← Chapters

တုလင်

Vol. 1 Ch. 5

တုလင်

Vol. 1 Ch. 5

ဝေ့ဝူယင်သည် စားပွဲတစ်ခု၌ လက်ဘက်ရည်ခွက်ကို ကိုင်ရင်း ထိုင်နေခဲ့သည်။ ထိုအရာသည် ငြိမ်းချမ်းမှု၏ ပြယုဂ်တစ်ခု ဖြစ်သည်။

လုပ်ကြံသူ နှစ်ယောက် သေဆုံးသွားသည့် သတင်းအား ဂိုဏ်းသို့ အစီရင်ခံခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ရက်ပေါင်း အနည်းငယ် ကြာပြီးသည့်နောက်မှ သူတို့သည် သာမန်ကာ လျှံကာ စစ်ဆေးမှု တစ်ခုကို ပြုလုပ်ခဲ့သည်။ ခန့်မှန်းထားသည့်အတိုင်း မည်သည့် ရလဒ်မျှ ထွက်ပေါ်လာခဲ့ခြင်း မရှိချေ။  ဂိုဏ်း၏ လုပ်ရပ်မှာ ပေါ့တီးပေါ့ပျက် နိုင်လွန်းလှသည်။ ဂိုဏ်း၏ အဓိက တပည့် တစ်ယောက် ပင်လျှင် လုပ်ကြံ ခံခဲ့ရရာ မည်သူက လုံခြုံမှုကို ခံစားရတော့မည်နည်း။ ဝေ့ဝူယင်သည် ထိုလုပ်ကြံခံရမှု အတွက် မပြောပလောက်သော ဆုလာဘ်အချို့ကိုသာ ရရှိခဲ့သည်။

ထိုအရာသည် အကျင့်ပျက်ခြင်းနှင့် သြဇာကို အလွဲသုံးစား ပြုလုပ်ခြင်း၏ ထင်ရှားသော ပြယုဂ်တစ်ခုပင် ဖြစ်သည်။ တစ်စုံတစ်ယောက်က သူ့အား ဂိုဏ်းမှ အလေးမထားကြောင်း သိစေလိုသော ရည်ရွယ်ချက်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

နောက်ဆုံး၌ ဝေ့ဝူယင်သည် ထိုကိစ္စကို မစုံစမ်းရန် ဆုံးဖြတ်လိုက်သည်။ သူသည် တုလင်၏ ပေါ့ဆမှုကိုပင်လျှင် အရေးမယူတော့ချေ။ တုလင်အကြောင်း တွေးမိသောအခါ၌ သူသည် ကွက်ကွက်ကွင်းကွင်း ထင်ရှားနေဆဲ ဖြစ်သော မှတ်ဉာဏ် တစ်ခုကို ပြန်လည် အမှတ်ရလာခဲ့သည်။

...

လွန်ခဲ့သော ဆယ်နှစ်နှင့် သုံးလ...

ဝေ့မျိုးနွယ်၏ ဂျိုးငှက်နီမြို့သည် ကျန်းစီရင်စုတွင် တည်ရှိသည်။ ပျားပန်းခပ်နေသော လူအုပ်ကြီးသည် မြို့တော်၏ ဗဟို ရင်ပြင်တွင် စုဝေး နေခဲ့၏။ မီတာ သုံးဆယ်ခန့် ရှည်လျားသော ခေါင်းဖြတ်စက်ကြီး တစ်ခုသည် ထိုနေရာ၌ ရှိနေခဲ့သည်။ အသွားများထက်တွင်မူ လတ်ဆတ်သော သွေးများမှာ စီးကျနေကာ လေထုအား အေးစက်သည့် အငွေ့အသက်ဖြင့် ထုံမွှမ်းထားသည်။

မြို့တော် အာဏာပိုင်များနှင့် ဝေ့မျိုးနွယ်၏ ကွပ်ကဲမှုအောက်၌ ရာဇဝတ်သားများအား ကွပ်မြက်ခြင်းကို သက်ကြီးရွယ်အိုမှ ကလေးအထိ အရွယ်အမျိုးမျိုးမှ ကြည့်ရှုကြရသည်။

“မင်း ကြား‌သေးလား... ဒရယ်ခြင်္သေ့ဂိုဏ်းကို ရှာတွေ့ပြီတဲ့”

စိတ်လှုပ်ရှားနေသည့် လူငယ်လေး တစ်ယောက်က ပြောလိုက်သည်။

“ဒရယ်ခြင်္သေ့ဂိုဏ်း... ငါတို့ အားလုံးကို ဒီနေရာ ခေါ်တာ အဲဒီကိစ္စ ကြောင့်လား”

စူးစမ်းလိုစိတ် ရှိသည့် အစေခံမလေးက မေးလိုက်၏။

လူငယ်လေးမှာ မိန်းမလှလေး တစ်ဦးထံမှ အာရုံစူးစိုက်မှုကို ရလိုက်သောကြောင့် မျက်လုံးများ ဝင်းလက်သွားသည်။

“ဟုတ်တယ်... အဲဒီကောင်တွေကို ဝေ့မျိုးနွယ်တွေက ဖမ်းလိုက်တာလေ... ဟား ဟား... သူတို့တွေ သူတို့ရဲ့ လုပ်ရပ်အတွက် နောင်တရနေကြမယ် ဆိုတာ ငါလောင်းရဲတယ်”

“အဲဒါအမှန်ဆိုရင် သူတို့က သူတို့ ထိုက်တန်တာကို ရရှိသွားတာပဲ...”

မကျေမနပ် ဖြစ်နေဟန်ရသော သက်ကြီးရွယ်အို တစ်ယောက်က ကြားဖြတ် ဝင်ရောက်ကာ ပြောလိုက်သည်။ ထိုစကားဝိုင်းသည် အတင်းအဖျင်းဝိုင်း အနေအထားမှ ခံစားချက်များ ဖြစ်ပေါ်သည် အထိ ကြီးထွား လာနေခဲ့၏။ လူအများ ခြေဖျားထောက်၍ တိုးဝှေ့ဝိုင်းအုံ နေကြချိန်တွင်ပင် သံခြေချင်းများ၊ လက်ထိပ်များဖြင့် ချုပ်နှောင်ထားသည့် လူတစ်စုကို အာဏာ ပါးကွက်သား တစ်ဦးမှ ဆွဲထုတ်လာသည်။ သူသည် လေးလံသော ချပ်ဝတ်တန်ဆာများနှင့် မဟူရာ မိစ္ဆာ မျက်နှာဖုံးကို တပ်ဆင်ထား၏။

အကျဥ်းသား အုပ်စု ဝင်ရောက်လာသော အခါ၌ လူအစုအဝေးမှာ တိတ်ဆိတ်သွားကာ သူတို့၏ မျက်လုံးများမှာ ထိုနေရာသို့ ကျရောက်သွားကြ၏။ ရံဖန်ရံခါ တီးတိုးပြောဆိုသံများ ထွက်ပေါ်လာသော်လည်း အများအားဖြင့် သံကြိုးများနှင့် ခြေချင်းသံတို့သာလျှင် လောကအား စိုးမိုး ပဲ့တင်ထပ် နေရာယူနေသည်။

“ဒရယ်ခြင်္သေ့ဂိုဏ်း အဖမ်းခံရတယ် ဆိုတဲ့ သတင်းက မှန်နေတဲ့ ပုံပဲ...”

အသက်ကြီးကြီး အဘိုးအို တစ်ဦးက တိတ်ဆိတ်စွာ တီးတိုးရေရွတ်လိုက်သည်။ ချုပ်နှောင်ခြင်း ခံထားရသည့် ယောက်ျားနှင့် မိန်းမများထံသို့ လှမ်းကြည့်ခိုက်၌ သူ၏ မျက်လုံးများက ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေ၏။ ဖမ်းဆီးခံထားရသူ အများစုကား ဂိုဏ်း၏ အစိတ်အပိုင်းများ၊ သို့မဟုတ် ဆက်စပ်သူများဟု လူအများ သိကြသည့် နာမည်ကြီး ပုဂ္ဂိုလ်များ ဖြစ်သည်။

“နေဦး... ချီပျစ်ခဲခြင်း အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်တောင် အဖမ်းခံ ထားရတာပဲ... မဟုတ်မှ လွဲရော သူက ဂိုဏ်းခေါင်းဆောင် ထူစီ မလား...”

လူအုပ်ထဲမှ တစ်ယောက်က အကျဥ်းသား အုပ်စု၏ ထိပ်ဆုံးမှ လိုက်ပါလာသည့် ပုဂ္ဂိုလ်အား လက်ညိုး ညွှန်ပြလိုက်သည်။ သူသည် အရပ်မြင့်မားကာ ခန္ဓာကိုယ် တစ်ခုလုံးမှာ ကြွက်သားများဖြင့် ပြည့်နှက်နေသည်။ သူ၏ ပုံစံနှင့် အရှိန်အဝါကပင်လျှင် လူများအား တုန်လှုပ်ခြောက်ခြားစေရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း လတ်တလောတွင်မူ လက်ထိပ်ကြိုးများ၊ သံခြေချင်းကြိုးများ၏ တုပ်နှောင်ခြင်းကို ခံထားရသည်။ သူ၏ ခြေဗလာသည် ခြောက်သွေ့သော သွေးများဖြင့် ပေကျံနေလေ၏။

ထူစီ၏ မျက်လုံးများမှာ မှေးမှိန်ကာ အသက်ကင်းမဲ့နေသည်။ စိတ်ပျက်အားငယ်ခြင်းနှင့် ကံကြမ္မာကို လက်ခံခြင်းတို့သည် ကလေး တစ်ယောက်ကို ဝမ်းနည်း ကြေကွဲစွာ ငိုယိုစေနိုင်သည့် အရိပ်အယောင်များ ထင်ဟပ်နေ၏။ သူသည် လူအုပ်၏ စက်ဆုပ်ရွံရှာသော အကြည့်များကို ရင်မဆိုင်နိုင်သည့် အလား ခေါင်းများကို ငုံ့ထားကြသည်။

လူအုပ်အတွင်း၌...

အသက် ဆယ့်လေးနှစ် အရွယ် လူငယ်လေး တစ်ယောက်မှလည်း ထိုမြင်ကွင်းကို စိတ်ဝင်တစား ကြည့်နေခဲ့သည်။ ထိုလူငယ်လေးသည် ငွေဘော်ရောင် မျက်လုံး၊ နက်မှောင်သော ဆံပင်၊ ချောမောသော ရုပ်ရည်၊ ပိန်ရှည်သော ခန္ဓာကိုယ်တို့ဖြင့် အချိုးကျကျ ဖွဲ့စည်းထား၏။

ဝေ့ဝူယင်သည် သူ၏ အရှေ့ရှိ တရားစီရင်မှုကို တိတ်ဆိတ်စွာဖြင့် ကြည့်နေခဲ့သည်။ သူ၏ မျက်လုံးများသည် တက်ကြွမှုများဖြင့် သက်ဝင်လှုပ်ရှားနေ၏။

“ဒါတွေကို အကိုကြီး လုပ်ခဲ့တာပဲ နေမယ်...”

သူက မိသားစု၏ အောင်မြင်မှု အတွက် ကျေနပ်နှစ်သိမ့်စွာ ပြုံးလိုက်သည်။ ဝေ့မျိုးနွယ်၏ ရာဇဝတ်သားများကို ဖမ်းဆီး ကွပ်မျက်ခြင်းမှာ ဂျိုးငှက်နီမြို့တော်တွင် ပုံမှန် ပျော်ပွဲရွှင်ပွဲ တစ်ခုပင် ဖြစ်သည်။ ဝေ့မျိုးနွယ်သည် သူတို့အား ဆန့်ကျင်ရန် ကြိုးစားသည့် မည်သူ့ကိုမဆို ချွင်းချက် မထားပဲ သတ်ဖြတ်ကြ၏။ ထိုကဲ့သို့ ပြုလုပ်နိုင်ရန် အတွက်လည်း သူတို့၌ နောက်ခံ တောင့်တောင့်တင်းတင်း ရှိပေသည်။

ကလန်၏ အစွမ်း အထက်ဆုံးဟု ဆိုနိုင်သည့် သူတို့ ဘိုးဘေးများထဲမှ တစ်ဦးသည် ဆေဘာဝံပုလွေဂိုဏ်းမှ ဖြစ်ပြီး နေသွေးနီနီဂိုဏ်း၏ လက်အောက်ခံ တစ်ယောက်လည်း ဖြစ်သည်။ သူသည် ချီပျစ်ခဲခြင်း အဆင့်သုံး ဒြပ်စင် မွေးဖွားခြင်း၌ ရှိနေသည့် ကျင့်ကြံသူ တစ်ဦး ဖြစ်၏။ ထိုကျင့်ကြံခြင်း အဆင့်သည် မြို့တစ်မြို့ သို့မဟုတ် မြို့အနည်းငယ်ကိုပင် အာဏာဖြန့်ကျက်ရန် လုံလောက်ပေသည်။

ဝေ့ဝူယင်သည် ထိုမြင်ကွင်းကို စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့သည်။ သွေးပျက်သော အော်ဟစ်သံများသည် တိတ်ဆိတ်နေသော လေထုအား သေခြင်းတရားများဖြင့် ပဲ့တင်ထပ်စေ၏။

“ငါ့မှာ အပြစ်မရှိဘူး... ငါ့မှာ အပြစ် မရှိဘူး...”

မကျန်းမာပုံ ရသည့် ပိန်လှီကပ်နေသာ ရာဇဝတ်သား တစ်ယောက်က ငိုယိုကာ အော်ဟစ်လိုက်သည်။ သူသည် ထိုစကားကိုသာ ထပ်ခါတလဲလဲ ပြောဆိုရင်း နှပ်ချေးများ ထွက်သည် အထိ တရှုံ့ရှုံ့ ငိုယို နေခဲ့သည်။

“ငါ ဘာအမှားမှ မလုပ်ခဲ့ဘူး... ငါ ဘာအမှားမှ မလုပ်ခဲ့ဘူး...”

သူသည် ပို၍ပင် သည်းထန်စွာ ငိုကြွေးလာသည်။ လူအုပ်ကြီးမှာ သူ့အား သနားခြင်း မရှိပဲ စက်ဆုပ် ရွံရှာသော မျက်လုံးများဖြင့်သာ ကြည့်နေခဲ့၏။ နှစ်ပေါင်းများစွာတိုင် ထိတ်လန့်တကြားနေခဲ့ရသော သာမန် လူများအတွက် ထိုရာဇဝတ်ကောင်များမှာ သေရန် ထိုက်တန်ပေသည်။

ဂိုဏ်းခေါင်းဆောင်နှင့် အခြားလူများသည် စင်မြင့်အနီးသို့ ရောက်ရှိလာခဲ့ကြသည်။ အာဏာပါးကွက်သားနှင့် အခြား ယောက်ျားနှစ်ယောက်သည် ထူစီ၏ နံဘေးသို့ ရောက်ရှိလာ၏။ ထူစီသည် တိုက်ခိုက်လိုခြင်း အလျင်း ကင်းမဲ့ကာ ခေါင်းဖြတ်စက်ထက်တွင် တည်ငြိမ်စွာ နေရာယူသည်။

အာဏာပါးကွက်သားက  ကြမ်းတမ်းကာ ခွန်အားပါသော လေသံဖြင့် မေးလိုက်၏။

“မင်းမှာ နောက်ဆုံးစကား ဘာရှိလဲ...”

ထူစီ၏ မျက်လုံးများမှာ မှေးမှိန်နေဆဲ ဖြစ်သည်။ သို့သော်လည်း သူသည် ခေါင်းအား ‌မော့ကာ သူ၏ သေခြင်းတရားကို အားရနေသော လူအုပ်ကြီးကို ပြုံးပြလိုက်သည်။ ထို့နောက် သူက ခေါင်းအား ပြန်ငုံ့ကာ ဆိုလိုက်၏။

“ငါ မင်းတို့ အကုန်လုံးကိုပါ သတ်ခဲ့သင့်တာ...”

“ဘာ...”

လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက် သွား၏။

“ဘယ်လောက်တောင် မောက်မာ ရိုင်းစိုင်းလိုက် သလဲ... အဲဒီ အရူးကို သတ်ပစ်... သူ့ကို ကြည့်ရတာနဲ့တင် ငါ့ရဲ့ မျက်လုံးတွေ ညစ်ပတ်လာသလို ထင်ရတယ်”

လူအုပ်ကြီးသည် အမျိုးမျိုး စော်ကားပြောဆိုခြင်းဖြင့် သူတို့၏ ဒေါသကို လျှော့ချလိုက်ကြသည်။

ဝေ့ဝူယင်သည် ထူစီကို ကြည့်၍ သတ္တိရှိသော ယောကျ်ားကောင်း တစ်ယောက်ဟု ခံစားလာရသည်။ အကယ်၍ ကျင့်ကြံခြင်း အခြေခံသာ မြင့်မားပါက ထူစီမှာ မိန်းမများ အားလုံးကို လိင်ဆက်ဆံဖော် အဖြစ် သိမ်းပိုက်ကာ ယောက်ျားများကို ကျွန်ပြုမည့် လူစားမျိုး ဖြစ်သည်။ သူသည် မရေမတွက်နိုင်သော လူများ၏ သေခြင်း၊ ရှင်ခြင်းကို လွယ်လွယ် ဆုံးဖြတ်ပေလိမ့်မည်။

ယခုတွင်မူ သူသည် အားနည်းကာ သေခြင်းတရားနှင့် မျက်နှာချင်းဆိုင်နေရသည်။ မ‌ရေမတွက်နိုင်သော လူအများ၏ ပါးစပ် အရသာခံကာ ဆဲဆို ကြိမ်းမောင်းခြင်းကို ခံနေခဲ့ရသည်။

“အဲဒီလို ဆိုလည်း...”

အာဏာပါးကွက်သားမှာ ထပ်မံ အချိန်မဖြုန်းတော့ချေ။ သူက ထူစီ၏ နာမည်၊ ကျူးလွန်ခဲ့သော အပြစ်များကို တစ်ခုချင်းစီ ကျယ်လောင်စွာ ဖတ်ပြလိုက်၏။ ထို့နောက်၌ အသွားကို အနည်းငယ် စောင်းထားသော ဓားပြားကြီးမှာ အညှာအတာ ကင်းမဲ့စွာ ကျဆင်းသွားတော့၏။

“ဘုတ်...”

ထူစီ၏ ဦးခေါင်းက မြေပြင်ပေါ် လိမ့်ကျသွားသည်။ ကျွမ်းကျင်သော အာဏာပါးကွက်သား တစ်ယောက်၏ လှုပ်ရှားမှုမှာ ညင်သာ၊ ချောမွေ့လှပေသည်။

“ဟေး...”

ကျယ်လောင်သော အော်ဟစ် အောင်ပွဲခံသံမှာ ထွက်ပေါ်လာ၏။ သူသည် ထိုကဲ့သို့ မြင်ကွင်းများကို ပျော်ပွဲရွှင်ပွဲ သဖွယ် စိတ်လှုပ်ရှားစွာ ကြည့်လျှက် ကြီးပြင်းလာခဲ့ကြသူများ ဖြစ်သည်။ ထိုအရာက သူတို့၏ ဖိအားကို ပြေလျော့စေကာ အုပ်ချုပ်သူ အစိုးရအပေါ် ယုံကြည်မှုများ တိုးပွားလာစေသည်။

ဝေ့ဝူယင်ကလည်း ပြုံးလိုက်၏။ သူသည် ထိုဒုစရိုက်သမားများကို ဖမ်းဆီးနိုင်ခဲ့သည့် သူ၏ အကိုကြီး အပေါ် ဂုဏ်ယူမှုများ တဖွားဖွား ပေါ်လာနေခဲ့သည်။ သူ၏ အကိုကြီးသည် အလွန် အစွမ်းထက်ကာ အတားအဆီး အားလုံးကို ကျော်လွှားနိုင်စွမ်း ရှိသူဟု သူယုံကြည်ပေသည်။

မကြာခင်မှာပင် အခြားဂိုဏ်းဝင်များမှာ တူညီစွာ ကွပ်မြက်ခံလိုက်ကြရပြန်၏။ သူတို့၏ ခေါင်းများသည် အရှိန်အဟုန်ဖြင့် မြေပြင်ထက်သို့ လိမ့်ဆင်း သွားကြသည်။ သူတို့၏ သေဆုံးမှုနှင့် အတူ လူထု၏ အားပေးသံများ၊ စိတ်လှုပ်ရှားသံများမှာ လှိုင်းလုံးများ ကဲ့သို့ ထွက်ပေါ်နေသည်။

ထို့နောက်တွင် ယောက်ျား တစ်ယောက်ကို စင်မြင့်ထက်သို့ ခေါ်ဆောင်လာ၏၊ ထိုလူ၏ မျက်လုံးများမှာ ခြောက်သွေ့သော မျက်ရည်များဖြင့် ပြည့်နှက်နေသည်။ သူသည် ကြောင်စီစီပင် ဖြစ်နေကာ ကြောက်ရွံ့မှု၏ တစ်ဖက်စွန်းသို့ ရောက်ရှိသွားပုံရသည်။ သူ၏ နှလုံးသားသည် အေးစက်နေကာ မှတ်ဉာဏ်များမှာ သူ၏ စိတ်အတွင်း ပြေးလွှားနေ၏။

သူသည် မိန်းမလှတစ်ယောက်၏ သွေးဆောင်ဖြားယောင်းမှုကြောင့် ဒရယ်ခြင်္သေ့ဂိုဏ်းကို လွန်ခဲ့သော တစ်လမျှက ဝင်‌‌ရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုဂိုဏ်း၏ အစေခံ တစ်ယောက် ဖြစ်လာပြီးနောက် သူ၏ လွတ်လပ်မှု အလုံးစုံကို ဂိုဏ်းက သိမ်းပိုက်သွားခဲ့သည်။ သူသည် ထိုနေရာမှ ထွက်ပြေးရန် အတွက် အစစ အရာရာ စီစဥ်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း နောက်တစ်နေ့ အရောက်၌ ဂိုဏ်းသည် အင်အားကြီးသော ကျင့်ကြံသူများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ထို့နောက်တွင် သူသည် အခြားလူများနှင့် အတူတကွ အဖမ်းခံ ခဲ့ရသည်။ သူ ထိုအခြေအနေကို ရှင်းပြရန် ကြိုးစားခဲ့သော်လည်း မည်သူမျှ သူ၏ စကားကို နားမထောင်ခဲ့ကြချေ။

“မင်းမှာ နောက်ဆုံးစကား ရှိလား...”

ထိုစကားသည် သူ၏ လည်ပင်းထက်သို့ ဓားတစ်စင်း ကျရောက်လာသလို ထင်ရ၏။ ကြက်သီးမွေးညင်းသည် သူ၏ ကျောရိုးတစ်ယောက် ဖြတ်ပြေးသွာကာ သူ၏ ဘောင်းဘီခွကြားမှာ ကျင်ငယ်ရေများဖြင့် စိုရွှဲသွားသည်။ သူသည် အလွန်အမင်း ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။

“ငါ...”

သူသည် သူမတရားခံရခဲ့ခြင်း ဖြစ်ကြောင်း ပြောပြလိုသည်။ တစ်စုံတစ်ယောက်မှ သူ၏ စကားကို နားထောင်စေလိုသည်။ သို့သော်လည်း ရုတ်ချည်းပင် သူ၏ အတွေးတွင် စကားလုံး တစ်ခု ပေါ်လာကာ ထိုစကားလုံးမှာ သူ၏ နှုတ်မှ ထွက်ခွာသွား၏။

“ငါဗိုက်ဆာတယ်...”

သူ၏ စကားသံက အော်ဟစ်ဆဲဆိုနေသည့် လူထုအား ရပ်တန့်သွားစေ၏။ ထိုရာဇဝတ်သားက ဗိုက်ဆာသည်ဟု ပြောလိုက်သည်လော။ ဘဝ၏ နောက်ဆုံးအချိန်သို့ ရောက်နေသည့်တိုင် သူက အရေးမကြီးသော အရာများကို ပြောဆိုနိုင်သေးသည်လော။

တခဏတာ တိတ်ဆိတ်ပြီး နောက်၌...

လူအုပ်ကြားထဲမှ လူငယ်လေး တစ်ယောက်မှာ ထိန်းမထားနိုင်တော့ပဲ အော်ဟစ် ရယ်မောလိုက်သည်။

“ဟား ဟား ဟား... ဗိုက်ဆာနေတယ်တဲ့... ဟား ဟား ဟား...”

သူကား နံနှစ်ဖက်ကို ကိုင်ရင်း ရယ်မောခြင်းကို မရပ်တန့်နိုင်အောင် ဖြစ်နေခဲ့သည်။ သူ၏ ရယ်မောခြင်းက အခြားလူ အနည်းငယ်ကိုကို ကူးစက်သွား၏။ နောက်ဆုံး၌ လူအုပ် တစ်ခုလုံးပင်လျှင် တအုံးအုံး ရယ်မော ကြတော့သည်။

"ဗိုက်ဆာတယ် ဟုတ်လား... ငရဲပြည်မှာ စားကောင်းသောက်ဖွယ်တွေ ရှိတယ်တဲ့ဟေ့... မြန်မြန် သွားလိုက်တော့ကွာ...”

“စိတ်မပူပါနဲ့... မကြာခင် မင်း သတ္တုအပြည့် ဓားတစ်ချောင်းကို စားရတော့မှာပါ... ဗိုက်ပြည့်သွားမှာ သေချာတယ်...”

တစ်ယောက်တစ်ပေါက် အော်ဟစ်သံများမှာ ပြည့်နှက်သွား၏။ ထိုကြောက်သေးပါ လူကြီး၏ နောက်ဆုံး စကားလုံးများမှာ ထူးဆန်းကာ ရယ်စရာကောင်းလွန်းသည်။

“အဲဒါဆိုလည်း...”

အာဏာပါးကွက်သားက ခေါင်းညိတ်ကာ ဓားပြားကြီးကို မြှောက်လိုက်သည်။ အပြစ်သား၏ အသက်အား နှုတ်ယူရန် ဓားသွား ကျဆင်းလာချိန်တွင်ပင်...

“နေဦး...”

အနက်ရောင် အရိပ်တစ်ခုမှာ ကောင်ကင်ယံသို့ ခုန်တက်ကာ ခေါင်းဖြတ်စက် စင်မြင့်ထက်သို့ ဆင်းသက်လာ၏။ အစောင့်များမှာ သတိအနေအထားဖြင့် လက်နက်များကို ထိုးချိန်ကာ တိုက်ခိုက်ရန် အသင့်ပြင် လိုက်ကြသည်။ လူအများမှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြနေကြ၏။

"ဟဟ... မင်းက ငါသိထားတဲ့ ရာဇဝတ်ကောင်တွေနဲ့ မတူဘူး... ရယ်စရာကောင်းသားပဲ”

ဝေ့ဝူယင်က အခြားလူများကို မရှိသည့်အလား လျစ်လျူကာ ပိန်လှီနေသော လူကို ပြုံးပြလိုက်၏။

“ဟုတ်... ကျေး... ကျေးဇူးပါ”

ပိန်လှီသော လူက ရှက်ရှက်ဖြင့် ဆိုလိုက်သည်။

ဝေ့ဝူယင်က သူ၏ အမှတ်အသား တံဆိပ်ပြားကို ထုတ်ယူကာ အာဏာပါးကွက်သားထံ ပစ်ပေးလိုက်၏။ အာဏာပါးကွက်သားမှာ အံ့သြ ထိတ်လန့်သွားကာ သူ၏ နောက်လိုက်များကို ချက်ချင်း နောက်ဆုတ်ရန် အမိန့်ပေးလိုက်သည်။

ဝေ့ဝူယင်က လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်ရာ နီရဲသော ပန်းသီးတစ်လုံးမှာ သူ၏ လက်၌ ပေါ်လာခဲ့၏။

“မင်း ဗိုက်ဆာနေတာလား...”

သူက ထိုအရာကို ပိန်လှီသော လူ၏ ပါးစပ်နားသို့ တိုးပေးလိုက်သည်။  ပိန်လှီသော လူမှာ မည်သည့် အရာကိုမှ နားမလည်နိုင်သော်လည်း တစ်ကိုက်ကိုက်ကာ ခေါင်းညိတ်ပြလိုက်၏။

“ကောင်းတယ်... မင်းနာမည် ဘယ်လိုခေါ်လဲ..”

“တုလင်ပါ...”

ပိန်လှီသော လူက ပြန်ဖြေလိုက်သည်။

“ကောင်းပြီလေ တုလင်... ငါတို့ တစ်ခုခု သွားစားကြတာပေါ့”

...

ထွက်ပေါ်လာသော တံခါးခေါက်သံက ဝေ့ဝူယင်အား စိတ်ကူးများမှ နိုးထ သွားစေ၏။ သူက လက်တစ်ဖက်အား ယမ်းလိုက်ရာ လေလှိုင်းတစ်ခု ဖြစ်ပေါ်လာကာ တံခါးမှာ ပွင့်ဟသွားသည်။

မုတ်ဆိတ် ပရပျစ်နှင့် ဝဝပြည်ပြည့် လူသည် အထဲသို့ ဝင်လာခဲ့၏။ ဝေ့ဝူယင်သည် မျက်ရည်များ၊ နှပ်များ ပြည့်နှက်နေသာ လူပိန်လေးနှင့် ယခုလက်ရှိ တုလင်တို့ကို စိတ်ထဲမှ နေ၍ နှိုင်းယှဥ်လိုက်မိ၏။

“သခင်လေး... ဂိုဏ်းအပြင်စည်း တပည့် ယှဥ်ပြိုင်ပွဲက တစ်နာရီအတွင်း စတော့မယ်”

တုလင်က ဆိုလိုက်သည်။

ဝေ့ဝူယင်က ပြုံးလိုက်သည်။

“မင်း ဗိုက်ဆာနေလား...”

တုလင်မှာ တဒင်္ဂမျှ ကြောင်အသွားကာ သူ၏ စိတ်မှာ ခံစားချက်မျိုးစုံဖြင့် တုန်ရီသွားသည်။ သူသည် အလိုအလျောက်ပင် ခေါင်းညိတ်ပြလိုက်မိ၏။

“ဒါဆို ငါတို့ မသွားခင် တစ်ခုခု စားသွားကြတာပေါ့”

ထိုသို့ ပြောပြီးနောက် ဝေ့ဝူယင်က မတ်တပ်ရပ်ကာ ထွက်ခွာသွား၏။ တုလင်၏ မျက်ဝန်းတွင် မျက်ရည်များ ဝဲလာခဲ့သည်။ သူသည် လူငယ်၏ နောက်ကျောကို ကြည့်ရင်း လုံခြုံမှုနှင့် နွေးထွေးမှုတို့ကို တစ်ပွေ့တစ်ပိုက် ခံစား လာခဲ့ရသည်။ နောင်တွင် ပို၍ သတိထားရမည် ဆိုသော အသိမှာ သူ၏ နှလုံးသား အတွင်း၌ ပြင်းထန်စွာ ပေါက်ဖွားလာခဲ့လေ၏။

***

All Chapters