အခန်း (၄၆၅)
Vol. 34 Ch. 465
‘သူက ဆိုင်ရှင်နဲ့ အမျိုးတော်တာလား’
ဇူအော်ယုလုံက လက်သီးဆုပ်လိုက်ပြီး ညင်သာစွာပြောသည်။
“အာခီမီကံကြမ္မာဆေးဆိုင်မှာ အလုပ်လုပ်ခွင့်ရတာက ကျွန်တော့်အတွက် အခွင့်အရေးတစ်ခုပဲ”
ထိုသို့ဖြင့် သူက လက်ဖက်ရည်ယူရန် ထွက်သွားသည်။
‘အခွင့်အရေးတဲ့လား’
သခင်ပေါင်က ခေါင်းခါလိုက်ပြီး မျက်နှာချင်းဆိုင်နံရံတွင် ချိတ်ဆွဲထားသော ပန်းချီကားကို ကြည့်လိုက်သည်။
သူက ထိုပန်းချီကားကို ဆိုင်တံခါးဝတွင် မြင်ခဲ့ပြီး တစ်ခုခုကို ခံစားမိသည်။
“တိမ်တိုက်တောင်တန်းရဲ့ ဆည်းဆာမြူခိုးတဲ့လား”
သူက ပန်းချီကားကို အနီးကပ်ကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။ ထို့နောက် ရယ်လိုက်ပြီး ပြောသည်။
“သခင်နွယ်စိမ်းရဲ့လက်ရာကို ဒီလောက်အထိ ပုံတူကူးနိုင်တာ ....”
သူက ထိုသို့ပြောလိုက်သော်လည်း မျက်နှာထားလေးနက်သွားသည်။
သူက လက်မှတ်ထိုးထားသောနေရာကို ကြည့်မိသည်။
သူ့ခန္ဓာကိုယ်ထဲတွင် သမာဓိစွမ်းအားများ လှုပ်ရှားလာသည်။
သခင်ပေါင်သည် အရာရှိတစ်ဦးဖြစ်သည်။
ရွှေရောင်သမာဓိစွမ်းအားများ ပေါ်ထွက်လာသောကြောင့် သူ့ဝတ်စုံက ဖောင်းကြွလာသည်။ သူ့မျက်လုံးထဲတွင် ရွှေအလင်းများရှိနေသည်။
“အစစ် .... အစစ်လား”
‘ဘယ်လိုလုပ်ပြီး အစစ်ဖြစ်နိုင်မှာလဲ’
‘သခင်နွယ်စိမ်းရဲ့ နာမည်ကြီးလက်ရာတွေကို မဟာကျောင်းတော်သားကြီးတွေက ထိန်းသိမ်းထားတာမဟုတ်ဘူးလား’
‘လွန်ခဲ့တဲ့နှစ်သုံးရာတုန်းက ကွန်ဖြူးရှပ်ဆရာသခင်တွေနဲ့ တာအိုတန်ခိုးရှင်တွေက ဒီပန်းချီကားအတွက် တိုက်ခိုက်ခဲ့တယ်လို့ ပြောကြတယ်။ အဲ့ဒီနောက်ပိုင်းမှာ ပန်းချီကားက ပျောက်ကွယ်သွားတယ်’
‘ဒီလိုရတနာမျိုးက ဒီဆိုင်မှာ ရှိမနေသင့်ဘူး’
‘ဒါပေမဲ့ စာပေအငွေ့အသက်တွေနဲ့ ဝိညာဉ်ကို တုန်ခါသွားစေနိုင်တဲ့ သခင်နွယ်စိမ်းရဲ့လက်မှတ်က အတုမဖြစ်နိုင်ဘူး’
‘အတုမဟုတ်သလို သခင်နွယ်စိမ်းက ပြန်ဆွဲထားတာလည်း မဖြစ်နိုင်ဘူး။ သခင်နွယ်စိမ်းက ဘာကိုမှဆက်မရေးတော့တာ အတော်ကြာပြီ ....”
“သခင်ပေါင်၊ လက်ဖက်ရည်သောက်ပါအုံး ....”
ဇူအော်ယုလုံ၏အသံ ထွက်ပေါ်လာသည်။ သခင်ပေါင်က သမာဓိစွမ်းအားများကို သိမ်းဆည်းလိုက်ပြီး အသိစိတ်ပြန်ဝင်လာသည်။
သူက နောက်သို့လှည့်ပြီး အပြုံးတစ်ခုနှင့်အတူ လက်ဖက်ရည်ခွက်ကို ယူသည်။ သူက ညင်သာစွာ မေးသည်။
“မင်းတို့ရဲ့သူဌေးနဲ့ ဆိုင်ရှင်က ဘယ်သူတွေလဲ”
‘သူတို့ရဲ့နောက်ခံက ဘာလဲ’
ဇူအော်ယုလုံ၏မျက်နှာထားက ဗလာဖြစ်သွားပြီး ခေါင်းခါသည်။
ရှင်းပြရန် ခက်ခဲသည်။
သခင်ပေါင်က အနည်းငယ် စိတ်ပျက်သွားသည်။ သူက လက်ထဲတွင်ရှိသော လက်ဖက်ရည်ခွက်ကိုကြည့်ပြီး တစ်ကိုယ်လုံး တုန်ခါသွားသည်။ ခွက်ကို လွှတ်ပစ်လုနီးပါး ဖြစ်သွားသည်။
“ကြက်ဖရေနွေးခွက်၊ အစစ်ပဲ ....”
သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ထုံထိုင်းသွားသည်။
“လုရှန်တောင်မြေပုံ၊ အစစ်”
“တောင်တန်းခရီးသွားစမ်းချောင်းမြေပုံ၊ အစစ်”
“ရွှေရစ်ငှက်ပန်းချီကား၊ အစစ်”
“ဖူချွန်းတောင်တွင်ငြိတွယ်ခြင်းပန်းချီကား၊ အစစ်”
“မင်ရည်စပျစ်သီးပန်းချီကား ....”
....
ဟန်မူယဲ့နှင့်မူဝမ်က ဆိုင်သို့ပြန်လာသည်။ ဇူအော်ယုလုံက နေ့လယ်ပိုင်းတွင်ဖြစ်ခဲ့သောအရာကို ပြန်ပြောလိုက်သည်။
“ကျွန်တော်က ပတ်ဝန်းကျင်မှာ မေးကြည့်ခဲ့တယ်။ ဆရာပေါင်မင်ချန်က ကာကွယ်ရေးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူးသုံးယောက်ထဲက တစ်ယောက်ပဲ”
ဇူအော်ယုလုံက ညင်သာစွာ ပြောသည်။
သခင်ပေါင်က လက်ဖက်ရည်ခွက်ကို တစ်ဝက်ပင်မသောက်နိုင်ဘဲ ငေးမောစွာ ထွက်သွားသည်။ သူက တံခါးဝတွင် ခြေချော်ကျလုနီးပါး ဖြစ်သွားခဲ့သည်။
“သခင်လေး၊ ဆေးဆိုင်ဖွင့်ဖို့ မလွယ်ဘူးလို့ ပြောကြတယ်။ အဆင်ပြေပါ့မလား”
ရှောက်တထျန်းက စိုးရိမ်စွာ မေးသည်။
စွေ့စွေ့ကလည်း စိုးရိမ်နေပုံရသည်။ သူတို့က ဆိုင်ကို ပြန်ဖွင့်ထားသည်။ သခင်ပေါင်၏အကူအညီရှိလျှင် သူတို့က ပြဿနာများကို ကြုံရတော့မည်မဟုတ်ကြောင်း အိမ်နီးချင်းများက ပြောခဲ့သည်။
သို့သော် ဆေးဆိုင်ဖွင့်ရန်အတွက် အားကောင်းသောနောက်ခံကို လိုအပ်ကြောင်း ကြားခဲ့ရသည်။
နေ့လယ်တွင် ပတ်ဝန်းကျင်ရှိလူများက နောက်ကွယ်တွင်ရှိသောစည်းမျဉ်းများကို ပြောပြခဲ့သည်။
ဥပမာအနေဖြင့် မြို့လယ်တွင်ရှိသော စီးပွားရေးများ၏နောက်ကွယ်တွင် အင်အားစုများ ရှိနေသည်။ သာမန်လူများက ဆိုင်ဖွင့်ချင်တိုင်း မဖွင့်နိုင်ပေ။
“အဆင်ပြေပါတယ်။ ဆိုင်ဖွင့်မှ ဆက်ပြောကြရအောင်”
ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။
‘အာခီမီဌာနတဲ့လား’
‘ချင်စုယန်က အဲ့ဒီဌာနကို ထိန်းချုပ်ထားတာမဟုတ်ဘူးလား’
မူဝမ်က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။
သူမက ယနေ့တွင် အာခီမီဆရာများနှင့် အာခီမီဆရာသခင်များကို မြင်ခဲ့ရသောကြောင့် ယုံကြည်ချက် ပိုရှိလာသည်။
အပြန်လမ်းတွင် သူမက အစ်ကိုဟန်နှင့် အာခီမီအကြောင်း ဆွေးနွေးခဲ့သည်။ သူမက ကျင့်ကြံဆင့်တိုးမြှင့်ပြီး ဆက်လက်လေ့ကျင့်နေလျှင် အာခီမီဆရာသခင်အဆင့်နှင့် သိပ်မဝေးတော့ကြောင်း ဟန်မူယဲ့က ပြောခဲ့သည်။
ဟန်မူယဲ့တို့ပြန်လာသောအခါတွင် အိမ်နီးချင်းဆိုင်ရှင်များ ရောက်လာခဲ့သည်။
တည်းခိုခန်းပိုင်ရှင်ထောင်က ဆေးဆိုင်မဖွင့်နိုင်လျှင် ဆေးဆိုင်နှင့် သူ၏တည်းခိုခန်းကို ပေါင်းစပ်၍ တည်းခိုခန်းဆက်ဖွင့်နိုင်ကြောင်း ပြောခဲ့သည်။
အဝတ်ဆိုင်ပိုင်ရှင်တစ်ယောက်က မူဝမ်ကိုဆွဲခေါ်ပြီး စီစဉ်ထားသောအကြောင်းအရာများကို မေးနေသည်။ သူမက ရင်းနှီးသောလူအချို့ကို အကူအညီတောင်းနိုင်သည်။
ဟန်မူယဲ့နှင့်မူဝမ်က သူတို့၏ကြင်နာမှုများကို အပြုံးတစ်ခုနှင့် ငြင်းပယ်ခဲ့သည်။
‘ဆိုင်ဖွင့်ဖို့ ခွင့်မပြုဘူးတဲ့လား’
ထိုအရာသည် ပြဿနာလေးတစ်ခုသာ ဖြစ်သည်။
အမှန်တကယ်ပြောရလျှင် ပြဿနာပင် မဟုတ်ပေ။
ညအချိန်တွင် စွေ့စွေ့က ညစာချက်ပြုတ်၍ ပို့ပေးခဲ့သည်။ သူမတို့က ဆိုင်ကို ဆက်ဖွင့်ထားသည်။
နေ့လယ်ပိုင်းတွင်ဖြစ်ခဲ့သော ကိစ္စများကြောင့် စားသောက်ဆိုင်တွင် ဧည့်သည်များ ပိုရောက်လာသည်။
ရှောက်တထျန်းက ကလေးများကို စနောက်နေသည်။ သူနှင့်အတူကစားချင်သော ကလေးများ အများအပြားရှိနေသည်။
“သာမန်လူတစ်ယောက်ဖြစ်ရတာ ကောင်းလိုက်တာ”
မူဝမ်က ဆိုင်တံခါးဝရှိ လှေကားထစ်ပေါ်တွင်ရပ်နေပြီး ညင်သာစွာပြောသည်။
သူမက ရှောက်တထျန်းအားဝိုင်းရံထားသော ကလေးများကို ကြည့်သည်။
စွေ့စွေ့က စားပွဲခုံပေါ်တွင် စားစရာအမျိုးမျိုးကို ခင်းကျင်းပြသထားသည်။ ထိုစားစရာများသည် ကလေးများကို အမြဲတမ်း ဆွဲဆောင်နိုင်သည်။
လွန်ခဲ့သောနှစ်ရက်အတွင်း၌ မုန့်များ၏ပုံစံသည် ပိုမိုကောင်းမွန်လာသည်။
ရှောက်တထျန်းက ချွေးထွက်နေသော်လည်း ပြုံးလိုက်ပြီး ကလေးများကို ကျောပေါ်တက်ခွင့်ပြုသည်။
တောင်ပိုင်းကုန်းမြေ၏ လူငယ်နှင့် အမျိုးသမီးငယ်သည် အနာဂတ်အတွက်မျှော်လင့်ပြီး တိုးတက်သောနန်းမြို့တော်တွင် အလုပ်ကြိုးစားနေသည်။
ဟန်မူယဲ့ပေးထားသော စာရွက်စာတမ်းများမရှိလျှင် ဆိုင်မဖွင့်နိုင်ကြောင်း သူတို့ မသိခဲ့ပေ။
ဆိုင်ငှားရမ်းခသည် တစ်လလျှင် ဝိညာဉ်ကျောက်တုံးသုံးဆယ်မဟုတ်ကြောင်း သူတို့ မသိခဲ့ပေ။
“အစ်ကိုဟန်၊ နောက်ရက်တွေမှာ ဆေးလုံးသန့်စင်ပြီး ဆိုင်ဖွင့်တော့မယ်”
မူဝမ်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး သူမကို ကြည့်သည်။
“အာခီမီကံကြမ္မာဆေးဆိုင်က ငါးရက်နေရင် ဖွင့်မယ်လို့ အသိပေးစာချိတ်လိုက်မယ်”
စွေ့စွေ့နှင့်ရှောက်တထျန်တို့သည် အစွမ်းကုန်ကြိုးစားပြီး သူတို့နှင့်သက်ဆိုင်သောပျော်ရွှင်မှုကို ရှာဖွေနေသည်။ သူမနှင့် အစ်ကိုဟန်ကလည်း အတူတူပင်ဖြစ်သည်။
ဟန်မူယဲ့က မူဝမ်၏လက်ကို ကိုင်လိုက်သည်။ သူတို့နှစ်ယောက်က ကလေးများနှင့် လမ်းသွားလမ်းလာများကို ကြည့်နေခဲ့သည်။
“ညီမမူ၊ အင်မော်တယ်လရေကန်ကို သွားကြည့်ရအောင်”
“ရတယ်လေ။ ဒါပေမဲ့ နည်းနည်း နောက်ကျနေပြီလားလို့”
“နောက်ကျနေရင်လည်း အဆင်ပြေပါတယ်။ လူမရှုပ်တာပေါ့”
....
တော်ဝင်ဥယျာဉ်လမ်းသည် ကျယ်ဝန်းပြီး မြင်းလှည်းများ ဘေးချင်းကပ်လျက် မောင်းနှင်နိုင်သည်။
မြင်းလှည်းမောင်းနေသောဇူအော်လင်းက အရှိန်လျော့လိုက်သည်။
သူ့နောက်တွင် ဇူအော်ယုထင်နှင့် ဇူအော်ယုလုံတို့ ရှိနေသည်။ သူတို့နှစ်ယောက်လုံးက ငေးမောနေသည်။
ဇူအော်လင်းက နောက်လှည့်ကြည့်ပြီး ပြုံးသည်။
သူက ကလေးများနှင့်အတူ မြင်းလှည်းမောင်းပြီး နန်းမြို့တော်ကို လှည့်ပတ်ကြည့်နိုင်ရန်အတွက် စိတ်ကူးယဉ်ခဲ့သည်။
သူတို့အမေက ဤမြင်ကွင်းကို မြင်နိုင်ခဲ့လျှင် ....
“အစ်ကို၊ ဒီလောကမှာ ဒီလိုအခွင့်အရေးမျိုး တကယ်ပဲရှိနေတာလား”
ဇူအော်ယုထင်က ဘေးတွင်ရှိနေသော ဇူအော်ယုလုံကို ကြည့်သည်။
ဇူအော်ယုလုံက သူမကို ပြန်ကြည့်သည်။ ထို့နောက် မြင်းလှည်းမောင်းနေသော ဇူအော်လင်းကို ကြည့်လိုက်သည်။
“ငါလည်း မသိဘူးလေ”
ဇူအော်ယုလုံက ခေါင်းခါလိုက်ပြီး အပြင်ဘက်ကို ကြည့်သည်။
“အရင်ရက်တွေမှာ ငါက အိပ်မက် မက်နေတယ်လို့ ခံစားရတယ်”
ဇူအော်ယုထင်က ခေါင်းညိတ်သည်။
ဆေးစံအိမ်ထဲတွင် သူမကြုံတွေ့ခဲ့သောအရာများ၊ အာခီမီပညာရှင်များ၏ သူမအပေါ် ဆက်ဆံပုံများသည် အိပ်မက်တစ်ခုနှင့် ဆင်တူသည်။
‘ငါ့ဆိုင်ရှင်နဲ့ သူဌေးက စိတ်ကူးမယဉ်နိုင်လောက်တဲ့ ကျွမ်းကျင်သူကြီးတွေလား’
သူမက တွေးမိသည်။
ဇူအော်လင်းက ပြုံးလိုက်ပြီး မြင်းလှည်းကို ပြန်လှည့်သည်။
“အဖေ၊ ဘယ်သွားမလို့လဲ”
ဇူအော်ယုလုံက လျင်မြန်စွာမေးသည်။
“မင်းတို့ကို သေရည်သောက်ဖို့ ခေါ်သွားမယ်”
ဇူအော်လင်းက ခပ်ဟဟရယ်လိုက်ပြီး ပြောသည်။
‘သေရည်သောက်ဖို့လား’
ဇူအော်ယုလုံ၏မျက်လုံးများ တောက်ပသွားသည်။
“အဖေက ကျွန်မတို့ကို သေရည်မသောက်ခိုင်းဘူးလို့ ထင်နေတာ ....”
ဇူအော်ယုထင်က မျက်လုံးများ တောက်ပသွားသည်။
“မင်းတို့က အရွယ်ရောက်လာပြီပဲ။ သောက်လို့ရပြီ”
ဇူအော်လင်းက ပြုံးလိုက်ပြီး လမ်းကြားတစ်ခုတွင် မြင်းလှည်းကို ရပ်သည်။
လမ်းကြားထဲတွင် သေရည်အိုးပုံစံဆိုင်းဘုတ်နှင့်အတူ ထိုင်ခုံများကို ခင်းကျင်းထားသည်။
အင်္ကျီလက်တိုနှင့်စားပွဲထိုးတစ်ယောက် ရောက်လာသည်။
မြင်းလှည်းနှင့် သေရည်သောက်ရန်ရောက်လာခြင်းသည် အနည်းငယ် ထူးဆန်းသည်။
....
နောက်ရက်များတွင် မူဝမ်က ဆေးလုံးသန့်စင်နေပြီး ဇူအော်ယုထင်က ဝိညာဉ်ဆေးပင်များကို သန့်ရှင်းပေးနေသည်။
ဆေးလုံးသန့်စင်ပြီးသွားသောအခါတွင် သူမက စာရေးပြီး အမျိုးအစား ခွဲခြားထားသည်။
ရှေ့တွင်ရှိသောဆိုင်နှင့် နောက်တွင်ရှိသောခြံဝိုင်းလေးကို ပြင်ဆင်ထားခဲ့သည်။
ဆိုင်၏နံရံလေးဘက်တွင် ပန်းချီကားနှင့် လက်ရေးလှစာများကို ချိတ်ဆွဲထားသည် ဧည့်သည်များ အနားယူရန်အတွက် ဆိုင်ထဲတွင် ထိုင်ခုံများ ချထားသည်။
သူတို့က စားပွဲတွင်ထိုင်ပြီး ဆေးလုံးများ၏ဈေးနှုန်းကို ဆွေးနွေးနိုင်သည်။
ဆိုင်၏အလယ်တွင် ဆေးလုံးထည့်ထားသော ကျောက်စိမ်းပုလင်းများကို သစ်သားစင်မှာတင်၍ ရောင်းချရန် ပြသထားသည်။
ဘေးတွင်ရှိသောစားပွဲခုံတွင် နာမည်စာရင်းပေးနိုင်သည်။ များသောအားဖြင့် ဟန်မူယဲ့က ထိုစားပွဲတွင် ထိုင်နေပြီး ဇူအော်ယုလုံနှင့် ဇူအော်လင်းက တံခါးဝတွင် ဧည့်သည်များကို နှုတ်ဆက်သည်။
ဇူအော်လင်းက ဧည့်သည်များ၏နောက်လိုက်နှင့် မြင်းလှည်းများကို စီမံပေးရန်အတွက် တာဝန်ယူထားသေးသည်။
ဆိုင်နောက်တွင်ရှိသော ခြံဝိုင်းကိုလည်း စိမ်းလန်းသော ပန်းပင်များဖြင့် ကောင်းမွန်စွာ အလှဆင်ထားသည်။
ထိုနေရာသည် အကြီးစားစီးပွားရေးလုပ်ငန်းကို ဆွေးနွေးရန်ရောက်လာသော ဧည့်သည်များအတွက်ဖြစ်သည်ဟု မူဝမ်က စိတ်ကူးထားသည်။
မူဝမ်၏စကားအရ သူမသည် ဘေးတွင်ရပ်ပြီး ကျင့်ကြံသူကြီးများနှင့် စီးပွားရေးဆွေးနွေးနေသော အစ်ကိုဟန်ကို စောင့်ကြည့်မည်။ ထိုစီးပွားရေးမျိုးသည် ဆယ်နှစ်တာအမြတ်အစွန်းကို ချက်ချင်းရနိုင်သည်။
“အဲ့ဒါဆိုရင် ကျွန်မတို့ ချမ်းသာပြီ”
ထိုသို့ပြောလိုက်သောအခါတွင် မူဝမ်၏မျက်လုံးများသည် အံ့ဖွယ်ကိုးပါးတောင်တွင် သူမ ကိုင်ထားသော တိမ်ချီဆေးလုံးများထက် တောက်ပနေသည်။
ဆိုင်ရှေ့တွင် ငါးရက်အကြာ၌ ဆိုင်ဖွင့်မည်ဖြစ်ကြောင်း အသိပေးစာ ကပ်ထားသည်။
ယနေ့သည် လေးရက်မြောက်နေ့ဖြစ်သည်။ မနက်ဖြန်တွင် ဆိုင်ဖွင့်မည်။
တစ်ဖက်ဆိုင်တွင် စွေ့စွေ့က တောင်ပိုင်းကုန်းမြေ၏သွားရည်စာများကို နှစ်ရက်အချိန်ယူ၍ ကြိုတင်ပြင်ဆင်ထားသည်။
ဆိုင်ဖွင့်ပွဲအတွက်ရောက်လာသော ဧည့်သည့်များကို သူမက ဧည့်ခံနိုင်မည်။
တောင်ပိုင်းကုန်းမြေတွင် ဧည့်သည်များကို ထုံးစံအရ ယဉ်ကျေးစွာ ဆက်ဆံရမည်ဟု ရှောက်တထျန်းက ပြောသည်။
မူဝမ်က စားသောက်ဖွယ်ရာများအတွက် ဝိညာဉ်ကျောက်တုံးပေးခဲ့သော်လည်း စွေ့စွေ့က ငြင်းခဲ့သည်။
သူမနှင့်ရှောက်တထျန်း လုပ်ပေးသင့်သည်ဟု ပြောသည်။
ရှောက်တထျန်းသည် အာခီမီကံကြမ္မာဆေးဆိုင်၏ အစောင့်တစ်ယောက်လည်း ဖြစ်သည်။
“ဆရာမူရှိပါသလား”
တံခါးဝတွင် အသံတစ်သံ ထွက်လာသည်။
စားပွဲနောက်တွင်ထိုင်နေသော ဟန်မူယဲ့က မတ်တပ်ရပ်သည်။
ဤရက်များတွင် လူအချို့ အလည်ရောက်လာကြသည်။