← Chapters

စုမေ့

Vol. 1 Ch. 7

စုမေ့

Vol. 1 Ch. 7

ခမ်းနားကြီးကျယ်ခြင်း...

ထိုအရာကား နေသွေးနီနီဂိုဏ်း၏ တိုက်ခိုက်ရေး ကွင်းပြင်ကို ရည်ညွှန်းနိုင်သည့် တစ်ခုတည်းသော စကားလုံး ဖြစ်သည်။ ထိုအရာသည် ဘဲဥ ပုံသဏ္ဌာန်ဖြင့် မိုင်ပေါင်း အနည်းငယ်အား ဖြန့်ကျက်ထားကာ နံရံများကို သံထုံးကျောက်များဖြင့် တည်ဆောက်ထားသည်။ အတွင်းရှိအပြင်အဆင်များမှာ အံသြမှင်သက်ဖွယ် ကောင်းကာ တိုက်ပွဲဝင်ချီရိုင်းများ၏ အရိပ်အယောင်ဖြင့် ထုံမွှမ်းနေ၏။ ရိုးအသော လူတစ်ဦးကိုပင်လျှင် တိုက်ပွဲကွင်းပြင်ထဲသို့ ရောက်ရှိပါက ရန်လိုစိတ်များ များပြားလာကာ သွေးထွက်သံယိုမှုများကို တရှိုက်မတ်မတ် မက်မောလာလေ့ရှိသည်။

ဝေ့ဝူယင်သည် တိုက်ပွဲကွင်းပြင်၏ အပြင်အဆင်နှင့် လက်မှုပညာကို ကြည့်ကာ စိတ်ထဲမှ အကြိမ်ကြိမ် ချီးကျူး နေမိသည်။ သူသည် ဤနေရာသို့ တစ်ခေါက်မက ရောက်ဖူးသည့်တိုင်အောင် အကြိမ်တိုင်း၌ အံ့သြမှင်သက်မှုကို ခံစားနေရဆဲ ဖြစ်သည်။

ပြောစကားများ အရဆိုလျှင်...

ကျင့်ကြံသူ တစ်ယောက်သည် သူ၏ တိုက်ပွဲချီ နှလုံးသားကို တည်ဆောက်ရန် အတွက် ဤကွင်းပြင်၌ ရန်သူပေါင်း တစ်သောင်းကို သံချပ်ကာ တစ်ခု၊ ဓားတစ်လက်၊ ဒိုင်းတစ်စုံဖြင့် ရင်ဆိုင်ဖူးသည်ဟု ဆိုသည်။ သူသည်နောက်ဆုံး ထွက်သက်ကို ဤနေရာတွင်ပင် ရှူထုတ်ကာ ပြင်းပြသော တိုက်ပွဲဝင် စိတ်ဆန္ဒအား နောင်လာနောက်သားများထံ စိမ့်ဝင်စေခဲ့သည်။

ဝေ့ဝူယင်သည် ထိုကဲ့သို့သော ပုဂ္ဂိုလ်များ အပေါ် လေးစားမှု အပြည့်အဝ ရှိပေသည်။ သူ၏ ဆန္ဒနှင့် စွမ်းရည်သည် တစ်စုံတစ်ခုဖြင့် အသိအမှတ် ပြုခံရရန် ထိုက်တန်ပေသည်။ ကံမကောင်းစွာပင် ဤနေရာ၌ သူ၏ ရုပ်တု သို့မဟုတ် သူ့အကြောင်း မှတ်တိုင် တစ်ခုမှ ရှိမနေခဲ့ချေ။ တိုက်ပွဲဝင်ချီသာလျှင် သူ ရှိနေခဲ့ကြောင်း သက်သေပြနေသည့် တစ်ခုတည်းသော အရာ ဖြစ်ပေသည်။

ဝေ့ဝူယင် တိုက်ပွဲကွင်းပြင်သို့ ရောက်ရှိလာသောအခါ၌ သူ၏ အဖွဲ့ဝင် အများအပြားက လာရောက် ကြိုဆို နှုတ်ဆက်ကြသည်။  တစ်ချက်စီ ခေါင်းညိတ်ခြင်းဖြင့် သူသည် တစ်ယောက်ချင်းစီကို အသိအမှတ်ပြုလိုက်သည်။ သူသည် အတွင်းစည်း တပည့် စုစုပေါင်း၏ ခုနစ် ရာခိုင်နှုန်းကို သူ၏ လက်အောက်သို့ သွတ်သွင်းထားနိုင်ရာ ထိုအထဲတွင် သူနှင့် ရင်းနှီးသူ၊ မရင်းနှီးသူ များစွာ ရှိပေသည်။ ထို့ကြောင့်ပင် သူသည် လက်အောက်ငယ်သားများ၏ မျက်နှာနှင့် အခြေခံ အချက်အလက်များကို မှတ်မိရန် သတိရှိရှိ အားထုတ်နေခဲ့သည်။

“အရှင်ဝေ့... ကျွန်မတို့ ရှင့်ကို အထူးခန်းဆီ ပို့ဆောင်ပေးရမလား...”

မျက်နှာ အရည်ပြားများ တွန့်ရှုံ့နေသည့် ဧည့်ကြို အဘွားအိုက ယဥ်ကျေး သိမ်မွေ့စွာ မေးလိုက်၏။

အဓိက တပည့် တစ်ဦး အနေဖြင့် သူသည် သာမန် တပည့်များ ခံစားခွင့် မရှိသော သီးသန့်ခန်းမှ ကြည့်ရှု့ရန် အခွင့်အရေး ရှိပေသည်။ ဤပြိုင်ပွဲကား ရက်ပေါင်း အနည်းငယ်မှ တစ်ပတ် အထိပင် ကြာမြင့် သွားနိုင်သည်။ ထို့ကြောင့်ပင် အနားယူ အပန်းဖြေရင်း ကြည့်ရှုသည်က သင့်တော်ပေသည်။

သို့သော်လည်း ‌ဝေ့ဝူယင်သည် ဧည့်ကြိုကို လက်ခါယမ်း ပြလိုက်၏။ သူသည် ပြိုင်ပွဲကို စုမေ့တို့နှင့်သာ ကြည့်ရှုရန် ရွေးချယ်ထားသည်။

ဝေ့ဝူယင်သည် ပြိုင်ပွဲ ကွင်းပြင်၏ စင်မြင့်များကို လှမ်းကြည့်လိုက်သည်။ ထိုအရာများသည် အချောကိုင်ထားသော ကျောက်သားဖြင့် ပြုလုပ်ထားဟန် ရကာ ပြားချပ်သည့် ဆဋ္ဌဂံတုံးများ သဏ္ဌာန် ရှိသည်။ ဝိညာဥ်အာရုံကို အသုံးပြုခြင်းဖြင့် သူသည် ကျောက်တုံးတစ်ချင်းစီတွင် မြေကမ္ဘာ စွမ်းအင်များ ပါဝင်နေကြောင်း တွေ့ရှိလိုက်ရသည်။

အကယ်၍ တစ်စုံတစ်ယောက်သာ ဒြပ်စင်များ မွေးဖွားရန် အတွက် မြေကမ္ဘာ သဘာဝ စွမ်းအင်ကို ကျင့်ကြံလိုပါက ထိုတိုက်ပွဲ စင်မြင့်များမှာ သင့်တော်ပေသည်။ ထိုစင်မြင့်များမှာ အလွန် သိပ်သည်း တာရှည်ခံကာ မြေကမ္ဘာချီ ကျင့်စဥ်များနှင့် လိုက်ဖက်လှသည်။ ဝေ့ဝူယင်ပင်လျှင် ၎င်းတို့အား လက်သီး သက်သက်ဖြင့် ထိုးခွဲရန် ယုံကြည်ချက် မရှိပါချေ။

“စုမေ့... ကံကောင်းပါစေ...”

ဝေ့ဝူယင်က တိုက်ပွဲစင်မြင့်များထံမှ အကြည့်ကို ရုတ်သိမ်းကာ အားပေးစကား ဆိုလိုက်သည်။ သူ့အတွက် စုမေ့မှာ အခြားလူ အားလုံးထက် ပို၍ အရေးပါသည်။ ထို့အပြင် သူမသည် ချီပျစ်ခဲခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေရာ အတွင်းစည်း တပည့် ဖြစ်လာရန် အခြေအနေ အတော်လေး ကောင်းပေသည်။

“အင်း...”

သူမက ညင်သာစွာ ခေါင်းညိတ်ပြရင်း တုန့်ပြလိုက်၏။

မကြာမီတွင်ပင်...

ပြိုင်ပွဲ အစီအစဥ် တင်ဆက်သူ တစ်ယောက်မှာ မီတာတစ်ရာမြင့်၍ ငါးဆယ်မီတာ ကျယ်ဝန်းသည့် အနက်ရောက် ဘုတ်ပြား တစ်ခုကို ယူဆောင်လာ၏။

“ရွေးချယ်ရေး ဘုတ်ပြား...”

ဝေ့ဝူယင်က တီးတိုးရေရွတ်လိုက်သည်။ ရွေးချယ်ရေး ဘုတ်ပြားသည် ပြိုင်ပွဲ ယှဥ်ပြိုင်ရမည့် နံပါတ်စဥ်များကို ကျပန်းရွေးချယ်ရာ၌ အသုံးပြုသည့် အရာပင် ဖြစ်သည်။ ထိုအရာသည် တူညီသော အုပ်စုများမှ ကျင့်ကြံသူများကို ထိပ်တိုက်တွေ့ခြင်းမှ ရှောင်လွှဲပေးသည်။ သို့သော်လည်း ၎င်းမှ လွဲ၍ ကျန်အရာ အားလုံးမှာ ကျပန်းသာလျှင် ဖြစ်သည်။

မကြာမီတွင် ဘုတ်ပြားပေါ်၌ အဖြူရောင် နာမည်များနှင့် ၎င်းတို့ကို ကိုယ်စားပြုသော နံပါတ်များ ပေါ်လာခဲ့သည်။ ပြင်ပ တပည့် ပြိုင်ပွဲကား စတင်ခဲ့ပြီ ဖြစ်သည်။ စုမေ့ အပါအဝင် အပြင်စည်း တပည့် အားလုံးမှာ ပြိုင်ပွဲသို့ ဝင်ရောက် ယှဥ်ပြိုင်ကြလေ၏။

မရေမတွက်နိုင်သော အပြင်စည်း တပည့်များသည် ၎င်းတို့ တာဝန်ကျရာ တိုက်ပွဲ စင်မြင့်များထံ လူစုခွဲ ထွက်ခွာလိုက်ကြသည်။ ထိုအရာကား လှုပ်ရှားရုန်းကြွနေသည့် ပုရွက်ဆိတ်များနှင့်ပင် တူနေသေး၏။ အတွင်းစည်း၊ အဓိက တပည့် ပြိုင်ပွဲများနှင့် ခြားနားစွာပင် အပြင်စည်း တပည့် ပြိုင်ပွဲကို ပိုမို မြန်ဆန်သော အရှိန်ဖြင့် ကျင်းပသည်။

တိုက်ခိုက်ရေး ကွင်းပြင်အတွင်း၌ စင်မြင့်ပေါင်း ရာနှင့်ချီ များပြားကာ စင်မြင့်တစ်ခုချင်းစီတွင် လူပေါင်း တစ်ရာ နီးပါးခန့်ကို နေရာချထားသည်။ ထိုတိုက်ပွဲများကား အစုလိုက် အပြုံလိုက် တိုက်ခိုက်ရသည့် တိုက်ပွဲ တော်ဝင်ပင် ဖြစ်သည်။ ထို့ကြောင့်ပင် ချီပျစ်ခဲခြင်း အဆင့်သို့ ရောက်နေသူများသာလျှင် အတွင်းစည်း တပည့် ဖြစ်လာနိုင်သည် ဆိုသော အချက်မှာလည်း ရှင်းလင်းလှပေသည်။ သူတို့သည် သူတို့၏ ချီနှလုံးသား၊ ရုပ်လွန်ချီ၊ ခန္ဓာကိုယ် ကြံ့ခိုင်မှု၊ သက်လုံ၊ အာရုံ ခံစားမှုတို့ကို အသုံးပြု၍ သူတို့၏ ရန်သူများကို သက်တောင့်သက်သာ အနိုင်ယူ နိုင်ပေသည်။

အယောက်တစ်ရာနှင့် ရင်ဆိုင်ရလျှင်ပင် သူတို့သည် မရှုံးနိမ့်နိုင်ချေ။ ဥပမာပြရပါက ထိုကဲ့သို့သော တိုက်ပွဲမှာ ကျားရိုင်း တစ်‌‌ကောင်နှင့် ကလေးငယ် တစ်ရာ၏ တိုက်ပွဲမျိုး ဖြစ်သည်။ သည်းထိတ်ရင်ဖိုစရာ အကြောင်း မရှိပါချေ။

စုမေ့သည် တိုက်ပွဲ စင်မြင့်ထက်၌ တည်ငြိမ်သော အမူအရာဖြင့် ရှိနေခဲ့၏။ သူမ၏ မျက်လုံးများသည် အေးစက်ကာ ဆိတ်ငြိမ်နေသည်။ အခြားပြိုင်ဘက်များ ကဲ့သို့ပင် သူမသည် အရာရာကို သတိ အနေအထားဖြင့် ရှိနေခဲ့လေ၏။

ဤတိုက်ပွဲများ၌ စည်းမျဥ်းစည်းကမ်းမှာ အလွန်နည်းပါးလှပေသည်။ ပထမဆုံး အနေဖြင့် ဓားများ၊ လက်သီးများတွင် မျက်လုံးမပါချေ။ မတော်တဆ ထိခိုက်မှုများတွင် ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်း အထိပင် ဖြစ်နိုင်ချေ ရှိသည်။

အကယ်၍ တစ်စုံတစ်ယောက်ကို သတ်နိုင်ပါက၊ သို့မဟုတ် အရှုံးပေးအောင် စွမ်းဆောင်နိုင်ပါက လူတိုင်းမှာ တစ်မှတ် ရရှိကြသည်။ ထိုနံပါတ်သည် ပြိုင်ပွဲဝင်၏ နံမည်နှင့် အတူ အနက်ရောင် ဘုတ်ပြားပေါ်တွင် ပေါ်လာလေ့ ရှိသည်။ အမှတ်များများ ရရှိလေလေ အနာဂတ်တွင် တိုးတက်ရန် အခွင့်အရေး ပိုမို များပြားလေလေ၊ ဂိုဏ်း၏ ရင်းမြစ်များကို ပိုမို လက်ခံ ရရှိလေလေ ဖြစ်သည်။ ထိုကဲ့သို့သော အခွင့်အရေးမှာ မည်သူ့ကို မဆို တိုက်ပွဲဝင်ရန် တိုက်တွန်း ဆွဲဆောင်နေသည်။

စုမေ့သည်လည်း ထိုအထဲ၌ တစ်ယောက် အပါအဝင် ဖြစ်သည်။ သူမသည် ရုပ်ရည်ချောမောသည့် မိန်းကလေး တစ်ယောက် ဖြစ်သော်လည်း တိုက်ပွဲ အတွင်းတွင်မူ သူမ၏ မိတ်ဆွေများ အပါအဝင် မည်သူမျှ သူမအား ငဲ့ညှာမှုကို ပြသလိမ့်မည် မဟုတ်ချေ။ သူမကိုယ်တိုင်လည်း ထိုအရာကို သိရှိထားပေသည်။

သူမသည် လက်နှစ်လုံးခန့် ကျယ်ဝန်းသည့် သူမ၏ ဓားရှည်ကို ဆွဲထုတ်လိုက်၏။ သူမ၏ ပတ်ဝန်းကျင်ရှိ ရောင်ဝါများမှာ ပြောင်းလဲသွားသည်။ သူမ၏ ကျင့်ကြံခြင်း အခြေခံမှာ ချီပျစ်ခဲခြင်း ဖြစ်သည်။ သူမ သတိထားနေသမျှ နောက်တစ်ဆင့်သို့ လွယ်ကူစွာ တက်လှမ်းရန် အခွင့်အရေး ရှိပေသည်။

“စတော့...”

တိုက်ပွဲ အစီအဥ် တင်ဆက်သူ စိတ်ထက်သန်စွာဖြင့် အော်ဟစ်လိုက်လေ၏။

အပြင်စည်း တပည့်များ စတင် တိုက်ခိုက်သည်နှင့် အမျှ လောကမှာ တည်ငြိမ်ရာမှ အပျက်အစီး နေရာတစ်ဖွယ် ပြောင်းလဲ သွားခဲ့သည်။ သေစေနိုင်သေည့် လက်နက်များသည် မဆိုင်းမတွပင် တစ်ယောက်ကို တစ်ယောက်ထွင်းဖောက်ရန် ကြိုးစားနေကြသည်။ စိတ်ဆိုး ဒေါသထွက်သံများ၊ သနားစရာ အော်ဟစ်သံများကို ကြားရရန် အချိန် သိပ်မယူလိုက်ရချေ။

အချို့ဆိုလျှင် အသက်များပင် ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။

ဝေ့ဝူယင်သည် ထိုအရာကို ကြည့်ရင်း လွမ်းဆွတ် တမ်းတခြင်းကို လှိုင်းတံပိုး ရိုက်ခတ်သလို စူးနင့်စွာ ခံစားလိုက်ရသည်။ ကျင့်ကြံခြင်းသည် ခက်ခဲကာ လောကရှိ ရင်းမြစ်များမှာမူ အကန့်အသတ်ဖြင့်သာ တည်ရှိသည်။ နေသွေးနီနီဂိုဏ်းသည် သူ့အား တိုက်ပွဲများကို ဖြတ်သန်းစေ၍ ရက်စက်ကြမ်းကြုတ်မှုနှင့် ဂရုဏာ ကင်းမဲ့မှုတို့ကို သင်ကြားပေးခဲ့သည်။

သူတို့သည် သစ္စာဖောက်မှုကို တိုက်ရိုက် မသင်ကြားပေးခဲ့သော်လည်း ဆန္ဒနှင့် စိတ်လှုံ့ဆော်မှု၏ အခြေခံ အရာများကို သင်ကြားပေးခဲ့သည်။ မြင့်မားသော နေရာတစ်ခု၌ ရပ်တည်ရန် သို့မဟုတ် အားလုံးကို အထက်စီးမှ ကြည့်ရှုရန် အတွက် သင့်အနေဖြင့် ပထမဆုံး တောင်ထိပ်တစ်ခုသို့ တက်ရောက်ရန် လိုအပ်ပေသည်။

ဝေ့ဝူယင် ထိုတောင်ထိပ်ပေါ်သို့ ရောက်ရှိခဲ့သည်မှာ ကြာချေပြီ။ သူသည် စုမေ့ကို လှမ်းကြည့်လိုက်၏။ သူမသည်လည်း ထိုကဲ့သို့ လုပ်နိုင်မည်လား သူတွေးနေမိသည်။

ကျင့်ကြံခြင်း အခြေခံ ကွာခြားမှုနှင့် အတူ သူမ၏ တိုက်ခိုက်မှုတိုင်းမှာ သိုးအုပ်စုထံ တိုးဝင်နေသည့် ကျားတစ်ကောင်နှင့် တူသည်။ ဓားသွားတစ်ချက် ပွတ်ဆွဲမှုတွင် အသက် တစ်သက်မှာ ထွက်သွားရစမြဲ ဖြစ်သည်။

သေဆုံးမှုနှင့် ဒဏ်ရာရမှုများသည် ဖရိုဖရဲ ဖြစ်နေဟန် ရသော်လည်း အမှန်တကယ်တွင်မူ အဖွဲ့ငယ်များ၊ လက်တွဲ တိုက်ခိုက်သူများနှင့် စနစ်တကျ ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။ ကြားနေသူများ သို့မဟုတ် ခိုင်မာသော မဟာမိတ် မရှိသူများသည် လျှင်မြန်စွာပင် စင်မြင့်ထက်မှ ပစ်ချခြင်းကို ခံကြရသည်။

သူတို့သည် ကံကောင်းသူများ ဖြစ်သည်။

တစ်ချိန်တည်း၌ စုမေ့သည် အမျိုးသမီး ကျင့်ကြံသူ တစ်ယောက်ကို ဓားဖြင့် ခါးအထက်မှ ထက်ပိုင်းပိုင်း ပစ်လိုက်သည်။ သူမ၏ အူများမှာ အခွေလိုက် ထွက်ကျလာကာ သူမ၏ မျက်လုံးများမှာ နာကျင်မှုများ၊ လက်မခံလိုခြင်းများဖြင့် ပြည့်နှက်နေ၏။ ဝေ့ဝူယင်သည် ထိုမိန်းမငယ်၏ မျက်နှာပေါ်ရှိ အသိစိတ်များ တဖြည်းဖြည်း ဝေဝါးပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသည်။

ထိုအမျိုးသမီး ကျင့်ကြံသူကား တောက်ကွေ့၏ အဖွဲ့မှ ဖြစ်သည်။ တောက်ကွေ့သည် အမြဲလိုလို ဝေ့ဝူယင်နှင့် မေ့မေ့၏ အဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်လေ့ ရှိသည်။

ထိုကဲ့သို့ အဖြစ်အပျက်များကား ဆက်လိုက်ဆိုသလို စင်မြင့်တိုင်း၌ ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။ မည်သည့် အကြီးအကဲကမှ ထိုအရာကို တားမြစ်ခြင်း မပြုပါချေ။ တိုက်ပွဲ၌ ပါဝင်ခြင်းသည် ကိုယ်ပိုင် ရွေးချယ်မှု ဖြစ်ရာ ကိုယ့်ကိုယ်ကို တာဝန်ယူရန် လိုအပ်သည်။ အမှန်တကယ်အားဖြင့် ထိုကဲ့သို့ တိုက်ပွဲများ၌ အောင်နိုင်သူများ သာလျှင် နောင်တစ်ချိန်၌ ဂိုဏ်း၏ ခေါင်းဆောင်များ ဖြစ်ကြသည်။

စုမေ့သည် တောက်ကွေ့နှင့် ကျူးလန်တို့၏ လက်အောက်ငယ်သားများကို ပစ်မှတ်ထားကာ တိုက်ခိုက်နေသည်။ သူမသည် ကြင်နာမှု ကင်းမဲ့ကာ သူမ၏ ဓားမှာလည်း ညှာတာမှုကို မပြချေ။ သို့သော်လည်း ရန်သူ မဟုတ်သည့် ကြားလူများကိုမူ သူမသည် လက်ဝါး၊ ခြေထောက်တို့ဖြင့် စင်အောက်ကိုသာ ပစ်ချခဲ့သည်။

ဝေ့ဝူယင်သည် အပြင်စည်း တပည့်များထဲ၌ နောက်လိုက်များကို ရွေးချယ်ရာတွင် အထူး ဂရုပြုခဲ့သည်။ စုမေ့သည် သောင်းပေါင်းများစွာထဲမှ သူ၏ ရွေးချယ်ခံ ဖြစ်သည်။ လခရမ်းဂိုဏ်း၏ အကြွင်းအကျန်များကို လိုက်လံ သုတ်သင်ရသော တာဝန်၌ သူမသည် သူ၏ လက်ထောက်တစ်ယောက် အဖြစ် လိုက်ပါ ဆောင်ရွက်ခဲ့သည်။

“စုမေ့က ရက်စက်တဲ့ အပြင် ရည်မှန်းချက်လည်း ရှိတယ်... နောက်ပြီး အမိန့်ကိုလည်း ကောင်း‌ကောင်း နာယူတတ်တယ်”

ဝေ့ဝူယင်၏ အမြင်အာရုံမှာ တိုက်ပွဲများကို ကြည့်နေရင်း  ဝေဝါးသွားသည်။ လွန်လေပြီးသော အဖြစ်အပျက် အချို့က သူ၏ စိတ်အတွေးတွင် နေရာယူ လာခဲ့လေ၏။

All Chapters