မဆင်မခြင်မလုပ်ဝံ့
Vol. 123 Ch. 1711
‘ဒါက အဆိပ်နတ်ဆိုးမြေရိုင်းလား’
ကျန်းရီသည် အလောင်းကြီး၏ ပခုံးထက်တွင် ရပ်လျက် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်ကာ သူ့အရှေ့ရှိ မည်းမှောင်နေသောနေရာတစ်ခုကို အာရုံခံနေသည်။ သူသည် အာရုံခံနေရင်းဖြင့် မောဟိုက်လာပြီး ကျောစိမ့်သွားမိသည်။
အဆိပ်နတ်ဆိုးမြေရိုင်းကို အနက်ရောင်နှင့် အဝါရောင် မြူခိုးများက လွှမ်းခြုံထား၏။ ထိုမြူခိုးများကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံရသည်မှာပင် ကျန်းရီကို စိတ်မသက်မသာ ဖြစ်စေသည်။ ထို့ပြင် သူ မြေရိုင်းအတွင်းပိုင်းကို အာရုံမခံနိုင်ပေ။ ထိုအတွင်းပိုင်း၌ အသက်အန္တရာယ်တစ်ခု ရှိနေကြောင်း သူ၏ နက်ရှိုင်းသော စိတ်ဝိညာဉ်ထဲမှနေ၍ ခံစားနေရသည်။ ၎င်းအနီးသို့ မရောက်ခင်မှာပင် သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့က အဆိပ်မိသွားလိမ့်မည်ဟု ကျန်းရီ ခန့်မှန်းမိပေသည်။
ထိုအဆိပ်ငွေ့များက မြေရိုင်းတစ်ခွင်တွင် လွင့်မျောနေကြပြီး အခိုးအငွေ့လုံးများကလည်း လျင်မြန်စွာ လှည့်ပတ်ပျံသန်းနေကြသည်။ ၎င်းတို့မှာ ဝိညာဉ်များကဲ့သို့ပင်။
ယင်းတို့အပြင် အဆိပ်နတ်ဆိုးမြေရိုင်း ပတ်ပတ်လည်တွင် အာကာသဝဲများ ရှိနေသေးသည်။ ဝဲကြီး၊ ဝဲငယ်များမှာ မရေမတွက်နိုင်ပင်။ ကျန်းရီ မဆိုထားနှင့် တောက်လန်သည်ပင် သာမန်အခြေအနေတွင်ဆိုလျှင် ထိုနေရာအနီးသို့ လာဝံ့လိမ့်မည် မဟုတ်ချေ။
ကျန်းရီ ဝင်သင့်သလော၊ မဝင်သင့်သလော။
ကျန်းရီတစ်ယောက် စတင်၍ ချီတုံချတုံ ဖြစ်လာ၏။ သူ တောက်ရန်ကိုသာ မဖမ်းမိထားလျှင် ထိုသို့ ချီတုံချတုံ ဖြစ်နေလိမ့်မည် မဟုတ်ချေ။ သို့သော် ယခုတွင်မူ သူ့ထဲ၌ နိုင်ဖဲတစ်ချပ် ရှိနေပြီဖြစ်ရာ သူ အသက်ကိုရင်း၍ မစွန့်စားလိုတော့ပေ။
“ဝင်ကွာ...”
နောက်ဆုံးတွင် ကျန်းရီသည် အံကြိတ်၍ အလောင်းကြီးကို အရှေ့သို့ ဖြည်းဖြည်းချင်း သွားစေလိုက်၏။ သူသည် သူဖမ်းမိထားသူက တောက်ရန်ဖြစ်ကြောင်း မသိပေ။ ယခင်တွင် တောက်ရန်နှင့် တောက်လန်တို့က ဟယ်နုန်ယင်းကို တားခဲ့ဖူးသော်လည်း ထိုစဉ်က သူသည် ဟယ်နုန်ယင်း၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ရောက်နေခဲ့ပေသည်။ ထို့ကြောင့် တောက်ရန်က မည်သို့သောပုံစံရှိသည်၊ မည်သည့်အဆင့်အတန်းရှိသည်ကို သူ မသိချေ။ သို့ဖြစ်ရာ သူ လောင်းကြေးမထပ်ဝံ့ပေ။ အကယ်၍ တောက်နုနှင့် တောက်လန်တို့က သူ့လက်ထဲရှိ သခင်လေး၏ အသက်ကို အရေးမစိုက်လျှင် သူ ပြဿနာအကြီးကြီး တက်ပေလိမ့်မည်။
ကျန်းရီသည် အလောင်းကြီး၏ ပခုံးထက်တွင်လည်း ဆက်မနေဝံ့တော့ပေ။ အာကာသဝဲများက အလွန်အားကောင်းသည်။ အကယ်၍ သူသာ စုပ်ယူခံလိုက်ရလျှင် သေချာပေါက် သေရမည်ဖြစ်သည်။
အလောင်းကြီးက ၎င်း၏ ပခုံးထက်ရှိ ကျန်းရီကို လက်တစ်ဘက်ဖြင့် လှမ်းယူလိုက်၏။ ထို့နောက် ကျန်းရီသည် အလောင်းကြီး၏ လက်ထဲတွင်နေ၍ မျက်လုံးမှိတ်ကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ဝင်ပြီးလျှင် ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် အာရုံခံလိုက်သည်။ ထိုအာကာသဝဲများအနီးတွင် သူ အမှားမလုပ်ဝံ့ပေ။ သူ စုပ်ယူခံလိုက်ရသည်နှင့် အသက်ရှင်လျက် ပြန်ထွက်လာနိုင်လိမ့်မည် မဟုတ်ပေ။
ထိုအာကာသဝဲများက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ကောင်းကင်ဘုံတစ်ခွင်လုံးတွင် ကျော်ကြားသည်။ အသေးဆုံး အာကာသဝဲတစ်ခုကပင် ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတစ်ယောက်ကို စုပ်ယူပစ်နိုင်သည်။ ယခင်တွင် လူများစွာသည် အာကာသဝဲများထဲ စုပ်ယူခံခဲ့ရဖူးသည်။ စုပ်ယူခံလိုက်ရသူတိုင်း တစ်ယောက်မှ အသက်ရှင်လျက် ပြန်မထွက်လာနိုင်ခဲ့ပါပေ။
ကျန်းရီသည် သူ့ပတ်ပတ်လည်မှ အာကာသဝဲများကို သတိထား၍ စိတ်ထဲတွင် မြေပုံကို ပြန်ပုံဖော်ကြည့်လိုက်၏။ ၎င်းနောက် သူသည် အသင့်တော်ဆုံး လမ်းကြောင်းကို ရွေးချယ်ကာ အရှေ့သို့ ဆက်သွားလိုက်သည်။
ဝှစ်...
ကျန်းရီမှာ အလောင်းကြီးကို ထိန်းချုပ်၍ အရှေ့သို့ တတ်နိုင်သမှ အမြန်ဆုံး သွားနေ၏။ ယခင်တွင် သူ သိမ်းငှက်ဘုရင်လေးနှင့်အတူ ကောင်းကင်ယန်ဆန်းကြယ်နယ်မြေသို့ သွားခဲ့စဉ်ကလည်း အာကာသဝဲများစွာကို မြင်ခဲ့ဖူးသည်။ နှေးနှေးသွားလေလေ၊ အာကာသဝဲများ၏ စုပ်ယူမှုကို ခံရနိုင်ခြေ ပိုများလေလေဖြစ်ကြောင်း သိမ်းငှက်ဘုရင်လေးက သူ့အား ပြောခဲ့သည်။ ထို့ကြောင့် သူသည် အံကြိတ်ကာ ဝဲများအကြားတွင် တတ်နိုင်သမျှ အမြန်ဆုံး သွားနေပေသည်။ ယင်းမှာ လုံခြုံနိုင်မည်ဟု အသေချာဆုံး နည်းလမ်းတစ်ခုပင်။
ကျန်းရီသည် အာကာသဝဲကြီးနှစ်ခုအကြားမှ လမ်းကြောင်းကို လှမ်းကြည့်လိုက်၏။ အလောင်းကြီး၏ ခန္ဓာကိုယ်က အနက်ရောင်အလင်း တောက်ပလာသည်။ ထို့နောက် အလောင်းကြီးသည် အမြန်ဆုံးအရှိန်ဖြင့် ထိုဘက်သို့ ပျံသန်းသွားလိုက်သည်။
ဟူး...
အလောင်းကြီးက အလွန်လျင်မြန်၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းသည် အာကာသဝဲကြီးနှစ်ခုကို ဖြတ်ကျော်ပြီးသွားသည်။ ထိုအခါမှ ကျန်းရီ သက်ပြင်းလေးကြီးတစ်ချက် ချလိုက်ရလေသည်။ သူ့ရင်ထဲမှ အလုံးကြီးလည်း ကျသွားသည်။ သူ ထိုအာကာသဝဲကြီးနှစ်ခုကို ဖြတ်ကျော်နိုင်လျှင် ဆယ်ဝဲ၊ ဝဲတစ်ရာကိုလည်း ဘေးကင်းကင်းနှင့် ဖြတ်ကျော်နိုင်ပေလိမ့်မည်။ ဝဲများစွာကို ဖြတ်ကျော်၍ အဆိပ်နတ်ဆိုးမြေရိုင်းအနီးသို့ ချဉ်းကပ်နိုင်လျှင် သူ့အတွက် အချိန်ပိုရပေမည်။
ဝှစ်...ဝှစ်...
ကျန်းရီသည် ခေတ္တမျှ ရပ်တန့်နေပြီးနောက် အလောင်းကြီးကို အရှေ့သို့ ဆက်သွားစေလိုက်၏။ သူ၏ကောင်းကင်စိတ်အာရုံက သူနှင့်အနီးဆုံးရှိ ဝဲကြီးနှစ်ခုကို ရှာနေသည်။ သူ ဘေးကင်းစေရန် ဝဲများကို တတ်နိုင်သမျှ အဝေးမှ ရှောင်ရမည်ဖြစ်သည်။
အလောင်းကြီးက ကြီးမားကာ လျင်မြန်သည်။ ကြောက်မက်ဖွယ် စုပ်အားက ၎င်းကို သိသိသာသာ နှေးမသွားစေပေ။ ထို့ကြောင့်လည်း ကျန်းရီ ဘေးကင်းကင်းနှင့် အရှေ့တိုးနိုင်နေခြင်းပင်။ သို့ဖြင့် သူသည် အလွန်လျင်မြန်စွာပင် အဆိပ်နတ်ဆိုးမြေရိုင်းအနီး ချဉ်းကပ်သွားလေသည်။
ခေတ္တကြာပြီးနောက် အလောင်းကြီးက ရပ်တန့်သွား၏။ ကျန်းရီ အရှေ့သို့ ဆက်မသွားဝံ့တော့ပေ။ အဘယ်ကြောင့်ဆိုသော် အရှေ့တွင် အာကာသဝဲများစွာ ရှိနေ၍ပင်။ ဝဲတစ်ခုနှင့်တစ်ခုအကြားမှ အကြားအလပ်ကလည်း အတော်ကျဉ်းသည်။ ဝဲများမရှိသောနေရာတွင်မူ သိပ်သည်းသော အဆိပ်ငွေ့များ လွင့်မျောနေသည်ကို ကျန်းရီ မြင်ရပေသည်။ သူ ငါးမိနစ်ကြာအောင် ရှာပြီးမှ အတန်ငယ် ဘေးကင်းနိုင်သည့် လမ်းကြောင်းတစ်ခုကို ရှာတွေ့သွားသည်။
ကျန်းရီသည် စွန့်စား၍ အရှေ့သို့ ဆက်သွားရန် ပြင်ဆင်လိုက်၏။ သူ ဝဲများကို ကွေ့ရှောင်ကာ အဆိပ်နတ်ဆိုးမြေရိုင်း၏ အနောက်ဘက်သို့ သွားရပေမည်။ သို့ဆိုလျှင် တောက်နုနှင့် တောက်လန်တို့က သူ့ကို လိုက်မီရန် အချိန်ပိုယူရပေလိမ့်မည်။
ဝှစ်...ဝှစ်...
ထိုအခိုက်တွင် ကျန်းရီသည် သူ့အနောက်မှ လေခွင်းသံနှစ်သံကို ကြားလိုက်ရ၏။ ထို့နောက် အားကောင်းသော ကောင်းကင်စိတ်အာရုံနှစ်ခုက သူ့အပေါ် ကျရောက်လာသည်။ ကျန်းရီ မျက်နှာထားပြောင်းသွား၏။ တောက်နုနှင့် တောက်လန်တို့က သူ မျှော်လင့်ထားသည်ထက် များစွာပိုစော၍ ရောက်လာပေပြီ။
“ကျန်းရီ...”
ရေခဲတမျှအေးစက်သော အော်သံတစ်သံက သတ်ဖြတ်အရှိန်အဝါနှင့်အတူ အာကာသဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်သွား၏။ တောက်နုသည် ဒေါသတကြီးနှင့် ကျန်းရီထံသို့ ပျံသန်းလာပြီး အဝေးမှာကတည်းက လှမ်းအော်လိုက်သည်။
“ကျန်းရီ... ဒီနေ့ ငါ မင်းကို မသတ်နိုင်ရန် လူမဟုတ်တော့ဘူးကွ”
“ဟားဟားဟား...”
ကျန်းရီသည် အရူးတစ်ယောက်ကဲ့သို့ ခွက်ထိုးခွက်လန် ရယ်လိုက်၏။ ထို့နောင် အလောင်းကြီးကို ဘယ်ဘက်သို့ ပျံသန်းစေလိုက်ပြီး သူ့အသံထဲ ကောင်းကင်စွမ်းအား ထည့်သွင်းကာ ပြန်အော်ပြော၍ ခနဲ့လိုက်သည်။
“ခင်ဗျားက တောက်နုလား။ စကားပြောမစောပါနဲ့။ မဟုတ်ရင် ခင်ဗျား ကျွန်တော့်ကို မသတ်နိုင်ခဲ့အခါ ရှက်စရာတွေ ဖြစ်ကုန်ပါဦးမယ်”
ဝှစ်...
တောက်နုနှင့် တောက်လန်တို့သည် မည်သို့မှ ဆက်မပြောကြတော့ပေ။ သူတို့နှစ်ယောက်စလုံးသည် အလင်းတန်းများအလား အာကာသဝဲများကို ရှောင်ရှား၍ ပျံသန်းလာနေကြ၏။ သူတို့သည် တစ်ချက်မှ မရပ်ဘဲ ဝဲကြီးများအကြားမှနေ၍ လှစ်ခနဲ လှစ်ခနဲ ဖြတ်ပျံနေကြသည်။
သူတို့နှစ်ယောက်၏ တိုက်ခိုက်စွမ်းရည်များက အလွန်စွမ်းအားကြီးသည့်အပြင် သူတို့က အလွန်လည်း တိုက်ပွဲအတွေ့အကြုံများပေသည်။ ဤနေရာက ကြောက်မက်ဖွယ်ကောင်းသော်လည်း သူတို့နှစ်ယောက်သည် ဤနေရာသို့ အကြိမ်များစွာ ရောက်ခဲ့ဖူးပြီးဖြစ်သည်။ ထို့ကြောင့် သူတို့တွင် အတွေ့အကြုံများစွာ ရှိပေသည်။
“အန်...”
ကျန်းရီသည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ အာရုံခံလိုက်၏။ တောက်နုနှင့် တောက်လန်တို့က သူ၏လမ်းကြောင်းအတိုင်း တစ်ထပ်တည်းလိုက်လာကြောင်းကို သိလိုက်ရသည်။ သူတို့နှစ်ယောက်သည် ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် တစ်ချက်ဝေ့ဝဲအာရုံခံလိုက်ရုံနှင့် မည်သည့်လမ်းကြောင်းမှ သွားရမည်ဖြစ်ကြောင်း သိသွားကြပေသည်။
တောက်နုနှင့် တောက်လန်တို့သည် တစ်စက္ကန့်ပင် အရှိန်လျော့ကျမသွားဘဲ အရှေ့သို့ ပျံသန်းလာနေ၏။ သူတို့က ကျန်းရီ၏ အလောင်းကြီးထက် အနည်းဆုံး နှစ်ဆ၊ သုံးဆလောက် ပိုမြန်သည်။ သို့ဖြစ်ရာ သူတို့ကြားမှ အကွာအဝေးက တဖြည်းဖြည်း နီးကပ်လာလေသည်။
ကျန်းရီသည် အာကာသဝဲများအကြား ရောက်နေပြီဖြစ်သည်။ ထိုအခိုက်တွင် သူနှင့် တောက်နုတို့က ကီလိုမီတာငါးဆယ် ကွာဝေးနေသည်။ သို့သော် မျက်တော်တစ်ခတ်အတွင်းမှာပင် အကွာအဝေးက ကီလိုမီတာသုံးဆယ်ဖြစ်သွားသည်။ တောက်နုနှင့် တောက်လန်တို့က ထိုမျှမြန်ပေသည်။
“လခွမ်းပဲကွာ...”
ကျန်းရီ ခပ်တိုးတိုး ဆဲလိုက်၏။ ပတ်ဝန်းကျင်မှ အန္တရာယ်များက တောက်နုနှင့် တောက်လန်တို့ကို နှေးသွားစေလိမ့်မည်ဟု သူ ထင်ခဲ့သည်။ သူသည် ကွေ့ပတ်သွားလျှင် အချိန်ပိုရလိမ့်မည်ဟုလည်း ထင်ခဲ့သေးသည်။ သို့သော် တောက်နုတို့နှစ်ယောက်က ဤပတ်ဝန်းကျင်ကို သူတို့၏ အနောက်ခြံဝန်းကဲ့သို့ ရင်းနှီးနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့မိပေ။ သူတို့နှစ်ယောက်ထံတွင် အကြောက်တရားတစ်စက်မှ ရှိမနေချေ။
တောက်နုတို့က နီးကပ်လာရာ ကျန်းရီသည် ရွေးချယ်စရာမရှိတော့ဘဲ အလောင်းကြီးကို အရှေ့သို့ လျင်မြန်စွာ သွားခိုင်းလိုက်ရသည်။ သူ အဆိပ်နတ်ဆိုးမြေရိုင်းကို ကွေ့ပတ်သွားဦးမည်ဖြစ်သည်။ အချိန်ကို တတ်နိုင်သမျှ ဆွဲထားရပေမည်။
သုံးဆယ်ကီလိုမီတာ၊ နှစ်ဆယ့်ငါးကီလိုမီတာ၊ ဆယ့်ငါးကီလိုမီတာ၊ ငါးကီလိုမီတာ...
ကျန်းရီနှင့် တောက်နုတို့ကြားမှာ အကွာအဝေးက ပို၍နီးကပ်လာ၏။ ကျန်းရီသည် ထိုနှစ်ယောက်ထံမှ ထွက်နေသော သတ်ဖြတ်အရှိန်အဝါများကိုပင် ခပ်ရေးရေး ခံစားလာရပြီဖြစ်သည်။ ထို့ပြင် အရှေ့သို့ ငါးကီလိုမီတာ ဆက်ပျံသန်းပြီးနောက် သူ့အတွက် ပြေးစရာမြေမရှိတော့ကြောင်း သူ သိလိုက်လေသည်။
ကျန်းရီ၏အရှေ့တွင် ဧရာမအာကာသဝဲကြီး ရှစ်ဝဲရှိနေသည်။ ၎င်းတို့က တစ်ခုနှင့်တစ်ခု ဆက်စပ်နေပုံပင်။ ဆိုရလျှင် ဘေးတိုက်ယှဉ်၍ တည်ရှိနေကြခြင်းပင်။ ကျန်းရီသည် ၎င်းတို့ကြားမှ ဖြတ်ပျံနိုင်လိမ့်မည်ဟု ယုံကြည်မှုအလုံအလောက် မရှိပေ။ အာကာသဝဲများကြားမှ ဖြတ်ပျံနေရင်း အလောင်းကြီးက စုပ်အား၏ စုပ်ယူမှုကို ခံလိုက်ရလျှင် မည်သို့ လုပ်ပါမည်နည်း။ ထိုအခါ သူ အသက်အန္တရာယ်နှင့် ကြုံရပေလိမ့်မည်။
အရေးအကြီးဆုံးမှာ...
တောက်နုနှင့် တောက်လန်တို့က သူနှင့် အလွန်နီးကပ်လာခြင်းပင်။ သူ အာကာသဝဲများအကြား ဖြတ်ပျံရန် ကြိုးစားနေစဉ် ထိုနှစ်ယောက်က သူ့အား တိုက်ခိုက်လိုက်လျှင် မည်သို့ လုပ်မည်နည်း။ အလောင်းကြီး တစ်ချက်ယိုင်သွားသည်နှင့် အာကာသဝဲ၏ စုပ်ယူမှုကို ခံလိုက်ရမည်ဖြစ်သည်။
ထိုအာကာသဝဲများထဲ စုပ်ယူခံလိုက်ရလျှင် သေမည်လော။ ကျန်းရီ မသိပေ။ အနည်းဆုံးတော့ သူ ထိုဝဲများအတွင်းမှ ပြန်ထွက်နိုင်လိမ့်မည် မဟုတ်ကြောင်း သေချာပေသည်။ ယင်းမှာ သေခြင်းနှင့် မည်သို့ခြားပါသနည်း။
“စွန့်စားရမှာပဲ...”
ကျန်းရီသည် ခြောက်စက္ကန့်မျှ တွေးတောပြီးနောက် သေရန် ထိုင်စောင့်မနေဘဲ စွန့်စားရန် ဆုံးဖြတ်လိုက်သည်။ သူသည် တစ်ခုနှင့်တစ်ခု အခြားဆုံးဟု ထင်ရသည့် ဝဲကြီးနှစ်ခုကို ရှာလိုက်သည်။ ၎င်းနောက် အလောင်းကြီးကို ထိုဝဲကြီးနှစ်ခုကြားသို့ ပျံသန်းသွားစေလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်စွပ်က လင်းလက်လာ၏။ သူ့အရှေ့တွင် မီးလောင်ဒဏ်ရာများနှင့် လူတစ်ယောက် ထွက်ပေါ်လာသည်။ သူသည် အလောင်းကြီးအား ထိုလူကို ကျန်လက်တစ်ဘက်ဖြင့် ဆုပ်ကိုင်စေလိုက်သည်။
ကျန်းရီ၏ ရည်ရွယ်ချက်ကို ရှင်းပြနေရန်ပင် မလိုပေ။ သူသည် တောက်နုနှင့် တောက်လန်တို့အား သူတို့ မဆင်မခြင်လုပ်ဝံ့လျှင် သူနှင့် ထိုတောက်မျိုးနွယ်သခင်လေးတို့ နှစ်ယောက်စလုံး အာကာသဝဲ၏ စုပ်ယူမှုကို ခံလိုက်ရမည်ဖြစ်ကြောင်း ပြောလိုနေခြင်းပင်။ သူသည် တောက်နုတို့ကို အကျိုးဆက်များကို တွေးကာ သတိကြီးကြီးနှင့် လုပ်ဆောင်စေလိုခြင်းဖြစ်ပေသည်။
“ရန်အာလား”
တောက်လန်၏ ကောင်းကင်စိတ်အာရုံက တောက်ရန်ကို နှစ်ကြိမ်ဖြတ်သန်းသွား၏။ နောက်ဆုံးတွင် သူ စိတ်မထိန်းနိုင်တော့ဘဲ အော်မိသွားသည်။ အစတွင် ထိုလူက တောက်ရန်ဖြစ်ကြောင်း သူ မပြောနိုင်ခဲ့ပေ။ ထိုလူမှာ ပြင်းထန်စွာ မီးလောင်ကျွမ်းထားရာ သူ၏မိခင်သည်ပင် သူ့ကို မှတ်မိနိုင်လိမ့်မည် မဟုတ်ချေ။
တောက်နုကမူ တောက်ရန်ကို ချက်ချင်း မှတ်မိခဲ့သည်။ သူက သူ၏သားကို ကောင်းစွာသိသည် မဟုတ်ပါလား။ သူ့မျက်ဝန်းများက နီရဲလာပြီး သူ့တစ်ကိုယ်လုံး စတင်တုန်ယင်လာသည်။ သူသည် ကျန်းရီကို လှမ်း၍ တိုက်ခိုက်လိုနေသော်လည်း စိတ်ထိန်းထားရလေသည်။
တောက်လန်သည်လည်း ကျန်းရီကို အာကာသဝဲကြီးတစ်ခုအတွင်း တွန်းထည့်လိုက်လိုနေသည်။ သို့သော် ကျန်းရီနှင့်အတူ တောက်ရန်ပါ ပါသွားမည်ကို သူ စိုးရိမ်သည်။ ထို့ပြင် ကျန်းရီသာ ဝဲထဲ ရောက်သွားပါက ကျန်းရီ၏ ဓားကို ယူနိုင်တော့မည် မဟုတ်ချေ။ မိုးပြာမဟာဧကရာဇ်က ကျန်းရီ၏ဓားကို လိုချင်ကြောင်း ပြောထားရာ သူတို့ မဆင်မခြင် မလုပ်ဝံ့ပါပေ။
***