သောက်စရာအရက် ရှိလားဗျ
Vol. 80 Ch. 1112
ထာဝရကြယ်အဆင့် ကျင့်ကြံသူများအား မသေမျိုးများအဖြစ် အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ပင် ရနေပြီဖြစ်သည်။ အဆုံးမဲ့တာအိုနယ်မြေထဲတွင် ထာဝရကြယ်အဆင့် ကျင့်ကြံသူများစွာ ရှိကြပါသော်လည်း ၎င်းတို့ထဲမှ အများစုမှာ သာမန်အဆင့်နှင့် အဝါရောင်အဆင့်တွင်သာ ရှိကြ၏။ မည်သို့ပင်ဆိုစေကာမူ ထာဝရကြယ်အဆင့် ကျင့်ကြံသူများမှာ ကြယ်စင်စုကြီးတစ်ခုလုံးကိုပင် တစ်ယောက်တည်း ထိန်းချုပ်နိုင်စွမ်းရှိသော အစွမ်းထက်ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပေသည်။
အဆင့်မြင့်ထာဝရကြယ်များအား ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများဆိုလျှင် အထူးတလည် ဖော်ပြနေစရာပင်မလိုပေ။
ဥပမာပြရလျှင် မြေကြီးထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် ချုံးရိကျစ်မှာ မဟာလက်ဝဲတာအိုနယ်မြေထဲမှ အဆင့်တစ်ဂိုဏ်းဖြစ်သော လမ်းကိုးသွယ်တာအိုဂိုဏ်း၏ အဆင့်နှစ် တာအိုဂိုဏ်းသား ဖြစ်နေသည်မဟုတ်ပါလော။ ထိုအချက်ကိုကြည့်လျှင် အဆင့်မြင့်ထာဝရကြယ်များမှာ မည်မျှအထိ အစွမ်းထက်ပြီး ရှားပါးကြောင်း သိနိုင်ပေသည်။
ကောင်းကင်ထာဝရကြယ်အဆင့်သို့ တက်လှမ်းနိုင်မည့် နည်းလမ်းကိုမူ... အဆုံးမဲ့မျိုးနွယ်စု၏ တော်ဝင်မိသားစု တစ်ခုတည်းသာလျှင် တတ်မြောက်ထားသည်။ ကောင်းကင်ထာဝရကြယ်တစ်လုံးအား ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတစ်ယောက်မှာ အလယ်အလတ် ထာဝရကြယ်အဆင့်တွင်သာ ရှိနေသေးလျှင်တောင် ချုံးရိကျစ်အား သတ်ဖြတ်နိုင်စွမ်းရှိနေမည် ဖြစ်သည်။ သူ့အတွက် ထိုသို့ သတ်ဖြတ်ရသည်မှာ လွယ်ကူနေမည် မဟုတ်ပါသော်လည်း အင်အားအများကြီး စိုက်ထုတ်စရာတော့ လိုမည်မဟုတ်ပေ။
၎င်းမှာ အဆုံးမဲ့တော်ဝင်မိသားစု မျိုးဆက်ပေါင်း မြောက်မြားစွာ တန်ခိုးအာဏာ ကြီးမားနေရသည့် အဓိကအကျဆုံး အကြောင်းရင်းများထဲမှ တစ်ခုဖြစ်ပေသည်။
ဝမ်ပေါင်လဲ့၏ ထာဝရကြယ်ကိုမူ သာမန်အခေါ်အဝေါ်များဖြင့် ခေါ်ဆို၍မရတော့ပေ။ ၎င်း၏ အဆင့်အတန်းမှာ ကောင်းကင်အဆင့်ကို ကျော်လွန်ကာ ဒဏ္ဍာရီလာ ထာဝရတာအိုအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။ ၎င်း၏ အစွမ်းမှာမူ... သူသည် အကာအရံ တစ်သန်းတိတိအား တစ်စစီခြေမွှကာ သူ၏ တာအိုဂြိုဟ်အား အာကာသတွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည် မဟုတ်ပါသော။
ထို့ကြောင့် သူ၏ လက်ရှိ တိုက်ရည်ခိုက်ရည်စွမ်းအားများကို ခန့်မှန်းနိုင်ရန်မှာ အလွန်ခဲယဉ်းပေးသည်။ ဝမ်ပေါင်လဲ့ ကိုယ်တိုင်ပင်လျှင် ရှင်းရှင်းလင်းလင်း နားလည်ထားခြင်း မရှိသေးပေ။ သို့သော် သူသည် ချုံးရိကျစ်၏ ကိုယ်ပွားကဲ့သို့သော ထာဝရကြယ်အဆင့် ကျင့်ကြံသူပေါင်း မြောက်မြားစွာကို လက်ချောင်းတစ်ချောင်းတည်းနှင့် သတ်ဖြတ်နိုင်စွမ်း ရှိနေပြီဖြစ်ကြောင်း သိထားသည်။
" အခုလက်ရှိမှာ ငါ ပြိုင်ဘက်ကင်းအဆင့်ကို မရောက်သေးပေမဲ့ ငါ့ကို သတ်ဖြတ်နိုင်တဲ့ လူအရေအတွက်ကတော့ မရှိသလောက်ကို နည်းသွားပြီ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ခေါင်းမော့လာပြီး သက်ပြင်းချလိုက်၏။ သူသည် သူ့ကိုယ်သူ ဂုဏ်ယူမဆုံးဖြစ်နေသည်။
ကောင်းကင်ယံထဲရှိ ဝမ်ပေါင်လဲ့တစ်ယောက် အတွေးများထဲ၌ နစ်မျောနေစဉ် ကြယ်သုသာန်ထဲတွင် ရှိနေကြသည့် လူပုံစံစက္ကူရုပ်များအားလုံးမှာ တုန်လှုပ်ချောက်ချားနေကြပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့် တိုးတက်သွားမှုကြောင့် ရောက်ရှိလာကြသည့် ပြစ်ဒဏ်အငွေ့အသက်များ စုစည်းသွားရာမှ ပေါ်ပေါက်လာသော ဝဲကြီးမှာ ကြယ်သုသာန်ဝင်ပေါက် အပြင်ဘက်၌ ရုတ်တရက်ဆိုသလို ပို၍ မြန်ဆန်စွာ လည်ပတ်လာ၏။ ၎င်း၏ လည်ပတ်နှုန်း မြန်ဆန်လာသည်နှင့် လျှပ်စီးတန်းများမှာလည်း ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာသည်။
ထို လျှပ်စီးတန်းများမှာ ပေါ်ပေါက်လာကြသည်နှင့် ကြယ်သုသာန်၏ ဝင်ပေါက် ရှိနေသည့်နေရာအား အတိိအကျ ရှာတွေ့သွားသည့်အလား ရှေ့သို့ ထိုးထွက်သွားကြ၏။ ထို့နောက် ၎င်းတို့မှာ ကြယ်သုသာန်ထဲသို့ ချက်ချင်းဝင်ရောက်သွားကြတော့သည်။ ထိုလျှပ်စီးတန်းများမှာ များပြားလွန်းလှသောကြောင့် ၎င်းတို့အား ရေတွက်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ ၎င်းတို့မှာ ဝဲကြီးထဲမှ တစ်ခုပြီးတစ်ခု ထိုးထွက်လာကြပြီး ကြယ်သုသာန်ထဲသို့ ပျံသန်းဝင်ရောက်သွားကြ၏။
ထိုမြင်ကွင်းကြောင့် ချုံးရိကျစ်မှာ နှလုံးသားတစ်ခုလုံး အပြင်းအထန် တုန်ရီသွားရပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရ၏။
ကြယ်သုသာန်ထဲတွင် ရှိနေကြသည့် သက်ရှိများမှာလည်း ထိုနည်းတူပင်။ ၎င်းတို့မှာ ကောင်းကင်ယံထဲ၌ လျှပ်စီးတန်းများ ပေါ်ပေါက်လာသည်ကို မြင်နေရပြီ ဖြစ်သည်။ ထို လျှပ်စီးတန်း တစ်ခုချင်းစီတိုင်းမှာ အရာအားလုံးကို ဖျက်ဆီးချေမှုန်းပစ်နိုင်စွမ်းရှိသော အငွေ့အသက်တစ်မျိုးအား ပိုင်ဆိုင်ထားကြသည့်ပုံပင်။ ၎င်းတို့မှာ ထိုသို့ ပေါ်ပေါက်လာပြီးနောက် ကြယ်သုသာန်၏ အကာအကွယ် မန္တန်အစီအရင်ကြီးနှင့် ချက်ချင်း ရိုက်ခတ်မိသွားကြ၏။
ထို့ကြောင့် လေထဲတွင် ထစ်ချုန်းသံများ ပြည့်နှက်သွားကာ ကောင်းကင်ကြီးမှာလည်း မှေးမှိန်သွားပြီး မန္တန်အစီရင်ကြီးမှာလည်း တွန့်လိမ်ပုံပျက်လာရတော့သည်။ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာလည်း ပြိုလဲပျက်စီးသွားတော့မည့်အလား ဖြစ်နေ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ထို လျှပ်စီးတန်းများအား မော့ကြည့်လိုက်သည်။
" ဝမ်ပေါင်လဲ့။ ဒါ မိုးကောင်းကင် ပြစ်ဒဏ်တစ်ခုပဲ။ မင်း အဆင်သင့်ဖြစ်အောင် အမြန်ဆုံး ပြင်ဆင်ထားတော့။ ကြယ်သုသာန်ရဲ့ မန္တန်အစီအရင်ကြီးက အချိန်အကြာကြီး တောင့်ခံထားနိုင်မှာမဟုတ်ဘူး " ကြယ်သုသာန်အင်ပါယာ၏ ပထမဆုံး ဧကရာဇ်ကြီးမှာ ထိုသို့ အော်ပြောလိုက်၏။ ထို့နောက် သူနှင့် သူ၏ ဘေးတွင် ရှိနေသည့် လက်ရှိဧကရာဇ်ကြီးတို့မှာ မန္တန်လက်ကွက်များ အလျင်အမြန် ဖော်လိုက်ကြပြီး မန္တန်အစီအရင်ကြီးအား အားဖြည့်ပေးရန် ပြင်လိုက်ကြသည်။
ကြယ်သုသာန်အင်ပါယာ၏ စည်းမျဥ်းစည်းကမ်းများကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့အား တိုက်ရိုက် ကူညီပေး၍မရပေ။ ထို့ကြောင့် သူတို့မှာ မန္တန်အစီအရင်ကြီးအား အသုံးပြု၍ ဝမ်ပေါင်လဲ့အတွက် အချိန်ဆွဲပေးရုံလောက်သာ လုပ်နိုင်ပေသည်။
" ကျွန်တော့်ကို ကူညီပေးနေစရာမလိုပါဘူး။ ကျွန်တော်က အရင်တုန်းကနဲ့ မတူတော့ဘူးလေ " ဝမ်ပေါင်လဲ့မှာမူ တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ပြန်ပြောလိုက်၏။ သူ၏ ပုံစံမှာလည်း အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ယောက်ကဲ့သို့ ပြန်ဖြစ်သွားသည်။ သူသည် ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ လက်နှစ်ဖက်ကိုပင် နောက်သို့ ပစ်လိုက်သေးသည်။
ထို့ကြောင့် ပထမဆုံး ဧကရာဇ်ကြီးနှင့် လက်ရှိဧကရာဇ်ကြီးတို့မှာ မျက်နှာအမူအရာများ အထူးအဆန်း ဖြစ်သွားကြ၏။ သူတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် သူတို့၏ နတ်ဘုရားစွမ်းရည်များကို ပြန်လည်ရုပ်သိမ်းကာ မန္တန်အစီအရင်ထဲ၌ အပေါက်လေးတစ်ပေါက် ပွင့်သွားအောင် လုပ်လိုက်သည်။ ထိုအခါ မန္တန်အစီအရင် အပြင်ဘက်တွင် ရှိနေကြသည့် လျှပ်စီးတန်းများမှာ အသိဉာဏ်များ ပိုင်ဆိုင်ထားကြသည့်အလား ထို အပေါက်လေးကို ဖြတ်၍ အထဲသို့ရောက်ရှိလာကြတော့သည်။
ထို လျှပ်စီးတန်းများ ပစ်မှတ်မှာ ကြယ်သုသာန် မဟုတ်ပေ။ ၎င်းတို့မှာ အထဲသို့ ရောက်ရှိလာသည်နှင့် ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ပြင်းစွာ ဦးတည်သွားကြ၏။ ၎င်းတို့မှာ မြန်ဆန်လွန်းနေသဖြင့် သူ၏ အနီးသို့ ချက်ချင်းရောက်ရှိသွားကြသည်။ ပထမဆုံး ရောက်ရှိလာသည့် အသုတ်ထဲတွင်ပင် လျှပ်စီးတန်း တစ်သောင်းကျော် ရှိနေကြ၏။
ဝမ်ပေါင်လဲ့မှာမူ မပွင့်တပွင့် ပြုံးလိုက်၏။ ထို လျှပ်စီးတန်းများ သူ၏ အနီးသို့ ရောက်လာချိန်တွင် သူသည် သူ၏ လက်ညှိုးကို ဝှေ့ယမ်းလိုက်သဖြင့် တာအိုထာဝရကြယ်မှာ သူ၏ နောက်၌ မှော်ဆန်ဆန် ပေါ်ပေါက်လာသည်။ ၎င်းမှာ အလင်းရောင်များနှင့် အပူဓာတ်များကို ထုတ်လွှတ်နေခြင်းမရှိဘဲ ဧရာမ အာကာသတွင်းနက်ကြီးတစ်ခုသာ ဖြစ်နေ၏။
ခဏအကြာတွင် ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး သူ၏ ရှေ့တွင် ရှိနေသည့် လျှပ်စီးတန်းများ အားလုံးမှာ တွန့်လိမ်ပုံပျက်ကာ ပျက်စီးသွားကြတော့သည်။ ထို့နောက် ၎င်းတို့မှာ သူ၏ ပတ်ပတ်လည်၌ လည်ပတ်နေလိုက်ကြပြီးနောက် အာကာသတွင်းနက်ကြီးထဲသို့ စုပ်ယူဝါးမျိုးခံလိုက်ရ၏။
" ဒီလောက်ပဲလား " ဝမ်ပေါင်လဲ့မှာမူ ခေါင်းမော့ကာ တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ဆိုလိုက်သည်။
တစ်အောင်ခန့်အကြာတွင် လျှပ်စီးတန်း တစ်သောင်းကျော်မှာ မန္တန်အစီအရင် အပြင်ဘက်မှနေ၍ ထစ်ချုန်းသံများနှင့်အတူ ရောက်ရှိလာပြန်သည်။ သို့သော် ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ အနီးသို့ရောက်လာသည်နှင့် တွန့်လိမ်ပုံပျက်သွားကြပြီး သူ၏ နောက်တွင် ရှိနေသည့် အာကာသတွင်းနက်ကြီးထဲသို့ စုပ်ယူခံလိုက်ရသည်သာဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား ကြည့်ရင်း လေသံတိုးတိုးဖြင့် သက်ပြင်းချလိုက်၏။ ထို့အပြင် သူသည် ပျင်းရိနေသည့် မျက်ဝန်းများဖြင့် ပထမဆုံး ဧကရာဇ်ကြီးအားလှမ်းကြည့်ကာ မေးလိုက်သေးသည်။
" သောက်စရာအရက် ရှိလားဗျ "
ထိုအခါ ပထမဆုံး ဧကရာဇ်ကြီးမှာ နှုတ်ခမ်းတစ်ချက် တွန့်သွားရ၏။ သူသည် ဝမ်ပေါင်လဲ့မှာ ယခင်တုန်းကနှင့် လုံးဝမတူတောသည့်အလား ခံစားနေရသည်။ သူသည် ဟိတ်ဟန်ထုတ်ရာတွင် အလွန်အင်မတန်မှ ကျွမ်းကျင်နေသည်မဟုတ်ပါလော။ ထို့ကြောင့် ပထမဆုံး ဧကရာဇ်ကြီးမှာ သူ့အား ရိုက်နှက်ဆုံးမပစ်ချင်စိတ်များ ပေါက်လာ၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ သူသည် စိတ်ကို တည်ငြိမ်အောင် ပြန်ထားကာ တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် ပြောလိုက်သည်။
" ဒါ ပထမဆုံး အသုတ်ပဲ ရှိသေးတယ်။ လျှပ်စီးပြစ်ဒဏ်တွေက နောက်ပိုင်း ပိုပြီးတော့ အစွမ်းထက်လာမှာ "
" ဟုတ်လား " ဝမ်ပေါင်လဲ့မှာမူ ပြုံးကာ ရေရွတ်လိုက်၏။ လျှပ်စီးပြစ်ဒဏ်မှာမူ အရှက်ခွဲခံလိုက်ရသည့်အလား ခံစားလိုက်ရသည့်ပုံပင်။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် လျှပ်စီးတန်း တစ်သိန်းကျော် ပေါ်ပေါက်လာ၏။ ၎င်းတို့မှာ အရောင်များပြောင်းလဲသွားသလို ၎င်းတို့၏ စွမ်းအင်များမှာလည်း ပထမအကြိမ်တုန်းကထက်ပင် ပို၍ အံ့ဩဖွယ်ရာ ကောင်းနေသည်။ သို့သော် ၎င်းတို့မှာ ဝမ်ပေါင်လဲ့အား ရိုက်ခတ်မိသွားသည်နှင့် ပေါက်ကွဲသွားကြပြီး အာကာသတွင်းနက်ကြီး၏ စုပ်ယူခြင်းကို ခံလိုက်ရသည်သာဖြစ်သည်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းလိုက်ပြီး အနည်းငယ် ညိုမည်းသွားသည့် သူ၏ လက်ချောင်းများအား အင်္ကျီလက်ထဲ၌ အခြားသူများမသိအောင် ခါလိုက်၏။ ထို့နောက် သူသည် နာကျင်မှုများကို မျိုသိပ်ကာ ဆိုလိုက်ပြန်သည်။
" ပျင်းစရာကောင်းနေတုန်းပဲ "
သို့သော် သူ ထိုသို့ဆိုလိုက်သည်နှင့် နားစည်များကိုပင် ကွဲအက်သွားစေနိုင်သည့် အုန်းခနဲ မြည်သံကြီးတစ်သံ ထွက်ပေါ်လာသည်။ ကောင်းကင်ယံထဲတွင်မူ လျှပ်စီးတန်း သိန်းပေါင်းများစွာ ပေါ်ပေါက်လာကြ၏။ အကယ်၍ ၎င်းတို့မှာ အရေအတွက် ပိုများလာရုံလောက်သာဆိုပါက ရေးကြီးခွင်ကျယ်မဟုတ်ပေ။ သို့သော်လည်း ယခုအကြိမ် ပေါ်ပေါက်လာကြသည့် လျှပ်စီးတန်းများမှာ လက်နက်များနှင့် တူနေကြ၏။ ၎င်းတို့မှာ အလွန်အင်မတန်မှ ကြောက်စရာကောင်းသည့်ပုံ ပေါ်ပြီး ထစ်ချုန်းသံများနှင့်အတူ ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာနေကြပြီဖြစ်သည်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွားရပြီး ဦးရေခွံများ ထုံကျဉ်သွားရ၏။ သို့သော် သူ မတုံ့ပြန်နိုင်ခင်မှာပင် ထို လျှပ်စီးတန်းများမှာ သူ၏ ပတ်ပတ်လည်၌ ပေါက်ကွဲသွားကြတော့သည်။
ထိုအခါ လေထဲ၌ တအုန်းအုန်းမြည်သံများ ပဲ့တင်ထပ်သွားပြီး ကြေမွပျက်စီးသွားကြသည့် လျှပ်စီးတန်းလက်နက်များစွာမှာလည်း အာကာသတွင်းနက်ကြီး၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ အသက်ရှူကြိမ်ခုနစ်ကြိမ် ရှစ်ကြိမ်ခန့် ပြီးဆုံးသွားချိန်တွင် ထို လျှပ်စီးတန်းလက်နက်များအားလုံးမှာ လွင့်ပါးပျောက်ကွယ်သွားကြ၏။ ထို့ကြောင့် ဆံပင်များ ထိုးထိုးထောင်ထောင်ဖြစ်ကာ ခန္ဓာကိုယ်တစ်ခုလုံး စုတ်ပြတ်နေသည့် ဝမ်ပေါင်လဲ့တစ်ယောက် ကောင်းကင်ယံထဲ၌ ပြန်လည် ပေါ်ပေါက်လာသည်ကို မြင်လိုက်ရတော့သည်။
သို့သော် သူ၏ အမူအရာမှာ တည်ကြည်မှုအပြည့်ရှိနေဆဲ ဖြစ်သလို သူ၏ အပြုံးမှာလည်း ပျောက်ကွယ်သွားခြင်း မရှိသေးပေ။ သို့ဖြစ်ရာ သူသည် သူ၏ အပြင်ခန္ဓာကိုယ် စုတ်ပြတ်သက်နေသည့် အချက်အား အနည်းငယ်မျှပင် ဂရုမစိုက်သည့်ပုံပင်။ ထို့အပြင် သူသည် ကောင်းကင်ကြီး တဖြည်းဖြည်းနှင့် တည်ငြိမ်သွားနေသည်ကိုလည်း မြင်နေရသေးသည်။ သို့ဖြစ်ရာ သူသည် အတွင်းကလီစာများ တဆစ်ဆစ် နာကျင်ကိုက်ခဲနေရသည့်တိုင်အောင် အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ ဟိတ်ဟန်အမူအရာများကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်ကြောင်း မှတ်ယူလိုက်၏။ ထို့ကြောင့် သူသည် မျက်နှာတစ်ချက် ပျက်သွားခြင်း မရှိဘဲ လျှပ်စီးတန်းများ ဝင်ရောက်လာခဲ့သည့် အပေါက်ကိုလှမ်းကြည့်ကာ ဆိုလိုက်ပြန်သည်။
" ဒီ လျှပ်စီးပြစ်ဒဏ်က ဘယ်ဆိုးလို့လဲကွ။ ယားကျိကျိတောင် ဖြစ်လာပြီ။ ထပ်ပြီးတော့ လာဦးမှာလား "
ပထမဆုံးဧကရာဇ်ကြီးမှာမူ စကားပင် ပြန်မပြောနိုင်တော့ပေ။ သူ၏ ဘေးတွင် ရှိနေသည့် လက်ရှိ ဧကရာဇ်ကြီးမှာလည်း မျက်နှာအမူအရာ အထူးအဆန်း ဖြစ်သွားရ၏။ သူတို့နှစ်ယောက်သည် ဝမ်ပေါင်လဲ့မှာ အံကြိတ်ကာ တောင့်ခံထားရခြင်းဖြစ်ကြောင်း သိထားပါသော်လည်း အခြား လူပုံစံစက္ကူရုပ်များမှာ မသိပေ။ ထို့ကြောင့် သူတို့မှာ နှလုံးသားများ တုန်ရီသွားကြပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား လှမ်းကြည့်နေကြ၏။ သို့သော် သူတို့၏ နှုတ်မှ တအံ့တဩ ဖြစ်နေကြသည့် စကားသံများ ထွက်ပေါ်မလာနိုင်ခင်မှာပင် ကမ္ဘာကြီးတစ်ခုလုံးအား တုန်ရီသွားစေသည့် အုန်းခနဲ မြည်သံကြီးတစ်သံတစ်သံ ပဲ့တင်ထပ်သွားတော့သည်။
ထို မိုးခြိမ်းသံကြီး ပဲ့တင်ထပ်သွားသည့်နှင့် ကြယ်သုသာန် အပြင်ဘက်ရှိ ဝမ်ပေါင်လဲ့ မမြင်နိုင်သည့် နေရာတစ်ခု၌ လည်ပတ်နေသည့် ဝဲကြီးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ ထို့နောက် ၎င်းမှာ ချက်ချင်းဆိုသလိုပင် အရွယ်အစားသေးငယ်သွားပြီး နောက်ဆုံးတွင် ဧရာမ လျှပ်စီးလက်ချောင်းတစ်ချောင်းအဖြစ် ပြောင်းလဲသွားတော့သည်။
၎င်း ထိုသို့ပြောင်းလဲသွားသည့် ဖြစ်စဉ်အား ရှဲ့ဟေးရန်နှင့် အခြားသူများပင်လျှင် တောင့်ခံနိုင်စွမ်းမရှိခဲ့ပေ။ ထို့ကြောင့် သူတို့မှာ ကတုန်ကယင်နှင့် နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားရ၏။ ချုံးရိကျစ်ပင်လျှင် ဦးရေခွံများ ထုံကျဉ်သွားရပြီး နောက်သို့ ချက်ချင်းဆုတ်ခွာသွားသည်သာ ဖြစ်သည်။ ထို့နောက် သူသည် ထိတ်လန့်ကြောက်ရွံ့နေသည့် မျက်ဝန်းများဖြင့် နောက်သို့ လှည့်ကြည့်လိုက်သဖြင့် ထို ကြောက်မက်ဖွယ်ရာ လျှပ်စီးလက်ချောင်းကြီး၏ အစိတ်အပိုင်းတစ်ခုမှာ ကြယ်သုသာန် ဝင်ပေါက်ထဲသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း လှမ်းမြင်လိုက်ရ၏။
" အထဲမှာ ဘာတွေဖြစ်နေတာလဲဟ။ လျှပ်စီးပြစ်ဒဏ်ကြီး ပေါ်ပေါက်လာတဲ့အပြင် ပုံစံပါ ပြောင်းသွားခဲ့သေးတာ... " ချုံးရိကျစ်တစ်ယောက် ကြောက်စိတ်များကြောင့် ရင်ခုန်နှုန်းများ မြန်ဆန်လာရစဉ် ဧရာမ လျှပ်စီးလက်ချောင်းကြီး တစ်ချောင်းစလုံးမှာ ကြယ်သုသာန်ဝင်ပေါက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။ သူသည် ထိုနေရာသို့ သွားကာ အကဲခတ်ကြည့်ရှုချင်စိတ်များ ပေါ်ပေါက်လာပါသော်လည်း ထို လက်ချောင်းကြီးဆီမှ ထွက်ပေါ်နေခဲ့သည့် တုန်ခါမှုလှိုင်းများကို ပြန်တွေးမိလိုက်သဖြင့် သူ၏ စိတ်ဆန္ဒအား ချက်ချင်း ပြန်လည်ချုပ်တည်းလိုက်ရ၏။
ထိုအချိန်တွင် ကြယ်သုသာန်ထဲ၌ အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ယောက်ပုံစံ ဟန်ဆောင်နေသည့် ဝမ်ပေါင်လဲ့မှာ ခေါင်းမော့ကြည့်လိုက်သဖြင့် ပြင်ပကမ္ဘာကြီးထဲမှ ရောက်ရှိလာသည့် ဧရာမ လျှပ်စီးလက်ချောင်းကြီးအား လှမ်းမြင်လိုက်ရသည်။ ထိုလက်ချောင်းကြီးမှာ.... ကောင်းကင်ကြီး၏ တစ်ဝက်တိတိ ဖုံးလွှမ်းထား၏။ သူသည် ၎င်းအား မြင်လိုက်ရရုံနဲ့ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားရပြီး အသက်အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ရတော့မည့်အလား ချက်ချင်း ခံစားလိုက်ရတော့သည်။
" သေပါပြီဟ... ဒီလောက်တောင်လား... " ဝမ်ပေါင်လဲ့မှာ ကြက်သေသေသွားရပြီ ဖြစ်သည်။