ထာဝရကြယ်အဆင့်
Vol. 80 Ch. 1111
ထို နတ်ဘုရားကြီးမှာ အရပ်ထောင်ထောင်မောင်းမောင်းနှင့် တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်တစ်ခုအား ပိုင်ဆိုင်ထားသည်။ သူ့ဆီတွင် ဖက်တီးလေးတစ်ယောက်နှင့် တူသည့် အရိပ်အယောင်ဟူ၍ တစိုးတစိမျှပင် မရှိပေ။ ထို့ကြောင့် သူသည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြားရှိ မိုးထိုးလုမတတ် မြင့်မားနေသော တောင်ကြီးတစ်လုံးနှင့် တူနေတော့သည်။
နတ်နွားကြီး၏ အထက်၌ ရပ်နေသည့် သူ၏ ဝတ်ရုံများမှာလည်း လေထဲတွင် တလူလူလွင့်နေ၏။ ၎င်း၏ ဦးခေါင်းအထက်တွင်လည်း သူ၏ တာအိုဂြိုဟ် ရစ်ဝဲနေသေးသည်။ လူတိုင်းမှာ ထို နတ်နွားကြီး အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး တာအိုဂြိုဟ်အား ကောင်းကင်ယံထဲအထိ ခေါ်သွားသည်ကို မြင်လိုက်ရသည်။
၎င်းမှာ တဖြည်းဖြည်းနှင့် အပေါ်သို့ ရောက်သွား၏။
ထိုအချိန်တွင် မိုးကောင်းကင်ကြီးထဲ၌ ထူးဆန်းသော ပြောင်းလဲမှုများ ပေါ်ပေါက်လာ၏။ လေပြင်းများ စတင်တိုက်ခတ်လာသလို တိမ်တိုက်များမှာလည်း တလိပ်လိပ်ထနေပြီဖြစ်သည်။ ထစ်ချုန်းသံများမှာလည်း အရပ်မျက်နှာအနှံ့တွင် ပဲ့တင်ထပ်နေပြီး မိုခြိမ်းသံများအဖြစ် ပြောင်းလဲသွားကာ ကြယ်သုသာန်ထဲ၌ ပေါက်ကွဲထွက်ပေါ်လာကြ၏။
ထို ကြောက်မက်ဖွယ်ရာ ထစ်ချုန်းသံများ ထွက်ပေါ်လာချိန်တွင် နတ်နွားကြီးမှာ အော်ဟစ်မြည်တမ်းလိုက်သဖြင့် ၎င်း သယ်ဆောင်လာသည့် တာအိုဂြိုဟ်မှာ ရဲရဲနီသွား၏။ သို့ဖြစ်ရာ ၎င်း၏ အတွင်းပိုင်း၌ ဧရာမ မီးဖိုကြီးတစ်လုံးရှိနေပြီး မီးတောက်များ အဆက်မပြတ် ထုတ်လွှတ်နေသောကြောင့် ၎င်း၏ အပူချိန်မှာ ထိပ်ဆုံးသို့ မြင့်တက်သွားရသည့် အလားပင်။ ၎င်းအား ကြည့်နေကြသည့် လူတိုင်းမှာ နေမင်းကြီးတစ်စင်းအား ကြည့်နေရသည့်အလား ခံစားနေရ၏။
ကြယ်သုသာန်ထဲရှိ လူတိုင်းမှာ အသက်ပင် ကောင်းကောင်း မရှူနိုင်တော့ပေ။ ထို အခြင်းအရာများကို မြင်နေရသည့် ကျင့်ကြံသူများအားလုံးမှာ နှလုံးသားများ တဆတ်ဆတ် တုန်ရီနေကြ၏။
သူတို့အားလုံး အံ့သြတုန်လှုပ်နေကြစဉ် နတ်နွားကြီးမှာ ပို၍ပင် မြန်ဆန်လာ၏။ တာအိုဂြိုဟ်၏ အလင်းရောင်မှာလည်း ပိုမို တောက်ပလာပြီး ၎င်း၏ အတွင်းပိုင်းထဲရှိ မီးတောက်များမှာလည်း ပို၍အားကောင်းလာသည်။ နောက်ဆုံးတွင် နတ်နွားကြီးမှာ ကောင်းကင်ကြီး၏ အဆုံးသို့ ရောက်သွားပြီး ရုတ်ခြည်းဆိုသလို ရပ်တန့်သွား၏။
သို့ဖြစ်ရာ ၎င်း၏ ရှေ့၌ မျက်လုံးဖြင့် မမြင်နိုင်သည့် အကာအရံတစ်ခု ပေါ်ပေါက်လာသဖြင့် တာအိုဂြိုဟ်မှာ ဆက်လက်မြင့်တက်နိုင်စွမ်း မရှိတော့သလို နတ်နွားကြီးမှာလည်း ဆက်လက် ရွေ့လျားနိုင်စွမ်း မရှိတော့သည့်ပုံပင်။ ထိုသို့ဖြင့် နတ်နွားကြီး ရပ်တန့်သွားချိန်တွင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ စူးရှတောက်ပသွား၏။
သူသည် ထိုအခါအရံအား အာရုံခံနိုင်စွမ်း ရှိနေရုံသာမက မျက်လုံးဖြင့် မြင်နိုင်စွမ်းရှိနေသည်ဟုပင် ခံစားနေရသည်။ ထို့အပြင် သူသည် ၎င်းဆီမှ တွန်းကန်အားမျိုးစုံ ထွက်ပေါ်လာနေသည်ကိုလည်း အာရုံခံမိနေသေးသည်။ ထို့ကြောင့် ၎င်းမှာ အချုပ်အနှောင်တစ်ခုနှင့် တူနေ၏။
" မိုးကောင်းကင်ကြီးက ထာဝရတာအို ရှိနေမှာကို မလိုလားလို့ အခုလို အချုပ်အနှောင်တွေ ထားထားတာပဲ..." ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်းရေရွတ်လိုက်၏။
" ဒါပေမဲ့ ငါ ပြင်ဆင်ထားသမျှ အရာတွေအကုန်လုံးကကလည်း အဲဒီ အချုပ်အနှောင်တွေကို ချိုးဖျက်နိုင်ဖို့ပဲကွ " ဝမ်ပေါင်လဲ့မှာ ထိုသို့ ကြိမ်းဝါးကာ မျက်ဝန်းများ အရောင်တောက်ပသွားပြီး လက်နှစ်ဖက်အား သူ၏ ရှေ့၌ ဝှေ့ယမ်းလိုက်တော့သည်။
ထိုအခါ နတ်နွားကြီး၏ ခန္ဓာကိုယ်ထဲ၌ အလွန်အင်မတန်မှ အားကောင်းသည့် စွမ်းအားတစ်မျိုး စတင်စုစည်းလာသည်။ ဖိနှိပ်အားများမှာလည်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး နတ်နွားကြီး၏ ရှေ့ခြေထောက် နှစ်ချောင်းမှာလည်း လေထဲ၌ အသာအယာ ကွေးညွှတ်သွားသည်။ သို့ဖြစ်ရာ ၎င်းမှာ ၎င်း၏ အောက်ရှိဟင်းလင်းပြင်ကြီးအား ကုန်းမြေစိုင်ကြီးတစ်ခုအဖြစ် သဘောထားကာ နောက်ဆုံးပြင်ဆင်မှုများ ပြုလုပ်နေသည့်ပုံပင်။
" အရေးကြီးဆုံးအချိန်ကို ရောက်လာပြီ "
" ဒဏ္ဍာရီတွေအရဆိုရင် တာအိုဂြိုဟ်က အာကာသကောင်းကင်ကြီးရဲ့ ကန့်သတ်ချက်တွေကို ဖောက်ထွက်ပြီးရင် ထာဝရကြယ်အဖြစ်ကို တက်လှမ်းသွားမှာတဲ့ "
ကြယ်သုသာန်ထဲတွင် ကြယ်သုသာန်အင်ပါယာ၏ ဧကရာဇ်ကြီးနှင့် လက်ရှိ ဧကရာဇ်ကြီးတို့မှာ တည်ကြည်မှုအပြည့်ရှိသော အမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြ၏။ သူတို့၏ ကျင့်ကြံခြင်းအဆင့်များမှာ မြင့်မားသည့်တိုင်အောင် သူတို့မှာ ထိုကဲ့သို့သောမြင်ကွင်းမျိုးအား ဒဏ္ဍာရီများထဲတွင်သာ ကြားဖူးထားကြသည်။ သို့ဖြစ်ရာ ယခုတွင် သူတို့မှာ ထိုမြင်ကွင်းအား ပထမဆုံးအကြိမ်အဖြစ် မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရလိုက်ခြင်း ဖြစ်ပေသည်။
သူတို့နှစ်ယောက် လှမ်းကြည့်နေကြစဉ် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို သူ၏ လက်နှစ်ဖက်ကို အောက်သို့ပြန်ချလိုက်၏။ ထို့နောက် သူ၏ နှုတ်မှ ခပ်အောအောစကားသံတစ်သံ ထွက်ပေါ်လာသည်။
" မြင့်တက်စေ "
သူ ထိုသို့ဆိုလိုက်သည်နှင့် သူ၏ ခြေထောက်အောက်တွင် ရှိနေသော နတ်နွားကြီးမှာ တုန်ရီသွားပြီး ပို၍ပင် အံ့ဩတုန်လှုပ်ဖွယ်ရာကောင်းသည့် အသံကြီးဖြင့် အော်ဟစ်လိုက်ပြန်သည်။ ၎င်းမှာ ထိုသို့အော်ဟစ်နေရင်း ရှေ့သို့ ပြေးထွက်သွားပြီး ကောင်းကင်ယံထဲရှိ မျက်လုံးဖြင့်မမြင်နိုင်သော အကာအရံကြီးအား ဝင်တိုက်သွားသည်။
ကြယ်သုသာန်ထဲရှိ သက်ရှိများအားလုံး၏ အသိစိတ်များထဲတွင်မူ အုန်းခနဲ မြည်သံကြီးတစ်သံ ပဲ့တင်ထပ်သွား၏။ ထို့နောက် ထို အကာအရံကြီးဆီမှ အက်ကွဲသံများ ထွက်ပေါ်လာပြီး တစ်အောင့်ခန့်အကြာတွင် ၎င်းမှာ ပြိုလဲပျက်စီးသွားကာ ကောင်းကင်ယံထဲ၌ တုန်ခါမှုလှိုင်းများအဖြစ် ပြောင်းလဲသွားကြတော့သည်။ ထို တုန်ခါမှုလှိုင်းများ၏ အလယ်တွင် နတ်နွားကြီးမှာ တာအိုဂြိုဟ်နှင့်အတူ အပေါ်သို့ ခုန်တက်သွား၏။
သို့သော် ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ နတ်နွားကြီး အရှိန်မြှင့်တင်လိုက်ပြီး တာအိုဂြိုဟ်၏ အလင်းရောင်နှင့် အပူဓာတ်များ ပို၍ အားကောင်းလာချိန်တွင် နောက်ထပ် အကာအရံတစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာပြန်သည်။
အခြားတစ်နည်းဖြင့် ဆိုရလျှင် ထိုနေရာတွင် အကာအရံ တစ်ခုတည်းသာ မဟုတ်ဘဲ အမြောက်အမြား ရှိနေခြင်းဖြစ်သည်။
ယခုကဲ့သို့ ပထမဆုံး အကာအရံကြီး ပျက်စီးသွားကာ တုန်ခါမူလှိုင်းများ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသော အခါမှသာ ထိုအကာအရံကြီးမှာ ဝမ်ပေါင်လဲ့ အပါအဝင် လူတိုင်း၏ အမြင်အာရုံထဲ၌ ပေါ်ပေါက်လာ၏။
" တစ်ခုတည်းမဟုတ်ဘူးပဲ... " ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွား၏။ ထို့နောက် သူသည် နတ်နွားကြီး၏ အစွမ်းများဖြင့် သူ၏ နတ်ဘုရားအာရုံအား ဖြန့်ကြက်ကာ ထို အကာအရံများ ရှိနေသည့်နေရာသို့ ချက်ချင်း ထုတ်လွှတ်လိုက်၏။ ထိုအခါ သူသည် တာအိုဂြိုဟ်၏ ဖောက်ထွက်မှုအား ပိတ်ပင်တားဆီးနေသည့် အကာအရံ အရေအတွက်မှာ အနည်းဆုံး တစ်သန်းနီးပါး ရှိနေသည်ကို ရှင်းလင်းပြတ်သားစွာ အာရုံခံမိလိုက်တော့သည်။
အကာအရံ တစ်သန်းဝန်းကျင်ခန့်မှာ သက်ရှိများအားလုံးကို ပိတ်ပင်တားဆီးထားပြီး အာကာသကောင်းကင်ကြီးအား ဖိနှိပ်ချုပ်တည်းထား၏။ သို့ဖြစ်ရာ စည်းမျဉ်းဥပဒေသ တစ်သန်းမှာ ဧရာမ အချုပ်အနှောင်ကြီးတစ်ခုကို ဖန်တီး၍ အရာအားလုံးကို ချုပ်နှောင်ထားသကဲ့သို့ပင်။
သို့သော်... ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ သူ၏ တာအိုဂြိုဟ်အား အာရုံခံမိလိုက်သဖြင့် နားလည်သွား၏။ တာအိုဂြိုဟ်တစ်လုံး အဆင့်တက်နိုင်ရန်အတွက်ဆိုလျှင်... ပထမဆုံး အကာအရံအား ဖောက်ထွက်နိုင်ရုံနှင့် အောင်မြင်သွားပြီဟု သတ်မှတ်၍ရပေသည်။ အရေအတွက် တစ်သန်းနီးပါးရှိနေသည့် အကာအရံအားလုံးကို ဖောက်ထွက်စရာမလိုပေ။
ယခုတွင် သူ့ဘက်မှ တစ်ချက်တွေးလိုက်ရုံမျှနှင့် နတ်နွားကြီး၏ ကူညီထောက်ပံ့မှုများကို ရရှိထားသည့် တာအိုဂြိုဟ်မှာ ထာဝရတာအိုအဆင့်သို့ တက်လှမ်းသွားမည် ဖြစ်သည်။
သို့သော် ထိုကဲ့သို့သော တာအိုထာဝရကြယ်မျိုးမှာ အခြား ထာဝရကြယ်များနှင့် လုံးဝမတူဘဲ ကွဲပြားနေမည် ဖြစ်သည့်တိုင်အောင် ထိပ်ဆုံးအဆင့်တွင် ရှိနေဦးမည်တော့ မဟုတ်ပေ။
ဝမ်ပေါင်လဲ့ နားလည်ထားသလောက်ဆိုလျှင် တာအိုဂြိုဟ်တစ်လုံးမှာ ထာဝရအဆင့်သို့ မတက်လှမ်းခင် အကာအရံတစ်ခုကို ဖောက်ထွက်နိုင်တိုင်း စွမ်းအားများ တိုးတက်လာမည်ဖြစ်သည်။
" ဒီလိုဆိုမှတော့ ငါ ဘယ်လောက်အထိ ဖောက်ထွက်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့ "
ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ မျက်ဝန်းများထဲ၌ ဆုံးဖြတ်ချက်ပြတ်သားမှု အရိပ်အယောင်များနှင့် တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်သွား၏။ သူသည် စိတ်ပိုင်းဖြတ်လိုက်ပြီဖြစ်ရာ ဆက်လက် စဉ်းစားတွေးတောနေခြင်းမရှိတော့ပေ။ ထို့ကြောင့် သူ အသက်ပြင်းပြင်း ရှူလိုက်သည်နှင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ထစ်ချုန်းသံများနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ထို့နောက် ၎င်းတို့မှာ နတ်နွားကြီးနှင့် တစ်သားတည်း ပေါင်းစည်းသွား၏။ ထိုအခါ နတ်နွားကြီး၏ ခန္ဓာကိုယ်မှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပလာပြီး ၎င်းမှာ ရူးသွပ်သွားသည့်အလား အော်ဟစ်မြည်တမ်းလိုက်တော့သည်။
ထို့ကြောင့် မိုးခြိမ်းသံနှင့် တူသည့် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားပြီး အကာအရံများ ကြေမွပျက်စီးသွားသည့် အသံများမှာလည်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ အဝေးမှ ကြည့်လိုက်ပါက နတ်နွားကြီးမှာ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားကာ တာအိုဂြိုဟ်အား ၎င်းနှင့်အတူ ခေါ်သွားပြီး အကာအရံများကို တစ်ခုပြီးတစ်ခု ဝင်တိုက်ကာ ဖောက်ထွက်သွားနေသည်ကို မြင်နိုင်ပေသည်။
၎င်းမှာ ထိုကဲ့သို့ အကာအရံများကို တစ်ခုပြီးတစ်ခု အဆက်မပြတ် ဝင်တိုက်သွားပြီး ငါးထောင်ကိုးရာခုနစ်ဆယ့်လေးခုမြောက် အကာအရံအား ဖောက်ထွက်ပြီးသွားသောအခါမှ တဖြည်းဖြည်းနှင့် အရှိန်လျော့ကျသွား၏။ ထို့နောက် ၎င်းမှာ စွမ်းအားများ ပြန်လည်စုစည်းလိုက်ပြီး အသံကုန်အော်ဟစ်ကာ အရှိန်မြှင့်တင်လိုက်ပြန်သည်။ ယခုအကြိမ်တွင်မူ ၎င်းမှာ ကိုးထောင်သုံးရာကိုးဆယ့်ခုနစ်ခုမြောက် အကာအရံအား ဖောက်ထွက်သွား၏။
ထိုအချိန်တွင် နတ်နွားကြီးမှာ အားအင်များ ကုန်ခန်းစပြုလာသည့်ပုံပင်။ ထို့ကြောင့် ၎င်း၏ ခန္ဓာကိုယ်မှာ အရောင်များ မှေးမှိန်လာတော့သည်။ နောက်ဆုံးတွင် ၎င်းမှာ လက်ကျန်စွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်ပြီး အကာအရံ ရာဂဏန်းအနည်းငယ်ခန့် ထပ်၍ ဖောက်ထွက်သွားလိုက်၏။ ထိုသို့ဖြင့် အကာအရံ အခုရေတစ်သောင်းတိတိ ဖောက်ထွက်ပြီးသွားချိန်တွင် ၎င်းမှာ အားအင်များကုန်ခန်းသွားပြီး လွင့်ပါးပျောက်ကွယ်သွားတော့သည်။
" တစ်သောင်းပဲလားဟ။ အဲဒီလောက်နဲ့ ဘယ်ဖြစ်ပါ့မလဲ " ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ခေါင်းမော့ကာ အသံကုန်အော်ဟစ်လိုက်၏။ ထို့နောက် သူသည် သူ၏ ဘယ်ဘက်လက်ဖြင့် ထာဝရကြယ်တစ်လုံးနှင့် တထေရာတည်း တူနေပြီဖြစ်သည့် သူ၏ တာအိုဂြိုဟ်အား မြှောက်လိုက်၏။ ၎င်းမှာ အလွန်အင်မတန်မှ ခံ့ညားထည်ဝါလွန်းနေသောကြောင့် အခြား မည်သည့်ထာဝရကြယ်ကိုမဆို တုန်လှုပ်ချောက်ချားသွားအောင် လုပ်နိုင်စွမ်းရှိနေပြီဖြစ်သည်။ သူသည် ၎င်းအား မြှောက်လိုက်ပြီးနောက် သူ၏ ညာဘက်လက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်ကာ ရှေ့သို့ လက်ညှိုးထိုးလိုက်တော့သည်။
ထိုအခါ သူ၏ အတိတ်ဘဝမှ ဖုတ်ကောင်၏ ပုံရိပ်ကြီး ပေါ်ပေါက်လာကာ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး အကာအရံများဆီသို့ ဦးတည်သွား၏။ ၎င်းမှာ မြန်ဆန်လွန်းနေပြီး အဖျက်စွမ်းအားများကို ပိုင်ဆိုင်ထားသဖြင့် ၎င်းအား မြင်လိုက်ရသည့် လူတိုင်းမှာ စိတ်နှလုံး တုန်လှုပ်ချောက်ချားသွားရသည်သာ ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းတွင် ထို အလင်းတန်းကြီးမှာ အကာအရံ အခုရေတစ်သောင်းတိတိအား တစ်စစီ ခြေမွှဖျက်ဆီးပစ်လိုက်၏။
ထို့နောက် ထိုပုံရိပ်ကြီးမှာ လွင့်ပါးပျောက်ကွယ်သွားပြီး ဝမ်ပေါင်လဲ့မှာ တာအိုဂြိုဟ်နှင့်အတူ အခုရေ နှစ်သောင်းမြောက် အကာအရံထဲသို့ ရောက်ရှိသွား၏။ ထိုမျှလောက်နှင့် ပြီးဆုံးသွားခြင်းမရှိသေးပေ။ နတ်ဆိုးဓား၊ ရှင်းဟော့ နတ်ဘုရားမျိုးနွယ်စုဝင်နှင့် မုန်းတီးစိတ်များဖြင့် ပြည့်နှက်နေသည့် ပါရမီရှင်၏ ပုံရိပ်များမှာလည်း သူ၏ ခန္ဓာကိုယ်အပြင်ဘက်၌ ပေါ်ပေါက်လာကြသဖြင့် အကာအရံများမှာ ထပ်၍ ပျက်စီးသွားကြရသည်သာဖြစ်သည်။
ထိုသို့ဖြင့် ကြေမွပျက်စီးသွားသည့် အကာအရံ အရေအတွက်မှာ ငါးသောင်းအထိ ရှိလာပြီဖြစ်သည်။
ထို့နောက် တလက်လက် ဝင်းလက်တောက်ပနေသည့် သမင်ဖြူလေး၏ ပုံရိပ် ပေါ်ပေါက်လာပြန်သည်။ ၎င်းမှာလည်း နောက်ထပ် အကာအရံ အခုရေ သုံးသောင်းတိတိအား ထပ်၍ ဖောက်ထွက်သွားလိုက်၏။
ထို့ကြောင့် တာအိုဂြိုဟ်အား မြှောက်ထားသည့် ဝမ်ပေါင်လဲ့မှာ ယခုတွင် ရှစ်သောင်းမြောက် အကာအရံ၏ အထက်သို့ ရောက်သွားပြီဖြစ်သည်။ သူ၏ တာအိုဂြိုဟ်မှာမူ... အကာအရံ တစ်ခုစီ ပျက်စီးသွားသည့် အချိန်တိုင်း အရွယ်အစားကြီးမားလာ၏။ ထို့ကြောင့် ယခုတွင် ၎င်းမှာ ထာဝရကြယ်တစ်လုံးနှင့်ပင် မတူတော့ဘဲ ထာဝရကြယ် အမြောက်အများဖြင့် ဖွဲ့စည်းထားသည့် ကြယ်တာရာကြီးတစ်ခုနှင့်ပင် တူနေပြီဖြစ်သည်။
" နောက်ဆုံးတိုက်ကွက်တစ်ကွက် ရှိသေးတယ် " ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး မျက်ဝန်းများထဲ၌ ရူးသွပ်မှုအရိပ်အယောင်များ ဝင်းလက်တောက်ပလာ၏။ ထို့နောက် သူ သူ၏ ညာဘက်လက်ကို မြှောက်လိုက်သောအခါ အနက်ရောင်သစ်သားပျဥ်ပြားလေး၏ ပုံရိပ်မှာ ချက်ချင်းဆိုသလို ပေါ်ပေါက်လာသည်။ သူ၏ အသိစိတ်ထဲ၌ ထို အနက်ရောင်သစ်သားပျဥ်ပြားလေး၏ အတိတ်ဘဝ ပေါ်ပေါက်လာချိန်တွင် သူသည် ၎င်း၏ ပုံရိပ်အား ကိုင်မြှောက်၍ ရိုက်နှက်လိုက်တော့သည်။
ထိုအခါ ကောင်းကင်ကြီးထဲ၌ ယခင်တုန်းကနှင့် လုံးဝမတူသည့် ထစ်ချုန်းသံများ ထွက်ပေါ်လာ၏။ သူ၏ ရှေ့တွင် ကျန်ရှိနေသေးသည့် အကာအရံ ကိုးသိန်းကျော်မှာလည်း အပြင်းအထန် တုန်ရီသွားသည်။ ထို့နောက် စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်သည့် စွမ်းအားတစ်မျိုး ပေါက်ကွဲထွက်ပေါ်လာသည့်အလား ထို အကာအရံများမှာ စက္ကူရွက်များကဲ့သို့ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့သည်။
အကာအရံ အခုရေ တစ်သိန်း၊ နှစ်သိန်း၊ လေးသိန်း၊ ခြောက်သိန်း....
" ငါ့အတွက် ရှေ့ဆက် " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ နီမြန်းနေ၏။ သူ၏ လက်ထဲမှ အနက်ရောင်သစ်သားပျဥ်ပြားလေး၏ စွမ်းအားများမှာ မည်သည့်အရာကိုမဆို ဖောက်ထွင်းသွားနိုင်စွမ်းရှိသော အသွားထက် ဓားတစ်လက်ကဲ့သို့ပင်။ မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းမှာ အကာအရံ အခုရေ ကိုးသိန်းကိုးသောင်းတိတိအား ထိုးဖောက်သွားပြီး ထိပ်ဆုံးသို့ ရောက်ရှိသွားတော့သည်။
ထိုအချိန်တွင် ၎င်းဆီ၌ ကျန်ရှိနေသေးသည့် စွမ်းအားများမှာ ပေါက်ကွဲထွက်ပေါ်လာသောကြောင့် နောက်ဆုံးတွင်ရှိနေသည့် အကာအရံ အခုရေတစ်သောင်းဝန်းကျင်ခန့်မှာလည်း တစ်စစီ ကြေမွပျက်စီးသွားပြန်သည်။ ထိုသို့ဖြင့် အုန်းခနဲ မြည်သံကြီးတစ်သံထွက်ပေါ်လာပြီးတော့ စည်းမျဉ်းဥပဒေသ အခုရေတစ်သန်း ဖန်တီးထားသည့် မျက်လုံးဖြင့်မမြင်နိုင်သော အချုပ်အနှောင်ကြီးမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့သည်။
ထို အချုပ်အနှောင်ကြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်နှင့် ဝမ်ပေါင်လဲ့မှာ ဉာဏ်အလင်းပွင့်သွား၏။ ထိုအခိုက်အတန့်တွင် သူ၏ မျက်လုံးများနှင့် နှလုံးသားအား မည်သည့်အရာကမှ လှည့်စားနိုင်စွမ်း မရှိတော့မည့်ပုံပင်။
နောက်ဆုံးတွင် သူ၏ တာအိုဂြိုဟ်ထဲမှ အလင်းရောင်များနှင့် အပူဓာတ်များအားလုံး ပေါက်ကွဲထွက်ပေါ်လာသဖြင့် အလင်းရောင် လုံးဝမရှိတော့သည့် အနေအထားသို့ ရောက်ရှိသွား၏။
၎င်းမှာ... ထာဝရကြယ်များကိုပင် ဝါးမျိုးနိုင်စွမ်းရှိသော အာကာသတွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။
ထိုအခိုက်အတန့်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း တိုးတက်သွား၏။ သူသည် ဂြိုဟ်အဆင့်မှ ဖောက်ထွက်ကာ ထာဝရကြယ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။
အခြား မည်သူမှ မရောက်ဖူးသည့် ထာဝရကြယ်အဆင့်မျိုး ဖြစ်ပေသည်။