ထိုက်ကျိယင်ယန် ၊ အနက်ရောင်နှင့်အဖြူရောင်ပိုးသားဧကရာဇ်
Vol. 78 Ch. 1100
အခန်း (၁၁၀၀) ထိုက်ကျိယင်ယန် ၊ အနက်ရောင်နှင့်အဖြူရောင်ပိုးသားဧကရာဇ်
ပိုးသားဧကရာဇ် ထင်မှတ်မထားချိန်တွင် ရုတ်တရက် မိုးကြိုးစွမ်းအားဖြင့် တိုက်ခိုက်ခံလိုက်ရသည်။
ဒါကိုမြင်တော့ ဗလာနယ်ဝဲဂယက်၏ စုပ်ယူဝါးမျိုခြင်းကို ခံနေရသေသာ ချန်ချန်းဟွာမှာ မျက်လုံးများပြူးကျယ်သည်အထိ အံ့အားသင့်သွားသည်။
ရန်ကျောက်ကဲ၏ ကာကွယ်ပေးမှုအောက်တွင်ရှိနေသော မန်ဝမ်မှာလည်း အတော်လေး အံ့သြမှင်တက်သွားသည်။
စောစောကပင်...
ရန်ကျောက်ကဲနှင့် ပိုးသားဧကရာဇ် တိုက်ခိုက်ခဲ့သည်။
ချန်ချန်းဟွာရောက်လာတော့ ချန်ချန်းဟွာနှင့် ပိုးသားဧကရာဇ် တိုက်ခိုက်ကြသည်။
သို့ဖြစ်ရာ ချန်ချန်းဟွာအား ရန်ကျောက်ကဲ၏ မဟာမိတ်အဖြစ် သတ်မှတ်နိုင်သည်။
သို့သော် ပိုးသားဧကရာဇ်နှင့် ချန်ချန်းဟွာတို့ စိတ်ပြောင်းသွားမည်စိုးရိမ်သောကြောင့် သူတို့တိုက်ပွဲကို ဝင်မစွက်ဘဲ ဘေးနားမှရပ်ကြည့်ရင်း အခွင့်အရေးစောင့်ဆိုင်းနေခဲ့သည်။
ထိုသို့ပြုလုပ်ခြင်းက ရန်ကျောက်ကဲအတွက် ယုတ္တိကျသလို ချန်ချန်းဟွာကို တိုက်ခိုက်ခြင်းကလည်း ယုတ္တိကျသည်။
ကျင့်ကြံခြင်းသွေဖယ်နေသဖြင့် ပြဿနာတက်နေသော ပိုးသားဧကရာဇ်အတွက် ချန်ချန်းဟွာက ကြီးမားသောခြိမ်းခြောက်မှုဖြစ်သည် အမှန်ပင်။
သို့သော် ရန်ကျောက်ကဲက ချန်ချန်းဟွာကိုတိုက်ခိုက်ပြီးသည်နှင့် ပိုးသားဧကရာဇ်ကို ရုတ်တရက်တိုက်ခိုက်မည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။
ဤသည်က မန်ဝမ်ကိုပင် အလွန်တရာ အံ့အားသင့်သွားစေသည်။
ယခု မိတ်ဆွေဖြစ်ပြီး ခဏနေ ရန်သူဖြစ်သွားကြသည်မှာ လူသားများအတွက် ထူးဆန်းသည် မဟုတ်ပေ။
ဗလာနယ်ဝဲဂယက်ကြီးက ချန်ချန်းဟွာကို စုပ်ယူသွားပြီး သူ့အနေဖြင့် ထိုအထဲမှ ရုန်းထွက်ရန် အင်အားမရှိသလို ဖြစ်နေသည်။
သို့သော် လျှို့ဝှက်ဆန်းကြယ်သော အထက်ရပ်ထိပ်တန်းအရှင်သခင်တွင် မည်သည့်ဝှက်ဖဲများ ရှိနေဦးမည်လဲ မည်သူသိနိုင်ပါမည်နည်း။
မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲကတော့ တစ်ချက်မတုံ့ဆိုင်းဘဲ ဆက်တိုက်ဆိုသလို လှုပ်ရှားခဲ့သည်ပင်။
ချန်ချန်းဟွာ၏ ခံစစ်ကိုချိုးဖျက်ရန် ပိုးသားဧကရာဇ်ကို ကူညီပေးခဲ့ပြီးနောက် ၊ ပိုးသားဧကရာဇ်က စစ်ထိုက်ရှန်းထျန်းအလံဖြင့် ချန်ချန်းဟွာကို တိုက်ခိုက်နေချိန် ရန်ကျောက်ကဲက ရုတ်ချည်းပင် စိတ်စေရာမိုးကြိုးစွမ်းအားဖြင့် ပိုးသားဧကရာဇ်ကို တိုက်ခိုက်ခဲ့သည်။
အခွင့်အရေးကို တိကျစွာဆုပ်ကိုင်နိုင်သည့် ပြီးပြည့်စုံသော အချိန်ကိုက်လှုပ်ရှားမှုပင် ဖြစ်၏။
စာအုပ်တစ်အုပ်၏စာမျက်နှာကိုလှန်ခြင်းထက် သူ၏မျက်နှာပြောင်းလဲခြင်းက ပိုမြန်သည်ဟု ဆိုနိုင်သည်။
ချန်ချန်းဟွာကဲ့သို့ ခန့်မှန်းရခက်သူကို တိုက်ခိုက်သည်မှာ သဘာဝကျပြီး စိတ်ဝိညာဉ်နှစ်ခြမ်းကွဲနေသော ပိုးသားဧကရာဇ်ကို တိုက်ခိုက်ခြင်းကလည်း အံ့သြစရာ မရှိပေ။
ရန်ကျောက်ကဲ၏လုပ်ရပ်က အနည်းငယ် မဖြောင့်မတ်ရာကျသော်လည်း အထက်ရပ်ထိပ်တန်းအရှင်သခင်နှင့် ပိုးသားဧကရာဇ်အား ယခုကဲ့သို့ အဆုံးသတ်ပေးလိုက်ခြင်းက ယုတ္တိကျသည့်လုပ်ရပ်ဟု ဆိုနိုင်ပေသည်။
အမှန်တော့ သူက ပိုးသားဧကရာဇ်နှင့် ချန်ချန်ဟွာတို့ (၂)ယောက်လုံးကို နဂိုကတည်းက ပစ်မှတ်ထားနေခဲ့သည်ပင်။
ဤလုပ်ရပ်က ပိုးသားဧကရာဇ်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့သော ချန်ချန်းဟွာထက်ပင် ပိုမိုမောက်မာပြီး မာနကြီးသည်ဟု ဆိုနိုင်သည်။
ချန်ချန်းဟွာက မြင်ကွင်းကိုကြည့်ရင်း မျက်ဝန်းများ တောက်ပသွားပြီး အရင်ကထက်ပင်ပိုပြီး စိတ်လှုပ်ရှားနေဟန် ရှိသည်။ ရန်ကျောက်ကဲ နောက်ထပ်ဘာလုပ်မည်ကို သူက အားတက်သရော တွေ့မြင်ချင်နေမိသည်။
သို့သော် ပုံရိပ်ယောင်ဗလာနယ်ပုံဆောင်ခဲများ ပေါက်ကွဲသွားပြီး ဗလာနယ်ဝဲဂယက်ကြီးက သူ့ကို စုပ်ယူမျိုချလိုက်တော့သည်။
မိုးကြိုးပုံဆောင်ခဲများပေါက်ကွဲထွက်ခြင်းကြောင့် ဖြစ်ပေါ်လာသော စွမ်းအားလှိုင်းလုံးများကို နတ်ဘုရားတစ်ပါးသည်ပင် ထိန်းချုပ်ရန် ခက်ခဲလှသည် မဟုတ်ပါလား။
သူ့မျက်စိရှေ့တွင် ပျောက်ကွယ်သွားတော့မည့် ရန်ကျောက်ကဲနှင့် ပိုးသားဧကရာဇ်တို့၏မြင်ကွင်းကိုကြည့်ရင်း ချန်ချန်းဟွာ မကျေမနပ်ဖြင့် အော်ဟစ်လိုက်သည်။
“ဟေး...”
ချန်ချန်းဟွာက အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ရန်ကျောက်ကဲကြောင့် ဒဏ်ရာရရှိခဲ့ပြီး ယခုလည်း ပိုးသားဧကရာဇ်၏ စစ်ထိုက်ရှန်းထျန်းအလံကြောင့် ဒဏ်ရာရရှိခဲ့သည့်တိုင် တစ်ချက်လေးပင် မကျေမနပ်မဖြစ်သလို ထိတ်လန့်တုန်လှုပ်ခြင်းလည်း မဖြစ်ဘဲ စိတ်ဓာတ်များပင် တက်ကြွနေဟန် ရှိသည်။
သို့သော် ယခုတော့ ပွဲဆက်မကြည့်ရသဖြင့် အတော်လေး မကျေမနပ် ဖြစ်သွားသည်။
ချန်ချန်းဟွာ မည်သို့ပင် မကျေမနပ်ဖြစ်ပါစေ ဗလာနယ်ဝဲဂယက်ကြီးက သူ့ကို စုပ်ယူမျိုချလိုက်ပြီး တစ်ခဏအတွင်း ပျောက်ကွယ်သွားလေတော့သည်။
ချန်ချန်းဟွာ ပျောက်ကွယ်သွားကြောင်း သေချာအတည်ပြုပြီးနောက် ရန်ကျောက်ကဲက သူ့ကိုအရေးမစိုက်တော့ဘဲ သူ့အရှေ့မှ ပိုးသားဧကရာဇ်ကို အာရုံစိုက်လိုက်သည်။
စစ်ထိုက်ရှန်းထျန်းအလံက ကာကွယ်ပေးထားသဖြင့် စိတ်စေရာမိုးကြိုးစွမ်းအားကို အသုံပြုချင်သည့်တိုင် ရန်ကျောက်ကဲအတွက် အခက်အခဲများစွာ ရှိသည်။
ယခု ပိုးသားဧကရာဇ်က ချန်ချန်းဟွာကိုတိုက်ခိုက်ရန် စစ်ထိုက်ရှန်းထျန်းအလံကို အသုံးပြုနေခြင်းအား အခွင့်ကောင်းယူပြီး ရန်ကျောက်ကဲက တိုက်ခိုက်လိုက်သဖြင့် ရာနှုန်းပြည့် အောင်မြင်မှု ရရှိခဲ့သည်။
ဤသည်က ပိုးသားဧကရာဇ်အတွက် တတိယမြောက် ထိုးနှက်ချက်ဖြစ်သည်။
ရန်ကျောက်ကဲရော ချန်ချန်းဟွာရောက ပိုးသားဧကရာဇ်၏ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ကိုအသုံချကာ ဆက်တိုက်ဆိုသလို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြသည်။
နဂိုကတည်းကပင် ပိုးသားဧကရာဇ်နှင့် ချန်ချန်းဟွာကို တိုက်ခိုက်စေခဲ့ခြင်းက ရန်ကျောက်ကဲအစီအစဉ်များထဲမှ တစိတ်တပိုင်းသာ ဖြစ်၏။
မြစ်ကိုဖြတ်ကူးပြီးနောက် တံတားကိုဖြိုချခြင်း ၊ ကြိတ်ဆုံကိုကြိတ်ပြီးနောက် မြည်းကိုသတ်ဖြတ် ပစ်ခြင်းသာဖြစ်ပြီး နောက်ဆက်တွဲပြဿနာများကို ရန်ကျောက်ကဲက အရေးမစိုက်ခဲ့ပေ။
မဟာမိတ်ကို နောက်ကျောဓားနှင့်ထိုးသည့် ကျင့်ဝတ်နှင့်မညီသောကိစ္စကိုလည်း ရန်ကျောက်ကဲက လျစ်လျူရှုထားခဲ့သည်။
လောလောဆယ်မှာတော့ သူက စိတ်စေရာမိုးကြိုးစွမ်းအားကိုသာ အစွမ်းကုန် ထုတ်လွှတ်လိုက်သည်။
ပိုးသားဧကရာဇ် တစ်ချက်ညည်းတွားလိုက်ပြီး သူ၏မျက်ဝန်းများထဲတွင် ထိုက်ကျိကားချထွက်ပေါ်လာကာ လျှင်မြန်စွာ လှည့်ပတ်သွားသည်။
သို့သော် တစ်ခုနှင့်တစ်ခုရောယှက်နှင့်နေသည့် ယင်နှင့်ယန် အဖြူရောင်နှင့်အနက်ရောင်သင်္ကေတမှာ အရှိန်မြင့်သော လည်ပတ်မှုအောက်တွင် အက်ကွဲသွားသည်။
နောက်ဆုံးခံနိုင်ရည် ချိုးဖျက်ခံလိုက်ရသည်နှင့်အမျှ ပိုးသားဧကရာဇ်၏ နတ်ဘုရားရုပ်ခန္ဓာ ပျောက်ကွယ်သွားပြီး ထိုက်ကျိကားချပ်ကြီးအဖြစ် ပြောင်းလဲသွားသည်။
ပိုးသားဧကရာဇ်မှ အသွင်ပြောင်းသွားသော ထိုက်ကျိကားချပ်ကြီးအား မန်ဝမ် တုန်လှုပ်စွာဖြင့် ခေါင်းမော့ကြည့်လိုက်သည်။
ရန်ကျောက်ကဲသည်လည်း ထိုက်ကျိကားချပ်ကြီးကို ခေါင်းမော့ကြည့်ရင်း...
“နတ်ဘုရားတံခါးကို ဖွင့်လှစ်နိုင်ပြီဆိုကတည်းက... သေမျိုးလူသား မဟုတ်တော့ဘူးပဲ”
သူက ဆက်ပြောသည်။
“သေမျိုးလူသားတွေရဲ့ အသင်္ချေသောနည်းလမ်းတွေက အစစ်အမှန်နတ်ဘုရားတွေကို မထိခိုက်နိုင်ကြဘူး ၊ သူတို့က အစစ်အမှန်နတ်ဘုရားတွေပဲ မဟုတ်လား”
“နတ်ဘုရားတွေအနေနဲ့ အိမ်ထောင်ပြုပြီး သားသမီးရရှိနိုင်ပေမယ့် သေမျိုးလူသားရုပ်ခန္ဓာရဲ့ အာရုံခံစားမှုလက္ခဏာတွေကတော့ မရှိကြတော့ဘူး”
“ဒါကြောင့် ပိုးသားဧကရာဇ် ဒီလိုမျိုး အသွင်ပြောင်းသွားတာ အံ့သြစရာတော့မရှိပါဘူး”
ရန်ကျောက်ကဲက ပေါ့ပါးစွာဖြင့်...
“ကျင့်ကြံသူတစ်ယောက်က နတ်ဘုရားလူသားကပ်ဘေးကို မဖြတ်ကျော်နိုင်ဘဲ ကြွေလွင့်သွားမယ်ဆိုရင် သူတို့ရဲ့တာအိုလည်း ပျောက်ကွယ်သွားလိမ့်မယ် ၊ ဖြတ်ကျော်နိုင်မယ်ဆိုရင်တော့ လောကအသစ်တစ်ခုကို ရောက်ရှိသွားမှာပဲ ၊ ဒါပေမဲ့ အဲဒီအဆင့်ထိ အောင်မြင်ဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တယ်”
ပိုးသားဧကရာဇ် အသွင်ပြောင်းလဲသွားသည်ကိုကြည့်ရင်း မည်သို့သော ပြောင်းလဲမှုများဖြစ်ပေါ်လာမည်ကို ရန်ကျောက်ကဲ ခန့်မှန်းနိုင်နေပြီ ဖြစ်သည်။
ကောင်းကင်ထက်မှ ကြီးမားသည့် ထိုက်ကျိယင်ယန် သင်္ကေတ ကားချပ်ကြီးက လျှင်မြန်စွာ လှည့်ပတ်နေသည်။
ထို့နောက် အဖြူရောင်နှင့်အနက်ရောင် ယင်နှင့်ယန်က ဘေးတစ်ဖက်တစ်ချက်သို့ ကွဲကွာလာပြီး တဖြည်းဖြည်း ပုံပျက်လာသည်။
အဆုံးသတ်မှာတော့ အဖြူရောင်နှင့်အနက်ရောင် ယင်နှင့်ယန် ရုတ်တရက် ကွဲကွာသွားပြီး ဆန့်ကျင်ဘက်လမ်းကြောင်းများဆီသို့ လွတ်လပ်စွာ ကွဲထွက်သွားသည်။
ငရဲကိုးထပ်နယ်မြေ အနီးအနားပတ်ဝန်းကျင်မှ ပြင်းထန်သော နတ်ဆိုးချီများက ကွဲထွက်သွားသော အဖြူရောင်နှင့်အနက်ရောင် ယင်နှင့်ယန်ဆီသို့ အရူးအမူး စုဝေးရောက်ရှိလာပြီး ကြီးမားသော လေဝဲဂယက်ကြီးနှစ်ခု ဖြစ်ပေါ်လာစေသည်။
ယခု နတ်ဆိုးချီစွမ်းအားများကို စုစည်းခြင်းမှာ စောစောက ရန်ကျောက်ကဲနှင့် ချန်ချန်းဟွာတို့ နတ်ဆိုးချီစွမ်းအားများစုစည်းခြင်းထက် ပိုမိုပြင်းထန်သည်။
ဘာဖြစ်သည်ကို ခန့်မှန်းမိသော မန်ဝမ်က ရန်ကျောက်ကဲကို တုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်သည်။
ရန်ကျောက်ကဲ၏မျက်ဝန်းများက ကြီးမားသော အဖြူရောင်နှင့်အနက်ရောင် လေဝဲဂယက်ကြီးနှစ်ထက်တွင် လုံးဝမယိမ်းယိုင်ဘဲ စူးစိုက်ကြည့်နေသည်။
သို့သော် မန်ဝမ်က မရေမရာဖြင့်လှမ်းကြည့်လာသည့်အခါ သူမ၏ သံသယကို အတည်ပြုဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။
ရန်ကျောက်ကဲ ခေါင်းညိတ်ပြသည်ကိုမြင်တော့ မန်ဝမ် မယုံကြည်နိုင်စွာ ခံစားလိုက်ရပြီး ကောင်းကင်ထက်မှ လေဝဲဂယက်ကြီးနှစ်ခုအား ပြန်လှည့်ကြည့်လိုက်သည်။
လေဝဲဂယက်တစ်ခုက အနက်ရောင်ဖြစ်ပြီး ကျန်တစ်ခုက အဖြူရောင်ဖြစ်သည်။
သူတို့က လေထုကို ဗဟိုပြုလှည်ညပတ်နေချိန် အမတမှော်ဝင်ပစ္စည်းဖြစ်သော စစ်ထိုက်ရှန်းထျန်းအလံက တုန်လှုပ်သွားကာ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
အလင်းရောင်အားကောင်းလာသည်နှင့်အမျှ စစ်ထိုက်ရှန်းထျန်းအလံက ပိုမိုသိသာစွာ တုန်ခါလာသည်။
အလင်းရောင်တောက်ပမှု အထွတ်ထိပ်သို့ ရောက်ရှိသွားသည့်အခါ အဖြူရောင်နှင့်အနက်ရောင် လေဝဲဂယက် (၂)ခု တဖြည်းဖြည်း ပြန့်ကျဲသွားပြီး ကြီးကျယ်ခမ်းနားသော ခရမ်းရောင်ချီစွမ်းအား အခိုးအငွေ့များထါက်ပေါ်လာကာ မိုင်ပေါင်းထောင်ချီတိုင်အောင် ပျံ့နှံ့သွား၏။
ခရမ်းရောင်အခိုးအငွေ့များ လွင့်ပျံနေချိန် စစ်ထိုက်ရှန်းထျန်းအလံသည်လည်း ပိုမိုပြင်းထန်စွာတုန်ခါလာသည်။
ရန်ကျောက်ကဲနှင့် မန်ဝမ်တို့ သေသေချာချာကြည့်လိုက်တော့ ခရမ်းရောင်အခိုးအငွေ့များ၏ အလယ်ဗဟိုတွင် ပုံရိပ်များ ထွက်ပေါ်လာကြောင်း တွေ့လိုက်ရသည်။
လူနှစ်ယောက်...။
တစ်ယောက်က အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး တစ်ယောက်က အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည်။
သူတို့နှစ်ယောက်က လုံးဝ ကွဲပြားခြင်းမရှိ ချွပ်စွပ်တူညီနေသည်။
နှစ်ယောက်လုံးက လေထုထဲတွင် ရပ်တည်နေသည့် ကျောက်စိမ်းသစ်ပင်ပမာ ကျက်သရေရှိစွာ ချောမောလှပသော ပိုးသားဧကရာဇ်၏ရုပ်သွင်ကို ပိုင်ဆိုင်ကြသည်။
ထို့နောက်...
အဖြူရောင်နှင့်အနက်ရောင်ဝတ်ဆင်ထားသော ပိုးသားဧကရာဇ် (၂)ပါး ရန်ကျောက်ကဲနှင့် မန်ဝမ်ရှေ့တွင် ပေါ်လာသည်။
ပိုးသားဧကရာဇ် (၂)ယောက်လုံးက မျက်လုံးများ မှေးမှိတ်ထားကြပြီး စကားမဆိုဘဲ မတ်တတ်ရပ်နေကြသည်။
မန်ဝမ်မှာ မြင်ကွင်းကိုကြည့်ရင်း ဆွံ့အလျှက် ရှိသည်။
သူမက ရန်ကျောက်ကဲကို လှည့်ကြည့်လိုက်တော့ သူက ခေါင်းခါယမ်းရင်း...
“သူတို့အနား သွားမကပ်နဲ့...”
စောစောက ပြင်းထန်သော တိုက်ပွဲအရှိန်က ပတ်ဝန်းကျင် ငရဲကိုးထပ်မှ နတ်ဆိုးများစွာ ဤနေရာသို့ ချဉ်းကပ်လာစေရန် ဆွဲဆောင်ခဲ့သည်။ နတ်ဆိုးများစွာက ဒေါသတကြီးဖြင့် အနားသို့ ချဉ်းကပ်လာကြသည်။
ခရမ်းရောင်ချီစွမ်းအားအခိုးအငွေ့များထဲတွင် မျက်လုံးများ မှေးမှိတ်ထားဆဲဖြစ်သော ပိုးသားဧကရာဇ် (၂)ယောက်က တပြိုင်တည်း လှုပ်ရှားလိုက်ကြသည်။
တူညီသည့်အချိန် ၊ တူညီသည့်လှုပ်ရှားမှုဖြင့် ညာဘက်လက်အား ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းပင်...
မမြင်နိုင်သောဓားတစ်လက်က မိုးနှင့်မြေကို ပိုင်းခြားလိုက်သည့်ပမာ ချဉ်းကပ်လာသော နတ်ဆိုးများအားလုံး သုတ်သင်ခံလိုက်ရသည်။
ပတ်ဝန်းကျင်နယ်မြေတဝိုက်တွင် နတ်ဘုရားအဆင့် မဟာနတ်ဆိုးကြီးများမရှိသဖြင့် မြင်ကွင်းကိုကြည့်ပြီး နတ်ဆိုးများ နောက်ပြန်ဆုတ်သွားကြသည်။
ထို့နောက်မှာတော့...
ပိုးသားဧကရာဇ် (၂)ယောက်က မျက်လုံးများကို ပြိုင်တူဖွင့်ကြည့်လိုက်ကြလေသည်။