အခန်း (၄၇၅)
Vol. 34 Ch. 475
ဟန်မူယဲ့က သူ့နာမည်ကို ယခုမှ သိလိုက်ရသည်။
“ကျားကွက်ကို လူတိုင်းမှောက်ပစ်နိုင်တယ်။ ဒါပေမဲ့ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုမှောက်ရမလဲဆိုတာကို လူတိုင်းမသိဘူး။ ပြီးတော့ လုပ်ရဲတဲ့သတ္တိမျိုးလည်း မရှိဘူး”
လူအိုကြီးက လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့လက်ဝါးပေါ်တွင် အလင်းစီးကြောင်းများ သွယ်ယှက်နေပြီး သူ့ပုံရိပ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ကောင်းကင်စက်ဝန်းသည် အပေါ်အောက်ရွေ့လျားပြီး အရာအားလုံးကို ဖြတ်တောက်သွားသည်။
ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုကိုလည်း ဖြတ်တောက်သွားခဲ့သည်။
ကောင်းကင်စက်ဝန်းဝင်္ကပါ ....
“အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ ဘုံကိုးပါးမှာ ငါ့နာမည်က ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေးပဲ။ ငါက ရှန့်စန်းထျန်းနယ်မြေကို အုပ်ချုပ်တယ်”
“ကောင်းကင်ကျင့်ကြံပါ။ ငါ့ကို စိတ်ပျက်စေနဲ့”
စိတ်ထဲတွင် ပုံရိပ်များပျောက်ကွယ်သွားသောအခါ ဟန်မူယဲ့က ကျားကွက်ပေါ်မှ လက်ဖယ်လိုက်သည်။
ဘုံကိုးပါးမှ ကျင့်ကြံသူကြီး၏ အမွေအနှစ် ....
ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေးသည် တာအို၏ အစောဆုံးဘိုးဘေးကို ရည်ညွှန်းသည်။
မျိုးဆက်တိုင်းတွင် ကိုယ်ပိုင်နားလည်သဘောပေါက်မှုများ ရှိသည်။
တာအိုတည်ရှိသောနေရာတွင် အခွင့်ကောင်းများ ရှိနေလိမ့်မည်။
ဝမ်မော့ရှန်က ကောင်းကင်အံ့ဖွယ်ဝင်္ကပါ၏ ကောင်းကင်စက်ဝန်းကျားကွက်ကို နားလည်ခဲ့သည်။ သူက ကောင်းကင်နှင့်မြေကြီးကို ကျားကွက်အဖြစ်အသုံးချပြီး ကွန်ဖြူးရှပ်တာအိုဖြင့် ကောင်းကင်နှင့်မြေကြီးကို ဖိနှိပ်ခဲ့သည်။
ဓားဘုရင်ယွမ်ထျန်းက ကောင်းကင်စက်ဝန်းဓားဝင်္ကပါကို နားလည်ခဲ့ပြီး ဓားတာအိုဖြင့် လောကကို လွှမ်းမိုးသည်။
ထိုသို့ဆိုလျှင် မှူးမတ်ဝူသည် ချပ်ဝတ်စစ်သည်များကို ဝင်္ကပါအဖြစ်အသုံးချ၍ ကမ္ဘာများအားသိမ်းပိုက်ရန်နည်းလမ်းကို နားလည်ခဲ့လိမ့်မည်။
ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ကျားစေ့တစ်စေ့ကို ကိုင်ထားသည်။ သူ့မျက်လုံးထဲတွင် အပြုံးတစ်ခုရှိနေသည်။
သူက သူတို့နှင့်မတူညီစွာ နားလည်ခဲ့သည်။
ကောင်းကင်ဘုံကိုးဆင့်နှင့် ကျယ်ပြန့်သော ပျက်စီးခြင်းစကြဝဠာကို မြင်ထားသောလူသည် သေးငယ်သောကျားကွက်ထဲတွင် မနေချင်ပေ။
ကောင်းကင်စက်ဝန်းဝင်္ကပါတွင် မဟာတာအို ၃၆၀ရှိသည်။
ထိုသို့ဆိုလျှင်ပင် အရေးမပါပေ။
ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေးက အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ဘုံကိုးဆင့်တွင် ရှိနေသည်ဟု ပြောခဲ့သည်။
ထိုသို့ဆိုလျှင် သူ၏ မဟာတာအိုသည် အင်မော်တယ်နှင့်ဗုဒ္ဓများ၏ အဆုံးမရှိသောလောကတွင် ရှိနေလိမ့်မည်။
ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ကျားစေ့များအားလုံးကို သိမ်းသည်။ သူက အပြုံးတစ်ခုနှင့်အတူ ခြံဝိုင်းထဲမှ ထွက်သွားသည်။
ဝမ်မော့ရှန်၏လက်ဆောင်သည် မသေးငယ်ပေ။
ကျားကွက်သည် ဟန်မူယဲ့အား အသိအမှတ်ပြုခြင်းကို ဖော်ပြပြီး ကိုယ်ပိုင်တာအိုနှင့် အတွေးအခေါ်ကိုလည်း ထုတ်ပြခဲ့သည်။ အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။
ဟန်မူယဲ့က ဓားဘုရင်ယွမ်ထျန်း၏အမွေအနှစ်ကို ရခဲ့သောကြောင့် ဝမ်မော့ရှန်နှင့် ယှဉ်ပြိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ဝမ်မော့ရှန်က စိတ်ရင်းကို ပြသခဲ့သည်။
ကျားကွက်တစ်စုံသည် သူ့စိတ်ရင်းဖြစ်သည်။
ဟန်မူယဲ့တွင် လုံလောက်သောပါရမီနှင့် ခွန်အားမရှိလျှင် ကျားကွက်ကိုရရှိရန် မဖြစ်နိုင်ပေ။
“အခု ဝမ်မော့ရှန်မှာ ဖိအားတွေ အများကြီးရှိနေတယ်”
ဟန်မူယဲ့က ညင်သာစွာပြောလိုက်ပြီး ဆိုင်ထဲသို့ ဝင်လာသည်။
ဖိအားများကြောင့်သာမဟုတ်လျှင် သူက ဟန်မူယဲ့၏အကူအညီကို လိုအပ်မည်မဟုတ်ပေ။
ထိုဖိအားသည် ဝိညာဉ်သံချပ်ကာမိစ္ဆာများ သို့မဟုတ် အင်မော်တယ်ရင်းမြစ်ကမ္ဘာမှ ဖြစ်နိုင်သည်။
သို့မဟုတ် တခြားအားကောင်းသောကမ္ဘာများလည်း ဖြစ်နိုင်သေးသည်။
ဝမ်မော့ရှန်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် တာအိုကိုရရှိပြီး သူတော်စင်တစ်ပါး ဖြစ်လာခဲ့သည်။ သူ၏ ကောင်းခြင်းဆိုးခြင်းသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် ချိတ်ဆက်နေသည်။
ဟန်မူယဲ့က ဝမ်မော့ရှန်ကဲ့သို့ ဖိအားများ သိပ်မရှိပေ။
မည်သည့်ရန်သူပင်ဖြစ်စေ သူ့လက်ထဲတွင်ရှိသောဓားသည် လုံလောက်စွာထက်မြိနေလျှင် အဆင်ပြေသည်။
သို့သော် ယနေ့တွင် ဝမ်မော့ရှန်၏လက်ဆောင်ကို လက်ခံခဲ့သောကြောင့် သူက မကြာခင် ပြန်လည်ပေးဆပ်ရလိမ့်မည်။
ဆိုင်ထဲတွင်အလုပ်ရှုပ်နေသော မူဝမ်ကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က ညင်သာစွာသက်ပြင်းချလိုက်ပြီး ဖြည်းဖြည်းချင်း ရှေ့ဆက်သွားသည်။
‘ဘယ်သူက ဂရုစိုက်နေလို့လဲ။ သူ့ဆီလာလည်ဖို့ ဝမ်မော့ရှန်တောင်းဆိုတဲ့အချိန်အထိ စောင့်နေလိုက်မယ်’
“နောက်ကျရင် ငါတို့ရဲ့အိမ်ကို ခြံစည်ရိုးမြင့်မြင့်ခတ်ထားရမယ်။ မဟုတ်ရင် လူတိုင်း ဝင်လာလိမ့်မယ်”
ဟန်မူယဲ့က မူဝမ်ကိုကြည့်လိုက်ပြီး ပြောသည်။
“ဒီဆံထိုးက မင်းနဲ့ အတော်လေးလိုက်တာပဲ”
ပိုင်ဝူဟန်ပေးခဲ့သော ရွှေဆံထိုးကို မူဝမ်က ဆံပင်ကြားတွင် ထိုးထားသောကြောင့် ပိုမိုလှပနေသည်။
ရွှေဆံထိုးသည် ကောင်းမွန်သော ဝိညာဉ်လက်နက်တစ်ခု ဖြစ်သည်။
မူဝမ်က ရယ်လိုက်ပြီး တီးတိုးပြောသည်။
“ထွက်သွားပြီလား”
ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်သည်။
“အင်းပေါ့။ သူ့ကို နေ့လယ်စာကျွေးချင်လို့လား”
မူဝမ်က ပါးစပ်ကိုအုပ်လိုက်ပြီး ရယ်သည်။ သူမက ညင်သာစွာပြောသည်။
“အဲဒါက အမတ်ချုပ်ကြီးဝမ်လေ”
ဟန်မူယဲ့က နှာမှုတ်သည်။
‘အမတ်ချုပ်ကြီးဝမ်က ဘာဖြစ်နေလို့လဲ’
‘သူကလည်း လက်ဆောင်ပေးဖို့အတွက် ဒီကိုရောက်လာတာမဟုတ်ဘူးလား’
သူတို့သည် သူ့အပေါ်တွင် တစ်ကြိမ်ထက်ပို၍ အစီအစဉ်များချခဲ့သည်။ သူက ဒေါသထွက်သင့်သည်။
“အစ်ကိုဟန်၊ အဲ့ဒီနတ်မိမယ်က ဘယ်သူလဲ”
မူဝမ်က ဆံထိုးကိုဆွဲထုတ်လိုက်ပြီး တီးတိုးမေးသည်။
“အံ့ဖွယ်ကိုးပါးတောင်ရဲ့ ဓားစံအိမ်မှာ ဖိနှိပ်ထားခဲ့တဲ့မိစ္ဆာကို မှတ်မိသေးလား”
ဟန်မူယဲ့က ဆိုင်ထဲတွင်ရှိသော သစ်သားစင်များကိုကြည့်လိုက်ပြီး ရောင်းချလိုက်သောဆေးလုံးများကို ရေတွက်နေသည်။
“သူမက ရှောင်ပိုင်လား”
မူဝမ်က ဓားစံအိမ်၏ရှောင်ပိုင်နှင့်ပတ်သတ်၍ ပုံပြင်များကြားဖူးသည်။
သူမ၏ မယိမ်းယိုင်နိုင်သော အချစ်ဇာတ်လမ်းကြောင့် သူမက ဝမ်းနည်းခဲ့ရသည်။
“အဲဒါဆိုရင် ဘာဖြစ်လို့ ....”
ရှောင်ပိုင်ကို နှစ်တစ်သောင်းကြာအောင် ဖိနှိပ်ထားခဲ့သည်။
‘ဝမ်မော့ရှန်က ရင်မနာဘူးလား’
‘အမတ်ချုပ်ကြီးဝမ်ရဲ့နှလုံးသားက တကယ့်ကို ကျောက်တုံးလိုပဲ’
မူဝမ်က ရှောင်ပိုင်ကို ကရုဏာသက်နေပြီး မသိလိုက်ဘဲ အမတ်ချုပ်ကြီးဝမ်ကို မကျေမနပ်ဖြစ်မိသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး ပြန်မပြောပေ။
ယခုအချိန်တွင် သူက ဝင်မပါချင်သေးပေ။
“ဒါနဲ့ ချီဘုရင်ရဲ့လက်ဆောင်တွေက အတော်လေး ဈေးကြီးတဲ့ပုံပဲ”
မူဝမ်က ပြောလိုက်ပြန်သည်။
‘ငါစွပ်စွဲခံနေရတာလား’
ဟန်မူယဲ့က တွေးမိသည်။
သူက ခပ်ဟဟရယ်လိုက်ပြီး မူဝမ်ကို ကြည့်သည်။
“ဒီနေ့ လက်ဆောင်တွေ ဘယ်လောက်ရလိုက်လဲ။ ငါတို့ စစ်ကြည့်ကြမလား”
‘လက်ဆောင်တွေ စစ်ကြည့်မှာလား’
မူဝမ်၏မျက်လုံးများ တောက်ပသွားသည်။
ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါတွင် ကျောက်စိမ်းသေတ္တာများ၊ လက်နက်များ၊ ဝိညာဉ်ဆေးပင်များ စားပွဲပေါ်သို့ ရောက်လာသည်။
မူဝမ်က ချီဘုရင်၏လက်ဆောင်များနှင့်ပတ်သတ်၍ မေ့လျော့သွားသည်။ သူမက စားပွဲဆီသို့လျှောက်လာပြီး လက်ဆောင်များ၏တန်ဖိုးကို တွက်ချက်နေသည်။
“ဒီဆေဘာဓားက ဝိညာဉ်လက်နက်လား။ ဝိညာဉ်ကျောက်တုံး နှစ်သိန်းလောက်တန်တယ်မဟုတ်လား”
“ဒါက ရေခဲမြက်လား။ အနည်းဆုံး ဝိညာဉ်ကျောက်တုံး ငါးသိန်းတန်တယ်”
“ဒီသစ်သားစက မဆိုးဘူးပဲ။ ဘယ်လောက်တန်လဲမသိဘူး”
မူဝမ်က ရင်းနှီးသောလူများ၏လက်ဆောင်ကို တစ်ဖက်တွင်ပုံထားပြီး မရင်းနှီးသောလူများ၏လက်ဆောင်ကို တစ်ဖက်တွင် ပုံထားသည်။
သူမက အလေးအနက်ထားနေကြောင်း မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က စိတ်ရွှင်သွားသည်။
“မဟာကျောင်းတော်သား ဝူကျီတောက်ရဲ့ ဖီနစ်ကိုဦးညွှတ်နေသောငှက်တစ်ရာပန်းချီကားက အနည်းဆုံး ဝိညာဉ်ကျောက်တုံးသုံးသန်းတန်တယ်။ သမာဓိစွမ်းအားနဲ့ အသက်သွင်းလိုက်ရင် ငှက်တစ်ရာဝင်္ကပါကို ဖော်ထုတ်နိုင်တယ်”
“ဆရာသခင် ယုကျန်းနန်ရဲ့ကဗျာမှာ သမာဓိစွမ်းအားတွေ ရှိနေတယ်။ အိမ်ခြံမြေကို ကာကွယ်ပေးနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဝိညာဉ်ကျောက်တုံးရှစ်သိန်း ရလိမ့်မယ်”
အချိန်ကြာမြင့်စွာ ပျိုးထောင်မထားလျှင်ပင် ဆရာသခင်တစ်ဦး၏ လက်ရေးစာသည် တန်ဖိုးကြီးသည်။
ဆရာသခင်တစ်ယောက်ဖြစ်လာလျှင် ဝိညာဉ်ကျောက်တုံးများ လိုအပ်ခြင်းမရှိတော့ပေ။ ထို့အပြင် အဖိုးတန်သော စာပေရတနာကို ဝိညာဉ်ကျောက်တုံးကဲ့သို့ သာမန်ပစ္စည်းများနှင့် လဲလှယ်မည့်လူမရှိပေ။
ကျင့်ကြံခြင်းသည် စိတ်ကို သန့်စင်ရသည်။ စိတ်အခြေအနေသည် လူသားလောက၏ အလိုဆန္ဒများနှင့် စွန်းထင်သွားလျှင် အဆင့်မတက်နိုင်ဘဲ ဖြစ်သွားလိမ့်မည်။
“ဒီနွေဦးနန်းတော်ပန်းချီကားက နှစ်တစ်ထောင်သက်တမ်းရှိနေတဲ့ ဆရာသခင်ထန်ရီရဲ့ လက်ရာပဲ။ ဒါကိုရောင်းလိုက်ရင် အနည်းဆုံး ဝိညာဉ်ကျောက်တုံးငါးသန်းရလိမ့်မယ်”
များပြားလှသောပမာဏကို ကြားလိုက်ရသောအခါတွင် မူဝမ်က လျင်မြန်စွာ ခေါင်းမော့ကြည့်သည်။
ထို့နောက် သူမက ရှက်သွားသည်။
“ဒါ .... ဒါက ဘာလဲ ....”
ဟန်မူယဲ့က သူမ၏ ရှက်ရွံ့နေသောမျက်နှာထားကို မမြင်ချင်ယောင်ဆောင်လိုက်သည်။ သူက ပန်းချီကားကို လိပ်လိုက်ပြီး မူဝမ်ကို ပေးသည်။
“ညီမမူ၊ ဒီပန်းချီကားက အဖိုးတန်တယ်။ ကောင်းကောင်းသိမ်းထားရမယ်နော်”
သူမ စကားမပြောနိုင်ခင် ဟန်မူယဲ့က ကျန်စာလိပ်များအားလုံးကို ခြံဝိုင်းထဲတွင်ရှိသော အခန်းဆီသို့ သယ်သွားသည်။
မူဝမ်က လက်ထဲတွင် ပန်ချီကားကို ကိုင်ထားသည်။ သူမက နှုတ်ခမ်းကိုက်ထားပြီး ရှက်နေသည်။ နောက်ဆုံးတွင် သူမက နှာမှုတ်လိုက်ပြီး ပန်းချီကားကို အခန်းထဲသို့ ယူသွားသည်။
လကြည့်မြို့မှ တော်ဝင်ဥယျာဉ်လမ်း၏ ဆေးဆိုင်ဖွင့်ပွဲသည် အရေးကြီးပုဂ္ဂိုလ်များကို ဆွဲဆောင်ခဲ့သည်။
ထိုသတင်းသည် ရက်အနည်းငယ်ကြာသည်အထိ ပျံ့နှံ့နေသည်။
အစပိုင်းတွင် လူအများအပြား လာကြည့်ခဲ့သည်။
သို့သော် အာခီမီကံကြမ္မာစံအိမ်တွင် ဈေးချိုသောဆေးလုံးများ မရှိပေ။ ထို့အပြင် ဆေးလုံးအမျိုးအစားလည်း နည်းပါးသည်။ ထို့ကြောင့် ဆေးလုံးဝယ်သောလူ အနည်းငယ်သာရှိသည်။
ဇူအော်ယုလုံနှင့် ဇူအော်ယုထင်က ဧည့်သည်များကို ကောင်းမွန်စွာကိုင်တွယ်နိုင်ခဲ့သည်။
တစ်ဖက်တွင် ဆေးဆိုင်၏ကျော်ကြားမှုကြောင့် တောင်ပိုင်းကုန်းမြေသွားရည်စာဆိုင်သည် ပေါက်စီနှင့်သွားရည်စာများ ရောင်းကောင်းနေသည်။
ရှောက်တထျန်းက နားရွက်တက်ချိတ်လုနီးပါး ပြုံးနေခဲ့သည်။
စွေ့စွေ့ကတော့ ပင်ပန်းနေသည်။
လူသားလောကသည် အဖြစ်အပျက်များကို မေ့လွယ်သည်။ လဝက်အကြာတွင် လူများက အာခီမီကံကြမ္မာစံအိမ်၏ နာမည်ပြားကိုသာ နှစ်ကြိမ်ပြန်ကြည့်လိမ့်မည်။ ဆေးဆိုင်အတွင်းသို့ဝင်ရန် စိတ်မဝင်စားကြပေ။
နန်းမြို့တော်သည် အရေးကြီးပုဂ္ဂိုလ်နှင့် မှော်ဆန်သောဖြစ်ရပ်များ မလစ်ဟင်းပေ။
မှူးမတ်ဝူသည် စစ်သည်တစ်သန်းကိုသိမ်းသွင်း၍ ပြင်ပကမ္ဘာတွင် တိုက်ခိုက်နေသောကြောင့် လူတိုင်း၏အာရုံစိုက်မှုကို ဆွဲယူသွားသည်။ နန်းမြို့တော်၏ လူအများအပြားသည် စစ်စခန်းသို့သွား၍ စာရင်းပေးခဲ့သည်။
အချိန်ခဏကြာသည်အထိ မြို့တော်တွင် ရွှေရောင်ချပ်ဝတ်များဖြင့် ဖုံးလွှမ်းနေပြီး သတ်ဖြတ်လိုစိတ်များသည် ကောင်းကင်အထိ မြင့်တက်နေသည်။
ကျင့်ကြံခြင်းလောကတွင် အာခီမီကံကြမ္မာစံအိမ်၏ဖွင့်ပွဲကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲဖြစ်ရပ်များ ဖြည်းဖြည်းချင်း စုစည်းလာသည်။
သခင်နွယ်စိမ်း ပြန်ရောက်လာသည်။ သူက တော်ဝင်ကျောင်းတော်တွင်မနေဘဲ မြို့အပြင်ဘက်ရှိ ဇိမ်ခံသင်္ဘောပေါ်တွင် ရှိနေသည်။
သခင်နွယ်စိမ်းဆီသို့ အလည်ရောက်လာသော လူအိုကြီးများ ရှိနေပြီး ဇိမ်ခံသင်္ဘောပေါ်တွင် စာပေဆွေးနွေးမှုများ နေ့စဉ်ဖြစ်ပွားနေသည်။ ကဗျာကောင်းအများအပြား ပေါ်ထွက်လာသည်ဟု ပြောကြသည်။
သခင်နွယ်စိမ်းပြန်လာသော ပထမဆုံးနေ့တွင် သူက အာခီမီကံကြမ္မာစံအိမ်သို့ သွားခဲ့သည်။
အာခီမီဆရာသခင်အသစ်ဖြစ်သော ချင်မိသားစု၏ ချင်ဝူယွမ်သည် အရိုးချုပ်နှောင်ခြင်းဆေးလုံးအသစ်ကို မိတ်ဆက်ပေးခဲ့သည်။ ထိုဆေးလုံးကို ကောင်းကင်အဆင့်အောက်တွင်ရှိသော ကျင့်ကြံသူများသုံးစွဲပြီး ကျောက်စိမ်းအရိုးကို ကြိုတင်သန်စင်နိုင်သည်။
ထိုအရိုးချုပ်နှောင်ဆေးလုံးကြောင့် နန်းမြို့တော်၏ကျင့်ကြံခြင်းလောကသည် ဆူပွက်သွားခဲ့သည်။
ထိုဆေးလုံးများအတွက် မရေမတွက်နိုင်သောဂိုဏ်းများ တိုက်ခိုက်ခဲ့သည်။ အဆုံးတွင် ဓမ္မရတနာသုံးခုနှင့် ဝိညာဉ်ကျောက်တုံးဆယ်သန်းကိုအသုံးပြု၍ ထူးခြားဆန်းကြယ်သောလူတစ်ဦးက ဆေးလုံးများကို ဝယ်သွားခဲ့သည်။
နန်းမြို့တော်တွင် ထူးခြားဆန်းကြယ်သောလူ မရှိပေ။
ထုတ်မပြောနိုင်သောအဆင့်အတန်းကို ပိုင်ဆိုင်နေသောကြောင့်သာ ထူးခြားဆန်းကြယ်သည်ဟု ပြောခြင်းဖြစ်သည်။
ဆရာသခင်ဖြစ်လာသောအခါတွင် ချင်ဝူယွမ်က မည်သည့်နေရာသို့ သွားခဲ့သနည်း။
သူက အာခီမီကံကြမ္မာစံအိမ်၏ပိုင်ရှင်ကို တပည့်တစ်ယောက်အနေဖြင့် ဦးညွှတ်ခဲ့သည်။
အာခီမီကံကြမ္မာစံအိမ်၏ ဖွင့်ပွဲနေ့တွင် ချီဘုရင်က လက်ဆောင်များပို့ပေးခဲ့သည်။
အာခီမီကံကြမ္မာစံအိမ်၏ ဖွင့်ပွဲနေ့တွင် တော်ဝင်ကျောင်းတော်မှ ကျောင်းတော်သားများ ရောက်လာကြသည်။
အာခီမီကံကြမ္မာစံအိမ်၏ ဖွင့်ပွဲနေ့တွင် တစ်စုံတစ်ခု ဖြစ်ပွားခဲ့ပုံပေါ်သည်။ ထိုအကြောင်းနှင့်ပတ်သတ်၍ ထုတ်ပြောခဲ့သောလူ မရှိပေ။
ထို့ကြောင့် မရေမတွက်နိုင်သောလူများသည် အာခီမီကံကြမ္မာစံအိမ်၏နောက်ခံကို စိတ်ဝင်စားလာကြသည်။
မည်သို့ပင်ဖြစ်စေ အာခီမီကံကြမ္မာစံအိမ်နှင့် ဘေးတွင်ရှိသော တောင်ပိုင်းကုန်းမြေသွားရည်စာဆိုင်၏ စီးပွားရေးသည် တည်ငြိမ်လာခဲ့သည်။
ဟန်မူယဲ့က အာခီမီကံကြမ္မာစံအိမ်၏ရတနာဖြစ်သော ဝိညာဉ်ဖိနှိပ်ခြင်းဆေးလုံးကို သိမ်းထားလိုက်သည်။ ထိုဆေးလုံးကို မေးလာလျှင် ရောင်းထွက်သွားပြီဟု ပြောလိုက်သည်။
သူက ဝိညာဉ်ဖိနှိပ်ခြင်းဆေးလုံးကို ကိုယ်တိုင်အသုံးပြုရန်အတွက် စီစဉ်ထားသည်။ ရောင်းချရန် စိတ်ကူးမရှိပေ။
သွေးကျောက်စိမ်းအင်မော်တယ်ဝိညာဉ်ဆေးလုံး တစ်လုံးကျန်နေသေးသည်။ ထိုဆေးလုံး၏တန်ဖိုးကို မေးလာသောလူများသည် ဆေးလုံးအမှာစာအတွက် ဆွေးနွေးသွားကြသည်။
သွေးကျောက်စိမ်းအင်မော်တယ်ဝိညာဉ်ဆေးလုံးကို မေးသောလူများသည် ဝိညာဉ်ကျောက်တုံး ပြတ်လပ်နေခြင်းမရှိပေ။