← Chapters

ကျုပ်တို့ သေသင့်ပါတယ်

Vol. 123 Ch. 1709

ကျုပ်တို့ သေသင့်ပါတယ်

Vol. 123 Ch. 1709

ကျန်းရီသည် အနှစ်သာရကို အပြည့်အဝ နားလည်သွားပြီဖြစ်ပြီး ကောင်းကင်စမ်းရေစည်းချက်ကို နတ်ဘုရားအသံကောင်းကင်အတတ်နှင့် အောင်အောင်မြင်မြင် ပေါင်းစည်းနိုင်ခဲ့သည်။ သတ်ဖြတ်အရှိန်အဝါမှ ထုတ်လွှတ်သည့် မကောင်းသောအရှိန်အဝါကိုပါ ထည့်ပေါင်းလောက်သောအခါ သူ၏ နတ်ဘုရားအသံကောင်းကင်အတတ်၏ စွမ်းအားက တွေးမကြည့်နိုင်လောက်အောင် ဖြစ်လာသည်။ အနည်းဆုံးတော့ သူ၏ နတ်ဘုရားအသံကောင်းကင်အတတ်က သာမန် အုပ်ချုပ်သူအဆင့် သိုင်းသမားများအပေါ် သက်ရောက်နိုင်ကြောင်း စမ်းသပ်ပြီးဖြစ်သည်။

လူဆယ်ယောက်သည် ကျန်းရီထံသို့ ပျံသန်းလာနေ၏။ သူတို့ထဲမှ နှစ်ယောက်က အုပ်ချုပ်သူအဆင့် သိုင်းသမားများဖြစ်သည်။ သို့သော် ကျန်းရီ၏ မျက်လုံးထဲတွင်မူ သူတို့က သုံးစားမရသော ရွံ့ရုပ်များသာ။ ကျန်းရီသည် ထိုသူများ၏ တိုက်ခိုက်မှုများကို အရေးပင်မစိုက်ဘဲ ဗျပ်စောင်းကို တီးခတ်လိုက်သည်။ လူဆယ်ယောက် ချက်ချင်း ရပ်တန့်သွား၏။ လူတစ်ယောက်မှလွဲ၍ ကျန်လူများအားလုံး နာကျင်စွာ လူးလွန့်သွားကြသည်။

အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်၏ စိတ်ဝိညာဉ်က အတော်လေး သန်မာသည်။ သူသည် ဗျပ်စောင်းသံ၏ လွှမ်းမိုးမှုကို များစွာမခံရပေ။ သို့သော် သူ မလှုပ်နိုင်ဘဲ မျက်လုံးများ မှိတ်ထားရသည်။

ဝှစ်...

အလောင်းကြီးက ရပ်တန့်၍မရသော အရှိန်ဖြင့် အရှေ့သို့ ပျံသန်းသွား၏။ ၎င်းက မယုံနိုင်လောက်အောင် သန်မာပြီး ရှေးဦးဝိညာဉ်ရတနာချပ်ဝတ်များကို ဝတ်ဆင်ထားသော သာမန် အုပ်ချုပ်သူအဆင့် သိုင်းသမားများကိုပင် သတ်ပစ်နိုင်ပေသည်။ ဤနေရာရှိ အုပ်ချုပ်သူအဆင့် သိုင်းသမားများက စွမ်းအားမကြီးကြပေ။ သို့ဖြစ်ရာ သူတို့ထံတွင် မည်သို့ တာအိုကောင်းကင်ဝိညာဉ်ရတနာချပ်ဝတ်များ ရှိပါမည်နည်း။

ယခုတွင် ကျန်းရီသည် အလောင်းကြီး၏ ပခုံးထက်တွင် ရှိနေသည်။ ထို့ကြောင့် အလောင်းကြီးက လက်နှစ်ဘက်လုံး အားနေသည်။ ၎င်းသည် လက်နှစ်ဘက်ကို ဝှေ့ယမ်း၍ ၎င်း၏လမ်းတွင် ပိတ်နေသော ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များကို စုတ်ဖြဲပစ်လိုက်သည်။

အလောင်းကြီးက ချဉ်းကပ်လာသောအခါ ဗျပ်စောင်းသံ၏ လွှမ်းမိုးမှုကို များစွာမခံခဲ့ရသော အုပ်ချုပ်သူအဆင့် သိုင်းသမားက မျက်လုံးများ ဖွင့်လိုက်၏။ သူသည် သူ၏ဓားကို ကျန်းရီ၏ ရင်ဘတ်သို့ ထိုးစိုက်လိုက်သည်။

“သေပေတော့...”

အစောတွင် ထိုသိုင်းသမားက ဟန်ဆောင်နေခဲ့ခြင်းလော သို့မဟုတ် သေရေးရှင်ရေး အန္တရာယ်ကြောင့် ရုတ်တရက် အသိပြန်ကပ်လာခြင်းလောကို ကျန်းရီ မသိပေ။ သို့သော် ထိုသူသည် အလောင်းကြီး၏ လက်သည်းများကို အရေးမစိုက်ဘဲ သူ့ဓားရှည်ကို ဝှေ့ယမ်း၍ အရှေ့သို့ အနက်ရောင်အလင်းတန်းများ ပစ်လွှတ်နေပေသည်။ သူက ကျန်းရီကို သူနှင့်အတူ သေရွာသို့ ခေါ်သွားလိုပုံပင်။

ထန်...ထန်...

ထိုကဲ့သို့ နီးကပ်နေသည့် အကွာအဝေးတွင် ကျန်းရီ ရှောင်ချိန်မရပေ။ ထို့ကြောင့် သူ ရှောင်မနေတော့ဘဲ ဗျပ်စောင်းကို သိမ်း၍ ဓားအလင်းတန်းများအား သူ့ရင်ဘတ်ကို ထိမှန်ခွင့် ပြုလိုက်သည်။ သတ္တုချင်း ထိခတ်သံများနှင့် မီးပွားများ ထွက်ပေါ်လာသည်။ ကျန်းရီသည် ထိခတ်မှုအဟုန်ကြောင့် လွင့်ထွက်သွား၏။ သို့သော် ကောင်းကင်လေပြေချပ်ဝတ်က ကာကွယ်ပေးခဲ့သဖြင့် သူ့ရင်ဘတ်က ပေါက်ထွက်မသွားခဲ့ပေ။ ရင်ဘတ်တွင် အတန်ငယ် နာသွားသည်ကိုသာ သူ ခံစားလိုက်ရသည်။ သူက ဒဏ်ရာအသေးအဖွဲလေးသာ ရသွားပုံပင်။

“အား...”

ကျန်းရီက အဆင်ပြေသော်လည်း အုပ်ချုပ်သူအဆင့် သိုင်သမားက အဆင်မပြေချေ။ အလောင်းကြီး၏ လက်သည်းများက သူ့ဦးခေါင်းတွင် အပေါက်များစွာ ဖြစ်သွားစေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ သေဆုံးသွားလေသည်။ သို့သော် ကျန်းရီက လွင့်ထွက်သွားပြီး ဗျပ်စောင်းကို ဆက်မတီးနိုင်တော့သဖြင့် လူများစွာ ပြန်အသိကပ်လာသည်။

တင်...တောင်...

ကျန်းရီသည် ဗျပ်စောင်းကို ပြန်ထုတ်၍ ထပ်မံတီးခတ်လိုက်ပြီး အရှေ့သို့ ပျံသန်းသွား၏။ အစောတွင် အသိပြန်ကပ်လာသော လူများသည် ထပ်မံ၍ လူးလွန့်သွားကြပြန်သည်။ ထို့နောက် ကျန်းရီ သတ်ဖြတ်မှုကို ပြန်စပေသည်။

“ငါတော့သွားပြီ... ငါတော့သွားပြီ”

တောက်ရန်သည် သူတတ်နိုင်သမျှ အမြန်ဆုံး ပျံသန်းနေ၏။ သို့သော် ထိုအမြန်နှုန်းမှာ နှေးနေပေသေးသည်။ သူသည် ခပ်လှမ်းလှမ်းသို့ ရောက်နေပြီဖြစ်သော်လည်း ဗျပ်စောင်းသံ၏ လွှမ်းမိုးမှုကို ခံနေရသေးသည်။ သူ့နောက်မှ အော်သံများကို ကြားနေရသော်လည်း သူ နောက်လှည့်မကြည့်ဝံ့ဘဲ အံကြိတ်၍သာ အရှေ့သို့ အမြန်ဆုံး ပျံသန်းနေပေသည်။

တောက်နုက ‌တောက်ရန်ကို လိုက်မလာရန် ပြောခဲ့သော်လည်း တောက်ရန်ကိုက အတင်းလိုက်လာခဲ့ခြင်းဖြစ်သည်။ သူသည် တောက်ဖုန့်အတွက် ကိုယ်တိုင်လက်စားချေလိုသည်ဟု ပြောခဲ့သော်လည်း အမှန်တွင်မူ တောက်မျိုးနွယ်၏ ပထမသခင်လေးဟူသော သူ့ဂုဏ်ပုဒ်ကို အခြေခိုင်အောင် လုပ်လိုခဲ့ခြင်းသာဖြစ်သည်။ သူ တောက်နု၏ အသိအမှတ်ပြုမှုကို လိုချင်သည်။ အဘယ်ကြောင့်ဆိုသော် ဤမတိုင်ခင် တောက်နုက သူ့ကို တစ်ခါမှ အသိအမှတ်မပြုခဲ့၍ပင်။ သို့ဖြစ်၍ သူသည် တောက်နုထံမှ အသိအမှတ်ပြုမှုကို ရမည့် ဤသို့သော အခွင့်အရေးကောင်းတစ်ခုကို မည်သို့ လက်လွတ်ခံနိုင်ခဲ့ပါမည်နည်း။

တောက်ရန်သည် သူ့အသက်ကို အမှန်ပင် တန်ဖိုးထားသည်။ သူ လိုက်လာခဲ့သော်လည်း သေမည်ဆိုး၍ တောက်နုနှင့်အတူ မနေခဲ့ပေ။ လုံထန်ဆန်းကြယ်နယ်မြေတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်လာမည် မဟုတ်ပါလား။ ထို့ကြောင့် သူသည် ဤဆန်းကြယ်နယ်မြေအသေးလေးထဲ၌ ပုန်းအောင်းနေခဲ့ခြင်းဖြစ်သည်။ သို့သော် တိုက်တိုက်ဆိုင်ဆိုင်ပင် ကျန်းရီက လုံထန်ဆန်းကြယ်နယ်မြေသို့ မသွားဘဲ ဤဆန်းကြယ်နယ်မြေလေးသို့ ရောက်လာခဲ့ပေသည်။

ကောင်းကင်က သူ့ကို ကံဆိုးစေနေသည်ဟု တောက်ရန် ခံစားနေရ၏။ သူ ပထမသခင်လေး ဖြစ်လာသည်မှာ မည်မျှသာ ကြာသေးသနည်း။ သို့သော် ယခု သူ တောက်ဖုန့်၏လမ်းစဉ်ကို လိုက်ရတော့မည်လော။ သေရေးရှင်ရေးနှင့် ရင်ဆိုင်ရသောအခါ သူ၏ဦးနှောက်က အသည်းအသန် အလုပ်လုပ်လာသည်။ ရှင်သန်လိုသော ဆန္ဒက သူ့ကို စိတ်တည်ငြိမ်စေလာပေသည်။

‘ဟုတ်တယ်... နတ်ဘုရားရှောင်တိမ်းအဆောင်၊ ငါ့မှာ နတ်ဘုရားရှောင်တိမ်းအဆောင်ရှိတာပဲ။ ငါက အရူးပဲ’

တောက်ရန်သည် သူ့တွင် နတ်ဘုရားရှောင်တိမ်းအဆောင်တစ်ခု ရှိကြောင်း အမှတ်ရသွား၏။ သူ ၎င်းကို ယခင်က တစ်ခါမှ အသုံးမပြုခဲ့ပေ။ အစောတွင်လည်း သူ အလွန်ကြောက်နေခဲ့၍ ၎င်းအကြောင်းကို မေ့နေခဲ့သည်။ သူ နတ်ဘုရားရှောင်တိမ်းအဆောင်ကို ချိုးလိုက်လျှင် မိုးပြာဒေသသို့ ပြန်ရောက်သွားပေလိမ့်မည်။

ရွှီး...

တောက်ရန်၏လက်စွပ်က လင်းလက်လာပြီး သူ့လက်ထဲတွင် ကျောက်စိမ်းအဆောင်တစ်ခု ထွက်ပေါ်လာ၏။ သူ ၎င်းကို ချိုးလိုက်တော့မည့် အခိုက်တွင် ကြောက်မက်ဖွယ် အပူလှိုင်းတစ်ခုက သူ့ထံသို့ ရွေ့လျားလာပြီး ပတ်ဝန်းကျင်အပူချိန်က တိုးလာကြောင်းကို သူ ခံစားလိုက်ရသည်။ သူသည် ကျောက်စိမ်းအဆောင်ကိုပင် မချိုးနိုင်‌တော့ဘဲ နာကျင်တကြီးဖြင့် လူးလွန့်လိုက်ရလေ၏။

ဝှစ်...

ကျန်းရီက အလောင်းကြီးကို တောက်ရန်ဆီသို့ ပျံသန်းစေလိုက်သည်။ အနီးသို့ ရောက်သောအခါ သူ နတ်ဘုရားရှောင်တိမ်းအ‌ဆောင်ကို ယူ၍ သက်ပြင်းချလိုက်၏။ သူ့တွင် ပေါင်းစည်းမီးတောက်လုံး နှစ်လုံးသာ ကျန်တော့သည်။ ယခု သူ တစ်လုံးကို သုံးလိုက်ရပေပြီ။ သူ့တွင် အခြားရွေးချယ်စရာလည်း မရှိခဲ့ပေ။ မဟုတ်လျှင် တောက်ရန် လွတ်မြောက်သွားပေလိမ့်မည်။

တောက်ရန်ထံတွင် တာအိုကောင်းကင်ဝိညာဉ်ရတနာချပ်ဝတ် မရှိချေ။ တာအိုကောင်းကင်ဝိညာဉ်ရတနာများက အလွန်အဖိုးတန်သည်။ တောက်မျိုးနွယ်တစ်ခုလုံးတွင်ပင် ထိုရတနာများ များစွာရှိလိမ့်မည်ဟု ကျန်းရီ မထင်ပေ။ သို့သော် တောက်ရန်ထံ၌ ရှေးဦးဝိညာဉ်ရတနာချပ်ဝတ်တော့ ရှိပေသည်။ ကျန်းရီက ပေါင်းစည်းမီးတောက်လုံး တစ်လုံးလုံးကို ထုတ်လွှတ်လိုက်ခြင်း မဟုတ်ပေ။ ထို့ကြောင့်လည်း ‌တောက်ရန်က ဒဏ်ရာရရုံသာ ရသွားခြင်းဖြစ်ပြီး မသေခြင်းပင်။ ထိုအခိုက်တွင် တောက်ရန် အသက်ကို ဖြည်းညင်းစွာ ရှူရှိုက်နေသည်။ သူ သေရန် သိပ်မလိုလောက်တော့ပေ။

ကျန်းရီသည် တောက်ရန်ကို ဆွဲခေါ်၍ အလောင်းကြီးကို မြောက်ဘက်သို့ ဆက်ပျံသန်းခိုင်းလိုက်၏။ အစောမှ တိုက်ပွဲက ငါးစက္ကန့်သာ ကြာခဲ့သည်။ သူ့နောက်မှ လိုက်လာသူများက နီးကပ်လာပြီဖြစ်သော်လည်း ကျန်းရီသည် သူတို့ကို ထပ်မံ၍ နောက်ကောက်ချထားနိုင်ခဲ့ပေသည်။

“ငါ့နောက်ကို ဆက်မလိုက်နဲ့တော့။ မဟုတ်ရင် ငါ မင်းတို့ သခင်လေးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ မင်းတို့ကို လှမ်းပစ်လိုက်မယ်”

ကျန်းရီက ထိုသို့ပြောလိုက်သောအခါ အနောက်မှလူများသည် ဆက်မလိုက်ဝံ့တော့ပေ။ တောက်ရန်က တောက်နု၏သားပင်။ တောက်နုက ထိုသားကို မချစ်သော်လည်း တောက်ရန်မှာ တောက်မျိုးနွယ်၏ ပထမသခင်လေး ဖြစ်နေပေသေးသည်။ ကျန်းရီကသာ သူ့ကို သတ်လိုက်မည်ဆိုလျှင် အကျိုးဆက်များကို သူတို့က ခံရပေလိမ့်မည်။

“အရမ်းကောင်းတယ်”

ကျန်းရီသည် သူ့အနောက်သို့ လှည့်ကြည့်ပြီးနောက် တပ်သားများက ဆက်လိုက်မလာတော့ကြောင်း တွေ့လိုက်‌သောအခါ ရုတ်ခြည်း ဝမ်းသာသွားသည်။ တောက်မျိုးနွယ်ထဲတွင် ထိုသခင်လေး၏ အဆင့်အတန်းက အတော်လေး မြင့်ပုံပင်။ သူ့လက်ထဲတွင် ထိုသခင်လေး ရှိနေလျှင် အနည်းဆုံးတော့ သူ ကောင်းကင်ဘုရင်ဝေတို့ ရောက်လာသည်အထိ အချိန်ဆွဲနိုင်ပေလိမ့်မည်။

ကျန်းရီသည် အားဖြည့်ဆေးလုံးများစွာကို ထုတ်၍ တောက်ရန်၏ ပါးစပ်ထဲ ထည့်ပေးလိုက်၏။ တောက်ရန်က မသေနိုင်တော့ကြောင်း အတည်ပြုပြီးမှ သူ့ကို ဟွင့်သွမ့်ချီပုလဲထဲ ထည့်လိုက်သည်။ ထို့နောက် ကျန်းရီသည် မျက်လုံးမှိတ်ကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်၍ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို အာရုံခံနေလိုက်သည်။ သူ့ကို လုပ်ကြံမည့် သူများ ရှိ၊ မရှိကို သူ ထောက်လှမ်းရေပေမည်။

ကျန်းရီ၏ နဝမမြောက် ကြယ်စက်လုံးထဲတွင် မိုးမြေစွမ်းအားများစွာ ရှိနေသည်။ သူ ၎င်းစွမ်းအားအကုန်လုံးကို သုံးကုန်မည် မဟုတ်ချေ။ မိုးမြေစွမ်းအားပမာဏက အလောင်းကြီး တစ်လကျော်၊ နှစ်လနီးပါး တိုက်ခိုက်နိုင်လောက်အောင် လုံလောက်သည်။ ထို့ကြောင့် ကျန်းရီသည် မိုးမြေစွမ်းအား ကုန်သွားမည်ကို မစိုးရိမ်ပေ။ ထို့ကြောင့် အလောင်းကြီးအတွင်းသို့ မိုးမြေစွမ်းအား မပြတ်ထည့်သွင်းပေး၍ အလောင်းကြီးကို အမြန်ဆုံးအရှိန်ဖြင့် ဆက်ပျံသန်းစေလိုက်သည်။ မကြာခင်တွင် သူတို့ အဝေးတွင် ပျောက်ကွယ်သွားလေသည်။

အာကာသဟင်းလင်းပြင်ထဲတွင် လူသုံးရာကျော် ကျန်ခဲ့သည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မည်သို့ဆက်လုပ်ရမည်မသိ ဖြစ်နေကြသည်။ သူတို့ အမှားကြီးတစ်ခုကို လုပ်လိုက်မိသလို ခံစားနေရသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်က ခံ့ညားသော အခြားအဘိုးအိုတစ်ယောက်ကိုကြည့်ကာ မေးလိုက်သည်။

“ကျုပ်တို့ဘာလုပ်သင့်လဲ အစ်ကိုခြောက်”

“ငါက ဘယ်လိုလုပ် သိမှာလဲ”

ခံ့ညားသော အဘိုးအို၏ မျက်နှာထားက မည်းမှောင်သွား၏။ သူသည် စက္ကန့်အတော်ကြာအောင် နှုတ်ဆိတ်နေပြီးမှ အံကြိတ်၍ ပြောလိုက်သည်။

“ငါတို့ ဖြည်းဖြည်းချင်း လိုက်ကြတာပေါ့။ ယပ်တောင်ပုံစံ လူဖြန့်မယ်။ ငါတို့ သူ့ကို လိုက်မမီရင်တောင် သူဘယ်ကိုသွားလဲဆိုတာ သိမှရမယ်။ မျိုးနွယ်ခေါင်းဆောင် ရောက်လာတော့မှ ဘယ်လိုဆက်လုပ်ရမလဲဆိုတာ ဆုံးဖြတ်ကြတာပေါ့’

“ကောင်းပါပြီ”

‘မျိုးနွယ်ခေါင်းဆောင်’ဟူသော အသံကို ကြားလိုက်သောအခါ အားလုံး နှုတ်ခမ်းတွန့်ကွေးလိုက်ကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင်လည်း အကြောက်တရာများနှင့် ပြည့်နှက်သွားသည်။ သူတို့သည် ကျန်းရီကို မတားနိုင်ခဲ့ရုံသာမက ကျန်းရီအား တောက်ရန်ကို ဓားစာခံလုပ်ခွင့်ပေးခဲ့မိသည်။ တောက်နုသာ ထိုအကြောင်းကို ကြားလျှင် မည်မျှ ဒေါသထွက်သွားမည်ကို သူတို့ တွေး၍ပင် မကြည့်နိုင်ကြချေ။

အားလုံး ယပ်တောင်ပုံစံ လူဖြန့်၍ ကျန်းရီနောက်သို့ ဆက်လိုက်ကြ၏။ သူတို့ ဆယ့်ငါးမိနစ်ကြာအောင် လိုက်ပြီးနောက် တောက်နုနှင့် တောက်လန်တို့က သူတို့ကို မီလာလေသည်။

“လောင်လျို့(အဘိုးခြောက်)၊ ကျန်းရီ ဘယ်မှာလဲ”

တောက်လန်သည် ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံပြီးနောက် ခံ့ညားသော အဘိုးအိုကိုကြည့်ကာ အသံပို့လွှတ်လိုက်သည်။

အဘိုးအိုသည် ရှက်ရွံ့သွားပြီး အပြစ်ရှိသလို ခံစားလိုက်ရ၏။ သူ ပျံနေသည်ကို ရပ်တန့်ကာ တောက်နုနှင့် တောက်လန်တို့ အနားရောက်သည်အထိ စောင့်နေလိုက်သည်။ ပြီးမှ ဒူးတစ်ဘက်ထောက်ကာ တင်ပြလိုက်လေသည်။

“မျိုးနွယ်ခေါင်း‌ဆောင်၊ ခေါင်းဆောင်လန်... ကျုပ်တို့ သေသင့်ပါတယ်။ ကျုပ်တို့ ကျန်းရီကို မတားနိုင်ခဲ့ပါဘူး။ ပြီးတော့... ကျန်းရီက သခင်လေးတောက်ရန်ကို ဖမ်းသွားပါတယ်။ လောင်ရှစ်ဆန်းနဲ့ တခြားသူတွေက ကျန်းရီ သတ်တာကို ခံလိုက်ရပါပြီ”

“ဘာ...”

တောက်နုနှင့် တောက်လန်တို့၏ မျက်နှာထားများက ချက်ချင်း ပြောင်းလဲသွား၏။ သူတို့၏ ခန္ဓာကိုယ်များမှနေ၍လည်း သတ်ဖြတ်အရှိန်အဝါများ ထွက်လာသည်။ တောက်နုက ဒေါသတကြီးနှင့် အော်ပြောလိုက်သည်။

“ကျန်းရီ... ဒီနေ့ ငါ တောက်နု မင်းကို မသတ်နိုင်ရင် လူမဟုတ်တော့ဘူးကွ။ အား...”

တောက်နု၏ အော်သံကို ကောင်းကင်စွမ်းအားဖြင့် မြှင့်တင်ထားရာ အသံမှာ ကီလိုမီတာထောင်ချီသော အဝန်းအဝိုင်းအတွင်း ပဲ့တပ်ထပ်သွားလေသည်။

***

All Chapters