← Chapters

အဆိပ်နတ်ဆိုးမြေရိုင်း

Vol. 123 Ch. 1707

အဆိပ်နတ်ဆိုးမြေရိုင်း

Vol. 123 Ch. 1707

သူလျှိုက မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့၏။ ကျန်းရီ၏ အကြံက သူ့ခန့်မှန်းချက်အတိုင်းပင်ဖြစ်သည်။

ဓားစာခံများကို ကယ်တင်မည်ဖြစ်သော်လည်း ကယ်တင်မည့်သူက ကျန်းရီ မဟုတ်ပေ။ သူက ချိပ်စည်းကျောက်တုံးကို ချန်ပေးခဲ့သဖြင့် ကောင်းကင်ဘုရင်ဝေတို့က လုံထန်ဆန်းကြယ်နယ်မြေကို သွားကြပေလိမ့်မည်။ သူတို့ ထိုသို့သွားလျှင် ဝိညာဉ်ဘုရင်၊ တိရှအရှင်နှင့် ဆောင်းဥတုအရှင်တို့ ဘေးကင်းပေလိမ့်မည်။

သို့သော် တောက်နုနှင့် ‌တောက်လန်တို့က ထိုအဘိုးကြီးသုံးယောက်ကို သတ်မပစ်မှ ကျန်းရီ၏အကြံက အောင်မြင်မည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီ လုံထန်ဆန်းကြယ်နယ်မြေသို့ လာခဲ့ရသည်။ သူက တောက်နုနှင့် တောက်လန်တို့ကို အဝေးသို့ မျှားခေါ်သွားရမည်ဖြစ်သည်။ ထိုမှ ကောင်းကင်ဘုရင်ဝေတို့က ထိုအဘိုးကြီးသုံးယောက်ကို အလွယ်တကူ ကယ်တင်နိုင်ပေလိမ့်မည်။ အကယ်၍ တောက်နုနှင့် တောက်လန်တို့က လုံထန်ဆန်းကြယ်နယ်မြေထဲတွင် မရှိလျှင် ဆန်းကြယ်နယ်မြေထဲမှ လူများက ဝိညာဉ်ဘုရင်တို့ကို သတ်ဝံ့မည် မဟုတ်ပေ။ သို့ဖြစ်လျှင် ဝိညာဉ်ဘုရင်တို့၏ ရှင်သန်နိုင်ခြေက ပိုမြင့်ပေလိမ့်မည်။

တောက်နုနှင့် တောက်လန်တို့ကို မျှားခေါ်သွားရန်မှာ အလွန်အန္တရာယ်များ၏။ အမှားတစ်ချက်က ကျန်းရီကို အာကာသဟင်းလင်းပြင်ထဲတွင် အသက်ဆုံးရှုံးသွားစေနိုင်သည်။ သို့သော် လုံထန်ဆန်းကြယ်နယ်မြေသို့ သွားလိုက်လျှင်လည်း ပိုစောစော သေရုံသာ ရှိမည်ဖြစ်ရာ ကျန်းရီတွင် အခြားရွေးချယ်စရာ မရှိတော့ဘဲ ကောင်းကင်ဘုရင်ဝေတို့က ဝိညာဉ်ဘုရင်တို့ကို ကယ်လိမ့်မည်ဟုသာ မျှော်လင့်၍ လောင်းကြေးထပ်ရတော့သည်။ ကျန်းရီ တွေးနိုင်သော နည်းလမ်းများထဲတွင် ထိုနည်းလမ်းက အကောင်းဆုံးပင်။ ရလဒ်ကိုမူ သူ မသေချာပေ။ အရာအားလုံးက ကံကြမ္မာအပေါ်တွင်သာ မူတည်ပေသည်။

***

“မကောင်းတော့ဘူး”

လုံထန်ဆန်းကြယ်နယ်မြေအနီးရှိ ဆန်းကြယ်နယ်မြေအသေးလေးတစ်ခုထဲတွင် တောက်လန်၏ လက်ထဲမှ ကျောက်စိမ်းအဆောင်က လင်းလက်လာသည်။ သူ ၎င်းကို ကြည့်လိုက်ပြီးနောက် ချက်ချင်း မျက်နှာပျက်သွားပြီး လေသံတိုးတိုးဖြင့်‌ ပြောလိုက်သည်။

“အစ်ကိုကြီး.. တောက်ဟူက စိတ်ပြောင်းပြီး ကျုပ်တို့ကို သစ္စာဖောက်သွားတယ်။ ကျန်းရီက လုံယွမ်ဆန်းကြယ်နယ်မြေထဲက လူတွေကို သတ်ပြီး အခု မြောက်ဘက်ကို ထွက်ပြေးသွားမယ်”

“ဟင်...”

တောက်နု၏ အကြည့်က ခက်ထန်သွားသည်။

“အဲ့သတင်းက အမှန်လား”

ရွှီး...

တောက်လန်က မည်သို့မှ မပြောနိုင်သေးခင်မှာပင် သူ့ကျောက်စိမ်းအဆောင်က ထပ်မံလင်းလက်လာသည်။ သူ အဆောင်ကို ကြည့်ကာ ထပ်မံမျက်နှာပျက်သွားသည်။

“ကျန်းရီက တကယ်ပဲ မြောက်ဘက်ကို သွားနေတာ။ လုံရှီးဆန်းကြယ်နယ်မြေက လူတစ်ယောက်က ကျန်းရီ အဲ့ကို ရောက်လာတယ်ဆိုပြီး သတင်းလှမ်းပို့နေတယ်။ အဲ့သတင်းလှမ်းပို့တဲ့လူကလွဲပြီး ကျန်တဲ့သူတွေအကုန်လုံး အသတ်ခံလိုက်ရပြီ။ အစ်ကိုကြီး... ရန်အာ လုံဟယ်ဆန်းကြယ်နယ်မြေထဲမှာ မဟုတ်လား”

“သွားကြစို့”

တောက်နုသည် ဒေါသထွက်သွားပြီး မြောက်ဘက်သို့ ပျံတက်သွားလိုက်သည်။ သူသည် ပျံသန်းရင်းဖြင့် အော်ပြောလိုက်သည်။

“အခု ကျန်းရီက လုံရှီးဆန်းကြယ်နယ်မြေနားမှာပဲ။ အဲ့ကလူတွေကို သူ့ကို ထိန်းထားဖို့ သတင်းပို့လိုက်။ တောက်ရန်ကိုလည်း ရှောင်ထွက်ခဲ့ဖို့ ပြောလိုက်။ တောက်မုန့်.. မင်းတို့အကုန်လုံးက လုံထန်ဆန်းကြယ်နယ်မြေကို စောင့်ကြည့်ထား။ ကျန်းရီက အဲ့ကို ပြန်လာနိုင်တယ်။ မိုးပြာဒေသထဲမှာတုန်းကလည်း သူ အဲ့အကွက်ကို သုံးသွားတာ။ တကယ်လို့ သူ ပြန်လာခဲ့ရင် သူ့ကို တတ်နိုင်သမျှ ထိန်းထားပါ။ အခြေအနေတွေ ပြောင်းလဲသွားရင် ငါတို့ရဲ့ မူလအစီအစဉ်ကို လုပ်ဆောင်မယ်”

လုံရှီးဆန်းကြယ်နယ်မြေမှာ တောက်နုတို့ ရှိနေသောနေရာနှင့် သိပ်မဝေးပေ။ သူတို့၏ အမြန်နှုန်းနှင့်ဆိုလျှင် ထိုနယ်မြေသို့ တစ်နာရီအတွင်း ရောက်သွားလိမ့်မည်ဟု မျှော်လင့်ရသည်။ သူတို့ ကျန်းရီကို လိုက်မီလျှင် ကျန်းရီ သေချာပေါက် သေရပေလိမ့်မည်။

ကျန်းရီကိုသာ သတ်နိုင်လိုက်မည်ဆိုလျှင် ကျန်သောအရာများက အရေးမကြီးတော့ပေ။ ဤအစီအစဉ်အတွက် တောက်မျိုးနွယ်သည် အရင်းအနှီးများစွာ စိုက်ထုတ်ခဲ့ရသည်။ တောက်နုသည် ကျန်းရီကို သတ်နိုင်ရန်အတွက် အစွမ်းကုန်ထုတ်သုံးရန် ပြင်ဆင်ထားပေသည်။

အရာအားလုံးကို ကောင်းမွန်စွာ ပြင်ဆင်ထားသည်။ သူတို့က ကျန်းရီ ရောက်လာမည်ကို စောင့်နေရန်သာ လိုခဲ့သည်။ သို့သော် သူတို့အစီအစဉ်တွင် အနှောင့်အယှက်အသေးလေးတစ်ခု ပေါ်လာခဲ့၏။ ကျန်းရီက ရောက်မလာဘဲ သူတို့လူက သူတို့ကို သစ္စာဖောက်သွားခဲ့သည်။ သို့ပေသည့် တောက်နုနှင့် တောက်လန်တို့ စိတ်အားမလျှော့ပေ။ ကျန်းရီက အနီးတွင် ရှိနေပေပြီ။ ထို့ကြောင့် သူ့ကို ဖမ်း၍ သတ်နိုင်ရန် အချိန်တစ်ခုသာ လိုမည်ဖြစ်သည်။

တောက်နုနှင့် တောက်လန်တို့သည် လုံရှီးဆန်းကြယ်နယ်မြေဆီသို့ အလင်းတန်းများအလား ပျံသန်းသွားကြ၏။ သူတို့က အလွန်လျင်မြန်ကြသဖြင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် တပ်သားများ၏ မြင်ကွင်းထဲမှနေ၍ ပျောက်ကွယ်သွားသည်။

“အမိန့်ပြန်လိုက်... အနီးမှာရှိတဲ့ လူတွေအကုန်လုံး လုံထန်ဆန်းကြယ်နယ်မြေကိုသွားပါ။ ထောက်လှမ်းရေးတွေလည်း သတိမပြတ်ထားပြီး စောင့်ကြည့်နေကြပါ။ အခြေအနေ ပြောင်းသွားတာနဲ့ မူလအစီအစဉ်ကို လုပ်ဆောင်မယ်”

တောက်မျိုးနွယ်က အကြီးအကဲတစ်ယောက်ဖြစ်သော တောက်မုန့်က တပ်သားများကို အော်ပြောလိုက်၏။ တပ်သားအားလုံး လုံထန်ဆန်းကြယ်နယ်မြေဆီသို့ ပျံသန်းသွားလိုက်ကြသည်။ တောက်မျိုးနွယ် တပ်သားများက ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များကို ထိုးဖောက်နေကြသဖြင့် အခိုးအငွေ့များတွင် အပေါက်များစွာ ဖြစ်ပေါ်လာပေသည်။

သို့သော်...

ဤတစ်ခေါက်တွင် တောက်မျိုးနွယ်မှ လူများစွာ မလာခဲ့ပေ။ သာမန်တပ်သားများကို အစောကတည်းမှ ပြန်လွှတ်လိုက်ပြီဖြစ်သည်။ ကျန်ခဲ့သော တပ်သားများမှာ ဘွဲ့ထူးရ နတ်ဘုရားဧကရာဇ်နှင့် အုပ်ချုပ်သူအဆင့် သိုင်းသမားများသာဖြစ်ကြသည်။ တပ်သားအင်အားက စုစုပေါင်း တစ်ထောင်သာရှိသည်။ သူတို့သည် ကျန်းရီကိုသတ်ရန် လာခဲ့ခြင်းဖြစ်ပြီး တမလွန်ဘုံမိစ္ဆာများကို တိုက်ခိုက်ရန် မဟုတ်ပေ။ သို့ဖြစ်ရာ တပ်သားတစ်ထောင်မှာ လုံလောက်ပေသည်။

ကျန်းရီသည် သူ့နောက်သို့ စွမ်းအားအကြီးဆုံး သိုင်းသမားများ လိုက်လာလိမ့်မည်ဟု ခန့်မှန့်ထား၏။ သို့သော် လက်တွေ့တွင် တောက်နုနှင့် တောက်လန်တို့နှစ်ယောက်သာ လိုက်လာခဲ့သည်။ သူ့ခန့်မှန်းချက်က လွဲချော်ခဲ့ပေပြီ။

စွမ်းအားကြီး သိုင်းသမားများသည် လုံထန်ဆန်းကြယ်နယ်မြေထဲ ဝင်ရောက် ပျောက်ကွယ်သွားကြသည်။ ထို့နောက် ပတ်ဝန်းကျင်တွင် ပြန်တည်ငြိမ်သွားပေသည်။ ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များကလည်း ပြန်စေ့သွားပြီး တလက်လက် တောက်ပနေကြသည်။ အဝေးမှကြည့်မည်ဆိုလျှင် ထိုဆန်းကြယ်နယ်မြေသည် အမှောင်ထုထဲ၌ ပုန်းအောင်းနေသော ဧရာမသားရဲကြီးတစ်‌ကောင်ကဲ့သို့ပင် ထင်ရလေသည်။

***

‘ငါ ဖြတ်လာခဲ့တဲ့ ဆန်းကြယ်နယ်မြေက လုံရှီးဆန်းကြယ်နယ်မြေထင်တယ်’

အာကာသဟင်းလင်းပြင်ထဲတွင် ကျန်းရီ၏ မျက်ဝန်းများက အရောင်တောက်နေ၏။ အလောင်းကြီးက သူ့ကိုပိုက်၍ လျင်မြန်စွာ ပျံသန်းနေသည်။ ကျန်းရီသည် မြေပုံကို ထုတ်ကာ ကြည့်ရှု၍ တွေးတောနေသည်။ သူသည် အခြေအနေကို သုံးသပ်နိုင်ရန် မပြတ်ကြိုးစားနေပေသည်။

ကျန်းရီသည် လုံရှီးဆန်းကြယ်နယ်မြေထဲ တမင်ဝင်ခဲ့ခြင်းဖြစ်သည်။ ထိုနယ်မြေထဲတွင် ထောက်လှမ်းရေးများ ရှိကြောင်း သူသိသည်။ သူ ထိုထောက်လှမ်းရေးများထဲမှ တစ်ယောက်ကိုသာ အသက်ချမ်းသာပေး၍ ကျန်လူအားလုံးကို သတ်ပစ်ခဲ့သည်။ ထိုသို့လုပ်ရသည့် သူ၏အဓိကရည်ရွယ်ချက်မှာ တောက်လန်နှင့် တောက်နုတို့ကို မျှားခေါ်ရန်ပင်။

“အလောင်းကြီး... ဦးတည်ချက်ပြောင်းလိုက်။ ဟိုဘက်ကိုသွားကြစို့”

ကျန်းရီသည် ထပ်မံတွေးတောပြီးနောက် မစွန့်စားရန် ဆုံးဖြတ်လိုက်၏။ အကယ်၍ တောက်နုနှင့် တောက်လန်တို့က သူ့နောက်သို့ လိုက်မလာဘဲ ကောင်းကင်ဘုရင်ဝေတို့ကသာ လိုက်လာခဲ့လျှင် ဝိညာဉ်ဘုရင်တို့၏ အသက်အန္တရာယ်ကို စိုးရိမ်ရပေသည်။ သူ၏အကြည့်က အနောက်မြောက်ဘက်ရှိ ဆန်းကြယ်နယ်မြေလေးတစ်ခုအပေါ် ကျရောက်နေသည်။ ထိုနယ်မြေက လုံဟယ်ဆန်းကြယ်နယ်မြေပင်။ သူသည် ထိုဆန်းကြယ်နယ်မြေသို့သွား၍ ထိုမှထောက်လှမ်းရေးများကိုလည်း သတ်ပစ်ရန် ဆုံးဖြတ်ထား၏။ သို့မှလည်း တောက်နုနှင့် တောက်လန်တို့ အမှန်တကယ် ဒေါသထွက်သွားမည်ဖြစ်သည်။

လုံဟယ်ဆန်းကြယ်နယ်မြေက ကျန်းရီရှိနေသောနေရာနှင့် သိပ်မဝေးပေ။ အလောင်းကြီး၏ အမြန်နှုန်းကလည်း အလွန်လျင်မြန်ရာ ဆယ်မိနစ်အတွင်းမှာပင် သူတို့ ထိုဆန်းကြယ်နယ်မြေအနီးသို့ ရောက်ရှိသွားသည်။

ဝှစ်...

ကျန်းရီသည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်၏။ ပြီးမှ အလောင်းကြီးကို ဆန်းကြယ်နယ်မြေထဲ ဝင်စေလိုက်သည်။ ယခင်ကကဲ့သို့ပင် ဆန်းကြယ်နယ်မြေထဲ ရောက်သည်နှင့် သူ ဗျပ်စောင်းကို ထုတ်ကာ စတင်တီးခတ်လိုက်သည်။ ထိုနယ်မြေထဲတွင် ပုန်းအောင်းနေသူအားလုံး အပြင်သို့ ထွက်လာအောင် လုပ်ရပေမည်။ သို့သော် ဆန်းကြယ်နယ်မြေထဲ၌ လူတစ်ယောက်မှ ရှိမနေ၍ သူ အံ့ဩသွားရလေ၏။

‘ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’

သဘောတရားအရဆိုလျှင် ပတ်ဝန်းကျင်ရှိ ဆန်းကြယ်နယ်မြေအားလုံးထဲ၌ ထောက်လှမ်းရေးများ ရှိနေသင့်သည်။ တောက်နုက သူ၏အစီအစဉ်တွင် ဤကဲ့သို့ ဟာကွက်ကြီးတစ်ခု ရှိနေခွင့်ပြုလိမ့်မည် မဟုတ်ချေ။ ကျန်းရီထံတွင် တွေးတောနေရန် အချိန်များစွာ မရှိပေ။ ထို့ကြောင့် သူ များစွာ တွေးတောမနေတော့ဘဲ မြေပုံကို ကြည့်လိုက်ပြီး မြောက်ဘက်သို့သာ ဆက်သွားလိုက်သည်။

ကျန်းရီ မြောက်ဘက်ကို ဦးတည်နေခြင်းမှာ အကြောင်းရှိ၍ဖြစ်သည်။ မြောက်ဘက်တွင် ဆန်းကြယ်သော နေရာတစ်ခုရှိသည်။ ထိုနေရာမှာ မြေရိုင်းတစ်ခုပင်။ ၎င်းမြေရိုင်းအနီးတွင် အာကာသဝဲကြီးများစွာရှိကြောင်း မြေပုံထဲတွင် ဖော်ပြထားသည်။ အနည်းဆုံး အာကာသဝဲကြီးများ အခုတစ်ရာလောက်ရှိပြီး ကီလိုမီတာငါးထောင်အဝန်းအဝိုင်းကို ဖုံးလွှမ်းထားသည်။ ထိုမြေရိုင်းထဲတွင်လည်း ကြောက်မက်ဖွယ်ကောင်းသော အဆိပ်ဖားများနှင့် ပြည့်နှက်နေသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားများပင် ထိုမြေရိုင်းထဲ ဝင်လိုက်လျှင် သေရနိုင်ခြေရှိပေသည်။

ထိုမြေရိုင်းကို အဆိပ်နတ်ဆိုးမြေရိုင်းဟုခေါ်သည်။ ၎င်းက အန္တရာယ်များကြောင်းကို မြေပုံထဲတွင် ထင်ရှားစွာ ဖော်ပြထားသည်။ ကျန်းရီသည် ထိုမြေပုံကို တွေ့သည်နှင့် သူ၏ဦးတည်ရမည့်နေရာမှာ အဆိပ်နတ်ဆိုးမြေရိုင်းဖြစ်ကြောင်း ချက်ချင်း ဆုံးဖြတ်ချက်ချခဲ့ပေသည်။

တောက်နုနှင့် တောက်လန်တို့က ကျန်းရီထက် များစွာပို၍ လျင်မြန်သည်။ တစ်နာရီကြာပြီးလျှင် သူတို့ကို သူ့ကို မီလာလိမ့်မည်ဟု ကျန်းရီ ခန့်မှန်းထားသည်။ သို့သော် ကောင်းကင်ဘုရင်ဝေတို့က မည်မျှကြာမှ လုံထန်ဆန်းကြယ်နယ်မြေသို့ ရောက်မည်ဖြစ်ကြောင်းကိုမူ မသိရပေ။ ထို့ကြောင့် သူ့တွင် အဆိပ်နတ်ဆိုးမြေရိုင်းသို့ သွားရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိချေ။ သူ့အနေဖြင့် ထိုမြေရိုင်း အနီးရှိ အာကာသဝဲကြီးများကို မှီခို၍သာ တောက်နုနှင့် တောက်လန်တို့ကို ခုခံရပေမည်။ သူ တတ်နိုင်မျှ အချိန်ဆွဲထားဖို့ လိုအပ်ပေသည်။

“မြန်မြန်...မြန်မြန်...”

ကျန်းရီ လေသံတိုးတိုးဖြင့် ပြောနေ၏။ မြေပုံထဲတွင် အဆိပ်နတ်ဆိုးမြေရိုင်း၏ တည်နေရာကို ပြသထားသော်လည်း၊ ထိုမြေရိုင်း၏အကြောင်းများကို ဖော်ပြထားသော်လည်း မြေရိုင်းက လက်တွေ့တွင် မည်သို့ပုံစံရှိသည်ကို ကျန်းရီ မသိပေ။ ထိုမြေရိုင်းအနီးသို့ မြန်မြန်ရောက်နိုင်ပါမှ သူ့ဘက်က အသာစီးရနိုင်မည်ဖြစ်သည်။

ဝှစ်...ဝှစ်...ဝှစ်...

ကီလိုမီတာရာကျော် ပျံသန်းပြီးနောက် ကျန်းရီသည် လေခွင်းသံများကို ကြားလိုက်ရ၏။ ဟွင့်သွမ့်နတ်ဘုရားလှေများ တစ်စီးပြီးတစ်စီး ထွက်ပေါ်လာကာ မရေမတွက်နိုင်သော ကောင်းကင်စိတ်အာရုံများက ကျန်းရီအပေါ် ကျရောက်လာပေသည်။ ထိုကောင်းကင်စိတ်အာရုံများထဲမှ အချို့က အလွန်စွမ်းအားကြီးသည်။ ၎င်းတို့က အုပ်ချုပ်သူအဆင့် သိုင်းသမားများ၏ ကောင်းကင်စိတ်အာရုံများဖြစ်ကြောင်း သံသယဖြစ်စရာ မရှိပေ။

“ဟွန်း... ကျန်းရီ၊ မင်းက ထွက်ပြေးချင်နေသေးတာလား”

အေးစက်စက်အသံတစ်သံကို ကြားလိုက်ရ၏။ ဟွင့်သွမ့်နတ်ဘုရားလှေ ဆယ်စီးကျော်ထဲမှနေ၍ စွမ်းအားကြီး သိုင်းသမားများ ပျံထွက်လာကြသည်။ သိုင်းသမားအရေအတွက်က မများပေ။ သုံးရာကျော် လေးရာလောက်သာ ရှိလိမ့်မည်ဟု ကျန်းရီ ခန့်မှန်းသည်။ သို့သော် သူတို့ထဲမှ အင်အားအနည်းဆုံးသူသည်ပင် ဘွဲ့ထူးရ နတ်ဘုရားဧကရာဇ်အဆင့် ရှိပေသည်။ ထို့ပြင် သူတို့ထဲတွင် အုပ်ချုပ်သူအဆင့် သိုင်းသမား ခုနစ်ယောက် ပါလေသည်။

ထိုလူများသည် ကျန်းရီထံ ပျံသန်းမလာကြဘဲ ယပ်‌တောင်ပုံစံ လူဖြန့်၍ ဟင်းလင်းပြင်ထဲတွင် ရပ်နေကြ၏။ ထို့နောက် သူတို့၏ လက်နက်များနှင့် ချပ်ဝတ်များ စတင် ထွက်ပေါ်လာသည်။ ကျန်းရီသည် ထိုလူစုကို မျက်လုံးဝေ့၍ ကြည့်လိုက်သည်။ သူတို့၏ ရည်ရွယ်ချက်ကို သူ ကောင်းစွာ သိပေသည်။ သူတို့က တောက်နုနှင့် တောက်လန်တို့ ရောက်လာသည်အထိ သူ့အား ထိန်းထားလိုခြင်းပင်။

‘သတ်...’

ဤကဲ့သို့သော အချိန်တစ်ခုတွင် စကားများစွာ ပြောနေရန် မလိုပေ။ ကျန်းရီသည် အလောင်းကြီးကို အရှေ့သို့ ဆက်ပျံသန်းစေလိုက်၏။ သူ့ကိုယ်ပေါ်တွင်လည်း ကောင်းကင်လေပြေချပ်ဝတ် ထွက်ပေါ်လာသည်။ သူ၏ မျက်ဝန်းများက အနီရောင် လင်းလက်နေပြီး အ‌လောင်းကြီး၏ မျက်ဝန်းများက အစိမ်းရင့်ရောင် လင်းလက်နေသည်။ လူသားနှင့် အလောင်းကောင်တို့၏ လင်းလက်နေသော မျက်ဝန်းများက အလွန်ကြောက်မက်ဖွယ်ကောင်းနေပေသည်။

***

All Chapters