အခန်း (၄၆၈)
Vol. 34 Ch. 468
“အမှန်အတိုင်းပြောရရင် ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အာခီမီအမွေအနှစ်က ကွန်ဖြူးရှပ်တာအိုရဲ့ လွှမ်းမိုးမှုအပေါ်မှာ မှီခိုနေတယ်။ ပြီးပြည့်စုံခြင်းကိုရှာဖွေပြီး လောကရဲ့မူလအစကို ပြန်သွားတယ်”
“ဆေးလုံးအများစုက လုံးဝိုင်းနေတယ်”
“ပြင်ပဘုံရဲ့ အာခီမီအမွေအနှစ်မှာ ဆေးရည်၊ ဆေးပြား၊ အစိုင်အခဲ၊ ဆေးလုံး၊ ဆေးလုံးပျော့ စသည်ဖြင့် ရှိတယ်။ သူတို့က ဆေးလုံးရဲ့ပုံစံကို ဂရုမစိုက်ဘူး။ ဆေးစွမ်းအားသိပ်သည်းပြီး သန့်စင်နေဖို့ပဲ လိုအပ်တယ်”
“ဝိညာဉ်ဆေးပင်ကို တခြားဆေးပင်တွေနဲ့မရောဘဲ တိုက်ရိုက် ဆေးလုံးအဖြစ်ပြောင်းနိုင်တဲ့ နည်းလမ်းတွေလည်း အများကြီးရှိတယ်”
ကျင့်ကြံခြင်းလမ်းစဉ်တွင် လမ်းစဉ်အားလုံးသည် တူညီသောပန်းတိုင်ကို ဦးတည်ထားသည်။
အာခီမီ၏ရည်ရွယ်ချက်သည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကိုအသုံးပြု၍ လိုအပ်ချက်များကို ဖြည့်ဆည်းရန်ဖြစ်သည်။
ပိုင်လီရှင်းလင်၏စကားများသည် တခြားလူများအတွက် ထူးဆန်းနေမည်ဖြစ်သော်လည်း ခန်းဆောင်အတွင်း၌ရှိသောလူများအတွက် မထူးဆန်းပေ။
သူတို့က မဟာတာအို၏လမ်းစဉ်ကို ထိတွေ့ထားသည်။
မီးခိုးရောင်ဝတ်စုံနှင့်လူအိုကြီးတစ်ယောက်က မျက်လုံးများမှေးကျဉ်းလိုက်ပြီး နက်ရှိုင်းသောအသံဖြင့် မေးသည်။
“ဆရာသခင်မူယဲ့ရဲ့ အာခီမီအမွေအနှစ်က ပြင်ပဘုံကနေ ရောက်လာတာလို့ ခေါင်းဆောင်ပိုင်လီက ပြောချင်တာလား”
ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ပြင်ပဘုံကျင့်ကြံသူများ ပိုရောက်လာပြီး အမွေအနှစ်အမျိုးမျိုး ရောယှက်နေသည်။
တာအိုဂိုဏ်းများသည်ပင် အရှေ့တောင်ဒေသရှစ်ခုကို လွှမ်းမိုးချင်ခဲ့သည်။
ပြင်ပဘုံအမွေအနှစ်များသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့်အတူ ယှဉ်တွဲနေထိုင်ချင်သော ပိုင်လီရှင်းလင်နှင့် မတူပေ။
ဆရာသခင်မူယဲ့သည် ပြင်ပဘုံမှရောက်လာလျှင် သေချာစစ်ဆေးရန်လိုအပ်သည်။
လူအိုကြီး၏စကားကို ကြားလိုက်ရသောအခါတွင် ပိုင်လီရှင်းလင်က ခေါင်းခါလိုက်သည်။ သူမက လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြောသည်။
“ဒီအမွေအနှစ်က ပြင်ပဘုံကနေရောက်လာတာ မဟုတ်တဲ့အတွက် ကျွန်မက သက်ပြင်းချနေရတာပဲ”
“အမှန်အတိုင်းပြောရရင် ဒီအာခီမီနည်းစနစ်မျိုးက အတွေ့ရများတယ်။ ဒါပေမဲ့ ဒီလိုအဆင့်မျိုးအထိ သုံးနိုင်တဲ့လူကို ကျွန်မက တစ်ခါမှမတွေ့ဖူးဘူး”
‘အတွေ့ရများတယ်တဲ့လား’
ချင်စုယန်ကပင် မျက်မှောင်ကြုတ်လိုက်မိသည်။
ထိုအာခီမီနည်းစနစ်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် မတည်ရှိပေ။ သို့သော် ပိုင်လီရှင်းလင်က ထိုနည်းစနစ်သည် အတွေ့ရများပြီး ပြင်ပဘုံမှရောက်လာခြင်းမဟုတ်ကြောင်း ပြောခဲ့သည်။
‘ဒါက ရှေ့နောက်မညီဘူးပဲ’
ချင်စုယန်က တွေးသည်။
ပိုင်လီရှင်းလင်က ခပ်ဟဟရယ်ပြီး ချင်ဝူယွမ်ကို ကြည့်သည်။
“ဆရာသခင်ဝူယွမ်ကလည်း ခံစားမိမှာပါ။ ရှင်သန့်စင်ထားတဲ့ မြူခိုးလုံးက ဆေးစွမ်းအားကို အများဆုံး သုံးလလောက်ပဲ ထိန်းထားနိုင်မယ်။ ဒါပေမဲ့ အဲ့ဒီလူသန့်စင်ထားတဲ့ မြူခိုးလုံးကတော့ ဆယ်နှစ်၊ နှစ်တစ်ရာကြာသွားရင်တောင် ဆေးစွမ်းအားလျော့နည်းသွားမှာမဟုတ်ဘူး”
သူမ၏မျက်လုံးများက သိချင်စိတ်များဖြင့် တောက်ပလာသည်။
“ပြီးတော့ အဲ့ဒီမြူခိုးလုံးက နှစ်တစ်ရာသက်တမ်းရှိလာရင် ဆေးစွမ်းအားတွေ ပိုပြီးသိမ်မွေ့လာလိမ့်မယ်”
“ဆရာသခင်ပိုင်လီ၊ ငါတို့ကို စိတ်မရှည်ဖြစ်အောင် လုပ်မနေပါနဲ့တော့”
မုတ်ဆိတ်ဖြူနှင့်လူအိုကြီးတစ်ယောက်က ပြောလိုက်သည်။ ချက်ချင်းဆိုသလိုပင် ပိုင်လီရှင်းလင်က လက်မြှောက်ပြီး ချီစွမ်းအင်အလင်းတန်းတစ်ခုကို မြူခိုးလုံးနှစ်ခုဆီသို့ ပစ်လွှတ်သည်။
“ဝီ”
“ခလွမ်”
ချီစွမ်းအင်အလင်းနှင့် ထိတွေ့သွားသောအခါတွင် မြူခိုးလုံးနှစ်ခု၏တုံ့ပြန်မှုက ကွဲပြားနေသည်။
ချင်ဝူယွမ်သန့်စင်ထားသောမြူခိုးလုံးသည် အချိန်မရွေး ပြိုကွဲသွားနိုင်သကဲ့သို့ တုန်ခါနေသည်။
နောက်ထပ်မြူခိုးလုံးသည် ဓားမြည်သံကို ထုတ်လွှတ်လိုက်ပြီး မြိူခိုးများက ဖြည်းဖြည်းချင်းလည်ပတ်၍ ပိုမိုသိပ်သည်းသွားသည်။
“ဓားစွမ်းအင်”
လူတစ်ယောက်က အသံပြုမိသည်။
“ဒါက ဓားချီတင်မဟုတ်ဘူး။ ဓားချည်မျှင်အဖြစ်ပြောင်းလဲပြီး ဓားတာအိုစွမ်းအားကို ထုတ်ဖော်နိုင်တဲ့ နည်းစနစ်တစ်ခုပဲ”
စကားပြောခဲ့သော မီးခိုးရောင်ဝတ်စုံနှင့်လူအိုကြီးက အာရုံစိုက်ထားပြီး ပြောသည်။
“ဒါက မဟာဓားကျင့်ကြံသူတစ်ယောက်ရဲ့ သင်္ကေတပဲ”
ကွန်ဖြူးရှပ်တာအို၏ မဟာကျင့်ကြံသူ ....
အာခီမီဆရာသခင် ,,,,
မဟာဓားကျင့်ကြံသူ ....
ခန်းဆောင်ထဲတွင်ရှိသောလေထုသည် လေးနက်သွားသည်။
“အရှေ့ပင်လယ်ရဲ့ ဓားကျင့်ကြံသူလား”
လူတစ်ယောက်က တီးတိုးပြောသည်။
ဟန်မူယဲ့က အရှေ့ပင်လယ်နှင့်နီးသော ကွမ်မြစ်ဝတွင် တိုက်ခိုက်ခဲ့သည်။
“အရှေ့ပင်လယ်မှာ အဲ့ဒီလိုကျောင်းတော်သားတစ်ယောက် ရှိလို့လား”
လူတစ်ယောက်က ခေါင်းခါသည်။
“ထားလိုက်တော့။ လုယွီကျိုးက သူ့အကြောင်းကို သိတယ်။ အမတ်ချုပ်ကြီးဝမ်ကလည်း သိထားတယ်”
ချင်စုယန်က လက်ကိုဝှေ့ယမ်းသည်။
ဟန်မူယဲ့က ကွန်ဖြူးရှပ်တာအိုကို ကျင့်ကြံပြီး သူ့အထက်တွင် အမတ်ချုပ်ကြီးဝမ်ရှိနေသ၍ စိုးရိမ်ရန်မလိုအပ်ပေ။
သူတို့အားလုံးက ပြုံးသည်။
ဝမ်မော့ရှန်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ပစ်ထားမည်မဟုတ်ပေ။
“ဆေးလုံးတာအိုထဲမှာ ဓားတာအိုကို ပြီးပြည့်စုံအောင်ပေါင်းစပ်နိုင်တာက တကယ့်ကိုထူးခြားတာပဲ”
ချင်စုယန်က လူတိုင်းကိုကြည့်လိုက်ပြီး ချင်ဝူယွမ်ကို ပြန်ကြည့်သည်။
“မနက်ဖြန်ကျရင် သူ့ရဲ့အာခီမီကံကြမ္မာဆေးဆိုင် ဖွင့်လိမ့်မယ်။ မင်းသွားလိုက်ပါ”
ချင်ဝူယွမ်က ခေါင်းညိတ်သည်။
ဟန်မူယဲ့၏လမ်းညွှန်မှုကြောင့် ချင်ဝူယွမ်က အမွေအနှစ်တစ်ခုကို ရရှိထားသည်ဟု ပြောနိုင်သည်။
အနာဂတ်တွင် သူ ချင်ဝူယွမ်သည် ဟန်မူယဲ့ကို ဦးညွှတ်ရလိမ့်မည်။
“လကြည့်မြို့မှာရှိတဲ့ အာခီမီကံကြမ္မာဆေးဆိုင်လား”
ပိုင်လီရှင်းလင်က တခစ်ခစ်ရယ်သည်။
“အိမ်မှာရှိတဲ့ ကောင်မလေးက အဲ့ဒီဆိုင်ကို အာရုံစိုက်ထားတယ်။ သူမက နာမည်ပြားရေးပေးဖို့အတွက် လူအိုကြီးကို တောင်းဆိုခဲ့သေးတယ်”
“ရှင်တို့အားလုံးလည်းသိပါတယ်။ အဲ့ဒီလူအိုကြီးက စုတ်တံမကိုင်တာ ကြာပြီလေ။ ဒါပေမဲ့ သူက ထုံယွင်ကြောင့် ရေးပေးလိုက်ရသေးတယ်”
ပိုင်လီရှင်းလင်ကြောင့် သူတို့က ရယ်လိုက်သည်။
ပိုင်လီရှင်းလင်က ဆရာသခင်ဟွမ်တင်းရှုကို လေးစားသောကြောင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် နေထိုင်ခဲ့သည်။
သူတို့နှစ်ယောက်က တာအိုလက်တွဲဖော်များဖြစ်လာသော်လည်း ပိုင်လီမိသားစုသည် အဓိကမိသားစုကြီးတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဆရာသခင်ဟွမ်က အလွန်ရှက်ရွံ့နေပြီး လွန်ခဲ့သောနှစ်တစ်ရာတွင် တာအိုကို ကိုယ်တိုင်သုံးသပ်၍ အမှန်တရားကိုရှာဖွေရန်အတွင် တရားကျင့်ခဲ့သည်။ သူက တာအိုဂိုဏ်းများကဲ့သို့ ခြိုးခြံခြင်းအကျင့်ကို ကျင့်သုံးပြီး လောကဆန္ဒများ၏သက်ရောက်မှုမှ ကင်းဝေးနေသည်။
ပိုင်လီထုံယွင်၏တောင်းဆိုချက်ကြောင့်မဟုတ်လျှင် သူ့လက်ရေးကိုရရန် မဖြစ်နိုင်ပေ။
ခန်းဆောင်ထဲတွင်ရှိသောလူများ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။ သို့သော် သူတို့က အာခီမီကံကြမ္မာဆေးဆိုင်ဖွင့်မည့်အချိန်ကို မှတ်မိနေသည်။
ပိုင်လီရှင်းလင်နှင့် ချင်စုယန်တို့သာ ကျန်ရှိသောအချိန်တွင် ချင်စုယန်က ပြောလိုက်သည်။
“အငြိုးအတေးမဲ့နယ်မြေမှာ တိုက်ပွဲပြင်းထန်နေတယ်။ ရှေ့တန်းစစ်သားတွေက အပြင်းအထန်ဒဏ်ရာရထားပြီး ဆေးလုံးတွေ လိုအပ်နေတယ်”
“အာခီမီညီလာခံက ရှေ့တန်းအတွက် အကူအညီဖြစ်လိမ့်မယ်လို့ မှူးမတ်ချုံးဝူက မျှော်လင့်နေတယ်”
ပိုင်လီရှင်းလင်က ခေါင်းညိတ်လိုက်ပြီး ခန်းဆောင်အပြင်ဘက်သို့ကြည့်၍ ညင်သာစွာပြောသည်။
“ဒီကိစ္စအတွက် ကျွန်မ စီစဉ်လိုက်ပါ့မယ်။ ဒါပေမဲ့ အာခီမီညီလာခံမှာ အာခီမီကျင့်ကြံသူတွေပါဝင်ဖို့အတွက် အန္တရာယ်များတယ်”
သူမ၏စကားကို ကြားလိုက်ရသောအခါတွင် ချင်စုယန်က ရယ်လိုက်ပြီး ခြေလှမ်းကျဲကြီးများနှင့် ထွက်သွားသည်။ သူ့အသံကို ကြားနိုင်သည်။
“အာခီမီကျင့်ကြံသူတွေက ဥယျာဉ်ထဲမှာရှိတဲ့ ငှက်နဲ့ပန်းပင်တွေလို မဟုတ်ဘူး။ အနောက်မှာပဲ တစ်ချိန်လုံးပုန်းနေတာက သိပ်မကောင်းဘူး”
ပိုင်လီရှင်းလင်က စကာမပြောပေ။ သူမက ညင်သာစွာ သက်ပြင်းချသည်။
....
အာခီမီကံကြမ္မာဆေးဆိုင်၏ နောက်ဖေးခြံဝိုင်းတွင် ဆေးလုံးများကို ဆက်တိုက်သန့်စင်ခဲ့ပြီး မူဝမ်က ပင်ပန်းသွားသည်။ ဟန်မူယဲ့က သူမကိုချီပြီး အခန်းထဲသို့ ပြန်သယ်လာရသည်။
မူဝမ်၏အခန်းထဲမှ ပြန်ထွက်လာသောအခါတွင် ညလယ်သို့ ရောက်နေပြီဖြစ်သည်။
ဟန်မူယဲ့က အခန်းထဲသို့ပြန်မသွားဘဲ ခြံဝိုင်းထဲတွင် ရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ချီစွမ်းအင်အလင်းများ ပေါ်ထွက်လာသည်။
ယနေ့ ဆေးလုံးသန့်စင်ခြင်းသည် မူဝမ်လိုချင်သော တူနှစ်ကိုယ်ကျင့်ကြံခြင်းမျိုးမဟုတ်သော်လည်း အတော်လေး လှပသည်။
ဆေးလုံးသန့်စင်နေသောအချိန်တွင် ဟန်မူယဲ့၏ဝိညာဉ်စွမ်းအားထိန်းချုပ်မှုကြောင့် သူမက ကြိုးတန်းပေါ်တွင် လမ်းလျှောက်နေရသည်ဟု ခံစားခဲ့ရသည်။
အကယ်၍ သူမတော်တဆ ဖြစ်သွားခဲ့လျှင် မူဝမ်က သည်းမခံနိုင်လောက်ပေ။
ဟန်မူယဲ့က ချီစွမ်းအင်များကိုထုတ်ဖော်ပြီး ခြံဝိုင်းထဲတွင် သက်တောင့်သက်သာရှိစွာ ရပ်နေသည်။ သူ့ခန္ဓာကိုယ်နှင့်စိတ်သည် တည်ငြိမ်နေသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ကျင့်ကြံခြင်းသည် စုဆောင်းခြင်းဖြစ်သည်ဟု သူတွေးခဲ့သည်။
ဓားချီစုဆောင်းခြင်း၊ တိုက်ခိုက်မှုအတွေ့အကြုံစုဆောင်းခြင်း၊ ချီစွမ်းအင်စုဆောင်းခြင်းနှင့် ဝိညာဉ်စွမ်းအင်များ စုဆောင်းခြင်းဖြစ်သည်။
သို့သော် ပြင်ပဘုံမှပြန်လာပြီး နန်းမြို့တော်သို့ရောက်လာသောအခါတွင် ဟန်မူယဲ့၏နားလည်မှုသည် ပြောင်းလဲသွားခဲ့သည်။
ကွန်ဖြူးရှပ်တာအိုဖြစ်စေ၊ ဓားတာအိုဖြစ်စေ၊ အာခီမီကျင့်ကြံခြင်းဖြစ်စေ အရာအားလုံးသည် နားလည်သဘောပေါက်မှုနှင့် စုဆောင်းခြင်းကို ပေါင်းစပ်ထားသည်။ အတွေ့အကြုံများနှင့် ဆက်တိုက်ထိတွေ့ပြီး သုံးသပ်ရမည်။ ထိုမှသာ မဟာတာအိုနှင့်ပတ်သတ်၍ ပိုမိုနားလည်နိုင်မည်။
ယခင်က ဓားတာအိုသည် ဓားတာအိုသာဖြစ်သည်ဟု သူထင်ခဲ့သည်။
ဓားတာအိုသည် သန့်စင်သည်ဟု သူခံစားရသည်။ ယခု တွေးကြည့်လိုက်သောအခါတွင် သူက ကောင်းမွန်စွာ မမြင်နိုင်ခဲ့ပေ။
သူနှင့် လမ်းစဉ်တူသော ဓားဘုရင်ယွမ်ထျန်းကလည်း ထိုအတွေးမျိုး ရှိနေလိမ့်မည်။
သို့သော် အဆုံးတွင် ဓားဘုရင်ယွမ်ထျန်းသည် အရာအားလုံးကိုစွန့်ပစ်၍ ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ထွက်သွားသည်။
ဓားဘုရင်ယွမ်ထျန်းသည် အသစ်တစ်ခုကို နားလည်သွားခြင်းဖြစ်နိုင်သည်။
“ဓားတာအိုက တစ်ခုအဖြစ်ပေါင်းစပ်ပြီး တစ်သောင်းအဖြစ် ခွဲထွက်နိုင်တယ်။ နောက်ဆုံးမှာတော့ ဖျက်ဆီးခြင်းနဲ့ တည်ဆောက်ခြင်းစည်းမျဉ်းတွေကို လိုက်နာထားတယ်။ ဒါက ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ်ရဲ့ နောက်ဆက်တွဲလား”
ဟန်မူယဲ့က အငွေ့အသက်များကိုရုတ်သိမ်းပြီး အဝေးသို့ ပျံသန်းသွားသည်။ သူက လခြမ်းကွေးရေကန်စပ်တွင် ပြန်ပေါ်လာသည်။
ရေကန်၏ပုံစံကိုလိုက်၍ အင်မော်တယ်လရေကန်ဟု အမည်ပေးခဲ့သည်။
ညဉ့်နက်နေပြီဖြစ်သောကြောင့် ရေကန်ဘေးတွင် လမ်းသွားလမ်းလာအချို့သာ ရှိသည်။
အဝေးတစ်နေရာတွင်ရှိသော မီးရောင်များနှင့် ရေကန်ထက်တွင်ရှိသော လှေအချို့သည် တိတ်ဆိတ်သော်လည်း စည်ကားသောမြင်ကွင်းတစ်ခုကို ဖန်တီးနေသည်။
ဤနေရာသည် နန်းမြို့တော်ဖြစ်သည်။
ဟန်မူယဲ့က ရေကန်စပ်တွင် ခဏလောက်ရပ်လိုက်ပြီး ရေပေါ်သို့ ခြေချသည်။
သူက ရေကန်နှင့်ပေါင်းစပ်သွားသကဲ့သို့ ရေဓာတ်လိုက်ဖက်ညီမှုစွမ်းအားကို ထုတ်ဖော်ပြီး နစ်မြုပ်သွားသည်။
အင်မော်တယ်လရေကန်သည် သိပ်မနက်ပေ။ ကန်လယ်သည် ပေတစ်ထောင်သာရှိသည်။
သို့သော် ရေထုသည် သဘာဝစွမ်းအား ကြွယ်ဝသည်။ ဟန်မူယဲ့ကို အစိမ်းရောင်အလင်းများ လွှမ်းခြုံလာသည်။
ငါးအချို့ ကူးခပ်လာပြီး သူ့ကို ဝိုင်းကြည့်နေသည်။
သူက ရေကန်ကြမ်းပြင်တွင်ရှိသော အပြာရောင်ကျောက်တုံးပေါ်သို့ ခြေချပြီး မျက်လုံးများမှေးကျဉ်းလိုက်သည်။
သူ့နောက်တွင် နတ်ဘုရားသားရဲပါ့ရှား၏ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုပုံရိပ်သည် သူ့ခန္ဓာကိုယ်ကိုလွှမ်းခြုံပြီး ရေစွမ်းအားများနှင့် ပေါင်းစပ်သွားသည်။
ထိုပုံရိပ်ကြောင့် ဟန်မူယဲ့၏ခုခံကာကွယ်မှုကို ချိုးဖောက်နိုင်သောလူ မရှိပေ။
ယနေ့တွင် သူက တူနှစ်ကိုယ်အာခီမီကျင့်ကြံခြင်းကြောင့် နားလည်မှုအသစ်များ ရခဲ့သည်။ သို့သော် နတ်ဘုရားသားရဲသွေးမျိုးဆက်၏ ကြမ်းတမ်းသောအငွေ့အသက်များကိုလည်း လှုံ့ဆော်မိသည်။
ရေစွမ်းအား၏ကူညီမှုကြောင့် သူက အနည်းငယ် သက်သာရာရနိုင်သည်။
သို့သော် ထိုအရာသည် မလုံလောက်ပေ။
သူက ဖြည်းဖြည်းချင်း မျက်လုံးများမှိတ်သည်။ သူ့ခန္ဓာကိုယ်ထဲတွင်ရှိနေသော ချီ၊ သွေးနှင့် ဝိညာဉ်စွမ်းအားများသည် တစ်ခါမှမရှိဘူးသကဲ့သို့ ပျောက်ကွယ်သွားသည်။
ချက်ချင်းဆိုသလိုပင် အနောက်ဘက်နယ်စပ်ကုန်းမြေတွင်ရှိသော ဓားစံအိမ်က ရွှေအလင်းဖြင့် တောက်ပလာသည်။
ဓားစံအိမ်တွင်တင်ပျဉ်ခွေထိုင်နေသော လျှိုဟုန်က တီးတိုးရေရွတ်လိုက်ပြီး ထွက်သွားသည်။
“ဓားစံအိမ်ရဲ့ဝင်္ကပါ အသက်ဝင်လာရင် ဓားစံအိမ်မှာရှိတဲ့လူတွေက ထွက်သွားပြီး ဝင်္ကပါရုတ်သိမ်းသွားမှ ပြန်လာသင့်တယ်လို့ ဂိုဏ်းတူအစ်ကိုဟန်က ညွှန်ကြားထားတယ်”
“ကောင်းပြီလေ။ တောင်အောက်ကို ခဏလောက်ဆင်းကြတာပေါ့”
“အရင်တစ်ခေါက်တုန်းကတော့ အဆင်ပြေနေတာပဲ”
လျှိုဟုန်က ထွက်သွားသောကြောင့် နောက်တွင်ကျန်ခဲ့သော ဓားစံအိမ်၏ရွှေအလင်းသည် အနည်းငယ်တုန်ခါသွားကြောင်း မသိလိုက်ပေ။
အံ့ဖွယ်ကိုးပါးတောင်တွင် ဓားစံအိမ်၏ပြောင်းလဲမှုကို အာရုံခံနိုင်သောလူ မရှိပေ။
ဓားစံအိမ်သည် မူလနေရာတွင် မရှိတော့ကြောင်း မည်သူမှ မသိကြပေ။
ရွှေအလင်းများထွက်နေသော ဓားစံအိမ်သည် ပုံရိပ်ယောင်တစ်ခုသာဖြစ်သည်။