ကျူးလန်
Vol. 1 Ch. 10
စံအိမ်ခြံဝန်း၏ အရောင်အသွေး စုံလင်လှသော ပန်းဥယျာဥ် အတွင်း၌ မိန်းမပျို တစ်ယောက်သည် ညင်သာစွာ လမ်းလျှောက်နေခဲ့သည်။ သူမ၌ တစ်စုံတစ်ယောက်ကို သက်တောင့်သက်သာ ဖြစ်စေနိုင်သည့် ကောင်းကင် ရောင်ဝါ တစ်ခု ပါရှိ၏။ အကယ်၍ တစ်စုံတစ်ယောက်သာ ဤနေရာတွင် ကျင့်ကြံခွင့်ရပါက သူ၏ စွမ်းအင်မှာ လျှင်မြန်စွာ တိုးတက်လာလိမ့်မည် ဖြစ်သည်။
မိန်းမပျိုသည် နီမြန်းသော အနားသတ်ပါရှိသည့် အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ရွှေအိုရောင် ဆံပင်သည် ရေတံခွန်အလား နောက်ကျောဘက်၌ စီးဆင်းကျနေသည်။ သူမ၏ ပြာလွင်သော မျက်လုံးများမှာ သဘာဝ၏ အလှတရားကို လစ်ဟာပြသနေသည်။ မိန်မပျို၏ ဖြူစင်သော အသွင်အပြင်၊ ကျောက်စိမ်းကဲ့သို့ အချိုးအစား ကျနသော မျက်နှာ၊ ကြီးမားလုံးဝန်းသည့် ရင်သားတို့တွင် မည်သည့် ပုရိသ မဆို အရည်ပျော် သွားလိမ့်မည် ဖြစ်ပေသည်။
မိန်းမပျိုသည် နူးညံ့သိမ်မွေ့လှသည့် သူမ၏ ကျောက်စိမ်းလက်ချောင်းများဖြင့် ပန်းပွင့်များကို ထိတွေ့ နေခဲ့သည်။ ထိုကဲ့သို့ ပြုလုပ်လိုက်တိုင်း၌ ဒြပ်စင်များမှာ သူမ၏ လက်ချောင်းများ တစ်ဝိုက်တွင် ဝေ့ဝဲလာ၏။ စိမ်းပျိုရောင်ချီသည် သူမ၏ လက်ချောင်းများမှ ပန်းပွင့်များထံသို့ စီးဆင်းသွားသည်။ ထိုအခါ ပန်းကလေးများမှာ တန်ခိုးရှင် တစ်ပါးထံမှ ဆုလာဒ်ကို ရရှိသည့် အလား စိတ်လှုပ်ရှားစွာ တုန်လှုပ်သွားကြ၏။ အချို့ ပန်းပွင့်များဆိုလျှင် အသွင်ပြောင်းလဲခြင်း ဖြစ်စဥ်ကိုပင် တက်လှမ်းနိုင်ကာ ပိုမို လှပစွာ ပွင့်ဖူး လာကြသည်။ ထိုမြင်ကွင်းကား လှပလွန်းလှပေသည်။
“မမကျူး... မမကျူး...”
ချစ်စဖွယ်ကောင်းသည့် အရပ်ပုပု မိန်းမငယ်လေး တစ်ယောက်သည် အော်ကြီးဟစ်ကျယ် ခေါ်ရင်း ဥယျာဥ်ထဲရှိ မိန်းမပျိုထံ ပြေးလွှားလာသည်။ မိန်းမငယ်လေး၏ မျက်နှာမှာ ထိတ်လန့်ကာ အရေးကြီး အမူအရာများနှင့် ပြည့်နှက်နေသည်။ သူမသည် အလျင်စလို ပြေးလာနေသည့်တိုင် သူမ၏ လမ်းကြောင်း တစ်လျှောက်ရှိ မည်သည့် ပန်းပွင့်ကိုမှ ထိခိုက်မှု မရှိအောင် ဂရုစိုက် ရှောင်တိမ်းလာခဲ့သည်။
ထိုမိန်းကလေး၏ နာမည်မှာ ယုရှောင်ရှောင် ဖြစ်သည်။ သူမသည် ကျူးလန် သဘောအကျဆုံး အစေခံ မိန်းကလေး ဖြစ်ကာ ချီပျစ်ခဲခြင်း အဆင့်တစ်ကိုပင် ရောက်နေသူ ဖြစ်သည်။ တည်ငြိမ်နေသော သူမ၏ အရှိန်အဝါက အခြေခံ အုတ်မြစ်မှာ အမှားအယွင်းကင်းကြောင်း ဖော်ပြနေသည်။
ကျူးလန်က ယုရှောင်ရှောင်ဘက်သို့ လှည့်ကာ ညင်သာစွာ ပြုံးလိုက်၏။
“ရှောင်ရှောင်... ဘာတွေ အရေးကြီးလို့ ခုလို ပြေးလာရတာလဲ”
သူမသည် ရှောင်ရှောင်၏ နဖူးထက်ရှိ ချွေးစများကို ကြည့်၍ အရေးကြီးသော တစ်စုံတစ်ရာ ဖြစ်ပျက်နေပြီ ဖြစ်ကြောင်း ပြောနိုင်ပေသည်။ သူမသည် အပြင်စည်း တိုက်ပွဲများကို သွားရောက် ကြည့်ရှုနေသူဖြစ်ရာ ထိုနေရာ၌ တုန်လှုပ်စရာ တစ်ခုခု ဖြစ်ပွားခဲ့ဟန် တူသည်။
သူမက ညင်သာစွာပင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ကာ လေထုက အစိမ်းရောင် ချီစွမ်းအင် တစ်ခုအား သယ်ဆောင်သွားသည်။ ထိုစွမ်းအင်သည် ယုရှောင်ရှောင်ကို ရိုက်ခတ်သွား၏။ ရုတ်တရက်ပင် သူမမှာ ပေါ့ပေါးပြီး သက်တောင့်သက်သာ ရှိသွားသလို ခံစားလိုက်ရသည်။ ယုရှောင်ရှောင်မှာ မှင်သက်သွား၏။
“မမကျူး... ဒြပ်စင် မွေးဖွားခြင်း အဆင့်ကို ရောက်သွားတာလား... နောက်ပြီး သစ်သားချီ”
သူမ၏ တုန်လှုပ်ချောက်ချားမှုမှာ လွန်ကဲခြင်း မရှိချေ။ ပုံမှန်အားဖြင့် ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူ တစ်သောင်းတွင် တစ်ယောက်သာလျှင် အဆင့်မြင့် ဒြပ်စင်ချီကို မွေးဖွားနိုင်သည်။ ကျင့်ကြံခြင်းသည် ရိုးရှင်းသော်လည်း ခက်ခံလှသည်။
တောနက်ထဲတွင် နေထိုင်ပြီး ပန်းများ၊ မြက်များ၊ သစ်ပင်များမှ သစ်သား အမတေ စွမ်းအင်ကို စုပ်ယူကာ နှစ်ပေါင်း နှစ်ဆယ်ခန့် နက်နက်ရှိုင်းရှိုင်း ကျင့်ကြံလျှင်ပင် သစ်သားချီ မွေးဖွားရန်မှာ နှစ်ရာခိုင်နှုန်းခန့်သာ ရှိသည်။
ဝေ့ဝူယင် ပင်လျှင် သတ္တုချီကို ရရှိရန် အတွက် ကောင်းကင်နှင့် မြေကြီး၏ အမတေကို အဆက်မပြတ် မှီဝဲခြင်း အပြင် နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိသည့် တစ်စုံတစ်ခုကိုပါ လိုအပ်ခဲ့သည်။ သို့သော်လည်း ထိုအရာမှာ ကျိန်းသေ အောင်မြင်နိုင်သည့် အာမခံ တစ်ခု မဟုတ်ချေ။ သူ၏ ထူးချွန်သော သဘာဝ ပါရမီကြောင့်သာ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
ထိုအရာမှာ သူအား အကြီးအကဲကျိ ပြတ်ပြတ်သားသား ရွေးချယ်စေခဲ့သည့် အဓိက အကြောင်းရင်း တစ်ရပ်လည်း ဖြစ်ပေသည်။
ကျူးလန်က ချိုသာစွာ ပြုံးလိုက်၏။
“ကဲ ပြောပါဦး... နင် ဘာလို့ ဒီကို အပြေးပြန်လာရတာလဲ ဆိုတာ...”
သူမသည် ကျင့်ကြံခြင်းကို အဆင့်တစ်ခု တက်လှမ်းနိုင်ပြီးနောက် အဓိက တပည့်များ အကြားတွင် ပြိုင်ဘက်ကင်းသွားပြီ ဖြစ်ကြောင်း သေချာနေခဲ့သည်။ ထို့ကြောင့်ပင် မည်သည့် အကြောင်းအရာကိုမှ စိတ်မပူခြင်း ဖြစ်သည်။
“ဪ... ဟုတ်သားပဲ”
ယုရှောင်ရှောင်မှာ လာရင်းကိစ္စကို သတိရသွားပာ လျှင်မြန်စွာပင် ရှင်းပြလိုက်သည်။
“ဒီလိုပါ မမကျူး.. အပြင်စည်း တိုက်ပွဲက ပြီးသွားပါပြီ... ဒါပေမဲ့ မမျှော်လင့်ထားတာ တစ်ခု ဖြစ်သွားခဲ့တယ်... အကြီးအကဲကျူးက သူ ဝေ့ဝူယင်ရဲ့ ဘက်တော်သား ဖြစ်သွားပြီဆိုတာ ထုတ်ဖော်ပြသတဲ့ အပြင် ကျွန်မတို့ရဲ့ အဖွဲ့ဝင်တွေကိုပါ တိုက်ခိုက်ခဲ့တယ်... အဲဒါကြောင့်ပဲ ကျွန်မတို့ရဲ့ အပြင်စည်း အဖွဲ့သားတွေ အနက် တစ်ယောက်ပဲ ထိပ်ဆုံး ဆယ်ယောက်ထဲကို ဝင်နိုင်ခဲ့တယ်”
“နောက်ပြီး တောက်ကွေ့ရဲ့ အဖွဲ့သားတွေဆို တစ်ယောက်မှတောင် မဝင်ခဲ့ဘူး”
သူမ၏ စကားလုံးများမှ ကျူးလန်အား ငြိမ်သက်သွားစေခဲ့သည်။ သူမသည် ထိုကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်ပျက်လာလိမ့်မည်ဟု ထင်မှတ် မထားခဲ့ချေ။ အကြီးအကဲကျိသည် အဓိက တပည့်များတွင်ပင် ထိပ်ဆုံး သုံးယောက်ဝင်သူ ဖြစ်ကာ ကျင့်ကြံခြင်း လောကတွင် သြဇာတစ်ခု ထူထောင်ထားနိုင်သူ ဖြစ်သည်။ အသက် တစ်ရာကျော် ရှင်သန်ခဲ့သည့် အတောအတွင်း၌ သူသည် တစ်ခါမှ တပည့်များ၏ ပြိုင်ပွဲအတွင်း ဝင်ရောက်ပါဝင်မှု မပြုလုပ်ခဲ့ချေ။
ထိုအရာက မည်ကဲ့သို့ ဖြစ်ပျက်သွားရသနည်း။ သို့မဟုတ် တိုက်ဆိုင်မှု တစ်ခုလော။ သို့သော်လည်း ထိုသံသယကို ရှောင်ရှောင် နောက်ထပ် ပြောလိုက်သော စကားက ချိုးဖျက်သွားသည်။
“တိုက်ပွဲအပြီးမှာ အကြီးအကဲကျိက သူ့ရဲ့ ရပ်တည်ချက်ကို နှုတ်နဲ့ပါ ဖွင့်ပြောခဲ့ပါတယ်... မမကျူး...”
ကျူးလန်မှာ မျက်မှောင်ကြုတ် သွားခဲ့လေ၏။ ဝေ့ဝူယင်သည် သူ၏ ပါရမီ၊ အလားအလာတို့ဖြင့် အကြီးအကဲကျိအား စည်းရုံးခဲ့သည်တော့ မဖြစ်နိုင်ချေ။ လခရမ်းဂိုဏ်း၏ အကြွင်းအကျန်များကို လိုက်လံ ရှင်းလင်းသည့် ခရီးစဥ်၌ ထိုအကောင် တစ်စုံတစ်ခုကို ရရှိခဲ့သည်လော။ ပုလဲကဲ့သို့ ဖြူစင်ညီညာသည့် သွားများကို တင်းတင်းကြိတ်ရင်း သူမ၏ တည်ငြိမ်သော အမူအရာက စတင် ပျက်စီးလာ၏။
ကျူးလန် အနေဖြင့် ဝေ့ဝူယင်ထံ ထိုတာဝန်အား ပေးအပ်ခြင်းမှာ သေစေလိုသောကြောင့်သာ ဖြစ်သည်။ သူမသည် ထိုအရာကို သေချာစေရန် အတွက် သူလျှို ချူရန်ကိုပါ ထည့်ပေးခဲ့သည်။ ချူရန်သည် ချီပျစ်ခဲခြင်း အဆင့်တစ်၌ ရှိနေကာ ဝေ့ဝူယင် အဓိက တပည့် ဖြစ်စဥ် အချိန်ကတည်းက သူမ၏ သူလျှိုအဖြစ် လုပ်ကိုင်နေခြင်း ဖြစ်သည်။ သို့သော်လည်း ထိုခရီးစဥ်၌ ချူရန်မှာ သေဆုံးခဲ့ရကာ ဝေ့ဝူယင်သာလျှင် ပြန်လည် ရောက်ရှိလာခဲ့၏။ ထိုအချက်က သူမအား အလွန် စိတ်ပျက်စေခဲ့သည်။
ပို၍ ဆိုးသောအရာကား သူမ၏ ဒုတိယ ကြိုးစားမှုမှာလည်း ကျဆုံးသွားခဲ့ခြင်းပင်။ ဝေ့ဝူယင်အား လုပ်ကြံ သတ်ဖြတ်ခဲ့သူ နှစ်ယောက်သည် သူမ၏ ယုံကြည်အားထားရသော အစေခံများ ဖြစ်ကြကာ ချီပျစ်ခဲခြင်း ဒုတိယ အဆင့်၌ ရှိကြလေသည်။ သူမသည် သူတို့ နှစ်ယောက်ကို ဂိုဏ်းအတွင်း ဝင်ခါစ ကတည်းကပင် ရည်ရွယ်ချက် ရှိရှိဖြင့် ပျိုးထောင်ခဲ့ခြင်း ဖြစ်၏။
ပထမ၌ သူမသည် ဝေ့ဝူယင် ဒြပ်စင်မွေးဖွားခြင်း အဆင့်ကို ရောက်ရှိသွားခြင်းဟုသာ တွေးခဲ့သည်။ ထို့ကြောင့်ပင် သူမသည် အစီအစဥ်ကို ဆက်လက် အကောင်အထည်ဖော်ရန် ပြင်ဆင်ထားခဲ့သည်။ သို့သော်လည်း ယခုလက်တွေ့မှာ သူမ၏ မျှော်လင့်ချက်ထက် ကျော်လွန်နေခဲ့သည်။ ဝေ့ဝူယင်သည် အဆင့်မြင့် အဓိက အကြီးအကဲ တစ်ဦးဖြစ်သည့် အကြီးအကဲကျိ၏ ထောက်ခံမှုကိုပင် ရယူနိုင်ခဲ့သည်။
သူမ၏ ကျောက်စိမ်းလက်ချောင်းလေးများမှာ တင်းကြပ်စွာ လက်သီးဆုပ်သွား၏။ ယုရှောင်ရှောင်၏ အမူအရာမှာ စိုးရိမ် ထိတ်လန့်လာခဲ့သည်။ သူမသည် ထိုပြဿနာ မည်မျှကြီးကြောင်း သိရှိထားပေသည်။ အကယ်၍ ကျူးလန်သာ ထိုအရာကို အောင်မြင်စွာ မဖြေရှင်းနိုင်ပါက ဒြပ်စင် မွေးဖွားခြင်း အဆင့်သို့ ရောက်နေပင်လျှင် အသက် ဆက်လက် ရှင်သန်ရန် လွယ်ကူတော့မည် မဟုတ်ချေ။
ယုရှောင်ရှောင်မှာ ထိုအရာကို တွေးကာ ထိတ်လန့် သွားခဲ့သည်။
“ရှောင်ရှောင်... အကြီးအကဲမေ့ကို ပြောပြီး ငါတို့ရဲ့ အတွင်းစည်း တပည့်တွေ အကုန်လုံးကို ပြိုင်ပွဲကနေ နှုတ်ထွက်ခိုင်းလိုက်ပါ”
ကျူးလန်က အမိန့်ပေးလိုက်သည်။ ယုရှောင်ရှောင်မှာ မယုံကြည်နိုင်စွာ ဆွံ့အ သွား၏။ သို့သော်လည်း တစ်စက္ကန့်မျှ အတွင်းမှာပင် ထိုအရာက မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ကြောင်း သူမ သဘောပေါက်သွားသည်။ အကယ်၍ အကြီးအကဲကျိသာ ဝေ့ဝူယင်ကို အတွင်းစည်း တပည့် ပြိုင်ပွဲတွင်ပါ ဆက်လက် ကူညီပေးနေပါက သူမတို့ အဖွဲ့သားများ၏ အသေအပျောက်နှင့် ဒဏ်ရာရနှုန်းမှာ အလွန်မြင့်မားပေလိမ့်မည်။ တောက်ကွေ့သည်လည်း သူမ ကဲ့သို့ပင် ဆုံးဖြတ်ပေလိမ့်မည်။
ယုရှောင်ရှောင်မှာ ခေါင်းညိတ်ကာ ပြန်လည် ပြေးထွက်သွား၏။ သူမသည် ချီအား လှည့်ပတ်ကာ ခြေထောက်များထံ ပို့လွှတ်၍ အရှိန်ကို ပိုမို လျှင်မြန်စေလိုက်သည်။
ကျူးလန်မှာမူ အတွေးထဲတွင် လွင့်မြောရင်း တိတ်ဆိတ်စွာသာ ကျန်ရစ်၏။ သူမ၏ လှပ ပြေပြစ်သော မျက်နှာသည် မုန်းတီးမှုတို့ဖြင့် ဖုံးလွှမ်းနေသည်။ သစ်သားချီကို မွေးဖွားပြီးနောက် သူမသည် ကြယ်တစ်ပွင့် ဖြစ်နေသင့်သည်။ သူမသည် အဓိက တပည့်များ အကြားတွင် နံပါတ်တစ် နေရာကို ရယူထားနိုင်ဆဲ ဖြစ်သော်လည်း ဝေ့ဝူယင်၏ ကျောထောက်နောက်ခံ အသစ်က အစီအစဥ်ကို ပျက်စီးစေနိုင်သည်။ ထိုအခါ ဆုလာဘ်များပင်လျှင် ပြောင်းလဲ သွားနိုင်သည်။
နှလုံးသားချီကို သွေးချီနှလုံးသား အဖြစ် ပြောင်းလဲပစ်ရန် သူမ၏ အိပ်မက်များမှာ တဖြည်းဖြည်းနှင့် စတင် မှေးမှိန်လာခဲ့လေသည်။
သို့သော်လည်း....
တစ်စုံတစ်ခုကို တွေးမိသောအခါ၌ သူမ၏ မျက်လုံးများက တလက်လက် တောက်ပလာ၏။ သူမသည် ပန်းဥယျာဥ်ထဲမှ ထွက်ခွာကာ ငွေသား နန်းတော်ဆီသို့ ဦးတည်လိုက်သည်။ တော်ဝင်နန်း အိပ်ဆောင် ကဲ့သို့ အဖိုးတန် အဆင်တန်ဆာများဖြင့် ပြင်ဆင်ထားသည့် ကိုယ်ပိုင် အခန်းအတွင်းသို့ ဝင်လာပြီးနောက် သူမသည် ကြည်လင်သော ကြေးမုံတစ်ချပ်၏ ရှေ့သို့ သွားလိုက်သည်။
ကြေးမုံထဲ၌ ပေါ်လာသော ပုံရိပ်ကား ပြည့်စုံလွန်းလှသည်။ ကျူးလန်သည် ကြေးမုံကို စူးစိုက်ကြည့်ရင်း တီးတိုး ရေရွတ်လိုက်၏။
“ငါက ကြီးကျယ် မြင့်မြတ်တဲ့လူတစ်ယောက် ဖြစ်လာရမယ်... ဝူတိုင်းပြည်ရဲ့ ထိပ်ဆုံးကို ရောက်ရမယ်... မသေမျိုး တန်ခိုးရှင် တစ်ပါး ဖြစ်လာရမယ်”
သူမ၏ စကားလုံးများမှာ သံသယ မရှိခြင်းနှင့် ဆုံးဖြတ်ချက် ပြတ်သားခြင်း ဆန္ဒခွန်အားများကို သယ်ဆောင်ထား၏။
ထို့နောက် သူမက အင်္ကျီလက်အား မ,တင်ကာ ကြေးမုံထံ လက်ချောင်းများဖြင့် ထိတွေ့ရင်း ချီကြိုးမျှင်တစ်ခုကို လွှတ်လိုက်သည်။ ပင်ကိုယ်ဂုဏ်သတ္တိများ ပြောင်းလဲလာသည်နှင့် အမျှ ရောင်ပြန်ဟပ်နိုင်သော စွမ်းရည်မှာ ပျောက်ဆုံးသွားကာ ကြေးမုံတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာ၏။
မကြာခင်မှာပင် ထိုအရာမှာ လုံးဝ ပျောက်ကွယ်သွား၏။ မည်းမည်းမှောင်နေသော လမ်းကြောင်းများနှင့် မီးခိုးရောင် လှေကားထစ်များ ပင်လျှင် ကျန်ရှိခဲ့ပေသည်။ ထိုလမ်းကြောင်း၏ နံရံများမှာ သားရဲတစ်ကောင်၏ လည်ချောင်းအလား အမည်အသိ နေရာတစ်ခုသို့ ကျဆင်းသွားသည်။ ကျိလန်သည် သူမ ဖန်တီးထားသည့် ထိုလမ်းကြောင်းထဲသို့ ခြေချကာ ဝင်လိုက်၏။ သူမ အထဲသို့ ရောက်ရှိသွားပြီးသည့်နောက်၌ ကြေးမုံမှာ ပုံမှန် ပြန်ဖြစ်သွားကာ အိပ်ခန်းနှင့် ခုတင်ကို ပြန်လည် ရောင်ပြန် ထင်ဟပ်ပြသနေတော့သည်။
ကျိလန်သည် အနက်ရောင် သံမဏိချက်များ ပါရှိသော သစ်သား တံခါးထံ ရောက်ရှိသည် အထိ ဆက်လက် ဆင်းသက်သွား၏။ တံခါး၏ ရှေ့တွင်မူ မီးရှူးတိုင်များကို ထိန်းညှိထားကာ အလင်းရောင်အား ဖြန့်ကျက်ထားသည်။ ခလုတ်အား ဆွဲလိုက်သည်နှင့် တံခါးမှာ ပွင့်ဟသွားကာ အခန်းတစ်ခု ပေါ်လာခဲ့သည်။
ဤအခန်းတွင် နက်မှောင်သော မီးခိုးရောင် နံရံများနှင့် မှိန်ပြသော မီးရှူးတိုင် အချို့ ရှိသည်။ ထိုအခန်းသည် အသက်ရှူကြပ်သည့် ခံစားချက်တစ်မျိုးကို ထုတ်လွှတ်နေသော်လည်း ကျိလန်မှာမူ သက်တောင့်သက်သာပင် ရှိနေခဲ့သည်။ သူမသည် လုံးဝ တည်ငြိမ်သော အမူအရာဖြင့် အခန်းအတွင်း တဖြည်းဖြည်း လျှောက်ကာ ဝင်ရောက် လာခဲ့၏။
အခန်းအတွင်း၌ ထောင်လိုက် စားပွဲတစ်ခု ရှိကာ ထိုစားပွဲပေါ်တွင် အသားနက်မှောင်သော ယောက်ျားတစ်ယောက် ရှိနေခဲ့သည်။ ထိုယောက်ျား၏ ခြေလက်များသည် သံကြိုးများ၏ ချည်နှောင်ခြင်းကို ခံထားရကာ လုံးဝ အဝတ်ဗလာဖြစ်သည်။ သူ၏ လည်ချောင်းတွင်မူ သတ္တုဖြင့် ဖန်တီးထားသည့် ပိုက်လိုင်းတစ်ခုကို တပ်ဆင်ထား၏။ ထိုပိုက်လိုင်းသည် သူ၏ ချက်သို့ ရောက်သည်အထိ ဝမ်းဗိုက်အတွင်း မြုပ်ဝင်နေ၏။
ရွှေရောင် အလင်းများသည် ပိုက်လိုင်းတစ်လျှောက် ထွက်ပေါ်လာနေကာ ကြွေပုလင်း တစ်ခုထဲသို့ စီးဝင်နေသည်။ ၎င်းတို့ကား လူမည်း ယောက်ျား၏ ခန္ဓာကိုယ်ထဲမှ ထုတ်ယူထားသည့် မူလ ယန်စွမ်းအင်များပင် ဖြစ်လေသည်။
ကျိလန်၏ မျက်လုံးများသည် ထိုယောက်ျားကို တွေ့သော်လည်း မည်သည့် ထူးခြားမှုကိုမှ မပြချေ။ ထိုအစား သူမက ကြွေပုလင်းကို ကောက်ကိုင်ကာ အနည်းငယ် လှုပ်ခါလိုက်၏။ ထို့နောက် ၎င်းကို စင်မြင့် တစ်ခုထက်သို့ တင်ကာ ကြွေပုလင်း အသစ် တစ်လုံးဖြင့် အစားထိုးလိုက်သည်။ သို့သော်လည်း သူမ၏ မျက်ဝန်းတွင်မူ စိတ်ပျက် အားလျော့မှု တစ်ခုက နေရာယူနေလေ၏။
“ငါ့ကို သတ်... သတ်ပေးပါ”
ခြောက်သွေ့ အားနည်းနေသော အသံက တိတ်ဆိတ်သော လေထုကို လှုပ်ယမ်းကာ ထွက်ပေါ်လာလေ၏။ လူမည်း ယောက်ျားကား သူ၏ ဘဝမှာ အသက်ဆက်လက် ရှင်သန်ရန်ပင် မထိုက်တန်တော့ကြောင်း တွေးနေပုံ ရသည်။ သို့သော်လည်း ကျိလန်က သူ့အား အေးစက်စွာ ကြည့်ကာ လှည့်၍ ထွက်ခွာသွား၏။
လူမည်း ယောက်ျားမှာ နာကျင်စွာ အော်ဟစ်လိုက်ချင်သော်လည်း သူ၏ အသံက ခြင်သံလောက်သာ ထွက်ပေါ်လာသည်။ တကယ်တမ်း၌ သူသည် စကား တစ်ခွန်းမျှ ပြောရန်ပင် ခွန်အား ကုန်ဆုံးနေခဲ့ပြီ ဖြစ်သည်။
ကျိလင်သည် ခန်းမထဲရှိ အခြား အခန်းတစ်ခုထဲတွင် ပေါ်လာခဲ့၏။ ဤတစ်ကြိမ်တွင်မူ မိန်းကလေး တစ်ယောက်မှာ တင်ပျဥ်ချိတ်ကာ ထိုင်နေခဲ့သည်။ သူမ၏ ခြေများ၊ လက်များတွင်မူ သေးငယ်သော အပ်တိုများက စိုက်ဝင်နေသည်။ သူမသည် လှုပ်ရှားနိုင်ဆဲ ဖြစ်သည့်တိုင် အပ်တိုများမှာမူ သူမ၏ အရည်ပြား အတွင်း ထာဝရ နစ်မြုပ်နေမည့်ပုံ ရသည်။
အကယ်၍ တစ်စုံတစ်ယောက်သာ ဝိညာဥ် အမြင်အာရုံဖြင့် ကြည့်ပါက ထိုအပ်တိုများမှာ မိန်းကလေး၏ ချီစီးဆင်းမှုနှင့် ခွန်အားတို့အား ထိန်းချုပ်ထားသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ သူမသည် ထိုနေရာတွင် တင်ပျဥ်ချိတ် ထိုင်ခြင်းမှ တစ်ပါး အခြား မည်သည့် အရာကိုမှ ပြုလုပ်နိုင်စွမ်း မရှိပါချေ။ တွားသွားခြင်း ပင်လျှင် သူမ၏ လက်ရှိ စွမ်းဆောင်ရည်ထက် ကျော်လွန်သည့် ရုန်းကန်မှု တစ်ခု ဖြစ်သည်။
အလွန် အားနည်းနေဟန် ရသော်လည်း မိန်းကလေး၏ မျက်လုံးများမှာမူ လွန်ဆန်လိုသည့်စိတ်များဖြင့် ပြည့်နှက်နေ၏။ မှိန်ပြသော အခန်းထဲ၌ သူမ၏ မျက်လုံး၊ ဆံပင်နှင့် သွေးတို့သည် မြရောင် မှိန်ပြစွာ တောက်ပနေသည်။
မိန်းကလေးက ကျူးလန်အား မော့ကာ ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများမှာ ခံစားချက် ရောင်ဝါ ကင်းမဲ့နေ၏။
ကျူးလန်က တဖြည်းဖြည်းချင်းပင် အနားသို့ လျှောက်လာကာ မိန်းကလေးအား ငုံ့ကြည့်လိုက်သည်။ ရှည်လျား ချောမွတ်သော ဆံပင်၊ ဆွဲဆောင်မှု ရှိသော မျက်နှာဖွဲ့စည်းမှု... မိန်းကလေးသည် ကျူးလန် ပင်လျှင် နှိုင်းယှဥ်ရန် ခက်ခဲလှသော အလှတရားကို ပိုင်ဆိုင်ထားသည်။ သူမသည် အလွန် စုတ်ပြတ် ညစ်ထေးသည့် အနေအထား တစ်ခုတွင် ရှိနေသော်လည်း မြင့်မြတ်မှုနှင့် အခြား ထည်ဝါမှုများကို သယ်ဆောင်ထားဆဲ ဖြစ်သည်။
ကျူးလန်၏ မျက်လုံးများက မသိမသာ ကျဥ်းမြောင်းသွား၏။
“ငါ နင့်ကို ကျေးဇူးတင်ရမှာပဲ... နင့်ရဲ့ ယင်သစ်သား အမတေ နှလုံးသွေးကြောင့် ငါ သစ်သားချီကို မွေးဖွားလိုက်နိုင်ပြီလေ...”
အေးစက်သော အပြုံးတစ်ခုက သူမ၏ နှုတ်ခမ်းဖျားတွင် တွဲခိုလာသည်။
မိန်းကလေးမှာမူ ဘာမှ ပြန်မပြောချေ။ သူမက အရေးမပါသည့် ပါမွှားတစ်ကောင်ကို ကြည့်နေသည့် အလား ကျူးလန်ကို ထူးမခြားနားစွာ ကြည့်နေခဲ့၏။
“ဒါပေမဲ့ ကံမကောင်းစွာပဲ ငါနည်းနည်း ထပ်လိုနေတယ်... အဲဒါနဲ့မှ ငါ နောက်တစ်ဆင့်ကို နီးကပ်ပြီး ကျင့်ကြံခြင်း အခြေခံကို ခိုင်မာအောင် တည်ဆောက်နိုင်မှာ... နည်းနည်းလောက် ထပ်ရနိုင်မလား”
ကျူးလန်မှာ ယဥ်ကျေးသူ တစ်ယောက် အဖြစ် ပြုမူနေခဲ့သည်။ သို့သော်လည်း သူမသည် အလွန် ကြီးမားသည့် ပြွန်တစ်ချောင်းကို ထုတ်ယူခဲ့ပြီး ဖြစ်သည်။ ထိုပြွန်သည် မွေးကင်းစ ကလေးငယ် တစ်ယောက်၏ လက်မောင်းအရွယ်အစားခန့် ရှိ၏။
မတုံမဆိုင်းပင် သူမက ပြွန်၏ ချွန်ထက်သော ဘက်ဖြင့် မိန်းကလေး၏ ရင်ဘတ်ကို ထိုးစိုက်ချကာ နှလုံးအတွင်းထိ ဝင်ရောက်လိုက်သည်။ မိန်းမငယ်မှာ အော်ဟစ်ခြင်း မပြုသလို မျက်တောင်ပင် မခပ်ချေ။ သူမ၏ အမူအရာက အတူတူပင် ဖြစ်၏။
ကျူးလန်က မြရောက် သွေးများကို ထုတ်ယူရင်း ကျေးနပ်စွာ ပြုံးလိုက်သည်။ စိတ်ကျေနပ်သည့် ပမာဏ တစ်ခုသို့ ရောက်သောအခါ သူမက ပြွန်ကို ပြန်လည် ဆွဲထုတ်လိုက်၏။
“ကျေးဇူးပဲ...”
ထို့နောက်...
သူမမှာ နောက်သို့ လှည့်ကာ ထွက်ခွာလိုက်သည်။ သူမက တံခါးဝသို့ ရောက်ခါနီး၌ ငြိမ့်ညောင်းသော အသံတစ်ခုက ပဲ့တင်ထပ်ကာ ပျံ့လွင့်လာ၏။
“မကြာခင်...”
ကျူးလန်မှာ တဒင်္ဂမျှ ရပ်တန့်သွားသည်။ သို့သော်လည်း သူမသည် နောက်သို့ လှည့်ကြည့်ခြင်းဖြင့် အချိန် မဖြုန်းတော့ချေ။ ညင်သာစွာပင် ထွက်ခွာသွားတော့၏။
***