← Chapters

အပြင်ပန်းတွင်ခိုင်မာသော်လည်း အတွင်းပိုင်းတွင်အားနည်း

Vol. 78 Ch. 1099

အပြင်ပန်းတွင်ခိုင်မာသော်လည်း အတွင်းပိုင်းတွင်အားနည်း

Vol. 78 Ch. 1099

အခန်း (၁၀၉၉) အပြင်ပန်းတွင်ခိုင်မာသော်လည်း အတွင်းပိုင်းတွင်အားနည်း

ချန်ချန်းဟွာက ရန်‌ကျောက်ကဲအသုံးပြုသည့်နည်းလမ်းအတိုင်း ပိုးသားဧကရာဇ်ကို တိုက်ခိုက်ခဲ့သည်။

အစစ်အမှန်နတ်ဘုရားဆိုသည်က ယိုစိမ့်မှုမရှိလေရာ သေမျိုးလူသား ကျင့်ကြံသူတို့၏တန်ခိုးစွမ်းအားများဖြင့် ထိခိုက်စေနိုင်ခြင်း မရှိပေ။

ပိုးသားဧကရာဇ်တွင် ယခုကဲ့သို့ ချို့ယွင်းချက်တစ်ခုရှိနေသည်မှာ ရှားပါးဖြစ်ရပ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ချန်ချန်းဟွာက အခွင့်ကောင်းယူရန် အသုံးချခဲ့ခြင်းပင်။

သို့သော် အတွေ့အကြုံရှိသော ပိုးသားဧကရာဇ်က ဤသို့သောတိုက်ကွက်အတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီး တန်ပြန်တိုက်စစ် ဆင်နိုင်ခဲ့သည်။

ထိုတန်ပြန်တိုက်ကွက်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ဟန်မရှိဘဲ ချန်ချန်းဟွာ မျက်ဝန်းများ တောက်ပသွားသည်။

သူက တန်ခိုးစွမ်းအား အပြည့်အဝအသုံးချကာ စိတ်စေရာကောင်းကင်ကျမ်းစာကို အသုံးပြုလိုက်သည့်အတွက် နှောင်းပိုင်းကောင်ကင်ကျမ်းစာ (၆)စောင်ဖြင့် ဖွဲ့စည်းထားသော အခြေခံအုတ်မြစ်က အားနည်းသွားသည်။ ထို့ကြောင့် ယခုတစ်ကြိမ်မှာတော့ ပိုးသားဧကရာဇ်၏ ထိုက်ချူးနတ်လက်ချောင်းသိုင်းကို ခုခံရန် ခဲယဉ်းသွားသည်။

သို့သော် သူက ထိတ်လန့်တုန်လှုပ်သွားခြင်းမရှိဘဲ ကြုံးဝါးသံတစ်သံ ပြုလုပ်လိုက်၏။

ရုတ်တရက်...

ပတ်ဝန်းကျင် ငရဲကိုးထပ်နယ်မြေမှ အဆုံးမရှိသော နတ်ဆိုးချီများ ချန်ချန်းဟွာထံသို့ စတင်စုရုံးလာကြသည်။

မိုးမြေတစ်ခွင်တွင် အနက်ရောင်နတ်ဆိုးရုပ်တုကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုရုပ်တုကြီးက ရှေးခေတ်အချိန်ကာလမှ ယနေ့အချိန်ထိ ခိုင်မြဲစွာရပ်တည်နေသော မတုမလှုပ်သည့် နတ်ဆိုးရုပ်တုကြီးတစ်ခုပမာ ဖြစ်သည်။

ငရဲကိုးထပ်ဆိုသည်က ဒုတိယမြောက် ဘိုးဘေးမဟာနတ်ဆိုးဖြစ်သော “ဖန်ဆင်းခြင်းကောင်းကင်နတ်ဆိုး” မှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။

ထိုဘိုဘေးမဟာနတ်ဆိုး သေဆုံးသွားသည့်တိုင် သူ ချန်ထားခဲ့သေသာ မိစ္ဆာပညာရပ်များက မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းသွားခဲ့ပြီး ထိုတန်ခိုးစွမ်းအားကို ‘ဖန်ဆင်းတည်ရှိမိစ္ဆာကျမ်းစာ’ ဟု ခေါ်သည်။

မိစ္ဆာလမ်းစဉ်၏ အထွတ်ထိပ်ကျမ်းစာ (၈)စောင်တွင် ပုံစံ (၈)မျိုးဖြစ်သည့် မိုး ၊ မြေ ၊ လေ ၊ မိုးကြိုး ၊ ရေ ၊ မီး ၊ ရေကန်နှင့် တောင်တို့ပါဝင်ကြသည့်အတွက် ‘ဖန်ဆင်းခြင်းအခြေခံ (၈)မျိုး’ ဟု လူသိများကြသည်။

ထိုပညာရပ်များထဲမှ ‘မြေ’ ပုံစံ က ‘မတုန်လှုပ်သောမိစ္ဆာခန္ဓာ’ ပညာရပ်နှင့် ကိုက်ညီပြီး မိစ္ဆာလမ်းစဉ်ဝွင် ထပ်တန်းအဆင့် ခံစစ်ပညာရပ်တစ်ခု ဖြစ်သည်။

ချန်ချန်းဟွာက ထိုပညာရပ်ကို အသုံးပြုခဲ့ခြင်းပင်။

ငရဲကိုးထပ်က ဒုတိယမြောက် ဘိုးဘေးမဟာနတ်ဆိုးဖြစ်သော “ဖန်ဆင်းခြင်းကောင်းကင်နတ်ဆိုး” မှ အသွင်ပြောင်းထားခြင်း ဖြစ်လေရာ ဤသို့သောတန်ခိုးစွမ်းအားမျိုးကို ငရဲကိုးထပ်တွင် ခံစစ်စွမ်းအားအဖြစ် အသုံးပြုပါက မရေမတွက်နိုင်သော နတ်ဆိုးချီများကို စုစည်းကာ အံ့သြဖွယ်ရာ ခံစစ်တစ်ခု ဖြစ်တည်လာစေနိုင်သည်။

ယွိချင်အဆက်အနွယ် နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင် ပေါင်းစပ်ထားသောတန်ခိုးစွမ်းအားလောက် မကောင်းမွန်သည့်တိုင် အတော်လေး ခိုင်မာသည်ဟု ဆိုနိုင်သည်။

ပိုးသားဧကရာဇ်၏ ထိုက်ချူးနတ်လက်ချောင်းသိုင်းနျင့် ထိုက်ရှီခုန်မင်မရှိမှုခန္ဓာတို့ကို ချန်ချန်းဟွာက သွေးနီရောင်ကပ်ဘေးကျမ်းစာနှင့် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်တို့ဖြင့် တောက်လျှောက်ခုခံနိုင်ခဲ့သည်။

ယခု ထိုက်ချူးနတ်လက်ချောင်းသိုင်းက အားနည်းသွားပြီဖြစ်သော နှောင်းပိုင်း ကောင်းကင်ကျမ်းစာ (၆)စောင် ပေါင်းစပ်မှုအခြေခံအား မထိုးဖောက်နိုင်ခင် မတုန်လှုပ်သောမိစ္ဆာခန္ဓာ ဖြင့် ခုခံလိုက်ခြင်း ဖြစ်၏။

သို့သော် များပြားလှစွာသော ခံစစ်များကို အဆက်မပြတ် အသုံးပြုလာပြီးနောက်တွင် ချန်ချန်းဟွာ၏ ခံစစ်စွမ်းအားမှာ အဆုံးသို့ရောက်ရှိနေပြီဟု ထင်မှတ်ရသည်။

ပိုးသားဧကရာဇ်၏ ထိုက်ချူးနတ်လက်ညှိုးသိုင်းကြောင့် မိစ္ဆာနတ်ရုပ်တုကြီးထက်တွင် အက်ကွဲကြောင်းများ ထင်လာသည့်တိုင် အက်ကွဲပြိုကျသွားခြင်းတော့ မရှိသေးပေ။

ထိုအချိန် ချန်ချန်းဟွာက ပိုးသားဧကရာဇ်အား စိတ်စေရာကောင်းကင်ကျမ်းစာဖြင့် ထပ်မံတိုက်ခိုက်လိုက်သည်။

ပိုးသားဧကရာဇ် နောက်တစ်ကြိမ် စိတ်ရှုတ်ထွေးသွားသည်နှင့် ချန်ချန်းဟွာအနေဖြင့် အာစီးရရန် အခွင့်အရေးရှိမည် မဟုတ်ပါလား။

သို့သော် ပိုးသားဧကရာဇ်ထံသို့ စိတ်စေရာကောင်းကင်ကျမ်းစာဖြင့် ထပ်မံတိုက်ခိုက်ခြင်းက နှစ်ဖက်လုံးဆိုးကျိုးရှိသည့်အခြေအနေသို့ ဦးတည်သွားနိုင်သည်။

“မတုန်လှုပ်သောမိစ္ဆာခန္ဓာ” ဖြင့် ခံစစ်ကာကွယ်ထားခြင်းမှာ ချန်ချန်းဟွာအတွက် အနိုင်အရှုံး သော့ချက်တစ်ခု ဖြစ်သည်။

သို့သော်...

ပိုးသားဧကရာဇ်က အားလုံးကို အံ့အားသင့်သွားစေခဲ့သည်။

ရုတ်ချည်းပင် လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းတစ်ခု တောက်ပလာပြီး ကောင်းကင်တစ်ခွင်လွှမ်းခြုံထားသည့် အလံကြီးတစ်ခု ထွက်ပေါ်လာသည်။

အမတမှော်ဝင်ပစ္စည်းဖြစ်သော ‘စစ်ထိုက်ရှန်းထျန်း’ အလံ။

အစစ်အမှန် နတ်ဘုရားတစ်ပါးဖြစ်သော ပိုးသားဧကရာဇ်သည် သိုင်းသူတော်စင်တစ်ယောက်ကိုတိုက်ခိုက်ရာတွင် အမတမှော်ဝင်ပစ္စည်းကို အသုံးပြုခဲ့သည်။

ထိုသိုင်းသူတော်စင်က လောကပထမ သိုင်းသူတော်စင် ‘ချန်ချန်းဟွာ’ ပင် ဖြစ်လင့်ကစား ပိုးသားဧကရာဇ်၏အပြုအမူက အလွန်တရာ အရှက်ကင်းမဲ့သည့် အပြုအမူပင်။

သို့ပေသိ စိတ်စေရာကောင်းကင်ကျမ်းစာကြောင့် စိတ်ဓာတ်ပျက်ပြားနေသော ပိုးသားဧကရာဇ်ကတော့ ထိုမျှလောက် တွေးမနေတော့ပေ။

ပိုးသားဧကရာဇ် အရှက်မရှိ အမတမှော်ဝင်ပစ္စည်း ထုတ်သုံးရသည်အထိ လုပ်ဆောင်နိုင်ခဲ့ခြင်းက ချန်ချန်းဟွာအတွက် ဂုဏ်ယူစရာပင် ကောင်းလှသည်။

သို့ရာတွင် နတ်ဘုရားတံခါးကို ဖွင့်လှစ်ထားသည့် ဧကရာဇ်မင်းတစ်ပါးက သူ၏ အပြုအမူနှင့် ဂုဏ်သိက္ခာကို ထည့်သွင်းစဉ်းစားခြင်းမရှိတော့ပါက သေမျိုးလူသားကျင့်ကြံသူတစ်ယောက်အနေဖြင့် ခုခံနိုင်စွမ်းရှိမည် မဟုတ်ပေ။

စန့်ချင်အဆက်အနွယ် လူသားအထွတ်ထိပ်အဆင့် ကျင့်ကြံသူ (၄)ယောက်က “နတ်ဘုရားသုတ်သင်အစီအရင်” ကို အတူတကွတည်ဆောက်ကာ နတ်ဘုရားတစ်ပါးကို အောင်မြင်စွာ သတ်ဖြတ်နိုင်သည်ဆိုသော်ငြား ထိုနတ်ဘုရားလက်ထဲတွင် အမတမှော်ဝင်ပစ္စည်းတစ်ခု ရှိမနေခဲ့ပေ။

စစ်ထိုက်ရှန်းထျန်းအလံက အမြုတေအောက်ခြေ နက်ရှိုင်းရာမှ ထွက်ပေါ်လာသော စိတ်စေရာကောင်ကင်ကျမ်းစာ၏ တိုက်ခိုက်မှုကို အပြည့်အဝ ခုခံနိုင်ခြင်း မရှိပေ။

ပြီးတော့ ပိုးသားဧကရာဇ်ကိုယ်တိုင်က စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေသူ ဖြစ်သည်။

ပိုးသားဧကရာဇ်၏မျက်လုံးများ အနည်းငယ်ပြောင်းလဲသွားပြီး မတည်မငြိမ်ဖြစ်သွားသော်လည်း ချန်ချန်းဟွာ၏ စိတ်စေရာကောင်းကင်ကျမ်းစာ စွမ်းအားက ရန်ကျောက်ကဲ၏ စိတ်စေရာမိုးကြိုးစွမ်းအားလောက် မပြင်းထန်သဖြင့် ပိုးသားဧကရာဇ်တွင် ထပ်မံတိုက်ခိုက်ရန် စွမ်းအားရှိနေသေးသည်။

စစ်ထိုက်ရှန်းထျန်းအလံကိုကြည့်နေသည့် ချန်ချန်းဟွာ၏မျက်ဝန်းများတွင် လှောင်ပြောင်လိုခြင်း ၊ မကျေမနပ်ဖြစ်ခြင်း အရိပ်အယောင်များ ရှိမနေခဲ့ပေ။

ထိုအစား သူ၏မျက်ဝန်းများက အလွန်ပျော်ရွှင်ဟန်ဖြင့် တောက်ပနေသည်။

“ဧကရာဇ်မင်း အခု လျှောက်လှမ်းနေတဲ့လမ်းက လုံးဝ ပြီးပြည့်စုံနေပါပြီ ၊ ရန်ကျောက်ကဲဝင်နှောက်ယှက်တာနဲ့ ဧကရာဇ်မင်း ခံစားချက်ကင်းမဲ့တဲ့လမ်းကို လျှောက်လှမ်းနိုင်ဖို့ ကျွန်တော် မကူညီနိုင်ဘူး ဖြစ်သွားတယ်”

ပိုးသားဧကရာဇ်က လုံးဝတည်ငြိမ်နေပြီး မျက်နှာအမူအရာ တစ်ချက်ပြောင်းလဲခြင်း မရှိပေ။ သူက လက်ထဲမှအလံဖြင့် ချန်ချန်းဟွာကို ရိုက်ချလိုက်သည်။

ချန်ချန်းဟွာက တုန်လှုပ်သွားခြင်းမရှိဘဲ သူ၏အနောက်ဘက် တစ်နေရာသို့ လက်ညှိုးဖြင့် ထိုးစိုက်ချလိုက်သည်။

ထိုနေရာတွင် မပေါက်ကွဲသေးသည့် ပုံရိပ်ယောင်ဗလာနယ်မိုးကြိုး ပုံဆောင်ခဲအကြွင်းအကျန်များ ရှိနေသည်။

ချန်ချန်းဟွာက ကိုယ်လုပ်ချင်ရာလုပ်တတ်သည့် စရိုက်သဘောထားရှိသော်လည်း သူက တစ်ခုခုလုပ်မည်ဆိုလျှင် အသေးစိတ်တွက်ချက် အစီအစဉ်ဆွဲတတ်သူ ဖြစ်၏။

ဤနေရာသို့ ရောက်လာကတည်းက ထိုမိုးကြိုးပုံဆောင်ခဲများက သူ့အစီအစဉ်ထဲတွင် အမြဲရှိနေခဲ့သည်။

ပိုးသားဧကရာဇ်ကဲ့သို့ စွမ်းအားကြီးမားသောရန်သူကို တိုက်ခိုက်ရာတွင် ချန်ချန်းဟွာက ‌ခံစစ်ဖြင့်တိုက်ခိုက်ရင်း ပိုးသားဧကရာဇ်ကို ထိုမိုးကြိုးပုံဆောင်ခဲများအနားသို့ မျှားခေါ်နိုင်ခဲ့သည်။

ထိုမိုးကြိုးပုံဆောင်ခဲများ သူ့အနောက်ဘက်တွင် ရှိနေခြင်းဖြင့် ချန်ချန်းဟွာအတွက် အချိန်မရွေး ထိန်းချုပ်အသုံးပြုနိုင်ပေမည်။

ပြီးတော့ ဤတိုက်ပွဲတွင် ရန်ကျောက်ကဲ၏လှုပ်ရှားလာနိုင်ခြေကိုလည်း ချန်ချန်းဟွာ စဉ်းစားသုံးသပ်ခဲ့သည်။ ထို့ကြောင့် ရန်ကျောက်ကဲ မိုးကြိုးပုံဆောင်ခဲများအနား မချဉ်းကပ်နိုင်ရန် သူ့ကိုယ်သူ နေရာယူပြီး ဟန့်တားထားခဲ့သည်။

ထို့ကြောင့် ပိုးသားဧကရာဇ်နှင့် တိုက်ခိုက်နေချိန်မှာပင် သူ့အတွက် နေရာအကျယ်အဝန်းက အကန့်အသတ်ရှိနေသည်ဟု ယူဆနိုင်ပြီး ထိုအချက်က ခံစစ်တိုက်ခိုက်ခြင်းအတွက် အားနည်းချက် ဖြစ်လာခဲ့သည်။

ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များ တိုက်ခိုက်သည့်အခါ အနည်းငယ်သော အပြောင်းအလဲလေးကပင် အနိုင်အရှုံးကို ဆုံးဖြတ်ပေးနိုင်သည်။

ချန်ချန်းဟွာ၏ လုပ်ရပ်က သိုင်းသူတော်စင်တစ်ယောက်အတွက် အတော်လေး အတင့်ရဲသည့်လုပ်ရပ်ဟု ဆိုနိုင်သည်။

သို့သော်...

ပိုးသားဧကရာဇ်၏ စစ်ထိုက်ရှန်းထျန်းအလံကို ခုခံတွန်းလှန်ရန် ချန်ချန်းဟွာ မိုးကြိုးပုံဆောင်ခဲများကို စုစည်းလိုက်ချိန်တွင်...

ရန်ကျောက်ကဲက ရုတ်တရက် လှုပ်ရှားလိုက်သည်။

သတိထားနေသော ရန်ကျောက်ကဲ၏ အေးစက်သောမျက်ဝန်းများ ရုတ်တရက် တောက်ပလာပြီး ချက်ချင်းပင် ချန်ချန်းဟွာ၏ အောက်ဘက်သို့ ရောက်ရှိသွားသည်။

သူက ချက်ချင်းပင် အတိုင်းအဆမရှိသော နတ်ဆိုးချီစွမ်းအားများကို စုစည်းလိုက်ပြီး ငရဲကိုးထပ်တွင် နောက်ထပ် အနက်ရောင် မိစ္ဆာနတ်ဆိုးရုပ်တုကြီးတစ်ခု ထွက်ပေါ်လာသည်။

ဤ နတ်ဆိုးရုပ်တုကြီးက ရန်ကျောက်ကဲ စောစောက ဖန်ဆင်းခဲ့သော ‘သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာ’ နတ်ဘုရားရုပ်တ်ုကြီးဖြင့် တူညီခြင်းမရှိဘဲ ချန်ချန်းဟွာ၏ “မတုန်လှုပ်သောမိစ္ဆာခန္ဓာ” ရုပ်တုကြီးဖြင့် သွားရောက်ဆင်တူသည်။

ဖန်ဆင်းခြင်းကောင်းကင်နတ်ဆိုး ပြန်လည်ဝင်စားသည့်ပမာ ထင်မှတ်ရသည်။

ထို့နောက် မိုးကြိုးပုံဆောင်ခဲများ ပေါက်ကွဲထွက်သွားပြီး ချန်ချန်းဟွာ ဖန်ဆင်းထားသည့် အနက်ရောင် နတ်ဆိုးရုပ်တုကြီးအား ထိမှန်သွားသည်။

ချန်ချန်းဟွာ အံ့အားသင့်သွားပြီး...

“ဒါကလည်း မိစ္ဆာလမ်းစဉ်ရဲ့ ‘ဖန်ဆင်းခြင်းအခြေခံ (၈)မျိုး’ ပညာရပ်ပဲလား...”

သူက ဆက်လက်ရေရွတ်လိုက်သည်။

“ဒါက ‘မိုးကြိုးပုံစံ’ တန်ခိုးစွမ်းအားလား”

ဟုတ်ပေ၏။

ဤသည်က “ဆိတ်ညံမိုကြိုးရှစ်မျိုးလက်ဝါးသိုင်း” ဖြစ်ပြီး “မတုန်လှုပ်သောမိစ္ဆာခန္ဓာ” နှင့် အဆင့်အတန်းတူညီကာ မူလ ဖန်ဆင်းခြင်းကောင်းကင်နတ်ဆိုးမှ ဆင်းသက်လာသည့် ‘ဖန်ဆင်းခြင်းအခြေခံ (၈)မျိုး’ မှ တစ်ခုဖြစ်သည်။

ရန်ကျောက်ကဲ၏ တိုက်ခိုက်မှုက ချန်ချန်းဟွာ၏ “မတုန်လှုပ်သောမိစ္ဆာခန္ဓာ” ကို ထိုး‌ထောက်ချိုးဖျက်နိုင်ခြင်း မရှိပေ။

သို့သော်...

ချန်ချန်းဟွာကို တိုက်ခိုက်နေသည့် ပိုးသားဧကရာဇ်ကတော့ နတ်တောင်ကြီးတစ်တောင်ပမာ အလွန်မာကျောသော “မတုန်လှုပ်သောမိစ္ဆာခန္ဓာ” နတ်ဆိုးရုပ်တုကြီးမှာ ရုတ်ချည်းပင် အလွန်တရာ အားနည်းသွားကြောင်း ခံစားလိုက်ရသည်။

အပြင်ပန်းတွင် ခိုင်မာဟန်ရှိသော်လည်း အတွင်းထဲမှ အားနည်းချက်က ဖုံးကွယ်မရနိုင် ထွက်ပေါ်လာသည်။

“အထက်မှာတောင် အောက်မှာမိုးကြိုး ... ‘သော’ ပုံစံ...”

ချန်ချန်းဟွာ မျက်ဝန်းများတောက်ပသွားပြီး သူ့အပေါ်သက်ရောက်မှုရှိသွားသည့် ရန်ကျောက်ကဲ၏တိုက်ကွက်ကို ချက်ချင်းပင် အာရုံခံလိုက်မိသည်။

ဤသည်က ပုံစံ (၈)ခုတွင် တစ်ခုအပါအဝင်ဖြစ်သော “အထက်မှာတောင် အောက်မှာမိုးကြိုး ‘သော’ ပုံစံ ဖြစ်သည်။

ယန်စွမ်းအား (၂)ခုက အလွန်ခိုင်မာဟန်ဖြင့် ပြင်ပတွင် ပဋိပက္ခဖြစ်နေပြီး အတွင်းပိုင်းမှာတော့ မည်သူမှ မသိမြင်နိုင်အောင် အားနည်းလျှက် ရှိသည်။

ဤသည်မှာ အပြင်ပန်းမာကျောမှုနှင့် အတွင်းပိုင်းပျော့ပြောင်းမှု၏ သင်္ကေတ ဖြစ်၏။

ဆိတ်ညံမိုကြိုးရှစ်မျိုးလက်ဝါးသိုင်းက မတုန်လှုပ်သောမိစ္ဆာခန္ဓာကို မချိုးဖျက်ခဲ့ပေ။ သို့သော် မတုန်လှုပ်သောမိစ္ဆာခန္ဓာအနေဖြင့် အခြားသောပြင်ပတိုက်ခိုက်မှုများကို ခံနိုင်ရည်မရှိတော့ဘဲ အလွန်အမင်း အားနည်းသွားခဲ့သည်။

ထိုအချိန်...

စစ်ထိုက်ရှန်းထျန်းအလံရှည်က အောက်ဘက်သို့ ကျဆင်းလာလေရာ ချန်ချန်းဟွာမှာ ခုခံနိုင်ခြင်းမရှိတော့ဘဲ နောက်သို့လွင့်စင်ထွက်သွားပြီး သွေးများအန်ထုတ်လိုက်သည်။

တစ်ဆက်တည်းပင် သူကိုယ်တိုင်အစီအစဉ်ဆွဲထားခဲ့သော မိုးကြိုးပုံဆောင်ခဲများက ပေါက်ကွဲထွက်သွားပြီး များပြားလှစွာသော ဗလာနယ်ဝဲဂယက်များ ဖြစ်ပေါ်လာကာ ချန်ချန်းဟွာအား စုပ်ယူဝါးမျိုသွားသည်။

အရင်က သူပြင်ဆင်ထားခဲ့သော အရန်အစီအစဉ်က ယခု ရန်ကျောက်ကဲက သူ့ကို ခြိမ်းခြောက်ရန်အတွက် အသုံးပြုသေသာ လက်နက်တစ်ခု ဖြစ်လာခဲ့သည်။

ဒဏ်ရာရနေသော ချန်ချန်းဟွာမှာ ဗလာနယ်ဝဲဂယက်၏စုပ်ယူခြင်းမှ ရုန်းထွက်နိုင်ခြင်း မရှိတော့ပေ။

သူ လှမ်းကြည့်လိုက်တော့ ရန်ကျောက်ကဲအသွင်က ‘သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာ’ ဖြင့် ဖန်ဆင်းထားသည့် အနက်ရောင် နတ်ဘုရားရုပ်တုကြီးအဖြစ် ပြောင်းလဲသွားကြောင်း တွေ့လိုက်ရသည်။

ပိုးသားဧကရာဇ်၏ စစ်ထိုက်ရှန်းထျန်းအလံရှည်က ချန်ချန်းဟွာကိုတိုက်ခိုက်ရန် အသုံးပြုလိုက်သဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အားနည်းသွားသည်။

ထိုအချက်ကို အခွင့်ကောင်းယူပြီး ရန်ကျောက်ကဲက အော်ဟစ်ရွတ်ဆိုလိုက်သည်။

“နတ်ဆိုးက အသင်္ချေသောသက်ရှိများကို အောင်နိုင်တယ်...”

“.......”

စိတ်စေရာမိုးကြိုးစွမ်းအားက ပိုးသားဧကရာဇ်အား နောက်တစ်ကြိမ်ထပ်မံ ထိမှန်သွားသည်။

ပိုးသားဧကရာဇ်မှာ ပထမဆုံး ရန်ကျောက်ကဲ၏ စိတ်စေရာမိုးကြိုးစွမ်းအား ထိမှန်ခံရပြီး ဒုတိယအကြိမ် ချန်ချန်းဟွာ၏ စိတ်စေရာကောင်းကင်ကျမ်းစာဖြင့် ထိမှန်ခံခဲ့ရသည်။

ယခု...

တတိယအကြိမ် စိတ်စေရာမိုးကြိုးစွမ်းအားဖြင့် ရိုက်ခတ်ခံရပြန်ပေပြီ။

All Chapters