စေတနာက ဝေဒနာဖြစ်
Vol. 123 Ch. 1712
‘ရန်အာတဲ့လား၊ သူက တောက်ရန်များလား’
ကျန်းရီသည် တောက်လန်၏ အသံကို ကြားသောအခါ ရင်ခုန်မြန်သွား၏။ ထိုသခင်လေးက သာမန်သခင်လေးတစ်ယောက်သာဆိုလျှင် အဘယ်ကြောင့် တောက်လန်က ထိုမျှ အရေးစိုက်နေမည်နည်း။ သို့သော် ပြန်တွေးကြည့်ပါလျှင် ထိုသခင်လေးကို ကာကွယ်ရန် အုပ်ချုပ်သူအဆင့် ကိုယ်ရံတော်နှစ်ယောက်ရှိနေခဲ့ရာ သူက တိုက်ရိုက်မျိုးဆက်မှ သခင်လေးတစ်ယောက် ဖြစ်နိုင်ကြောင်း သိနိုင်သည်။ ထိုသခင်လေးက တောက်ရန်ပင် ဖြစ်ရပေမည်။
‘ဟုတ်ပြီ...’
အလောင်းကြီးက အာကာသဝဲကြီးနှစ်ခုကို အောင်မြင်စွာ ဖြတ်ကျော်ပြီးနောက် ကျန်းရီ ဝမ်းသာအားရဖြစ်သွား၏။ အလောင်းကြီးက ၎င်း၏မူလအမြန်နှုန်း၏ တစ်ဝက်လောက်နှင့်သာ သွားနေရသော်လည်း အနည်းဆုံးတော့ သူတို့ ဘေးကင်းစွာ ဖြတ်ကျော်နိုင်ခဲ့ပေပြီ။ တောက်နုနှင့် တောက်လန်တို့က သူ့အား မတိုက်ခိုက်ခြင်းကို ကြည့်၍လည်း သူဖမ်းမိလာသော သခင်လေးက အမှန်ပင် တောက်ရန် ဖြစ်နိုင်ကြောင်း ခန့်မှန်းနိုင်ပေသည်။
‘အခု တောက်ရန်က တောက်မျိုးနွယ်ရဲ့ နံပါတ်တစ် သခင်လေးပဲ။ သူက တောက်နု ဒါမှမဟုတ် တောက်လန်ရဲ့သားပဲ ဖြစ်ရမယ်’
ကျန်းရီ အတော်လေး စိတ်သက်သာရာရလာသည်။ ထိုကဲ့သို့သော ဓားစာခံနှင့်ဆိုလျှင် သူ၏ ရှင်သန်နိုင်ခြေက များစွာတိုးတက်သွားပေပြီ။ သူ ကောင်းကင်စိတ်အာရုံထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီးသည်နှင့် အလောင်းကြီးကို အရှေ့သို့ ဆက်သွားစေလိုက်လေသည်။
‘အို့ ဟုတ်သား...’
ခေတ္တမျှသွားပြီးနောက် ကျန်းရီ၏ ခေါင်းထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာ၏။ အစောက သူရွေးလိုက်သော လမ်းကြောင်းမှာ အလွန်အန္တရာယ်များသည်။ သူ အာကာသဝဲများကို ဖြတ်ကျော်နေချိန်တွင် တောက်နုနှင့် တောက်လန်တို့က သူ့အား တိုက်ခိုက်မည်ကို စိုးရိမ်ခဲ့ရသည်။ သို့သော် ယခုတွင် အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီ မဟုတ်လော။ တောက်နုနှင့် တောက်လန်တို့က အာကာသဝဲများကို ဖြတ်ကျော်နေချိန်တွင် သူက သူတို့ကို တိုက်ခိုက်၍ရသည် မဟုတ်လော။ အဘယ်ကြောင့် သူသည် ထိုကဲ့သို့သော အခွင့်အရေးတစ်ခုကို လက်လွတ်ခံရပါမည်နည်း။ သူသာ ထိုနှစ်ယောက်စလုံးကို အာကာသဝဲတစ်ခုအတွင်းသို့ တွန်းပို့နိုင်လိုက်လျှင် သူ ဘေးကင်းသွားနိုင်ပေသည်။
ကျန်းရီသည် အနောက်လှည့်၍ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်လိုက်၏။ တောက်နုနှင့် တောက်လန်တို့က သူ့နောက်သို့ ထက်ကြပ်မကွာ လိုက်လာကြပြီး ယခုတွင် အာကာသဝဲနှစ်ခုကြားမှ ကျဉ်းမြောင်းသော အကြားအလပ်မှနေ၍ ဖြတ်သန်းလာပေတော့မည်။
ကျန်းရီ၏ အကြည့်က ခက်ထန်သွားသည်။ သူ အလောင်းကြီးကို နောက်ပြန်လှည့်စေလိုက်သည်။ ထို့နောက် သူ့လက်တစ်ဘက်တွင် ဗျပ်စောင်း ထွက်ပေါ်လာပြီး ကျန်တစ်ဘက်တွင် မီးနဂါးဓား ထွက်ပေါ်လာသည်။ သူ အရှေ့ဘက်သို့ ဓားဖြင့် ပြင်းထန်စွာ ခုတ်လိုက်လေသည်။
ရွှက်...
ဧရာမမီးနဂါးလေးကောင် ရုတ်ခြည်း ထွက်ပေါ်လာ၏။ ၎င်းတို့က ဟင်းလင်းပြင်ထဲတွင် ဧရာမနဂါးကြီးတစ်ကောင်အဖြစ် စုစည်းသွားသည်။ ကျန်းရီသည် သူ၏ နောက်ဆုံးလက်ကျန် ပေါင်းစည်းမီးတောက်လုံးကိုလည်း ထုတ်လိုက်သည်။ ဧရာမမီးနဂါးကြီးက ၎င်းမီးတောက်လုံးကို သယ်ဆောင်သွားပေသည်။ တစ်ချိန်တည်းမှာပင် သူသည် အခြားလက်တစ်ဘက်ကို သုံး၍ ဗျပ်စောင်းတီးခတ်လိုက်၏။ သူ၏ နတ်ဘုရားအသံကောင်းကင်အတတ်က ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားနှစ်ယောက်အပေါ် သက်ရောက်နိုင်မည်၊ မနိုင်မည်ကို သူ သိလိုပေသည်။
“ဟွန်း...”
အမြန်ဆုံးအရှိန်ဖြင့် ပျံသန်းနေသော တောက်နုက နှာမှုတ်လိုက်၏။ နတ်ဘုရားအသံကောင်းကင်အတတ်က သူ့အပေါ် လုံးဝမသက်ရောက်နိုင်ပေ။ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတစ်ယောက်၏ စိတ်ဝိညာဉ်က အလွန်စွမ်းအားကြီးပေသည်။
တောက်နုသည် ရပ်တန့်လိုက်ပြီး သူ့လက်စွပ်ထဲမှနေ၍ ရွှေအိုရောင် ဧရာမဒိုင်းကြီးတစ်ခုကို ထုတ်လိုက်၏။ ဒိုင်းကြီးက ပြန့်ကားမလာဘဲ မီးနဂါးကြီးဆီသို့သာ ပျံဝင်သွားသည်။
ဝုန်း...
ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။ ဒိုင်းကြီးမှာ အကောင်းအတိုင်း ရှိနေဆဲပင်။ တောက်နုနှင့် တောက်လန်တို့သည် ကြောက်မက်ဖွယ် အပူချိန်ကိုပင် မခံစားလိုက်ရပေ။ ဒိုင်းက ပေါင်းစည်းမီးတောက်လုံး၏ အပူလှိုင်းများထဲမှ တစ်ဝက်လောက်ကို ကာပေးခဲ့ပေသည်။
‘ကမ္ဘာဦးဝိညာဉ်ရတနာလား’
ကျန်းရီ ရင်တုန်သွားသည်။ သူသည် တိရှအရှင်၏ ကမ္ဘာဦးဝိညာဉ်ရတနာကို မြင်ခဲ့ဖူးပြီး ၎င်း၏အရှိန်အဝါကို ခံစားခဲ့ဖူးသည်။ ထိုရွှေအိုရောင်ဒိုင်းကြီး၏ အရှိန်အဝါက သူခံစားဖူသော အရှိန်အဝါနှင့် တစ်ပုံစံတည်း တူပေသည်။ သူ၏တိုက်ခိုက်မှုက ထိုဒိုင်းကို တုန်ပင်တုန်ခါမသွားစေနိုင်ခဲ့သည်မှာ အံ့ဩစရာမရှိတော့ပါပေ။
‘သွားမှ...’
ကျန်းရီသည် ထိုနေရာ၌ တစ်စက္ကန့်ပင် ဆက်မနေလိုတော့ချေ။ သူ အလောင်းကြီးကို ပြန်လှည့်စေလိုက်ပြီး အရှေ့သို့ ဆက်သွားစေလိုက်သည်။ ယခုတွင် သူတို့ကြားမှ အကွာအဝေးက သိပ်မခြားတော့ပေ။ တောက်နုနှင့် တောက်လန်တို့က သူ့ကို အချိန်မရွေး တိုက်ခိုက်နိုင်နေပေပြီ။ အကယ်၍ သူတို့၏ စွမ်းအားကြီး ဆန်းကြယ်စွမ်းရည်များက သူ့ကို မလှုပ်နိုင်တော့အောင် လုပ်နိုင်မည်ဆိုလျှင် သူ ရွေးချယ်စရာမရှိတော့ဘဲ သေရန်သာ စောင့်နေရပေလိမ့်မည်။
‘ဟ...’
ကျန်းရီသည် လူနှစ်ယောက်က သူနှင့် အလွန်နီးကပ်လာကြောင်း ခံစားလိုက်ရသောအခါ အော်ပြောလိုက်၏။
“တောက်နု၊ တောက်လန်... ကျွန်တော့်ကို ဆက်မလိုက်နဲ့တော့။ မဟုတ်ရင် ကျွန်တော် ဒီသခင်လေးရဲ့ ခန္ဓာကိုယ်ကို တစ်စစီ စုတ်ဖြဲပစ်ပြီး အဲ့ခန္ဓာကိုယ်အပိုင်းအစတွေနဲ့ ခင်ဗျားတို့ကို ပစ်လိုက်မယ်”
တောက်လန်၏ မျက်နှာထားက ပြောင်းလဲသွား၏။ သို့သော် တောက်နုက မျက်နှာသေနှင့်သာ ပြန်အော်ပြောလိုက်သည်။
“ကျန်းရီ... မင်းရဲ့အဘိုး၊ တိရှအရှင်နဲ့ ဆောင်းဥတုအရှင်တို့က ငါ့လက်ထဲမှာ။ မင်း သူ့ရဲ့ ဆံချည်တစ်မျှင်ကို ထိရဲရင်တောင် ငါ သူတို့သုံးယောက်ကို ချက်ချင်းသတ်ပစ်လိုက်ဖို့ အသံပို့လိုက်မယ်။ မင်း ငါ့ကို မယုံရင် စမ်းကြည့်ပေါ့”
“...”
ကျန်းရီ ခါးသက်သက် ပြုံးလိုက်သည်။ သူ့တွင် နိုင်ဖဲတစ်ချပ်ရှိ၏။ သို့သော် ရန်သူဘက်တွင်မူ နိုင်ဖဲသုံးချပ်ရှိပေသည်။ သူသာ တောက်ရန်ကို ထိခိုက်အောင် လုပ်လိုက်လျှင် တောက်နုက ဝိညာဉ်ဘုရင်၊ တိရှအရှင်နှင့် ဆောင်းဥတုအရှင်တို့ကို သတ်ပစ်ပေလိမ့်မည်။
ဝှစ်...
ကျန်းရီတွင် အခြားရွေးချယ်စရာ မရှိပေ။ သူ အလောင်းကြီးကိုသာ အရှေ့သို့ အမြန်ဆုံး ဆက်သွားစေလိုက်၏။ ကောင်းကင်ဘုရင်ဝေတို့ ရောက်လာသည့်အချိန်အထိ သူ တောင့်ခံထားရပေမည်။ ယခုတွင် သူနှင့် တောက်နုတို့ကြားမှာ အကွာအဝေးက မီတာထောင့်ငါးရာသာ ခြားတော့သည်။ ထိုအခိုက်တွင် တောက်နုက စတင်လှုပ်ရှားလိုက်လေသည်။
တောက်နုသည် စွမ်းအားကြီး ဆန်းကြယ်စွမ်းရည်များကို မသုံးဘဲ ရှေးဟောင်းကြေးမုံတစ်ချပ်ကို ပစ်လွှတ်လိုက်၏။ ကြေးမုံက အလောင်းကြီး၏ နောက်ကျောပြင်ဆီသို့ အလွန်လျင်မြန်စွာ ပျံသန်းသွားသည်။ ၎င်းသည် အလောင်းကြီးကို မထိမှန်ခင် ကွေ့ပတ်ကာ ကျန်းရီအရှေ့သို့ သွားလိုက်သည်။
ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက ထိုကြေးမုံအပေါ်တွင် ရှိနေ၏။ ၎င်း၏ ကြောက်စရာကောင်းမှုကို သူ မခံစားမိပေ။ ၎င်းထံတွင် မည်သည့် စွမ်းအားကြီး အရှိန်အဝါမှ ရှိမနေ။ သို့သော် ကြေးမုံက သူ့အရှေ့ ရောက်လာပြီဖြစ်၍ သူ သတိလက်လွတ်ဖြစ်၍ မဖြစ်ပေ။ သူသည် မီးနဂါးဓားကို ဝှေ့ယမ်း၍ ဧရာမမီးနဂါးတစ်ကောင်ကို ဆင့်ခေါ်ကာ ၎င်းကြေးမုံကို ဖျက်ဆီးပစ်ရန် သို့မဟုတ် တွန်းဖယ်ပစ်ရန် ကြံရွယ်လိုက်သည်။
“အာ...”
ကျန်းရီသည် ကြေးမုံကို ကြည့်မိသည်နှင့် တစ်ခုခု မှားနေကြောင်း ခံစားလိုက်ရ၏။ ကြေးမုံမှထွက်နေသော အလင်းတန်းက ကျန်းရီ၏ ပတ်ပတ်လည်မှ အရာအားလုံးကို ကွဲပြားသွားစေသည်။ သူ့အရှေ့မှ အာကာသဝဲများလည်း ပျောက်ကွယ်သွားသည်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်သွားသည်။ သူ မည်သည့်ဘက်သို့ သွားနေကြောင်း မသိရတော့ပေ။ သူ့အနောက်မှ တောက်နုနှင့် တောက်လန်တို့လည်း ပျောက်ကွယ်သွားသည်။ သူ မည်မျှကြိုးစားရှာဖွေစေကာမူ သူတို့ကို ရှာမတွေ့တော့ချေ။
‘ပုံရိပ်ယောင်နယ်မြေ’
ကျန်းရီ ရင်ထိတ်သွား၏။ ယခု သူ ပြဿနာတက်ပေပြီ။ သူ၏ စိတ်ဝိညာဉ်က ပုံရိပ်ယောင်နယ်မြေတစ်ခုထဲ ဆွဲခေါ်ခံလိုက်ရပြီဖြစ်သည်။ သို့ဖြစ်ရာ သူ့ပတ်ဝန်းကျင်တွင် မည်သည့်အရာများ ဖြစ်နေကြောင်း သူ သိနိုင်တော့မည် မဟုတ်ပေ။ ယခုတွင် တောက်နုနှင့် တောက်လန်တို့က သူ့ဘေးတွင် ရပ်နေလျှင်ပင် သူ သိတော့မည် မဟုတ်ချေ။ တောက်နုတို့က တောက်ရန်ကို အလွယ်တကူ ကယ်တင်၍ သူ့ကို သတ်ပစ်နိုင်ပေသည်။
“ကောင်းကင်နဲ့လူသား ပေါင်းစည်းခြင်း”
သေရေးရှင်ရေးအခြေအနေတွင် ကျန်းရီသည် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ဖိအားပေးလိုက်သည်။ သူ အံကြိတ်ကာ အလောင်းကြီးကို အရှေ့တည့်တည့်သို့ ဆက်ပျံသန်းစေလိုက်၏။ သူ၏စိတ်ဝိညာဉ်က ပုံရိပ်ယောင်နယ်မြေထဲ ရောက်နေသော်လည်း သူ၏ရုပ်ခန္ဓာက အလောင်းကြီးပေါ်တွင်သာ ရှိနေသေးသည်။ အစောတွင် သူသည် သွားရမည့်လမ်းကြောင်းကို မှတ်သားထားခဲ့ပြီးဖြစ်သည်။ အလောင်းကြီးသာ လမ်းကြောင်းလွဲမသွားလျှင် သူတို့ အဆင်ပြေပေလိမ့်မည်။
ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်ထားရာ ကျန်းရီ၏ အာရုံများက ပို၍စူးရှလာသည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို သတ်ရန် ကြိုးစားလျှင် သူ အာရုံခံမိပေလိမ့်မည်။
မျှော်လင့်ထားသကဲ့သို့ပင်...
မသိသာသော သတ်ဖြတ်အရှိန်အဝါတစ်ခုက အရှေ့မှနေ၍ သူ့ထံသို့ ချဉ်းကပ်လာသည်ကို ကျန်းရီ ခံစားလိုက်ရ၏။ တစ်စုံတစ်ယောက်က သေစေနိုင်လောက်သော တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်လိုက်ကြောင်း ထင်ရှားသည်။ ထို့ပြင် ၎င်းတိုက်ခိုက်မှု၏ အရှိန်အဝါကို သူ အလွန်ရင်းနှီးသည်။ ၎င်းသည် သူ ကောင်းကင်ဝိညာဉ်ကျွန်းပေါ်မှ ရင်ဆိုင်ခဲ့ရသော တောက်လန်၏ ပေါင်းစည်းအနှစ်သာရကဲ့သို့ပင်။
‘ဟုတ်တယ်...’
ကျန်းရီ၏ အရှေ့တွင် မည်သူမှ မရှိပေ။ သို့သော် သတ်ဖြတ်အရှိန်အဝါက သူ့အရှေ့မှနေ၍ လာနေသည်။ ယင်းမှာ တောက်လန်၏ တိုက်ကွက်ပင်။ တောက်လန်တို့၏ ရည်ရွယ်ချက်မှာ ရှင်းသည်။ သူတို့သည် သူ့ကို နောက်ပြန်လှည့်၍ ပြေးစေလိုခြင်းပင်။ သို့ဆိုလျှင် သူတို့သည် သူ့အနီးသို့ ပိုလျင်မြန်စွာ ရောက်သွားပြီး သူ့ကို သတ်နိုင်ပေလိမ့်မည်။
“ဟွန်း...”
ကျန်းရီသည် အလောင်းကြီးကို ပြန်မလှည့်စေဘဲ အရှေ့သို့သာ ဆက်သွားစေလိုက်သည်။ တစ်ချိန်တည်းမှာပင် အလောင်းကြီးကို လက်တစ်ဘက် နောက်ပစ်၍ တောက်ရန်ကို ၎င်း၏နောက်ကျောတွင် ကပ်ထားစေလိုက်၏။ ထိုမှ တောက်လန်က သေစေနိုင်လောက်သော တိုက်ခိုက်မှုနှင့် မတိုက်ခိုက်ဝံ့မည်ဖြစ်သည်။ မဟုတ်လျှင် တောက်ရန် သေသွားပေလိမ့်မည်။
“အာ...”
အစောမှ အရှိန်အဝါက အမှန်ပင် တောက်လန်၏ တိုက်ကွက်ပင်။ တောက်နုက ကြေးမုံကို ပစ်၍ တောက်လန်နှင့် အပေးအယူမျှမျှ လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်မှာ ကျန်းရီကို နောက်ပြန်လှည့်၍ သူတို့ဆီ ပျံသန်းလာစေလိုခြင်းပင်။ သို့သော် ကျန်းရီက သူတို့၏ လှည့်ကွက်ကို ဖောက်မြင်ခဲ့သည်။ ထို့ကြောင့် တောက်လန်သည် တောက်ရန်ကို မသတ်မိစေရန် သူ၏ဓားအလင်းကို ဘယ်ဘက်သို့ လမ်းကြောင်းလွှဲထုတ်လိုက်ရလေသည်။
“အဲ့ကောင်စုတ်က အရှေ့ကို ဆက်သွားနေတုန်းပဲလား”
တောက်နု အလွန်အံ့အားသင့်သွားသည်။ ကျန်းရီက ကြေးမုံကြောင့် သူ့ပတ်ပတ်လည်ကို မမြင်ရတော့ကြောင်း ထင်ရှားသည်။ သာမန်လူများဆိုလျှင် သူတို့၏ စိတ်ဝိညာဉ်က ပုံရိပ်ယောင်နယ်မြေထဲ ရောက်သွားသည်နှင့် ချက်ချင်း ရပ်တန့်လိုက်ကြမည်ဖြစ်သည်။ ပတ်ပတ်လည်တွင် အာကာသဝဲများ ရှိနေပြီး အရှေ့တွင် ညာဘက်တွင် အဆိပ်နတ်ဆိုးမြေရိုင်းလည်း ရှိနေရာ မမြင်မစမ်းနှင့် ပျံသန်းရခြင်းက အလွန်အန္တရာယ်များသည်။ အခန့်မသင့်လျှင် အာကာသဝဲများ၏ စုပ်ယူခြင်းကို ခံရနိုင်သလို အဆိပ်နတ်ဆိုးမြေရိုင်းထဲလည်း တန်းတန်းမတ်မတ် ပျံဝင်မိသွားနိုင်ပေသည်။
တောက်နု တွေဝေသွားပြီး ပုံရိပ်ယောင်ကို ဖျက်ပေးရမည်လောဟု တွေးလိုက်၏။ ကျန်းရီသာ အာကာသဝဲတစ်ခုထဲ စုပ်ယူခံလိုက်ရမည်ဆိုလျှင် တောက်ရန်လည်း အတူပါသွားမည် မဟုတ်လော။
တောက်နုတို့ ထိုသို့တွေးနေစဉ်မှာပင်...
တောက်လန် လမ်းကြောင်းပြောင်းလိုက်သော ဓားအလင်းက ဘယ်ဘက်ရှိ အာကာသဝဲတစ်ခုကို သွားထိ၏။ ထို့ကြောင့် ဝဲထဲမှ အခိုးအငွေ့များက ဟင်းလင်းပြင်ထဲ ပျံ့ထွက်သွားသည်။ ထိုဝဲကြီး၏ စုပ်အားကလည်း ရုတ်ခြည်း အားလျော့သွားသည်။
ကျန်းရီက အလောင်းကြီးကို အာကာသဝဲနှစ်ခုကြားမှ ဖြတ်သွားခိုင်းမည်ဖြစ်ရာ ဝဲနှစ်ခုလုံး၏ စုပ်အားက ညီမျှနေရန် လိုအပ်သည်။ သို့သော် ယခုတွင် ဝဲတစ်ခု၏ စုပ်အားက အားလျော့သွားလေပြီ။ ထို့ကြောင့် အလောင်းကြီးက ညာဘက်သို့ ရွေ့လျားသွားသည်။ ကျန်းရီသည် ပုံရိပ်ယောင်နယ်မြေထဲတွင် ပိတ်မိနေရာ သူ့ပတ်ပတ်လည်တွင် မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း မသိပေ။ ထို့ကြောင့် အလောင်းကြီးကို လျင်မြန်စွာ ဆက်ပျံသန်းခိုင်းနေပေသည်။
“ဟာ...သွားပြီ”
တောက်လန်သည် ကျန်းရီက ညာဘက်ရှိ အာကာသဝဲကြီး၏ စုပ်ယူမှုကို ခံနေရသည်ကို ကြည့်ကာ တီးတိုးရေရွတ်လိုက်၏။ သူ၏ စေတနာက ဝေဒနာဖြစ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူ့အတွက် ကျန်းရီက အာကာသဝဲထဲ စုပ်ယူခံလိုက်ရလျှင်လည်း အရေးမကြီးပေ။ သို့သော် တောက်ရန်နှင့် မီးနဂါးဓားတို့က ကျန်းရီနှင့်အတူ အာကာသဝဲကြီးထဲ ရောက်သွားတော့မည်ဖြစ်ပေသည်။
***