားသင့်သော အသံတစ်ခုနှင့် အတူ ကနဦး တိုက်ခိုက်သူမှာ နောက်သို့ အလျင်စလို ဆုတ်ခွာ သွားသည်။

သူ၏ မျက်လုံးများသည် သွေးရောင် သေဆုံးခြင်း အလင်းဖြင့် တောက်ပနေကာ တိုက်ခိုက်သူအား လှမ်းကြည့် လိုက်သည်။

ပိန်ပိန်ပါးပါး၊ အနက်ရောင် ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦး...

“တုလင်ရဲ့ မိန်းမတွေ...”

သူ လျှင်မြန်စွာပင် ကောက်ချက်ချလိုက်၏။ အေးစက်သော အရိပ်အယောင် တစ်ခုက သူ၏ မျက်လုံးတွင် တွဲခိုလာ၏။ လုပ်ကြံသူ နှစ်‌ယောက်စလုံးသည် ချီပျစ်ခဲခြင်း ဒုတိယ အဆင့် “အဆုံးမရှိ စီးဆင်းခြင်း” တွင် ရှိနေကြပြီး ကိုယ်ယောင်ဖျောက် ပညာနှင့် လုပ်ကြံ သတ်ဖြတ်ခြင်း ကျင့်စဥ်များကို အထူး အလေးပေး ကျင့်ကြံထားကြသူများ ဖြစ်သည်။ အကယ်၍ သူသာ ချီပျစ်ခဲခြင်း အဆင့်သုံး “ဒြပ်စင် မွေးဖွားခြင်း” တွင်သာ ရှိနေသေးပါက ထိုလုပ်ကြံမှု အောက်၌ သေဆုံးခြင်း၊ သို့မဟုတ် အကြီးအကျယ် ဒဏ်ရာ ရရှိခြင်းပင် ဖြစ်နိုင်ချေ ရှိသည်။

ချီပျစ်ခဲခြင်း၏ ဒြပ်စင် မွေးဖွာခြင်း အဆင့်သည် ကျင့်ကြံသူ၏ ချီကို သဘာဝ ဒြပ်စင်လေးခုဖြစ်သော မြေ၊ လေ၊ မီးနှင့် ရေ အဖြစ် မွေးဖွား ပေးနိုင်သည်။ သို့သော်လည်း ထိုအရာသည် ပုံစံ ကင်းမဲ့သော အခြေအနေတွင် ရှိနေရာ ထိန်းချုပ်ရန် ခက်ခဲလှ၏။ အကြမ်းထည် ဖန်တီးခြင်းမှ လွဲ၍ အခြားအရာများစွာ မပြုလုပ်နိုင်ချေ။

သို့သော်လည်း ချီပျစ်ခဲခြင်း အဆင့်လေး “ယင်ဖွဲ့စည်းခြင်း” အဆင့်တွင်မူ ကျင့်ကြံသူသည် ယင်စွမ်းအင်ကို နှိုးဆွကာ ရုပ်လွန် ခန္ဓာချီ အဖြစ် ဖွဲ့စည်းလာနိုင်သည်။ ထိုနည်းဖြင့် ကျင့်ကြံသူသည် လေနံရံ တစ်ခု ဖွဲ့စည်းနိုင်ကာ မြွေနဂါး မီးတောက်များကိုလည်း မှုတ်ထုတ်နိုင်သည်။ ရေခန္ဓာကိုပင် ဖွဲ့စည်းလာနိုင်၏။ ထိုအဆင့်သည် ကျင့်ကြံသူအား တဟုန်ထိုး တိုးတက်စေကာ အောက်ရှိ အလွှာများနှင့် လုံးဝ ခြားနား ပြိုင်ဘက်ကင်းစေသည်။

လုပ်ကြံရန် ကြိုးကိုင်သူသည် သူ၏ ကျင့်ကြံခြင်းမှာ ထိုအဆင့်ထိ ရောက်နေကြောင်း မျှော်လင့်ထားဟန် မရချေ။ လေ့ကျင့်ထားသော လုပ်ကြံသူထံမှ အာမေဋိတ်သံကို ကြည့်ခြင်းဖြင့် ထိုအချက်မှာ ရှင်းလင်းလှသည်။ သို့သော်လည်း ဝေ့ဝူယင်မှာ သူတို့အား မည်ကဲ့သို့ လွှတ်ပေးနိုင်ပါမည်နည်း။

သူက လက်ဝါးအား လှန်လိုက်ရာ ငွေရောင် ဆေဘာဓားမှာ ပေါ်လာခဲ့၏။ တောက်ပသော ငွေရောင်ချီ အလင်းမှုန်များနှင့် သေဆုံးခြင်းတို့ ရောပြွမ်းနေသော ထက်ရှခြင်း တစ်ခုမှာ ဓားဦးထိပ်၌ နေရာယူ လာခဲ့၏။ သူသည် အော်ဟစ်မာန်သွင်းကာ ဓားကို ဝှေ့ယမ်းလိုက်သည်။ စူးရှသည့် ငွေရောင်အလင်းတန်းများသည် ဓားဦးထိပ်မှ ထွက်‌ပေါ်လာကာ အရိပ်ထံသို့ တိုးဝင်သွားသည်။

“သတ္တုချီ...”

သူ၏ နောက်မှ အံ့အားသင့်နေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။  သတ္တုချီသည် ပုံမှန် ဒြပ်စင်‌လေးခု၏ အပြင်ဘက်၌ ရှိနေကာ ၎င်းအား ရရှိရန်မှာ အလွန် ခက်ခဲလှသည်။

“ဘုန်း...”

အလောင်းတစ်ခုသည် မြေပြင်ထက်သို့ ပြင်းထန်သော အဟုန်ဖြင့် လဲကျသွား၏။ အနီးရှိ နံရံထွက်တွင်မူ နီမြန်း‌သော သွေးများက စွန်းထင်နေသည်။ ထိုအရာမှာ သေခြင်းတရား၏ ထင်ရှားသော သက်သေ တစ်ခု အလား...

ဝေ့ဝူယင်၏ နောက်ရှိ အရိပ်သည် သူ၏ အပေါင်းအဖော် သေဆုံးသွားသည်ကို မြင်တွေ့သည်နှင့် လျှင်မြန်စွာ တုန့်ပြန်၏။ သူသည် အနီးအနားရှိ ပြတင်းပေါက်အား ကိုယ်လုံးနှင့် ခုလျှက် ချိုးဖျက်လိုက်သည်။ သစ်သား ပေါက်ကွဲမှု အသံသည် ပဲ့တင်ထပ်လျှက် အရပ်ရပ်သို့ ပျံ့နှံ့သွား၏။

“ရောက်လာပြီးမှတော့ မပြန်နဲ့တော့...”

ဝေ့ဝူယင်က အေးစက်စွာ ရေရွတ်ရင်း ကျည်ဆန်တစ်ခု အလား ပြင်းထန်သော အဟုန်ဖြင့် ရွေ့လျားလိုက်သည်။ သိပ်မကြာခင်မှာပင် သတ္တုကို သတ္တုချင်း ထိခတ်သံ၊ သံကို သံချင်း ထိခတ်သံများ ထွက်ပေါ်လာပြီး ပြန်လည် တိတ်ဆိတ်သွားခဲ့၏။

တစ်ခဏကြာပြီးနောက် ဝေ့ဝူယင်သည် ခေါင်းပြတ် တစ်လုံးနှင့် ခန္ဓာကိုယ် တစ်ခုကို ကွဲအက်သွားသည့် ပြတင်းပေါက်မှ တစ်ဆင့် လွှင့်ပစ်လိုက်သည်။ ခေါင်းပြတ်အား သေချာကြည့်ပါက ပါးလွှာသော မျက်နှာဖုံး တပ်ဆင်ထားသည့် မိန်းမချောလေး တစ်ယောက် ဖြစ်ကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ သူမ၏ မျက်လုံးများသည် ဦးတည်ချက် ကင်းမဲ့နေကာ ပြင်းပြသော ရှင်သန်လိုမှုများနှင့် ပြည့်နှက်နေသည်။

“ငါ အရမ်း ပင်ပန်းနေပြီ...”

ဝေ့ဝူယင်က ညင်သာစွာ ရေရွတ်ရင်း ကွဲအက်နေသည့် ဆေးကြိုအိုးအား လှမ်းကြည့်လိုက်သည်။ ထို့နောက် သူသည် ခြေပစ်လက်ပစ် ကြမ်းပြင်ပေါ် ထိုင်ချကာ ဆက်သွယ်‌ရေး သလင်းကျောက်ကို ထုတ်ယူလိုက်သည်။ ထို့နောက် သူသည် တုလင်ထံသို့ စာတစ်စောင် ပို့လိုက်၏။ များမကြာမီတွင်ပင် ထွားကြိုင်းသော အမျိုးသားသည် ထိတ်လန့် အံ့သြနေသည့် အမူအရာဖြင့် ရောက်ရှိလာသည်။ သူသည် တိုက်ခိုက်သံများကို ကြားသိရသော်လည်း ကိုယ်ပိုင် ဘေးကင်းမှု အတွက် ခပ်ဝေးဝေး၌ ရှောင်နေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သခင်လေးသာ ထိုအရာကို မကိုင်တွယ်နိုင်ပါက သူသည်လည်း ထိုလမ်းစဥ်နောက်သို့ လိုက်ရလိမ့်မည် ဖြစ်သည်။

“ဒီအညစ်အကြေးတွေကို သန့်ရှင်းရေး လုပ်ထားလိုက်... ငါ ရေချိုးလိုက်ဦးမယ်...”

အမိန့်ပေးပြီးနောက် သူက ထွက်ခွာသွားသည်။ တုလင်သည် မီးလောင်မြိုက်သွားသည့် အမှတ်အသားများ၊ အပိုင်းပိုင်း ကျိုးပျက်နေသည့် အရာများနှင့် အလောင်းကောင်များကို တွေ့မြင်သော အခါ အနည်းငယ် တုန်ရီ သွားသည်။ သူသည် ထိုအလောင်းနှစ်လောင်းနှင့် ရင်းနှီးကျွမ်းဝင်ကာ နောက်ကျသော ညပေါင်းများစွာကို သူတို့နှင့် အတူ ဖြတ်သန်းခဲ့ဖူးသည်။

လုပ်ကြံခံရခြင်း၌ ကြံရာပါ၊ အသုံးချခံ တစ်ယောက် ဖြစ်သွားခဲ့ရကြောင်း တွေးမိသော အခါ သူ၏ မျက်နှာ၌  ယူကြုံးမရဖြစ်ခြင်းနှင့် တောင်းပန်လိုခြင်း အရိပ်အယောင်တစ်ခု နေရာယူလာသည်။ သူသည် သူ့ကိုယ်သူ အခါခါ ပြန်လည် ကျိန်စာတိုက်လိုနေခဲ့၏။ အတန်ကြာပြီးနောက်မှ သူသည် ပြန်လည် တည်ငြိမ်လာခဲ့သည်။ နောက်တစ်ဖန် ငေးမော တွေဝေခြင်း မပြုလုပ်တော့ပဲ တုလင်သည် လုံ့လ ဝီရိယကို စိုက်ထုတ်၍ သန့်ရှင်းရေးအား စတင် လုပ်လိုက်တော့သည်။

***

All Chapters