← Chapters

တော်တယ်

Vol. 123 Ch. 1710

တော်တယ်

Vol. 123 Ch. 1710

တောက်လန်နှင့် တောက်နုတို့က ကျန်းရီကို ဒေါသတကြီး လိုက်ဖမ်းနေစဉ်တွင် မရေမတွက်နိုင်သော ဟွင့်သွမ့်နတ်ဘုရားလှေများစွာသည် လုံထန်ဆန်းကြယ်နယ်မြေဆီသို့ ကီလိုမီတာငါးသန်းအတွင်းမှနေ၍ ဝန်းရံချဉ်းကပ်လာကြ၏။ ထိုနေရာရှိ ဟင်းလင်းပြင်ထဲတွင် ဟွင့်သွမ့်နတ်ဘုရားလှေများနှင့် ပြည့်နှက်နေပေသည်။

ပြီးခဲ့သော နှစ်အနည်းငယ်အတွင်းတွင် ယခုတစ်ခေါက်က ယန်ကိုးပါးစစ်တပ်တစ်တပ်လုံးနီးပါး တိုက်ပွဲချီလာသည့် ပထမဆုံးအကြိမ်ဖြစ်သည်။

တပ်ခြောက်တပ်မှလွဲ၍ ကျန်သော တပ်သုံးဆယ်လုံး ချီတက်လာသည်။ ကောင်းကင်ဘုရင်ဝေ၏ အမိန့်အောက်တွင် သူတို့သည် တည်နေရာပြောင်းရွှေ့အစီအရင်များမှနေ၍ အာကာသဟင်းလင်းပြင်ထဲ ထွက်လာခဲ့ကြသည်။ ထို့နောက် သူတို့သည် လုံထန်ဆန်းကြယ်နယ်မြေနှင့် အနီးဆုံး ကြားမှတ်များဆီသို့ တည်နေရာပြောင်းရွှေ့ခဲ့သည်။ နောက်ဆုံးတွင် သူတို့သည် ဟွင့်သွမ့်နတ်ဘုရားလှေများကို သုံး၍ လုံထန်ဆန်းကြယ်နယ်မြေဆီ ဦးတည်လာကြလေသည်။

ကျန်းရီ ငှက်တောင်ပျံတပ်ထဲမှ ထွက်သွားသည်မှာ မည်မျှကြာခဲ့ပြီနည်း။

ကျန်းရီထွက်သွားပြီးနောက် နာရီနှစ်ဆယ်အကြာမှာပင် ယန်ကိုးပါးစစ်တပ်၏ သန်းဆယ်ချီသော တပ်သားများက အာကာသဟင်းလင်းပြင်ထဲ ရောက်လာခဲ့ကြသည်။ ယင်းအခြေအနေကိုကြည့်၍ စစ်တပ်တစ်တပ်လုံးက မည်မျှသွက်လက်ကာ ညီညွတ်ကြောင်း သိနိုင်ပေသည်။

သို့သော် ယန်ကိုးပါးစစ်တပ်က ထိုမျှလျင်မြန်စွာ တိုက်ပွဲထွက်နိုင်ခဲ့ခြင်းမှာ သူတို့၏ တာဝန်များက အာကာသဟင်းလင်းပြင်ထဲတွင် ထမ်းဆောင်ရသော တာဝန်များသာ များခဲ့၍လည်းပါသည်။ ထို့ကြောင့် သူတို့သည် ဟင်းလင်းပြင်ထဲထွက်ရန် အမြဲ အသင့်ဖြစ်နေခဲ့ပေသည်။

ကောင်းကင်ဘုရင်နှစ်ပါးသည် စစ်တပ်တစ်တပ်လုံးကို ဦးဆောင်၍ လုံထန်ဆန်းကြယ်နယ်မြေဆီသို့ တပ်ဖြန့်ကာ ချဉ်းကပ်လာ၏။ ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ကမူ သူတို့ဘာသာ လုံထန်ဆန်းကြယ်နယ်မြေဆီ တတ်နိုင်သမျှ အမြန်ဆုံး ပျံသန်းသွားနေသည်။ တောက်နုနှင့် တောက်လန်တို့က ကျန်းရီနောက်သို့ လိုက်သွားချိန်တွင် သူတို့က လုံထန်ဆန်းကြယ်နယ်မြေအနီးသို့ ရောက်နေပြီဖြစ်သည်။

ဝှစ်...

ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့သည် အလင်းတန်းများအလား ပျံသန်းလာကြသည်။ သူတို့က လျင်မြန်လှသဖြင့် သူတို့၏မျက်နှာများကို မည်သူကမှ မမြင်နိုင်ကြပေ။ သူတို့နှစ်ယောက်စလုံး စိတ်လောနေသည်။ တောက်မျိုးနွယ်က ကျန်းရီကိုသတ်ရန် အချိန်များစွာ၊ အရင်းအနှီးများစွာ သုံး၍ ပြင်ဆင်ထားသည်။ သူတို့က လူများစွာလည်း ဖြန့်ကျက်ထားသည်။ ထို့ပြင် တောက်မျိုးနွယ်က ကျန်းရီထံမှနေ၍ ကောင်းကင်ဧကရာဇ်အကြောင်းကို မေးလိုနေခြင်းလည်း ဖြစ်နိုင်သည်ဟု သူတို့နှစ်ယောက် ခန့်မှန်းမိပေသည်။

တစ်နည်းဆိုရသော် တောက်မျိုးနွယ် သို့မဟုတ် မိုးပြာမဟာဧကရာဇ်က အကြောင်းတစ်ခုကြောင့် ကျန်းရီက ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဖြစ်ကြောင်း သိသွားခြင်း ဖြစ်နိုင်သည်။ ကျန်းရီက ကောင်းကင်ဧကရာဇ်နှင့် တစ်နည်းနည်း ပတ်သတ်နေကြောင်း သူတို့ သံသယဖြစ်နေလောက်သည်။ မဟုတ်လျှင် သူတို့သည် ကျန်းရီတစ်ယောက်အတွက်၌ ဤမျှအားစိုက်ထုတ်နေမည် မဟုတ်ပေ။

တောက်မျိုးနွယ်က ထိုမျှအားစိုက်ထုတ်၍ ကျန်းရီကို သတ်ရန် ကြံနေခြင်းမှာ ကျန်းရီက အမှန်ပင် ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဖြစ်ကြောင်း ကောင်းကင်ဘုရင်နှစ်ပါးကို သက်သေပြလိုက်သလိုပင်။ ယန်ကိုးပါးစစ်တပ်က ကောင်းကင်ဧကရာဇ်၏ ကိုယ်ပိုင်စစ်တပ်ဖြစ်သည်။ သို့ဖြစ်ရာ ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူက အသတ်ခံရတော့မည်ကို သူတို့ မည်သို့ ရပ်ကြည့်နေနိုင်ပါမည်နည်း။ သူတို့သည် ထိုဆက်ခံသူက သူတို့၏ သစ္စာ‌စောင့်သိမှုနှင့် ထိုက်တန်သည်၊ မထိုက်တန်သည်ကို မသိသေးသော်လည်း အနည်းဆုံးတော့ ဆက်ခံသူက သူ့ကိုယ်သူ သက်သေပြနိုင်အောင် အချိန်တစ်ခု ပေးရပေမည်။

ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူက အမှိုက်ဖြစ်နေလျှင် ကောင်းကင်ဘုရင်များသည် ထိုဆက်ခံသူထံတွင် လက်အောက်မခံရန် ဆုံးဖြတ်၍ရသည်။ သို့သော် သူတို့သည် ထိုဆက်ခံသူကို အစွမ်းကုန်သုံး၍တော့ ကယ်တင်ရပေမည်။ အဘယ်ကြောင့်ဆိုသော် ထိုဆက်ခံသူမှာ ကောင်းကင်ဧကရာဇ် ရွေးချယ်ထားသူ ဖြစ်နေ၍ပင်။

ဆယ်မိနစ်ကြာပြီးနောက်တွင် ကောင်းကင်ဘုရင်နှစ်ပါးသည် လုံယွမ်ဆန်းကြယ်နယ်မြေသို့ ရောက်ရှိသွား၏။ သူတို့ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ အာရုံခံလိုက်ရာ ကျန်းရီ တိုက်ခိုက်ခဲ့သော ခြေရာလက်ရာများကို တွေ့လိုက်ရသည်။ သို့သော် အလောင်းအားလုံးက အမှုန့်ဖြစ်နေပေပြီဖြစ်ရာ သွေးစသွေးနများကိုသာ တွေ့ရသည်။

“တစ်ခုခု မှားနေပြီ၊ အဲ့မှာ တစ်ယောက်ယောက် ရှိနေတယ်”

ကောင်းကင်ဘုရင်ဝေသည် လှည့်ပတ်အာရုံခံပြီးနောက် ရုတ်တရက် မျက်လုံးများ အရောင်လက်သွား၏။ သူသည် သိမ်းငှက်တစ်ကောင်အလား လုံယွမ်ဆန်းကြယ်နယ်မြေထဲရှိ ဧရာမချောက်နက်ကြီးဆီသို့ ပျံဆင်းသွားလိုက်သည်။ သို့သော် ချောက်နက်ဆီ မရောက်သေးခင်မှာပင် သူ လေထဲ၌ ရုတ်တရက် ရပ်တန့်လိုက်၏။ သူ့အောက်ဘက်မှနေ၍ မျက်စိကျိန်းလောက်ဖွယ် အလင်းရောင် တောက်ပလာသည်။ ထို့နောက် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပေသည်။ တောင်များ တုန်ခါသွားပြီး ချောက်နက်ထဲတွင် ဧရာမကျောက်တုံးကြီးများ ပြည့်နှက်သွား၏။ ကျယ်လောင်သော ပေါက်ကွဲသံများက ဆန်းကြယ်နယ်မြေထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေပေသည်။

“ကိုယ့်ကိုယ်ကိုယ် သတ်သေကြတာလား”

ကောင်းကင်ဘုရင်ယွင်၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်တစ်ခု ဖြတ်သန်းသွား၏။ တောက်မျိုးနွယ်က မည်သည့်သက်သေမှ ချန်မထားမည့်ပုံပင်။ ဤနေရာသို့ စေလွှတ်ခံရသော ထောက်လှမ်းရေးများသည်ပင် တစ်ချက်မှ မတုံ့ဆိုင်းဘဲ သူတို့ကိုယ်သူတို့ သတ်သေသွားကြပေသည်။

“ညီနှစ်... ထပ်ကြည့်မနေနဲ့တော့။ လုံထန်ဆန်းကြယ်နယ်မြေဆီပဲ သွားကြမယ်”

ကောင်းကင်ဘုရင်ဝေက အော်ပြောလိုက်ပြီး အလင်းတန်းတစ်တန်းအလား အနောက်ဘက်သို့ ဦးတည်ပျံသန်းသွားလိုက်သည်။ ကောင်းကင်ဘုရင်ယွင်လည်း ပြန်လည်စိတ်တည်ငြိမ်လာပြီး ကောင်းကင်ဘုရင်ဝေနောက်သို့ လိုက်သွားလိုက်သည်။ ဤထောက်လှမ်းရေးများသည် သူတို့ကိုယ်သူတို့ သတ်မသေခင်တွင် လုံထန်ဆန်းကြယ်နယ်မြေရှိ လူများထံ သတင်းပို့ခဲ့လောက်သည်။

ကောင်းကင်ဘုရင်နှစ်ပါးသည် အလွန်လျင်မြန်စွာ ပျံသန်းနေကြပြီး လုံထန်ဆန်းကြယ်နယ်မြေဆီသို့ တစ်နာရီအတွင်း ရောက်ရှိသွားကြ၏။ သူတို့သည် အနီးရှိ ဆန်းကြယ်နယ်မြေများထဲတွင် ထောက်လှမ်းရေးများ၏ မည်သည့်အရိပ်လက္ခဏာများကိုမှ မတွေ့ခဲ့ရပေ။

“အထဲကို ဝင်မယ်”

ကောင်းကင်ဘုရင်ဝေက အရှေ့မှ ဦးဆောင်၍ ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များကို ထိုးဖောက်ကာ ဆန်းကြယ်နယ်မြေထဲ ဝင်လိုက်သည်။ ကောင်းကင်ဘုရင်ယွင်က သူ့အနောက်မှ ကပ်လိုက်လာသည်။ သို့ဖြင့် သူတို့နှစ်ယောက်စလုံးသည် ဆန်းကြယ်နယ်မြေထဲ အလွယ်တကူ ရောက်ရှိသွားပေသည်။

ဝှစ်...

ကောင်းကင်ဘုရင်နှစ်ပါးသည် ဆန်းကြယ်နယ်မြေထဲ ရောက်သည်နှင့် ကောင်းကင်စိတ်အာရုံများ ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို ချက်ချင်း အာရုံခံလိုက်ကြ၏။ ဆန်းကြယ်နယ်မြေထဲရှိ အခြေအနေကို သူတို့ အမြန်ဆုံး သိလိုနေပေသည်။ သို့သော် ပတ်ဝန်းကျင်တွင် လူတစ်ယောက်ကိုမှ ရှာမတွေ့၍ သူတို့ အံ့အားသင့်သွားကြ၏။ သူတို့ပတ်ပတ်လည်၌ မရေမတွက်နိုင်သော အဆင့်နိမ့် တမလွန်ဘုံတမန်တော်များသာ ရှိနေပေသည်။

“သွားကြစို့...”

လုံထန်ဆန်းကြယ်နယ်မြေက ကြီးမားသည်။ သူတို့နှစ်ယောက်၏ ကောင်းကင်စိတ်အာရုံများသည်ပင် ဆန်းကြယ်နယ်မြေတစ်ခွင်လုံးကို အာရုံမခံနိုင်ပေ။ သူတို့သည် ဆန်းကြယ်နယ်မြေအလယ်ရှိ ဧရာမရေကန်ကြီးဆီသို့ ဦးတည်၍ လျင်မြန်စွာ ပျံသန်းသွားကြလေသည်။

“ဆင်းမယ်...”

ရေကန်က အလွန်နက်ရှိုင်းသည်။ သူတို့သည် ရေကန်အထက်သို့ ရောက်သောအခါ ရေထဲ ပျံဆင်းလိုက်ကြသည်။ သူတို့သည် ကန်အောက်ခြေသို့ ကူးသွားနေရင်း ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍လည်း ပတ်ဝန်းကျင်ကို အာရုံခံနေကြသည်။ မကြာခင်မှာပင် သူတို့ မျက်နှာထားပြောင်းသွားသည်။ ရေအောက်ထဲတွင် လူတစ်ယောက်မှ ရှိမနေချေ။ သို့သော် ဧရာမအစီအရင်ကြီးနှစ်ခုကိုမူ သူတို့နှစ်ယောက်စလုံး မြင်လိုက်ရသည်။ ၎င်းအစီအရင်နှစ်ခုထဲမှ တစ်ခုက ဖျက်ဆီးခံထားရပြီး ကျန်တစ်ခုက စုတ်ဖြဲခံထားရသည်။

ကောင်းကင်ဘုရင်နှစ်ပါးသည် ထိုအစီအရင်များကို အလွန်ရင်းနှီး၏။ ၎င်းတို့ထဲမှ တစ်ခုမှာ မိစ္ဆာချုပ်အနှောင်အစီအရင်ဖြစ်ပြီး သူတို့ ချိပ်စည်းကျောက်တုံးမှ ပုံရိပ်ထဲတွင် မြင်ခဲ့ရသော အစီအရင်နှင့် တစ်ပုံစံတည်းဖြစ်သည်။ ပုံရိပ်ထဲတွင် ထိုအစီအရင်၌ အဘိုးကြီးသုံးယောက် ချုပ်နှောင်ခံထားရသည်ကို တွေ့ရ၏။ ယခုတွင်မူ ထိုသုံးယောက်က ခြေရာလက်ရာမကျန်ခဲ့ဘဲ ပျောက်ကွယ်သွားပေပြီ။ အစီအရင်ကလည်း ဖျက်ဆီးခံထားရသည်။ ဝိညာဉ်ဘုရင်တို့က အသတ်ခံလိုက်ရခြင်းလော သို့မဟုတ် ဖမ်းခေါ်ခံသွားရခြင်းလောကို ကောင်းကင်ဘုရင်နှစ်ပါးက မသိနိုင်ပေ။

အခြားအစီအရင်မှာ တည်နေရာပြောင်းရွှေ့အစီအရင်ဖြစ်သည်။ ၎င်းအစီအရင်ကို တည်ဆောက်ထားသည်မှာ မကြာသေးကြောင်း ထင်ရှားသည်။ ယခုတွင် ၎င်းသည်လည်း စုတ်ဖြဲခံထားရပေသည်။ ယင်းမှာ ၎င်းအစီအရင်နှင့် ချိတ်ဆက်ထားသော တစ်ဘက်မှအစီအရင်က ဖျက်ဆီးခံလိုက်ရသည်ဆိုသော အဓိပ္ပာယ်ပင်။

“တော်တယ်...”

ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့သည် မည်မျှပင် ဒေါသထွက်ပါစေ တောက်နု၏ အရည်အချင်းကို အသိအမှတ်ပြုရပေသည်။ လုံထန်ဆန်းကြယ်နယ်မြေထဲမှ လူများသည် မကြာသေးခင်ကမှ ထွက်သွားကြပုံပေါ်သည်။ လုံယွမ်ဆန်းကြယ်နယ်မြေထဲမှ ထောက်လှမ်းရေးများက သူတို့ကိုယ်သူတို့ သတ်သေခဲ့ချိန်တွင် လုံထန်ဆန်းကြယ်နယ်မြေထဲမှ လူများက တည်နေရာပြောင်းရွှေ့ကာ ထွက်သွားကြပြီး တစ်ဘက်မှ တည်နေရာပြောင်းရွှေ့အစီအရင်ကို ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်မည်။ ဤကိစ္စတွင် တောက်မျိုးနွယ်က တာဝန်ရှိကြောင်း သိနေလျှင်ပင် သက်သေမရှိလျှင် သူတို့ မည်သို့မှ လုပ်နိုင်မည် မဟုတ်ချေ။

“ကျန်းရီ ဘယ်မှာလဲ။ သူ အသတ်ခံလိုက်ရပြီလား”

ကောင်းကင်ဘုရင်နှစ်ပါး ရင်ထိတ်သွား၏။ ကျန်းရီက ဤနေရာသို့ သူတို့ထက်အရင် ရောက်ခဲ့ခြင်းပင်။

“ကျန်းရီ အသက်ရှင်နေလောက်သေးတယ်”

ကောင်းကင်ဘုရင်ဝေသည် ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံလိုက်၏။ စက္ကန့်အတော်ကြာ တွေးတောပြီးနောက် သူ ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

“တကယ်လို့ ကျန်းရီသာ သေသွားရင် ဒါမှမဟုတ် အဖမ်းခံလိုက်ရရင် တောက်မျိုးနွယ်က လူတွေအကုန်လုံး ချက်ချင်း ပြန်ဆုတ်သွားကြမှာပဲ။ သူတို့ရဲ့ ထောက်လှမ်းရေးတွေကို အလကားသက်သက် အသေခံဖို့ ဒီမှာ ထားခဲ့မှာ မဟုတ်ဘူး...”

“ပြီးတော့... ညီနှစ် ဒီက ဝိညာဉ်စွမ်းအင်ကို ခံစားကြည့်လိုက်။ ဝိညာဉ်စွမ်းအင်က တော်တော်သိပ်သည်းနေတယ်။ အဲ့ဒါက တည်နေရာပြောင်းရွှေ့အစီအရင်ကို သုံးသွားတာ မကြာသေးဘူးဆိုတာကို ပြတယ်။ တောက်မျိုးနွယ်က လူတွေက ငါတို့မရောက်ခင်လေးကမှ တည်နေရာပြောင်းရွှေ့သွားတာ ဖြစ်မယ်”

“ဟုတ်တယ်...”

ကောင်းကင်ဘုရင်ယွင်၏ မျက်လုံးများ လင်းလက်လာ၏။ တောက်မျိုးနွယ်က လူများသာ သူတို့အလိုရှိသည်ကို ရသွားလျှင် အစောကတည်းက ထွက်သွားခဲ့လောက်ပြီဖြစ်သည်။ သူတို့သည် ယခုအထိ စောင့်နေလိမ့်မည် မဟုတ်ပေ။

သို့သော် ကျန်းရီက မသေသေးလျှင် ယခုတွင် ဘယ်သို့ ရောက်နေသနည်း။

ဝှစ်...

ကောင်းကင်ဘုရင်နှစ်ပါးသည် လုံထန်ဆန်းကြယ်နယ်မြေထဲ တစ်ပတ်လှည့်ပတ်လိုက်ကြပြီး ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံလိုက်ကြ၏။ ဆန်းကြယ်နယ်မြေထဲ၌ မည်သူမှ မရှိ‌တော့ကြောင်း အတည်ပြုပြီးမှ သူတို့ ထွက်သွားလိုက်ကြသည်။ ကောင်းကင်ဘုရင်ယွင်သည် ယန်ကိုးပါးစစ်တပ်၏ အခြားကောင်းကင်ဘုရင်များထံ အသံပို့လွှတ်ကာ ဤမှအခြေအနေကို သတင်းပေးလိုက်၏။ ထို့နောက် သူသည် တစ်တပ်လုံး တပ်ဖြန့်၍ ကျန်းရီကို နေရာအနှံ့တွင် လိုက်ရှာရန် ညွှန်ကြားလိုက်သည်။

ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့သည်လည်း အာကာသဟင်းလင်းပြင်ထဲတွင် လှည့်ပတ်ပျံသန်း၍ သဲလွန်စများကို လိုက်ရှာကြ၏။ သူတို့သည် တောက်မျိုးနွယ်မှ လူများကို ထပ်တွေ့ဦးမည်လော သို့မဟုတ် ကျန်းရီ၏ သဲလွန်စများကို ရမည်လောကို သိလိုနေပေသည်။

ရွှီး...

ငါးမိနစ်ကြာပြီးနောက် ကောင်းကင်ဘုရင်ယွင်၏ ကျောက်စိမ်းအဆောင်က လင်းလက်လာ၏။ သူ ၎င်းကို ကြည့်လိုက်ပြီးနောက် မျက်ဝန်းများ တောက်ပသွားသည်။

“အစ်ကိုကြီး... ကျန်းရီက အဆိပ်နတ်ဆိုးမြေရိုင်းဆီ သွားတာ ဖြစ်ရမယ်လို့ ညီကိုးက ပြောတယ်။ အခု တောက်နုနဲ့ တောက်လန်တို့က သူ့ကို လိုက်ဖမ်းနေကြတယ်’

“သွားကြစို့...”

ညီကိုးသည် ကောင်းကင်ဘုရင်သုံးဆယ်ခြောက်ပါးထဲတွင် ဗျူဟာအရာ၌ အတော်ဆုံးဖြစ်သည်။ ယန်ကိုးပါးစစ်တပ်၏ အဓိကစစ်ဗျူဟာမှူးမှာလည်း သူပင်ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘုရင်ဝေသည် သူ၏ ခန့်မှန်းချက်ကို လုံးဝသံသယမဖြစ်ဘဲ အဆိပ်နတ်ဆိုးမြေရိုင်းဆီသို့ အမြန်ဆုံး ပျံသန်းသွားလေသည်။

“ကျန်းရီ... တောင့်ထားဦး”

ကောင်းကင်ဘုရင်ဝေနှင့်‌ ကောင်းကင်ဘုရင်ယွင်တို့ နှစ်ယောက်စလုံးသည် အဆိပ်နတ်ဆိုးမြေရိုင်းသို့ ရောက်ဖူးကြ၏။ ထိုနေရာမှ မြေမျက်နှာသွင်ပြင်နှင့် ပတ်ဝန်းကျင်ကို သူတို့ ကောင်းစွာသိသည်။ သူတို့၏ အမြန်နှုန်းနှင့်ဆိုလျှင် ထိုသို့ရောက်ရန် အနည်းဆုံး တစ်နာရီလောက် လိုပေလိမ့်မည်။ ကျန်းရီက တောက်နုနှင့် တောက်လန်တို့ နှစ်ယောက်အတူ လိုက်ဖမ်းနေသည်ကို ထိုမျှကြာအောင် တောင့်ခံထားနိုင်ပါမည်လော။ သူတို့ မသိပေ။ အရာအားလုံးက ကံကြမ္မာအပေါ်တွင်သာ မူတည်နေပေသည်။

***

All Chapters