← Chapters

တိုက်တိုက်ဆိုင်ဆိုင်

Vol. 123 Ch. 1708

တိုက်တိုက်ဆိုင်ဆိုင်

Vol. 123 Ch. 1708

ဝှစ်...ဝှစ်...ဝှစ်...

လူသုံးရာကျော် လေးရာသည် မလှုပ်မယှက်ရပ်နေကြပြီး အရှေ့သို့ အလင်းတန်းများ ပစ်လွှတ်လိုက်၏။ သူတို့က အလွန်အစွမ်းထက်ကြသည်။ ကျန်းရီက အရှေ့သို့ ပျံသန်းလာသောအခါ သူ့အရှေ့မှ လူများက နောက်ဆုတ်သွားကြပြီး သူ့ဘေးနှစ်ဘက်မှလူများက သူ့ကို တိုက်ခိုက်ရန် ချဉ်းကပ်လာကြသည်။

တောက်လန်က သူတို့ထံ ဆက်သွယ်၍ သူတို့ကို အလွန်ရှင်းလင်းသောတာဝန် ပေးထားသည်။ သူတို့ ကျန်းရီကို မည်သည့်နည်းနှင့်မဆို ထိန်းထားရပေမည်။ သူတို့လူစုက အရူးများ မဟုတ်ပေ။ အကြောင်းမရှိဘဲ မိမိကိုယ်ကိုယ် အသေခံမည် မဟုတ်ချေ။ သူတို့ ကျန်းရီကို ထိန်းထားမည်ဖြစ်သော်လည်း သတ်မည်တော့မဟုတ်။ သူတို့လူစုနှင့်ဆိုလျှင် ကျန်းရီအား ထိန်းထားရန်မှာ မခက်လောက်သည် မဟုတ်လော။

လက်တွေ့တွင်...

သူတို့သည် ကျန်းရီကို လျှော့တွက်ကာ သူတို့ကိုယ်သူတို့ ပိုတွက်မိခဲ့ကြသည်။ သူတို့က ကျန်းရီကို မထိန်းထားနိုင်ပေ။ ဟင်းလင်းပြင်ထဲတွင် အလင်းတန်းများ ပြည့်နှက်နေသော်လည်း ကျန်းရီက ရှောင်ရန် မကြိုးစားဘဲ အရှေ့သို့ ထိပ်တိုက် ပျံသန်းလာသည်။

အုပ်ချုပ်သူအဆင့် သိုင်းသမား ခုနစ်ယောက်ထံတွင် အလွန်အားကောင်းသော အရှိန်အဝါများ မရှိပေ။ သူတို့သည် ကျန်းရီအနားသို့ မကပ်နိုင်ဘဲ အဝေးမှသာ တိုက်ခိုက်နေကြသည်။ သို့ဖြစ်ရာ သူတို့၏ တိုက်ခိုက်မှုများက ကျန်းရီအနားသို့ ရောက်ချိန်တွင် စွမ်းအားလျော့သွားသည်။ ယခင်ကသာ ဤကဲ့သို့ ဝန်းရံတိုက်ခိုက်မှုကို ခံရပါက ကျန်းရီ သူတို့ကို ထိပ်တိုက်ရင်ဆိုင်နိုင်မည် မဟုတ်ချေ။ သို့သော် ယခုတွင်မူ အခြေအနေများက ကွဲပြားသွားပေပြီ။

ကျန်းရီသည် အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက် ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် သူ၏စွမ်းအားက ယခင်ကထက် ဆယ်ဆပို၍ တိုးတက်လာပေပြီ။ သူ၏ရုပ်ခန္ဓာကလည်း မူလထက် ဆယ်ဆပို၍ သန်မာလာသည်။ အခြားသူများအတွက် ဆယ်ဆမှာ မများဟု ဆိုနိုင်သည်။ ကျန်းရီအတွက်မူ ယင်းမှာ ကြီးမားသော ကွာခြားမှုကြီးဖြစ်သည်။ သူ့တွင် သူ၏ရုပ်ခန္ဓာကို အဆတစ်ရာကျော် ပိုသန်မာလာအောင် လုပ်ပေးနိုင်သည့် မဟာနတ်ဘုရားအတတ် ရှိသည် မဟုတ်ပါလား။

မိမိ၏ အခြေခံရုပ်ခန္ဓာက သန်မာလေလေ၊ မဟာနတ်ဘုရားအတတ်ကို ထုတ်သုံးရာတွင် ပိုစွမ်းအားကြီးလာလေလေပင်။ ယခုတွင် ကျန်းရီသည်ပင် သူ မဟာနတ်ဘုရားအတတ်ကို ထုတ်သုံးလိုက်သည်နှင့် သူ၏အင်အားက မည်မျှကြီးလာမည်ကို မသိပေ။ သူ အခန်းအောင်းမကျင့်ကြံစဉ်က သူ့ရုပ်ခန္ဓာအင်အားကို အဆတစ်ရာ့ငါးဆယ် မြှင့်တင်နိုင်ခဲ့သည်။ ယခုတွင်မူ အဆတစ်ထောင့်ငါးရာ မြှင့်တင်နိုင်တော့မည်ဖြစ်သည်။

ဤမတိုင်ခင်တွင် ကျန်းရီ၏ ရုပ်ခန္ဓာအင်အားက ချီချင်ချန်၏ ရုပ်ခန္ဓာအင်အားနှင့် ယှဉ်နိုင်ခဲ့သည်။ လက်ရှိတွင် မဟာနတ်ဘုရားအတတ်ကို ထုတ်သုံးလိုက်ပါက ကျန်းရီသည် တောက်နူ၊ တောက်လန်တို့နှင့်ပင် ယှဉ်နိုင်လာပေလိမ့်မည်။ တစ်နည်းဆိုရသော် သူ၏ မိုးမြေစွမ်းအားကို ထုတ်သုံးလျှင် သူက ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားနှင့်ပင် ယှဉ်နိုင်မည်ဆိုသော အဓိပ္ပာယ်ပင်။ ယင်းကို သူ၏ကောင်းကင်လေပြေချပ်ဝတ်နှင့် တွဲဖက်လိုက်လျှင် ယခုလူစု၏ တိုက်ခိုက်မှုများက သူ့ကို မည်သို့မှ လုပ်နိုင်မည် မဟုတ်ချေ။

ဝုန်း...ဝုန်း...ဝုန်း...

အလင်းတန်းများစွာက ကျန်းရီကို ထိမှန်သွားပြီး ကျန်းရီ၏ ကောင်းကင်လေပြေချပ်ဝတ်က အဆက်မပြတ် တောက်ပလာ၏။ သူ့ချပ်ဝတ်အပေါ် ကျလာသည့် သက်ရောက်မှုများကို သူ ခံစားရသည်။ သို့သော် ထိုသက်ရောက်မှုများက သူ့ကို ယားပင်မယားသွားစေ။ အုပ်ချုပ်သူအဆင့် သိုင်းသမားများ၏ တိုက်ခိုက်မှုများကသာ သူ့ခန္ဓာကိုယ်ကို အတန်ငယ် တုန်ယင်သွားစေပြီး သူ့သွေးများကို ဆူပွက်လာစေသည်။

‘ဟုတ်ပြီ...’

ကျန်းရီသည် တိုက်ခိုက်မှုများကို တစ်ချီခံပြီးနောက် ပို၍ ယုံကြည်မှုရှိလာ၏။ သူ အလောင်းကြီးကို အရှေ့သို့ ဆက်ပျံသန်းစေလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူ့လက်ထဲ၌ ဗျပ်စောင်း ထွက်ပေါ်လာသည်။ သူ အုပ်ချုပ်သူအဆင့်သို့ ရောက်ပြီးနောက်တွင် သူ၏ နတ်ဘုရားအသံကောင်းကင်အတတ်က မည်မျှစွမ်းအားကြီးလာကြောင်းကို စမ်းသပ်ရပေမည်။

ကျန်းရီ၏ နတ်ဘုရားအသံကောင်းကင်အတတ်က သာမန် နတ်ဘုရားအသံကောင်းကင်အတတ် မဟုတ်ပေ။ ၎င်းကို မတူညီသော စည်းမျဉ်းဆန်းကြယ်စွမ်းရည်သုံးမျိုးကို ပေါင်းစပ်၍ ထုတ်လွှတ်ခြင်းပင်။ ၎င်းတို့မှာ သူ၏ မူလနတ်ဘုရားအသံကောင်းကင်အတတ်၊ အနှစ်သာရနှင့် မကောင်းသောအရှိန်အဝါတို့ဖြစ်သည်။

အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲတွင် ကျန်းရီ၏ မကောင်းသောအရှိန်အဝါက ပို၍အားကောင်းလာခဲ့သည်။ ထို့ကြောင့် သူ၏ နတ်ဘုရားအသံကောင်းကင်အတတ်လည်း ပို၍စွမ်းအားကြီးလာသည်။ နောက်ပိုင်းတွင် သူ အနှစ်သာရကိုလည်း ပိုနားလည်လာရာ နတ်ဘုရားအသံကောင်းကင်အတတ်၏ စွမ်းအားမှာလည်း တဖြည်းဖြည်း တိုးလာပေသည်။

ယခုတွင် ကျန်းရီသည် အနှစ်သာရဖြစ်သော ကောင်းကင်စမ်းရေစည်းချက်ကို အပြည့်အဝ နားလည်သွားပြီဖြစ်ရာ သူ၏ နတ်ဘုရားအသံကောင်းကင်အတတ်ကလည်း များစွာပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။ သူ ၎င်းကို နှစ်ကြိမ် ထုတ်လွှတ်ခဲ့ပြီးဖြစ်သည်။ သို့သော် သူ့ရန်သူများက အလွန်အားနည်းခဲ့သည်။ ထို့ကြောင့် အတတ်၏ စွမ်းအားအစစ်အမှန်ကို မခန့်မှန်းနိုင်ခဲ့ပေ။ ဤနေရာတွင်မူ အုပ်ချုပ်သူအဆင့် သိုင်းသမားများ ရှိနေသည်။ ထို့ကြောင့် ယခုက နတ်ဘုရားအသံကောင်းကင်အတတ်ကို စမ်းသပ်နိုင်မည့် အခွင့်အရေးဖြစ်သည်။

တန်...တောင်...

ကျန်းရီသည် ဗျပ်စောင်းကြိုးများကို တီးခတ်၍ အရှေ့သို့ အသံလှိုင်း ပို့လွှတ်လိုက်၏။ ဗျပ်စောင်းသံက သူ့အရှေ့ ဟင်းလင်းပြင်ထဲတွင် ဂယက်များ ဖြစ်စေနေသည်။ သူ့အရှေ့ ကီလိုမီတာသုံးဆယ်အကွာရှိ လူခုနစ်ယောက်၊ ရှစ်ယောက်လောက်သည် အသံလှိုင်းဂယက်များ၏ လွှမ်းခြုံမှုကို ခံလိုက်ရလေသည်။

“အာ...”

ကျန်းရီကို တိုက်ခိုက်ရန် ဟန်ပြင်နေကြသော ဘေးနှစ်ဘက်မှ လူများသည် ရုတ်တရက် ကြက်သီးထသွားကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင် တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။ ကျန်းရီက သူ၏ဗျပ်စောင်းသံကို သူအလိုရှိရာဘက်သို့ ပို့လွှတ်နိုင်၏။ ထို့ကြောင့် ဘေးနှစ်ဘက်မှ လူများက ဗျပ်စောင်းသံကို မကြားလိုက်ရခြင်းဖြစ်သည်။ သို့သော် အရှေ့မှ လူများက သူတို့၏ ဦးခေါင်းများကို ဆုပ်ကိုင်၍ ဟင်းလင်းပြင်ထဲ၌ လူးလွန့်လျက် နာကျင်တကြီးအော်ဟစ်နေကြသည်ကိုတော့ သူတို့ တွေ့လိုက်ရသည်။ ထိုသူများ၏ မျက်လုံးများက ပြူးကျယ်နီရဲနေပြီး သူတို့မျက်နှာပေါ်မှ အကြောများကလည်း ဖောင်းထနေသည်။ သူတို့က မိစ္ဆာဝိညာဉ်ပူးကပ်ခံရလိုက်သလိုပင်။

အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက် အပါအဝင် အရှေ့မှ လူအားလုံးက သူတို့၏ ဦးခေါင်းများကို ဆုပ်ကိုင်၍ နာကျင်တကြီး လူးလွန့်နေကြသော်လည်း ဘေးနှစ်ဘက်မှ လူများက ကျန်းရီ၏ ဗျပ်စောင်းသံကို လုံးဝမကြားရပေ။ ထိုမြင်ကွင်းမှာ သူတို့အတွက် အလွန်ထူးဆန်းသလို ကြောက်မက်ဖွယ်လည်းကောင်းသည်။ ယင်းက မည်သို့သော ဆန်းကြယ်စွမ်းရည်မျိုးနည်း။ အုပ်ချုပ်သူအဆင့် သိုင်းသမားများကိုပင် တိုက်ခိုက်နိုင်သော သဏ္ဌာန်မဲ့ ဆန်းကြယ်စွမ်းရည်တစ်မျိုးလော။

ဝှစ်...

အလောင်းကြီးသည် အရှေ့သို့ ပျံသန်းသွားပြီး အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ကို လက်သည်းဖြင့် ကုတ်လိုက်၏။

ဂျွမ်း...

အုပ်ချုပ်သူအဆင့် သိုင်းသမား၏ ချပ်ဝတ်က အစိတ်စိတ်အပိုင်းပိုင်း စုတ်ပြဲသွား၏။ သူ့ခန္ဓာကိုယ်သည်လည်း စုတ်ဖြဲခံရကာ သူ နေရာမှာပင် သေသွားသည်။ ထို့နောက် အလောင်းကြီးသော အခြား အုပ်ချုပ်သူအဆင့် သိုင်းသမားဘက်လှည့်၍ လက်သည်းဖြင့် ထပ်ကုတ်လိုက်သည်။ ဒုတိယ အုပ်ချုပ်သူအဆင့် သိုင်းသမားသည်လည်း ပထမတစ်ယောက်ကဲ့သို့ပင် အလွယ်တကူ အသတ်ခံလိုက်ရလေသည်။

ဝုန်း...ဝုန်း...ဝုန်း...

ကျန်သော ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များကို သတ်ရန်မှာ ပိုလွယ်ကူသည်။ အလောင်းကြီးက ခြေဖြင့် တစ်ချက်ကန်လိုက်ရုံနှင့် ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များ၏ ဦးခေါင်းများက တစ်ခေါင်းပြီးတစ်ခေါင်း ပေါက်ကွဲသွားသည်။ သူတို့၏ ခန္ဓာကိုယ်များကလည်း အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားကြသည်။ သူတို့အားလုံး အောက်ဘက်သို့ ပြုတ်ကျလွင့်မျောသွားကြပေသည်။

“သွားမယ်...”

ကျန်းရီထံတွင် ဘေးနှစ်ဘက်မှ လူများကို သတ်ရန် အချိန်မရှိပေ။ သူ အလောင်းကြီးကို အရှေ့သို့ ပျံသန်းစေကာ အဝေးတွင် ကြယ်ကြွေတစ်စင်းကဲ့သို့ ပျောက်ကွယ်သွားပေသည်။

ရှူး...ရှူး...

ကျန်းရီ၏ ဘေးနှစ်ဘက်မှ လူများသည် သူတို့အရှေ့မှ အလောင်းများကို ကြည့်၍ အသက်ပြင်းပြင်း ရှူသွင်းလိုက်ကြ၏။ အစောတွင် သူတို့ထဲက တစ်ယောက်ကမှ မတိုက်ခိုက်ဝံ့ခဲ့ပေ။ ကိုယ့်သေလမ်းကိုယ်ရှာသလို ဖြစ်သွားမည်ကို သူတို့ ကြောက်ရွံ့ပေသည်။ သူတို့ ကျန်းရီကို ပြန်တိုက်ခိုက်လိုလာသည့် အခါတွင်မူ ကျန်းရီက ထွက်သွားခဲ့ပေပြီ။

“လိုက်ကြ...”

ကျန်းရီက အုပ်ချုပ်သူအဆင့် သိုင်းသမားများကိုပင် ပုရွက်ဆိတ်သတ်သလို အလွယ်တကူ သတ်နိုင်သော်လည်း ကျန်ခဲ့သော အုပ်ချုပ်သူအဆင့် သိုင်းသမားများသည် သူ့နောက်သို့လိုက်ရန် တုံ့ဆိုင်းမနေပေ။ မည်သည့်နည်းနှင့်မဆို ကျန်းရီကို တားထားရန် ‌တောက်လန်က သူတို့ကို အမိန့်ပေးထားသည်။ ဤတစ်ခေါက်တွင် တောက်မျိုးနွယ်က အရင်းအနှီးများစွာ သုံးခဲ့ရသည်။ သို့ဖြစ်ရာ သူတို့သည် ကျန်းရီ လွတ်မြောက်သွားမည်ကို မည်သို့ ကြည့်နေနိုင်ပါမည်နည်း။

“ဟွန်း...”

ကျန်းရီသည် အုပ်ချုပ်သူအဆင့် သိုင်းသမားများက သူ့နောက်မှ လိုက်လာကြောင်း အာရုံခံမိလိုက်၏။ ရုတ်တရက် သူ အလောင်းကြီး၏ လက်ထဲမှ ထွက်ကာ ပခုံပေါ်တွင် ရပ်လိုက်သည်။ အလောင်းကြီးက ကိုးမီတာလောက် မြင့်သည်။ ၎င်း၏ ပခုံးကြီးကလည်း ကျောက်စားပွဲတစ်လုံးကဲ့သို့ ကျယ်ပြန့်သည်။ ထို့‌ကြောင့် ကျန်းရီသည် ပခုံးထက်တွင် အလွယ်တကူ တင်ပျဉ်ခွေထိုင်နိုင်ပေသည်။ ထို့နောက် သူ ဗျပ်စောင်းကိုထုတ်ကာ စောင်းကြိုးများကို ခပ်ကြမ်းကြမ်း စတင်တီးခတ်လိုက်သည်။ အသံလှိုင်းများက သူ့အနောက်သို့ ထွက်သွားပေသည်။

“အာ...”

အုပ်ချုပ်သူအဆင့် သိုင်းသမားအားလုံး ရပ်တန့်သွား၏။ ထိုအခိုက်တွင် အစောမှ အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက်က မည်သို့ဖြစ်သွားခြင်းဖြစ်ကြောင်း သူတို့ သိရှိသွားကြသည်။ သူတို့က ကျန်းရီနှင့် ကီလိုမီတာများစွာ ဝေး‌သေးသော်လည်း ဗျပ်စောင်းသံက အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။ သူတို့၏ မျက်လုံးများ နီရဲလာသည်။ သူတို့ သူတို့၏ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်ကြတော့ပေ။ သို့ဖြစ်ရာ သူတို့အားလုံးသည် နားကို လက်ဖြင့်ပိတ်၍သာ ကျန်းရီ အဝေးသို့ ထွက်ပြေးသွားသည်ကို ကြည့်၍နေရလေတော့သည်။

အလောင်းကြီးက သာမန် အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်လောက် လျင်မြန်သည်။ လူစုသည် အလောင်းကြီးကို မတားနိုင်ပေ။ ကျန်းရီကို တားထားရန်အတွက်လည်း မျှော်လင့်ချက် ကုန်ဆုံးလာပြီဖြစ်သည်။ ဆိုရလျှင် သူတို့ သူ့ကို မျက်ခြည်ပင် ပြတ်သွားနိုင်ပေသည်။

“လိုက်ကြ...”

သို့ပင်လျှင် လူစုသည် အံကြိတ်ကာ ဆက်လိုက်ကြသည်။ သူတို့သည် ကောင်းကင်စိတ်အာရုံများ ထုတ်လွှတ်၍ ကျန်းရီကို အာရုံခံထားကြသည်။ ငါးဆယ်ကီလိုမီတာ လိုက်ပြီးနောက် သူတို့၏ ကောင်းကင်စိတ်အာရုံများက သူတို့အရှေ့ရှိ ဆန်းကြယ်နယ်မြေတစ်ခုကို အာရုံခံမိလိုက်ကြ၏။ ချက်ချင်းပင် သူတို့ မျက်နှာထား ပြောင်းသွားကြသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်က အသံပို့လွှတ်ရန် သူ၏ ကျောက်စိမ်းအဆောင်ကို ထုတ်လိုက်သည်။ သို့သော် သူ အသံမပို့လွှတ်နိုင်ခင်မှာပင် အ‌ရှေ့ရှိ ဆန်းကြယ်နယ်မြေထဲမှနေ၍ စွမ်းအားကြီး သိုင်းသမား ဆယ်ယောက် ပျံထွက်လာပေသည်။

ဝှစ်...ဝှစ်...ဝှစ်...

ကျန်းရီအနောက်မှ အုပ်ချုပ်သူအဆင့် သိုင်းသမားများ ချက်ချင်း မျက်နှာဖြူဖျော့သွား၏။ သူတို့ထဲမှ တစ်ယောက်က အော်ပြောလိုက်သည်။

“သခင်လေး... ပြေးပါ”

ထို အုပ်ချုပ်သူအဆင့် သိုင်းသမားသည် အော်ပြောပြီးမှ သူ အမှားလုပ်မိကြောင်း သဘောပေါက်သွား၏။ သူ စိုးရိမ်နေခဲ့၍ အသံပို့လွှတ်ရမည့်အစား အော်ပြောမိခဲ့သည်။ အလောင်းကြီး၏ ပခုံးပေါ်တွင် ထိုင်နေသော ကျန်းရီ၏အကြည့်က ရုတ်တရက် ခက်ထန်သွား၏။ သူသည် လူဆယ်ယောက်ကြားရှိ ခမ်းနားသော ဝတ်ရုံကို ဝတ်ဆင်ထားသော သခင်လေးကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူ ပြုံးလိုက်သည်။ ဤနေရာတွင် တောက်မျိုးနွယ်မှ သခင်လေးတစ်ယောက် ရှိနေသည်လော။

“အာ...’

ခမ်းနားသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် သခင်လေးမှာ တောက်မျိုးနွယ်၏ ပထမသခင်လေး တောက်ရန်ပင်။ အစောတွင် သူက လုံဟယ်ဆန်းကြယ်နယ်မြေထဲတွင် ပုန်းအောင်းနေခဲ့သည်။ သို့သော် တောက်လန်၏ အသံပို့လွှတ်မှုကို ရသည်နှင့် သူသည် သူ့လူများများကို ဦးဆောင်၍ ချက်ချင်း ပြန်ဆုတ်ခဲ့သည်။ ဤနေရာမှ ဆန်းကြယ်နယ်မြေလေးဆီသို့ သူ မကြာခင်ကမှ ရောက်လာခဲ့ခြင်းဖြစ်သည်။

တောက်ရန်သည် ကျန်းရီကို လူရာကျော်က တားထားပြီး တောက်နုနှင့် တောက်လန်တို့က ကျန်းရီရှိရာသို့ လျင်မြန်စွာ လာနေကြသဖြင့် သူ ဤဆန်းကြယ်နယ်မြေလေးထဲ၌ ပုန်းအောင်းနေလျှင် လုံခြုံလိမ့်မည်ဟု ထင်ခဲ့သည်။ လူရာကျော်က ကျန်းရီကို မတားထားနိုင်လောက်ဟု သူ တွေးပင် မတွေးမိခဲ့ပါပေ။

“ထွက်ပြေး...”

လူရာကျော်ပင် ကျန်းရီကို မတားနိုင်ခဲ့ရာ တောက်ရန်ဘက်မှ အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက်ကလည်း အောင်မြင်လိမ့်မည် မဟုတ်ချေ။ တောက်ရန်သည် ရုတ်ခြည်းပင် အဝေးသို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သူ့ကို ဝန်းရံထားသော လူဆယ်ယောက်ကလည်း ကျန်းရီထံသို့ ပျံသန်းသွားကာ တောက်ရန် ထွက်ပြေးနိုင်ဖို့ ကျန်းရီအား တားထားရန် ကြိုးစားလိုက်ကြသည်။

“မင်းက ပြေးချင်သေးတာလား”

ကျန်းရီသည် တောက်ရန်ကို ကြားသာကြားဖူးထားပြီး တစ်ခါမှ မမြင်ဖူးပေ။ ထို့ကြောင့် တောက်ရန်က မည်မျှအရေးပါကြောင်း သူ မသိချေ။ သို့သော် တောက်ရန်က သခင်လေးတစ်ယောက်ဖြစ်ရာ ကျန်းရီ သူ့ကို ဖမ်းရပေမည်။ သူ့ဘက်တွင်လည်း နိုင်ကွက်တစ်ခုရှိနေရန် အလွန်အရေးကြီးသည်။ ထိုမှ သူ ရှင်သန်နိုင်ပေလိမ့်မည်။

***

All Chapters