ရန်သူကို အသိပေးခြင်း
Vol. 123 Ch. 1706
ယခုတွင် တည်နေရာပြောင်းရွှေ့အစီအရင်များကို ဖျက်ဆီးခဲ့ပြီဖြစ်၍ ကျန်းရီက မည်သည့်နေရာသို့ သွားကြောင်း မည်သူမှ မသိနိုင်လောက်တော့ပေ။ ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ပင် ကျန်းရီနောက်သို့ လိုက်လာနိုင်လိမ့်မည် မဟုတ်ချေ။
သို့သော် သူလျှိုသည် ကျန်းရီကို အမြန်ဆုံးအရှိန်ဖြင့် ခေါ်သွားနေသည်။ သို့ငြားလည်း သူလျှိုက နတ်ဘုရားဧကရာဇ်အဆင့်သာ ရှိ၍ အလွန်နှေးပေသည်။ ထို့ကြောင့် ကျန်းရီသည် သူလျှိုအနောက်မှနေ၍ အေးအေးဆေးဆေး လိုက်နိုင်သည်။ သူ့ပုံစံက စိုးရိမ်ပူပန်နေသည့်ပုံ လုံးဝမပေါ်ချေ။
နှစ်နာရီကြာ ပျံသန်းပြီးနောက် သူလျှိုက ကျန်းရီကို လှည့်ကြည့်ကာ ပြောသည်။
“ကျန်းရီ... ငါ့ကို ဆွဲခေါ်ပြီး ပျံလိုက်”
“ငါက ဘာလို့ အဲ့လိုလုပ်ရမှာလဲ”
ကျန်းရီက စိုက်ကြည့်ကာ လေသံမာမာဖြင့် ပြန်ပြောလိုက်သည်။
“မင်းဘာသာပျံ”
“မင်း...”
သူလျှို၏ မျက်ဝန်းများ ခက်ထန်သွား၏။ သူသည် ကျန်းရီကဲ့သို့ အရူးတစ်ယောက်ကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သူ၏ မိတ်ဆွေများက ဓားစာခံလုပ်ခံထားရသည်ကို သူက အထက်စီးမှ ပြောဆိုပြုမူနေဝံ့သေးသည်လော။ သူလျှို ခေတ္တမျှ တွေးတောကာ အေးစက်စက် ပြောလိုက်သည်။
“မင်း ဓားစာခံတွေကို မြန်မြန် မကယ်ချင်ဘူးလား။ ငါတို့ ပျံတာ နှေးနေရင် ကောင်းကင်ဘုရင်ဝေတို့ မီလာလိမ့်မယ်။ အဲ့ကျရင် ဓားစာခံသုံးယောက်က သေချာပေါက် သေရမှာပဲ”
“မင်းက ဘာသိလို့လဲ”
ကျန်းရီက နှာခေါင်းရှုံ့ကာ ပြန်ပြော၏။
“အပိုတွေ ပြောမနေနဲ့တော့၊ မင်း အပိုတွေ ထပ်ပြောမယ်ဆိုရင် ငါ မင်းကို သတ်ပစ်မယ်”
“...”
သူလျှို ဆွံ့အသွားသည်။ သို့သော် သူ ထပ်မပြောဝံ့တော့ပါပေ။ ကျန်းရီက အမှန်တကယ် သူ့ကို သတ်လိုလျှင် အလွယ်လေး သတ်ပစ်နိုင်သည် မဟုတ်ပါလား။ သို့ဖြင့် သူတို့နှစ်ယောက်သည် အနောက်ဘက်သို့ ဆက်ပျံသန်းလိုက်ကြသည်။ အာကာသဟင်းလင်းပြင်ထဲတွင် အာကာသလှိုင်းများစွာ ရှိ၏။ ထိုလှိုင်းများကို ရှောင်နိုင်ရန် သူတို့သည် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို မပြတ်အာရုံခံနေရပေသည်။
ဆယ့်ငါးနာရီနီးပါး ပျံသန်းပြီးနောက် ကျန်းရီက ရုတ်တရက် ရပ်တန့်လိုက်၏။ ထို့ကြောင့် သူလျှိုလည်း စိုးရိမ်တကြီး ရပ်တန့်ကာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ.. သွားကြစို့”
ရွှီး...
ကျန်းရီ၏လက်မှ လက်စွပ်က လင်းလက်လာပြီး ဗျပ်စောင်းတစ်လက် ထွက်ပေါ်လာသည်။ ကျန်းရီက ဗျပ်စောင်းကို တီးခတ်လိုက်ရာ သူလျှို၏ စိတ်ဝိညာဉ်က ပြင်းစွာသော နာကျင်နှုကို ခံစားလိုက်ရ၏။ ကျန်းရီသည် ဗျပ်စောင်းကို ပြန်သိမ်းလိုက်ပြီး အာကာစုတ်ဖြဲလက်အိပ်ကို ထုတ်လိုက်၏။ ထို့နောက် ကျန်းရီ၏ လက်တစ်ဘက်က သူလျှို၏ လည်ပင်းကို ညှစ်ကာကာ ကျန်တစ်ဘက်က သူ့ဝမ်းဗိုက်ကို ထိုးဖောက်၍ သူ့နတ်ဘုရားအမြုတေကို ဆုပ်ကိုင်ထားလိုက်သည်။
“ကျန်းရီ... အတင့်ရဲလိုက်တာ...”
သူလျှိုက နာကျင်တကြီး အော်ပြောလိုက်သည်။ သို့သော် သူ မလှုပ်ဝံ့ချေ။ ကျန်းရီက သူ၏နတ်ဘုရားအမြုတေကို အလွယ်တကူ ဖျက်ဆီးလိုက်နိုင်သလို သူ၏လည်ပင်းကိုလည်း အလွယ်တကူ ချိုးပစ်နိုင်ပေသည်။
ကျန်းရီ၏ မျက်ဝန်းများက သားရိုင်းတစ်ကောင်၏ မျက်ဝန်းများအလား အေးစက်ခက်ထန်နေသည်။ သူ သူလျှိုကို စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်၏။
“မင်းက ပမွှားလေးပဲ၊ ငါ မင်းကို သတ်လိုက်ရင်တောင် တောက်မျိုးနွယ်က စိတ်ရှိမှာ မဟုတ်ဘူး။ မင်း အဲ့ဒါကို ကောင်းကောင်းသိမှာပါ။ မင်း အသက်မရှင်ချင်တော့ဘူးဆိုရင်လည်း ငါ့ကိုပြော... ငါ မင်းကို တမလွန်ဘုံကို ပို့ပေးမယ်။ ဒါပေမဲ့ မင်း အသက်ရှင်ချင်ရင်တော့ မေးခွန်းနည်းနည်းကို ဖြေ၊ ပြီးရင် ငါ မင်းကို နတ်ဘုရားအမြစ် သန်းတစ်ရာပေးမယ်၊ မင်း အဲ့နတ်ဘုရားအမြစ်တွေကို ယူပြီး ကြိုက်တဲ့နေရာကို ထွက်ပြေးလို့ရတယ်”
သူလျှို၏ မျက်လုံးများ အရောင်တောက်လာ၏။ ကျန်းရီ၏ အကြည့်အရ ကျန်းရီက နောက်ပြောင်နေခြင်းမဟုတ်ကြောင်း သူ သိပေသည်။ ထို့ပြင် သူသည် ကျန်းရီ၏ အကျင့်စရိုက်ကို ကောင်းစွာသိထားသည်။ ကျန်းရီက တောက်ဖုန့်ကိုပင် သတ်ဝံ့ခဲ့သူဖြစ်ရာ သူ့ကို သတ်ရန် တစ်ချက်ပင် တွန့်ဆုတ်နေလိမ့်မည် မဟုတ်ချေ။
သို့သော် သူလျှိုက အရူးတစ်ယောက် မဟုတ်ပေ။ သူ အံကြိတ်ကာ ပြောလိုက်သည်။
“ငါက မင်းမေးတာတွေကို ဖြေပြီးမှ မင်း ငါ့ကို သတ်လိုက်ရင် ဘယ်လိုလုပ်မလဲ”
“မင်းက ပမွှားလေးလို့ ငါပြောပြီးပြီမဟုတ်လား။ ငါ့အတွက် မင်းက ဘာမှအရေးမပါဘူး”
ကျန်းရီ အေးစက်စက် ပြန်ပြောသည်။
“မင်းကို သတ်သတ်၊ မသတ်သတ် ငါ့ကို ဘာမှ မထိခိုက်စေဘူး။ ပြီးတော့ ငါက အရေးပါတဲ့သူတစ်ယောက်ပဲ၊ ငါရဲ့စကားက ရွှေပဲ”
“ကောင်းပြီလေ...”
သူလျှိုသည် အံကြိတ်ကာ ပြောလိုက်၏။
“ငါ တောက်မျိုးနွယ်ကို သစ္စာဖောက်လိုက်ရင် ငါ့ဇနီးနဲ့ကလေး သေလိမ့်မယ်။ ကျန်းရီ... ငါ မင်းကို ကောင်းကင်ဧကရာဇ်သွေးသစ္စာ ဆိုစေချင်တယ်။ အဲ့လိုမှ ငါ မင်းသိချင်တာကို ပြောမယ်။ မဟုတ်ရင် ငါ အသေပဲခံလိုက်မယ်”
“ဖြစ်တယ်...”
ကျန်းရီ တုံ့ဆိုင်းမှုမရှိဘဲ ပြန်ပြောလိုက်၏။ သူ စိတ်လည်းအေးသွားသည်။ ထိုသူလျှိုက နတ်ဘုရားအမြစ်သန်းတစ်ရာကို မက်မောသွားခြင်းပင်။ သေမည်လော သို့မဟုတ် နတ်ဘုရားအမြစ်သန်းတစ်ရာကို ယူကာ ထွက်ပြေးမည်လောဟူ၍ ရွေးချယ်စရာနှစ်ခုရှိရာ သာမန်လူများက ဒုတိယတစ်ခုကိုသာ ရွေးချယ်ပေလိမ့်မည်။ သူ့ဇနီးသေလျှင် ပြန်၍လက်ထပ်နိုင်သည်။ ကလေးကိုလည်း ထပ်မွေး၍ရသည်။ သို့သော် သူ သေသွားလျှင်မူ အရာအားလုံး အဆုံးသတ်သွားမည်ဖြစ်သည်။
ကျန်းရီသည် ကောင်းကင်ဧကရာဇ်သွေးသစ္စာ ဆိုပြီးနောက် သူလျှိုကို လွှတ်ပေးကာ မေးခွန်းများ စတင်မေးလိုက်သည်။ ထိုမှ သူလျှို သက်ပြင်းချနိုင်ပေသည်။
“ဒီတစ်ခေါက် တောက်မျိုးနွယ်က ဘယ်သူတွေ လာခဲ့လဲ”
“မျိုးနွယ်ခေါင်းဆောင်နဲ့ အေးစက်ဧကရာဇ်ပါ”
“သူတို့က လုံထန်ဆန်းကြယ်နယ်မြေထဲမှာ မဟုတ်ဘူးမလား။ အနီးမှာ ပုန်းနေကြတာလား”
“အာ... မင်းက အဲ့ဒါကိုတောင် ခန့်မှန်းနိုင်တယ်လား။ တကယ်တော့ လုံထန်ဆန်းကြယ်နယ်မြေထဲမှာ လူအများကြီး မရှိဘူး။ စွမ်းအားကြီး သိုင်းသမားအများစုက အပြင်မှ ပုန်းအောင်းနေကြတာ။ ဘယ်နေရာတွေမှာ ပုန်းနေလဲတော့ ငါလည်း မသိဘူး။ ငါက အဲ့ဒါကို သိရလောက်အောင် အဆင့်အတန်း မမြင့်ဘူး”
“မင်းမှာ လုံထန်ဆန်းကြယ်နယ်မြေ ပတ်ဝန်းကျင်ရဲ့ မြေပုံရှိလား”
“ရှိပါတယ်”
ထိုသူလျှိုက ကျန်းရီကို လုံထန်ဆန်းကြယ်နယ်မြေသို့ ခေါ်သွားရမည်ဖြစ်ရာ သူ့ထံတွင် ပတ်ဝန်းကျင်မြေပုံတစ်ခု ရှိနေနိုင်ပေသည်။ သူက မြေပုံကို ထုတ်ပေးသောအခါ ကျန်းရီ မြေပုံကို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်၏။ သူလျှိုသည် ကျန်းရီက မည်သည်ကို လုပ်လိုနေခြင်းဖြစ်ကြောင်း မသိသဖြင့် ဘေးတွင်သာရပ်ကာ ကျန်းရီကို ကြည့်၍ ဝမ်းဗိုက်မှဒဏ်ရာကို ကုသနေလိုက်သည်။
လုံထန်ဆန်းကြယ်နယ်မြေ ပတ်ပတ်လည်တွင် ဆန်းကြယ်နယ်မြေအသေးများ အနည်းငယ် ရှိသည်။ ထိုဆန်းကြယ်နယ်မြေများက ဝိညာဉ်စွမ်းအင်မရှိသော ဆန်းကြယ်နယ်မြေများပင်။ ကျန်းရီသည် မြေပုံကို အတော်ကြာအောင် ကြည့်ပြီးနောက် လက်ဟန်ပြကာ ပြောလိုက်သည်။
“သွားကြစို့...”
“သွားကြစို့တဲ့လား...”
သူလျှိုသည် နားမလည်နိုင်ဟန်ဖြင့် မျက်တောင်ပုတ်ခတ်ကာ မေးလိုက်၏။
“ကျန်းရီ... မင်း ငါ့ကို လွှတ်ပေးမယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား”
“ပြောခဲ့ပါတယ်၊ ဒါပေမဲ့ အခုတော့ မဟုတ်ဘူး။ ငါတို့ လုံထန်ဆန်းကြယ်နယ်မြေနားကို ရောက်တာနဲ့ ငါ မင်းကို လွှတ်ပေးမှာပါ။ ငါ မင်းကို အခုလွှတ်ပေးလိုက်ရင် ရန်သူကို ကြိုသတိပေးသလို ဖြစ်သွားလိမ့်မယ်။ ပြီးတော့ မင်းက ငါ့ကို လုံထန်ဆန်းကြယ်နယ်မြေနားအထိ ခေါ်သွားပေးမယ်ဆိုရင် တောက်မျိုးနွယ်က မင်း သစ္စာဖောက်လိုက်တာကို သိမှာ မဟုတ်တော့ဘူး။ အဲ့လိုဆို သူတို့ မင်းကို လိုက်ဖမ်းမှာ မဟုတ်သလို မင်းမိန်းမနဲ့ ကလေးကိုလည်း သတ်မှာ မဟုတ်ဘူး”
ကျန်းရီသည် အေးစက်စက်လေသံဖြင့် ပြန်ပြောပြီးနောက် အရှေ့သို့ ဆက်ပျံသန်းသွားလိုက်သည်။ သူလျှိုသည် ခေတ္တမျှ တွေးတောပြီးနောက် ကျန်းရီ၏ စကားများက အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရ၏။ အကယ်၍ သူသာ ယခု ထွက်ပြေးသွားမည်ဆိုလျှင် တောက်မျိုးနွယ်က သူ သစ္စာဖောက်သွားသည်ကို သေချာပေါက် သိသွားပေလိမ့်မည်။ လုံထန်ဆန်းကြယ်နယ်မြေအနီးသို့ ရောက်မှ ထွက်သွားမည်ဆိုလျှင်မူ သူ သံသယအဝင်ခံရမည် မဟုတ်ချေ။
ကျန်းရီနှင့် သူလျှိုတို့သည် ဆက်၍ ပျံသန်းနေကြ၏။ သူတို့သည် လမ်းတစ်လျှောက်တွင် မည်သည့်ကင်းလှည့်တပ်နှင့်မှ မကြုံခဲ့ရပေ။ ထို့ပြင် သူတို့နောက်သို့ လိုက်လာသည့် ဟွင့်သွမ့်နတ်ဘုရားလှေများလည်း မရှိချေ။
ဟွင့်သွမ့်နတ်ဘုရားလှေများက ကျန်းရီတို့ထက် လျင်မြန်သည်။ သူတို့က တည်နေရာပြောင်းရွှေ့အစီအရင်များကို ဖျက်ဆီးခဲ့သည်ပင် ဟွင့်သွမ့်နတ်ဘုရားလှေများနှင့်သာ လိုက်လာမည်ဆိုပါက သူတို့ကို မီလာနိုင်ပေသည်။ ကျန်းရီက ချိပ်စည်းကျောက်တုံးကို ချန်ထားခဲ့ရာ ကောင်းကင်ဘုရင်ဝေတို့၏ ဉာဏ်ရည်နှင့်ဆိုလျှင် သူက လုံထန်ဆန်းကြယ်နယ်မြေသို့ သွားနေခြင်းဖြစ်ကြောင်း သိပြီးလောက်ပေပြီ။
သို့သော် ယခုအထိ ကောင်းကင်ဘုရင်ဝေတို့ ရောက်မလာသေးပေ။ ထို့ကြောင့် ဖြစ်နိုင်ခြေတစ်ခုသာ ရှိတော့သည်။ တောက်မျိုးနွယ်က ကောင်းကင်ဘုရင်ဝေတို့ကို အချိန်ဆွဲထားရန် အခြားအစီအစဉ်တစ်ခု စီစဉ်ထားခြင်းဖြစ်မည်။ လမ်းတစ်လျှောက်မှ ကင်းလှည့်တပ်များကိုလည်း အခြားတစ်နေရာသို့ အာရုံလွှဲထားခြင်းဖြစ်နိုင်သည်။ ထိုသို့ အရာအားလုံးကို စီစဉ်ထားပြီးဖြစ်ရာ တောက်မျိုးနွယ်အနေဖြင့် ကျန်းရီ ရောက်လာမည်ကို စောင့်နေရန်သာ လိုတော့ပေသည်။
လုံထန်ဆန်းကြယ်နယ်မြေနှင့် နီးကပ်လာသောအခါ ကျန်းရီ ပို၍စိတ်လှုပ်ရှားလာ၏။ အဝေးမှ အနက်ရောင် အစက်အပျောက်လေးတစ်ခုကို မြင်သောအခါ သူ မြေပုံကို ခပ်သွက်သွက်ထုတ်၍ ကြည့်ရှုလိုက်သည်။ ထိုအနက်ရောင် အစက်အပျောက်လေးက လုံထန်ဆန်းကြယ်နယ်မြေဖြစ်ရမည်။ သူတို့ လုံထန်ဆန်းကြယ်နယ်မြေသို့ရောက်ရန် နှစ်နာရီသာ ဆက်သွားရတော့မည်ဖြစ်သည်။
ဝှစ်...
သူလျှို၏ လမ်းညွှန်မှုဖြင့် ကျန်းရီသည် လုံထန်ဆန်းကြယ်နယ်မြေဆီသို့ လျင်မြန်စွာ ပျံသန်းသွားလိုက်၏။ သူတို့ အလွန်နီးကပ်လာသောအခါ ကျန်းရီသည် ရုတ်တရက် အရှိန်အဝါကို ရုတ်သိမ်း၍ အနီးရှိ ဆန်းကြယ်နယ်မြေတစ်ခုထဲ တန်းတန်းမတ်မတ် ပျံဝင်သွားလိုက်လေသည်။
ထိုဆန်းကြယ်နယ်မြေအပြင်တွင် ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များ ရှိမနေပေ။ ခပ်ရေးရေး မြူခိုးနက်များသာရှိသည်။ ထို့ကြောင့် ကျန်းရီသည် ဆန်းကြယ်နယ်မြေထဲသို့ အလွယ်တကူ ဝင်လိုက်နိုင်သည်။ နယ်မြေထဲရောက်သည်နှင့် သူ ဗျပ်စောင်းကိုထုတ်၍ တေးသံတစ်သံကို ခပ်ကြမ်းကြမ်းတီးလိုက်၏။ ကြောက်မက်ဖွယ် ဗျပ်စောင်းသံတစ်သံက ဆန်းကြယ်နယ်မြေတစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။
“အာ...”
သူလျှိုသည် မှင်တက်စွာ ငေးကြည့်နေ၏။ ကျန်းရီက ရူးသွားခြင်းလော။ အစောတွင် သူ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ အာရုံခံခဲ့၏။ ထိုဆန်းကြယ်နယ်မြေထဲ၌ လူတစ်ယောက်မှ ရှိမနေပေ။
“အား...”
ဆန်းကြယ်နယ်မြေထဲတွင် နာကျင်တကြီး အော်ဟစ်လိုက်သံအချို့ ပဲ့တင်ထပ်လာ၏။ ထို့နောက် အောက်ဘက်ရှိ နက်ရှိုင်းသော မြေပက်ကြားအက်တစ်ခုထဲမှနေ၍ ဆယ်ချီသော လူများ ပျံထွက်လာသည်။ သူတို့သည် သူတို့၏ဦးခေါင်းကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ကာ လေထဲတွင် လူးလွန့်နေကြသည်။ ကျန်းရီသည် အလောင်းကြီးကို ထုတ်၍ အောက်ဘက်သို့ ပျံဆင်းသွားလိုက်၏။ အလောင်းကြီးက ထိုလူများကို လက်သည်းဖြင့် ကုပ်ကာ အလွယ်တကူ သတ်နိုင်လိုက်ပေသည်။
“အဲ့ဒါက...”
သူလျှို မျက်မှောင်ကြုတ်လိုက်၏။ ထိုလူများက ဤနေရာတွင် ပုန်းအောင်းနေသော တောက်မျိုးနွယ်မှ ထောက်လှမ်းရေးများပင်။ သူတို့သည် ကျန်းရီ၏ ဗျပ်စောင်းသံကြောင့် ပုန်းအောင်းနေရာမှ ထွက်လာခဲ့ရခြင်းဖြစ်သည်။ ယခုတွင်မူ သူတို့ အသတ်ခံလိုက်ရပေပြီ။
သို့သော် အားလုံး အသတ်ခံလိုက်ရခြင်း မဟုတ်ပေ။ ကျန်းရီက တစ်ယောက်ကို အရှင်ချန်ထားသည်။ သို့ရာတွင် ထိုသူ၏ နတ်ဘုရားအမြုတေကတော့ ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ နောက်ဆုံးတွင် ဗျပ်စောင်းသံ ပျောက်ကွယ်သွားပြီး ကျန်းရီ အေးစက်စက် ပြောလိုက်လေသည်။
“တောက်နုနဲ့ တောက်လန်ဆီ သတင်းပို့လိုက်။ သူတို့ ငါ့ကို သတ်ချင်ရင် အရင်ဆုံး ငါ့ကို ဖမ်းမိမှရမယ်လို့”
ကျန်းရီသည် ပြောဆိုပြီးနောက် ဆန်းကြယ်နယ်မြေအပြင် ပြန်ထွက်၍ သူလျှိုဆီ ပျံသန်းသွားကာ သူလျှိုအား လက်စွပ်တစ်ကွင်း ပစ်ပေးလိုက်သည်။
“ဟုတ်ပြီ... မင်းရဲ့တာဝန် ပြီးပြီ။ အဲ့လက်စွပ်ထဲမှာ နတ်ဘုရားအမြစ်သန်းတစ်ရာ ရှိတယ်။ မင်း လွတ်နိုင်၊ မလွတ်နိုင်ကတော့ မင်းရဲ့ကံအပေါ်မှာပဲ မူတည်တယ်”
ဝှစ်...
ထို့နောက် အလောင်းကြီးသည် ကျန်းရီကို လက်ထဲတွင်ပိုက်ကာ အလင်းတန်းအတန်းအလား မြောက်ဘက်သို့ ပျံသန်းသွားသည်။ သူလျှိုသည် တုန်တုန်ယင်ယင်နှင့် လက်စွပ်ကို ဖမ်းယူလိုက်ပြီး အလောင်းကြီး၏ နောက်ကျောပြင်ကို လှမ်းကြည့်ကာ ကျိန်ဆဲလိုက်သည်။
“ကျန်းရီ... မင်းက ငါ့ကို လိမ်ခဲ့တယ်။ မင်း အသေဆိုးနဲ့ သေရမယ်”
ထိုလက်စွပ်ထဲတွင် အမှန်ပင် နတ်ဘုရားအမြစ်သန်းတစ်ရာ ရှိသည်။ သို့သော် ကျန်းရီ၏ လုပ်ရပ်မှာ သူက တောက်မျိုးနွယ်ကို သစ္စာဖောက်ခဲ့ကြောင်း ပြသနေပေသည်။ ပတ်ဝန်းကျင်တွင် တောက်မျိုးနွယ်ဝင်များစွာ ရှိသည်။ သို့ဖြစ်ရာ သူ မည်သည့်နေရာသို့ ထွက်ပြေးနိုင်ပါတော့မည်နည်း။
လုံထန်ဆန်းကြယ်နယ်မြေက အနောက်ဘက်တွင်ဖြစ်သော်လည်း ကျန်းရီက မြောက်ဘက်သို့ ပျံသန်းသွားသည်။ သူသည် ထောက်လှမ်းရေးတစ်ယောက်ကိုလည်း အရှင်ထား၍ တောက်နုနှင့် တောက်လန်တို့ဆီ သတင်းပို့စေခဲ့သည်။ ကျန်းရီ၏ အကြံကို သူလျှိုက အတန်ငယ် သိလာပေသည်။
ကျန်းရီက ရန်သူကို အသိပေး၍ ရန်သူများ သူ့နောက်ကို လိုက်လာအောင် လုပ်ရန် ကြံနေခြင်းပင်။ ဓားစာခံများကိုမူ အခြားသူများက ကယ်တင်မည်ဖြစ်သည်။
တောက်နုနှင့် တောက်လန်တို့၏ ပစ်မှန်မှာ ကျန်းရီဖြစ်ရာ ကျန်းရီက မြောက်ဘက်သို့ ပျံသန်းသွားလျှင် ထိုနှစ်ယောက်က သူ့အနောက်ကို သေချာပေါက် လိုက်သွားပေလိမ့်မည်။
လက်ရှိတွင် လုံထန်ဆန်းကြယ်နယ်မြေထဲ၌ စွမ်းအားကြီး သိုင်းသမား အနည်းငယ်သာ ရှိသည်။ အကယ်၍ ကျန်းရီသာ ကောင်းကင်ဘုရင်ဝေတို့က ဓားစာခံများကို ကယ်တင်၍ သူ့ကို လာကူမည့်အချိန်အထိ တောင့်ခံနိုင်လျှင် အသက်ရှင်နိုင်လောက်သေးသည်။ ဤတစ်ခေါက်တွင် ကျန်းရီက ဓားစာခံများကို ကယ်တင်ရန် စီစဉ်ခဲ့ကြောင်း သံသယဖြစ်စရာ မရှိပေ။ သို့သော် သူသည် ဓားစာခံများကို လာကယ်ခြင်းဖြစ်သာဖြစ်ပြီး လာအသေခံခြင်းမဟုတ်ချေ။
“သူ့ရဲ့ ဂုဏ်သတင်းက တကယ့်ကို ထိုက်တန်ပါတယ်။ ဟူး... အဲ့ဒါတွေ အရေးစိုက်မနေတော့ဘူးကွာ။ အရင်ဆုံး ငါ ထွက်ပြေးရမယ်”
သူလျှိုသည် ခပ်တိုးတိုးရေရွတ်လိုက်ပြီးနောက် တောင်ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။ တောက်မျိုးနွယ်က ကျန်းရီကို လိုက်သတ်ရန်သာ အာရုံစိုက်၍ သူ့ကဲ့သို့ ပမွှားလေးကို အာရုံမစိုက်ပါစေနှင့်ဟုသာ သူ ဆုတောင်းရပေတော့မည်။