အဓိက တပည့်များ
Vol. 1 Ch. 11
အပြင်စည်း တပည့်ပြိုင်ပွဲသည် ပြီးဆုံးသွားပြီ ဖြစ်ရာ မကြာခင် အတွင်းစည်း တပည့် ပြိုင်ပွဲကို စတင်တော့မည် ဖြစ်သည်။ ပြိုင်ပွဲနှစ်ခု၏ စည်းမျဥ်းမှာ ထူးထူးထွေထွေ ပြောင်းလဲခြင်း မရှိချေ။ ထိပ်ဆုံးသုံးနေရာကို ရရှိရန် တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက် သတ်ဖြတ်ရမည်သာ ဖြစ်သည်။
တိုက်ပွဲစင်မြင့်များမှာ ရွေ့လျားကာ ချိတ်ဆက်သွား၏။ မူလက ရာပေါင်းများစွာ အရေအတွက် ရှိခဲ့သည့် စင်မြင့်များမှာ တစ်ဒါဇင်အထိ ပေါင်းစည်းသွားသည်။ အပြင်စည်း တပည့် အရေအတွက်နှင့် နှိုင်းယှဥ်ရပါက အတွင်းစည်း တပည့်များမှာ တစ်ရာပုံ တစ်ပုံမျှသာ ရှိပေသည်။
နေသွေးနီနီဂိုဏ်းတွင် အပြင်စည်း တပည့်ပေါင်း တစ်သိန်းကျော် ရှိသော်လည်း အတွင်းစည်း တပည့် အရေအတွက်မှာမူ တစ်ထောင်ခန့်သာ ရှိသည်။ အတွင်းစည်း တပည့်များသည် အသက် ငါးဆယ် ပြည့်သည်နှင့် ချက်ချင်းပင် အကြီးအကဲများ အဖြစ် ရာထူးတိုးပေးခြင်းကို ခံရသည်။ ထို့နောက် လုံလောက်သော ရမှတ်နှင့် အကြီးအကဲတို့၏ ထောက်ခံမှုကို ရရှိထားသော အပြင်စည်း တပည့်များမှာ အတွင်းစည်း တပည့်များ ဖြစ်လာကြသည်။
ဝေ့ဝူယင်သည် လက်အောက်ငယ်သား အဖြစ် အတွင်းစည်း တပည့် ရှစ်ဆယ်နီးပါးကို စုစည်းထားသည်။ အပြင်စည်း ပြိုင်ပွဲမှ အသစ်ထပ်တိုးလာသူ လေးဦးကို ပေါင်းပါက စုစုပေါင်း ရှစ်ဆယ့် တစ်ယောက် ရှိပေသည်။
လူအုပ်ထဲ၌ ဝေ့ဝူယင်သည် ပြိုင်ပွဲကို ကြည့်ရင်း အနည်းငယ် အံ့အားသင့် သွားခဲ့၏။ တောက်ကွေ့နှင့် ကျူးလန်၏ တပည့် အများစုသည် ပြိုင်ပွဲမှ နှုတ်ထွက်သွားခဲ့ကြသည်။ သူတို့ နှစ်ယောက်သည် အတွင်းစည်း တပည့် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကို သိမ်းသွင်းထားနိုင်ခဲ့ရာ ထိုအရာမှာ အလွန် များပြားသော ပမာဏ ဖြစ်သည်။ ထို့ကြောင့်ပင် ပြိုင်ပွဲအား အဓိက တပည့် ခုနစ်ယောက်၏ အဖွဲ့ဝင်များသာ ဆက်လက် ယှဥ်ပြိုင်ရတော့မည် ဖြစ်သည်။
သေဆုံးခြင်းနှင့် ဒဏ်ရာ ရရှိခြင်းတို့ကို ကြောက်လန့်၍ အတွင်းစည်း တပည့် အများစုမှာ ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခြင်း မပြုချေ။ ဝေ့ဝူယင်၏ အဖွဲ့တွင်ပင် လူနှစ်ဆယ်ခန့်သာ ပြိုင်ပွဲဝင်မည် ဖြစ်သည်။ ပုံမှန်အားဖြင့် ဆိုလျှင် တိုက်ပွဲဝင်မည့် စုစုပေါင်း အတွင်းစည်း တပည့် အရေအတွက်မှာ သုံးရာခန့် ရှိတတ်သည်။
သို့သော်လည်း ယခုတွင်မူ တစ်ရာလောက်သာ ရှိ၏။
အများစုမှာ အားနည်းချက်များစွာ ပြည့်နေသည့် တိုက်ပွဲအတွင်း ဝင်ရောက်ရန် ဆန္ဒ မရှိချေ။ သူတို့၏ အသက်များမှာ တစ်ခုတည်း ရှိလေရာ ဝေ့ဝူယင်၏ အဖွဲ့သားများကို ရင်ဆိုင်ရန်မှာ အိပ်မက်ဆိုး တစ်ခု ဖြစ်သည်။ တိုက်ပွဲအတွင်း၌ အကြီးအကဲကျိက သူတို့အား တစ်ဖက်သတ် ဖိနှိပ်မထားဟု မည်သူ ပြောနိုင်မည်နည်း။
ထိုအရာမှာ တရားမျှတမှု မရှိချေ။ သို့သော်လည်း ဘဝ၌ မည်သည့် အရာက တရားမျှတမှုနည်း။
အတွင်းစည်းတိုက်ပွဲသည် သည်းထိတ် ရင်ဖိုစရာ နည်းပါးစွာဖြင့် ပြီးဆုံးသွားခဲ့သည်။ အကြီးအကဲကျိသည် ပြိုင်ပွဲကို လွှမ်းမိုးခြယ်လှယ်ကာ ထိပ်ဆုံး သုံးယောက်ကို သတ်မှတ်ခဲ့သည်။ ထိုအထဲမှ နှစ်ယောက်မှာ ဝေ့ဝူယင်၏ ဘက်တော်သားများ ဖြစ်ပေသည်။
...
အထူးခန်းတစ်ခု အတွင်း၌...
ဝေ့ဝူယင်သည် နှစ်ဖက်ကို နောက်ပစ်ကာ မတ်တပ်ရပ်ရင်း တိုက်ပွဲ ကွင်းပြင်သို့ ငေးကြည့်နေခဲ့သည်။ သူသည် အရာအားလုံးကို ရှင်းလင်း ကြည်လင်စွာ မြင်တွေ့ နေရ၏။ သူ၏ နံဘေးတွင်မူ အရည်တွန့်ခြင်း ကင်းမဲ့သော ဆံပင်ဖြူ လူအိုတစ်ယောက် ရှိနေခဲ့သည်။
အကြီးအကဲကျိ၏ မျက်နှာအမူအရာသည် သက်တောင့်သက်သာပင် ရှိနေ၏။ သူသည် အချို့အရာများကို စိတ်အားဖြင့် လျှင်မြန်စွာ တွက်ချက်ပြီးနောက် ဆုံးဖြတ်ချက်ကို ချခဲ့ခြင်း ဖြစ်သည်။ အပြင်စည်း တပည့်ပြိုင်ပွဲ ပြီးဆုံးပြီးနောက်၌ သူသည် ဝေ့ဝူယင်နှင့် ပူးပေါင်းကြောင်း နှုတ်အားဖြင့် ကြေညာခဲ့သည်။ ထို့အပြင် တိုက်ပွဲ နှစ်ခုစလုံးတွင်လည်း စိတ်လိုလက်ရ ဖေးမ ကူညီပေးခဲ့သည်။
သူ၏ အရှေ့၌ ရှိနေသော လူငယ်သည် အသက်သုံးဆယ် မပြည့်ခင်မှာပင် သတ္တုချီကို မွေးဖွားကာ ချီပျစ်ခဲခြင်း အဆင့်လေးသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူ၏ အရည်အချင်းမှ အကန့်အသတ် မရှိချေ။ မွေးရာပါ ယန်စွမ်းအင်ကို ထုတ်လွှတ်နိုင်သည့် အမျိုးသား တစ်ဦး အနေဖြင့် ချီပျစ်ခဲခြင်း၏ အဆင့်ငါး “ယန်ဖွံ့ဖြိုးခြင်း” သို့ ရောက်ရှိရန်မှာ မိန်းမများထက် အဆ တစ်ရာခန့် ပိုမို လွယ်ကူပေသည်။ အကယ်၍ သူ၏ ရှေ့၌ ရှိနေသူမှာ မိန်းမ တစ်ယောက်သာ ဖြစ်ပါက သူသည် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့လိမ့်မည် မဟုတ်ချေ။
အပြန်အလှန်အားဖြင့် ချီပျစ်ခဲခြင်း အဆင့်လေးသို့ ရောက်ရှိရန် အတွက် အမျိုးသမီးများမှာ ယောက်ျားများထက် အဆတစ်ရာ ပိုမို လွယ်ကူလှသည်။ ထို့ကြောင့် အဓိက အကြီးအကဲများ အနက် ခုနစ်ဆယ် ရာခိုင်နှုန်းခန့်မှာ မိန်းမများ ဖြစ်နေကြခြင်းပင်။ ထို့အပြင် အကြီးအကဲများ ရွေးချယ်သည့် တပည့် အများစုမှာလည်း မိန်းမများသာ ဖြစ်သည်။
အကယ်၍ ဝေ့ဝူယင်သာ သွေးကြောသုံးခု ယင်ခန္ဓာကို ရှာဖွေ မတွေ့ခဲ့ပါက “ယင်ဖွဲ့စည်းခြင်း” အဆင့်သို့ ရောက်ရှိရန်မှာ ကောင်းကင်တက်ခြင်းထက် ပိုမို ခက်လဲလိမ့်မည် ဖြစ်သည်။ ချီဖြင့် ယင်ကို ဖွဲ့စည်းရန် အတွက် ပင်လျှင် နှစ်ပေါင်း နှစ်ဆယ်ခန့် အချိန်ယူ ရလိမ့်မည် ဖြစ်သည်?
အကြီးအကဲကျိက ပြုံးလိုက်၏။
“ဟုတ်တယ်... မင်းကို လခရမ်းဂိုဏ်းရဲ့ အကြွင်းအကျန်တွေ လိုက်လံ ရှင်းလင်းခိုင်းတဲ့ တာဝန်မှာ ကျူးလန်က တာဝန်ရှိတဲ့သူပဲ...”
ဝေ့ဝူယင်သည် ထိုအရာကို ခန့်မှန်းခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း နှုတ်အားဖြင့် အတည်ပြုခြင်းက အကောင်းဆုံး ဖြစ်သည်။ မည်သို့ပင် ဆိုစေ အခြား အဓိက တပည့် တစ်ယောက် ဖြစ်သည့် တောက်ကွေ့လည်း ဖြစ်နိုင်ချေ ရှိသည် မဟုတ်လော။
“နောက်ပြီး သူက မင်းရဲ့စံအိမ်ကို လုပ်ကြံသတ်ဖြတ်သူ နှစ်ယောက် လွှတ်လိုက်သေးတယ်... သူတို့နှစ်ယောက်ကို ဂိုဏ်းရဲ့ နာမည်ခံတပည့်လို့ အမည်ခံထားစေပေမဲ့ တကယ်တမ်းမှာ လုပ်ကြံသတ်ဖြတ်သူတွေ အဖြစ် လေ့ကျင့်ပေးနေတာကို ငါတို့ အစောတည်းက သိတယ်... နောက်ပြီး သူတို့ နှစ်ယောက်က ခေါင်းဆောင် အကြီးအကဲနဲ့ ပြီးရင် အမြင့်ဆုံး ကျင့်ကြံခြင်း အဆင့်ကို ပိုင်ဆိုင်ထားတယ်”
“အကြီးအကဲနဲ့ရဲ့ လုပ်ရပ်ကြောင့်ပဲ မင်းရဲ့ တိုင်ကြားမှုက ကြမ်းပြင်အောက်မှာ နစ်မြုပ်သွားခဲ့တာ... ဘယ်လိုပဲ ဖြစ်ဖြစ် သူက မဟာ အကြီးအကဲ တစ်ယောက်ရဲ့ မဟေသီလေ... သူ့ရာထူးက ငါ့ထက် နိမ့်ကျတယ် ဆိုပေမဲ့ လွှမ်းမိုးနိုင်စွမ်းနဲ့ လုပ်နိုင်စွမ်းကတော့ အံ့မခန်းပဲ... နောက်ပြီး သူက ကျူးလန်ရဲ့ အဒေါ် တော်စပ်တယ်”
အကြီးအကဲကျိက မတောင်းဆိုရပဲ ရှင်းပြလိုက်၏။
ဝေ့ဝူယင်မှာ ထိုအချက်အလက်များကြောင့် အံ့အားသင့်ခြင်း မရှိချေ။ အကယ်၍ ကျူးလန်၏ နောက်ခံသာ ထိုမျှ မတောင့်တင်းပါက သူကဲ့သို့ အဓိက တပည့် တစ်ယောက်ကို တာဝန်ပေးကာ စေလွှတ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပါချေ။
နေသွေးနီနီဂိုဏ်း၌ အဓိက အကြီးအကဲ အထက်တွင် ပိုမို မြင့်မားသော ရာထူးများ ရှိပေသေးသည်။ ၎င်းတို့မှာ မဟာ အကြီးအကဲ၊ အကြီးအကဲချုပ်၊ ခေါင်းဆောင် အကြီးအကဲ၊ လက်ထောက် ဂိုဏ်းချုပ်နှင့် ဂိုဏ်းချုပ်ကြီးတို့ ဖြစ်ကြသည်။ ထိုရာထူးများသို့ တက်လှမ်းရန် အတွက် ဂိုဏ်းသားတစ်ယောက်မှာ အနည်းဆုံး ချီပျစ်ခဲခြင်း အဆင့်ခြောက် “မှားသောအမှန်” အဆင့်ကို ရောက်ရှိရန် လိုအပ်သည်။ ထိုအဆင့်သည်ချီပျစ်ခဲခြင်း အဆင့်များ အနက် ယောက်ျား၊ မိန်းမမရွေး ဝင်ရောက်ရန် အခက်ခဲဆုံးသော အဆင့် ဖြစ်ပေသည်။
မှားသောအမှန်အဆင့်သို့ ရောက်ရှိရန် အတွက် ယင်နှင့် ယန်စွမ်းအင်များကို ပြည့်စုံစွာ ပေါင်းစပ်ကာ လိုက်ဖက်ညီသော ယင်ယန်ချီစက်ဝိုင်းတစ်ခု တည်ဆောက်ရန် လိုအပ်သည်။ ထိုအဆင့်သို့ ရောက်ရှိသော ကျင့်ကြံသူများသည် သေမျိုးများထံမှ “နတ်ဘုရား” ဟူသော ဘွဲ့ထူးကိုပင် လက်ခံ ရရှိကြသည်။
ချဲ့ကားသည်ဟု ထင်ရသော်လည်း ယင်ယန်၏ အယူအဆမှာ အလွန် လေးနက်လွန်းသည်။ ၎င်းသည် မည်သည့် စိတ်ကူးကိုမဆို အပြင်လောကတွင် အရာဝတ္ထုတစ်ခု အဖြစ် ပုံသွင်းနိုင်သည်။ ဒြပ်စင်ငါးခု၏ စွမ်းအင်များနှင့် ဆက်သွယ်ပါက မှားသောအမှန် အဆင့် ကျင့်ကြံသူများမှဦ အစစ်အမှန်ရေ၊ မီး၊ မြေကြီးနှင့် လေတို့ကိုပင် ဖန်တီးနိုင်စွမ်း ရှိလာကြသည်။ ဝေ့ဝူယင်သည် မီးကို ဖန်တီးကောင်း ဖန်တီးနိုင်သော်လည်း ထိုအရာမှာ မီးစွမ်းအင်ကို တုပထားခြင်းသာ ဖြစ်သည်။
လိုရင်းသို့ ပြန်သွားရပါက ကျူးလန်၏ အဒေါ်မှာ ထိုမျှ ကျင့်ကြံခြင်း အဆင့် မြင့်မားသော ကျင့်ကြံသူ တစ်ယောက်၏ အပျော်မယား တစ်ယောက်ဖြစ်ပေသည်။ အကြီးအကဲကျိ၏ နောက်ခံရှိလျှင်ပင် အကြီးအကဲနင်းသည် ဝေ့ဝူယင်ကို အန္တရာယ်ပြုနေနိုင်ဆဲ ဖြစ်သည်။ သို့သော်လည်း သူမ အနေဖြင့် ဝေ့ဝူယင်အား သတ်ဖြတ်ရန် သို့မဟုတ် ဂိုဏ်းမှ ထုတ်ပယ်ရန် အတွက်မူ ပွင့်ပွင့်လင်းလင်း လှုပ်ရှားဝံ့လိမ့်မည် မဟုတ်ပါချေ။
အကြီးအကဲကျိသည် လိမ်မာပါးနပ်သော လူအိုကြီး တစ်ယောက်ဖြစ်လေရာ မည်ကဲ့သို့ အလောင်းအစား ပြုလုပ်ရမည်ကို သိရှိထားသည်။ ဝေ့ဝူယင် အနေဖြင့် ယန်ဖွံ့ဖြိုးခြင်း အဆင့်ကို မကြာခင် ရောက်ရှိမည်မှာ သေချာပေသည်။ ထိုအဆင့်သို့ ရောက်ရှိပါက တစ်စုံတစ်ယောက်၏ သက်တမ်းမှာ နှစ်ပေါင်း နှစ်ရာအထိ ရှိလာလေ့ ရှိသည်။ ထိုနှစ်များအတွင်း၌ ဝေ့ဝူယင်သည် “မှားသောအမှန်” အဆင့်ကို ရောက်ရှိရန် အခွင့်အရေး ရှိသလို သူ့အားလည်း အလားတူ ကူညီနိုင်ပေသည်။
“အဓိက တပည့်ပြိုင်ပွဲကို ဘယ်လို ကျင်းပမှာလဲ...”
ဝေ့ဝူယင်က မေးလိုက်သည်။ အပြင်စည်း၊ အတွင်းစည်း ပြိုင်ပွဲများနှင့် ခြားနားစွာပင် အဓိက တပည့် ပြိုင်ပွဲသည် လမ်းကြောင်းအပေါ်၌ အဓိက ထားသည်။
အဓိက ပြိုင်ပွဲအား မစတင်ခင် အတွင်းစည်း ထိပ်ဆုံး တပည့် သုံးယောက်သည် အဓိက တပည့် ကိုးယောက်ထဲမှ တစ်ယောက်အား စိန်ခေါ်ကာ သူတို့ နေရာများ၌ အစားထိုး ဝင်ယူနိုင်သည်။ ထို့နောက်တွင်မှ အဓိက တပည့် ပြိုင်ပွဲမှာ စတင်၏။
အကြီးအကဲကျိက မျက်မှောင််ကြုတ်လိုက်သည်။
“ဒီတိုက်ပွဲကို အရင်ကနဲ့ မတူတဲ့ ပုံစံနဲ့ ကျင်းပလိမ့်မယ်... အကြောင်းပြချက် အချို့ကြောင့် ဂိုဏ်းက တိုက်ပွဲတွေကို မြန်မြန်ပြီးဖို့ အရေးတကြီး ဖြစ်နေပုံရတယ်”
“ပုံမှန်အတိုင်းဆို အမဲလိုက်ခိုင်းတာတို့၊ တိုက်ရိုက် စိန်ခေါ်တာတို့၊ အမှန် စုဆောင်းတဲ့ စစ်မြေပြင်တို့လို ပုံစံမျိုးနဲ့ အဓိက တပည့် ပြိုင်ပွဲကို ကျင်းပတာ... ဒါပေမဲ့ ခုတစ်ကြိမ်မှာ ဂိုဏ်းခေါင်းဆောင်တွေက စည်းမျဥ◌်းကို ပြောင်းလဲလိုက်ပုံ ရတယ်...”
ဝေ့ဝူယင်မှာ သူ့ဘက်သို့ လှည့်ကြည့်လိုက်၏။ ပြောင်းလဲသွားသည်လား။ လျှို့ဝှက်ဆန်းကြယ်သည့် ဂိုဏ်းခေါင်းဆောင်က မည်ကဲ့သို့ တွေးတောနေသနည်း။ အကယ်၍ ပြိုင်ပွဲကို အမဲလိုက်ခြင်း ပုံစံမျိုးဖြင့် ကျင်းပမည်ဆိုလျှင် သူ ပထမနေရာရရန် သေချာလိမ့်မည် မဟုတ်ချေ။ အမဲလိုက်ခြင်း၌ ကိုယ်ပိုင်အဖွဲ့၏ အင်အားကိုပင် အသုံးပြုနိုင်ပေသည်။ သို့သော်လည်း တိုက်ရိုက် စိန်ခေါ်ခြင်း၊ စစ်မြေပြင် ကဲ့သို့သော ပုံစံမျိုး ဆိုလျှင်မူ ဝေ့ဝူယင်သည် ပထမ နေရာကို ရယူရန် ယုံကြည်ချက် ရှိပေသည်။
ဝေ့ဝူယင် အဓိက တပည့် ဖြစ်ဖြစ်ချင်း (လွန်ခဲ့သည့် နှစ်နှစ်)၌ ကျင်းပခဲ့သည့် ပြိုင်ပွဲမှာ စစ်မြေပြင် တိုက်ပွဲ ဖြစ်သည်။ လွန်ခဲ့သော နှစ်တွင်မူ အမဲလိုက်ခြင်း ပုံစံဖြင့် ကျင်းပခဲ့သည်။ ထို့ကြောင့်ပင် ဝေ့ဝူယင်မှာ နောက်ဆုံး နေရာ၌ ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုစဥ်က သူ၏ နောက်လိုက်အင်အားမှာ ယခုလောက်ပင် မကြီးထွားသေးချေ။
ယခုအချိန်၌ သူ၏ အင်အားမှာ အတော်အသင့် တိုးတက်လာပြီ ဖြစ်သည့်တိုင် ပထမ နေရာကို ရရှိရန် အတွက် မလုံလောက်သေးချေ။
အကြီးအကဲကျိ၏ အမူအရာက အနည်းငယ် ထူးဆန်းသွား၏။
“ငါသိသလောက်ဆိုရင် ပြိုင်ပွဲအတွက် ချီကျင့်စဥ်တစ်ခုကို အသုံးပြုလိမ့်မယ် တဲ့... ဘယ်လိုလဲ ဆိုတော့ နားလည်နိုင်စွမ်းကို စစ်ဆေးတဲ့ ပုံစံမျိုးပေါ့... ငါသိထားတာလည်း ဒီထက်မပိုဘူး”
အကြီးအကဲကျိ၏ မျက်လုံးထဲတွင် အကူအညီမဲ့မှုများက အနည်းငယ် ဖြတ်ပြေးနေ၏။ သူသည် ဝေ့ဝူယင်ကို အောင်မြင်အောင် ကူညီချင်သော်လည်း ထိုအရာက သူလုပ်ပေး၍ မရသော အရာဖြစ်သည်။
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။ နားလည်မှုကို အခြေခံသော အရာဆိုပါက ၎င်းမှာ ဉာဏ်ရည်ဉာဏ်သွေးနှင့် သဘောပေါက်နိုင်စွမ်းကို စစ်ဆေးခြင်းမျိုး ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်း အဆင့်သည် နက်နဲသည်မှာ မှန်သည်။ သို့သော်လည်း သူသည် အချို့ အဆင့်များကို နားလည်မှု အချို့အဝက်လောက်ဖြင့်သာ ကျော်ဖြတ်လာခဲ့ခြင်း ဖြစ်သည်။ ချီပျစ်ခဲခြင်း အဆင့်ခြောက်သို့ ရောက်ရှိနေသော လူများသာလျှင် ယင်နှင့်ယန်ကို အပြည့်အဝ နားလည်ပေလိမ့်မည်။
ဝေ့ဝူယင် တွေးတောနေစဥ်မှာပင် အစီအစဥ် ကြေညာသူ၏ အသံက ပဲ့တင်ထပ်ကာ ဝင်ရောက် လာလေ၏။
“အဓိက တပည့်တွေ အားလုံး... ကျေးဇူးပြုပြီး စိန်ခေါ်မှုအတွက် အဓိက တိုက်ပွဲ စင်မြင့်ကို ကြွခဲ့ကြပေးပါ”
ဝေ့ဝူယင်က လှမ်းကြည့်လိုက်ရာ အကြီးအကဲ တစ်ဦးနှင့် သူ၏ နောက်၌ ရပ်နေသည့် လူငယ် သုံးယောက်ကို တွေ့လိုက်ရသည်။ သူတို့သည် အတွင်းစည်း တပည့်ပြိုင်ပွဲတွင် ထိပ်ဆုံး သုံးနေရာ ရရှိထားသူများ ဖြစ်ကာ ထိုအထဲမှ နှစ်ယောက်မှာ ဝေ့ဝူယင်၏ အဖွဲ့မှ ဖြစ်သည်။
နီညိုရောင် ဆံပင်နှင့် အရပ်ရှည်ရှည် မိန်းမပျိုသည် စင်မြင့်ထက်၌ ဝင့်ကြွားစွာ ရပ်နေ၏။ သူမသည် သဘာဝကျစွာဖြင့် ကျက်သရေရှိကာ မျက်ဝန်းများမှာ မာနဖြင့် ထုံလွှမ်းနေသည်။ သူမ၏ နာမည်က လီဖေး ဖြစ်သည်။ လီဖေးသည် ဝေ့ဝူယင်၏ အဖွဲ့ကပင် ဖြစ်ကာ ချီပျစ်ခဲခြင်း ပထမ အဆင့် “ချီဖန်တီးခြင်း” တွင် ရှိနေပေသည်။ သူမ၏ ကိုယ်ရောက်ကိုယ်ဝါသည် တည်ငြိမ်ကာ သန်မာလှ၏။
သူမနှင့် နှိုင်းယှဥ်ရပါက စုမေ့၏ ချီစီးဆင်းမှုမှာ တည်ငြိမ်သော အခြေအနေ တစ်ခုသို့ မရောက်ရှိသေးချေ။ သူမသည် ချီနှလုံးသားကို ဖွဲ့စည်းပြီးခါစတွင်သာ ရှိပေသေးသည်။ ဆန့်ကျင်ဘက်ပင် လီဖေးမှာမူ အားအနည်းငယ် စိုက်ထုတ် ကျင့်ကြံလိုက်ရုံဖြင့်ပင် ချီပျစ်ခဲခြင်း ဒုတိယ အဆင့်သို့ ရောက်ရှိတော့မည် ဖြစ်သည်။
အခြားတစ်ယောက်မှာမူ ရွှေရောင်ဆံပင်၊ အစိမ်းရောင် မျက်လုံးများ ပိုင်ဆိုင်ထားသည့် လူငယ် တစ်ယောက် ဖြစ်၏။ သူသည် တော်ဝင်မျိုးနွယ် တစ်ယောက်နှယ် မြင့်မြတ်သော အရှိန်အဝါ အချို့ကို ထုတ်လွှတ်နေ၏။ သူ၏ နာမည်က ဟန်ယု ဖြစ်ပေသည်။
***