ခမည်းတော်၊ ဦးလေးလန်... ကျွန်တော့်ကို ကယ်ပါ
Vol. 123 Ch. 1713
ဝှစ်...ဝှစ်...
နောက်ဆုံးအခိုက်အတန့်တွင် တောက်လန်က အလွန်လျင်မြန်စွာ လှုပ်ရှားလိုက်၏။ သူ ပေါင်းစည်းအနှစ်သာရကို ထပ်မံထုတ်လွှတ်ကာ ညာဘက်ရှိ အာကာသဝဲကြီးကို တိုက်ခိုက်လိုက်သည်။ သူ၏ တိုက်ခိုက်မှုက ဝဲကြီး၏ လည်ပတ်မှုကို နှောင့်ယှက်လိုက်ရာ စုပ်အားလည်း လျော့ကျသွားသည်။ ထို့ကြောင့် အလောင်းကြီးကို စုပ်အားကို အလွယ်တကူ အံတု၍ ဝဲနှစ်ခုအပြင်သို့ ပျံထွက်သွားနိုင်လိုက်လေသည်။
ရွှီး...
တောက်နုသည်လည်း လက်ဝါးထဲမှနေ၍ စွမ်းအင်ထုတ်လွှတ်ကာ ကြေးမုံကို သူ့ထံ ပြန်လာစေလိုက်သည်။ ကျန်းရီကို ပုံရိပ်ယောင်နယ်မြေထဲ ဆက်ပိတ်ထား၍ မဖြစ်ပေ။ မဟုတ်လျှင် အလောင်းကြီးက နောက်ထပ်အာကာသဝဲတစ်ခုထဲ ပျံဝင်သွားပေလိမ့်မည်။ ကျန်းရီသာ အာကာသဝဲ၏ အလယ်သို့ ရောက်သွားလျှင် မည်သူမှ သူ့ကို ကယ်နိုင်တော့မည် မဟုတ်ချေ။
တောက်နုနှင့် တောက်လန်တို့သည် အချို့အာကာသဝဲကြီးများထဲ၌ နေထိုင်၍ရသော နေရာမျိုးရှိကြောင်း သိသော်လည်း မည်သည့်ဝဲထဲတွင် ထိုနေရာရှိသည်၊ မည်သည့်ဝဲထဲတွင်မူ ထိုနေရာမရှိဟု မည်သို့ ခွဲခြားသိနိုင်ပါမည်နည်း။ သမိုင်းတစ်လျှောက်တွင် နေထိုင်၍ရသော နေရာမျိုးရှိသည့် အာကာသဝဲမျိုးကို ဆယ်ဝဲသာ တွေ့ရပေသေးသည်။
“အန်...”
ကျန်းရီသည် သူ့အရှေ့တွင် အဖြူရောင်အလင်း လက်သွားသည်ကို တွေ့လိုက်ရ၏။ ထို့နောက် သူ ပတ်ဝန်းကျင်ကို ပြန်မြင်လာရသည်။ သို့သော် သူ ရုတ်ခြည်း မျက်နှာပျက်သွားသည်။ ယခုတွင် အလောင်းကြီးက အာကာသဝဲကြီးတစ်ခုအလယ်သို့ ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် ရွေ့လျားနေပေသည်။
ဝှစ်...
တောက်လန်၏ ဓားအလင်းက ထိုအာကာသဝဲကို ပိုင်းဖြတ်လိုက်၏။ အလောင်းကြီး၏ အရှိန်က လျော့ကျလာသဖြင့် ကျန်းရီ ဝမ်းသာသွားသည်။ သူ အလောင်းကြီးကို လျင်မြန်စွာ ပြန်ထိန်းချုပ်ကာ ဘယ်ဘက်သို့ ကွေ့သွားစေလိုက်လေသည်။
တောက်နုနှင့် တောက်လန်တို့က အလွန်လျင်မြန်သည်။ အလောင်းကြီး၏ အမြန်နှုန်းက သိသိသာသာ လျော့ကျသွားပြီဖြစ်သော်လည်း ၎င်းက အာကာသဝဲကြီးဆီသို့ ယိမ်းနေဆဲပင်။ တောက်နုနှင့် တောက်လန်တို့သာ လျင်မြန်စွာ မလှုပ်ရှားခဲ့လျှင် အလောင်းကြီးက အာကာသဝဲကြီး၏ စုပ်အားကို အံတုနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။
‘အဆိပ်ငွေ့တွေလား’
ကျန်းရီသည် ဦးတည်ချက် ပြောင်းလိုက်ပြီဖြစ်သော်လည်း ယခု သူက အဆိပ်နတ်ဆိုးမြေရိုင်းနှင့် အလွန်နီးကပ်သွားသည်။ ထို့ကြောင့် အရှေ့မှ အဆိပ်ငွေ့လုံးများကို သူ မြင်နေရပေသည်။
ကျန်းရီ စိတ်ထဲမှ ခါးသက်သက် ရေရွတ်လိုက်၏။ ယခု သူ မည်သို့လုပ်ရတော့မည်နည်း။ အနောက်တွင် တောက်နုနှင့် တောက်လန်တို့က လိုက်လာရာ သူ နောက်ပြန်လှည့်ကာ သူတို့နှင့် ရင်ဆိုင်၍လည်း မဖြစ်ပေ။
ကျန်းရီသည် အံကြိတ်၍သာ အလောင်းကြီးကို အရှေ့သို့ ဆက်ပျံသန်းသွားစေလိုက်သည်။ ရှေးဦးစွာ အာကာသဝဲကြီး၏ စုပ်အားမှနေ၍ အပြည့်အဝလွတ်မြောက်အောင် ရုန်းထွက်ရပေမည်။ ယခုတွင် အလောင်းကြီး၏ အမြန်နှုန်းက အလွန်နှေးနေပေပြီ။ သူ ချက်ချင်း ထွက်မပြေးနိုင်လျှင် တောက်နုတို့က သူ့ကို အရှေ့မှပင် ကြိုစောင့်နေပေလိမ့်မည်။
ဝှစ်...
အာကာသဝဲကြီး၏ စုပ်အားမှ လွတ်သွားသောအခါ အလောင်းကြီး၏ အမြန်နှုန်းက ပြန်၍လျင်မြန်လာ၏။ ဆယ့်ငါးမိနစ်ကြာပြီးနောက် ကျန်းရီသည် ဝဲကြီး၏ တစ်ဘက်သို့ ရောက်သွားသည်။ သို့သော် တောက်နုနှင့် တောက်လန်တို့က သူနှင့် ပေတစ်သောင်းသာ ကွာတော့ပေသည်။
တောက်နုသည် ကြေးမုံကို ထပ်မံ မပစ်လွှတ်ဝံ့တော့ပေ။ ကျန်းရီက စွန့်စားပြီး အဆိပ်နတ်ဆိုးမြေရိုင်းထဲ ဝင်သွားလျှင် တောက်ရန် သေချာပေါက် သေရပေလိမ့်မည်။
ရွှီး...
တောက်နုသည် ထိုအကြောင်းများကို တွေးတောရင်း လက်ဟန်များ ပြုလုပ်ကာ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ကျန်းရီ၏ အထက်မှာ ဟင်းလင်းပြင်က တုန်ခါသွားပြီး ကြောက်မက်ဖွယ် ဧရာမလက်ကြီးတစ်ဘက် ထွက်ပေါ်လာလေသည်။ ပတ်ဝန်းကျင် အာကာပြင်ကလည်း စတင်အက်ကွဲလာပြီး အလောင်းကြီ၏ အမြန်နှုန်းက လျော့ကျသွားပြန်သည်။ လက်ကြီးသည် အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိသော နတ်ဘုရားလက်ကြီးတစ်ဘက်ကဲ့သို့ပင်။
‘ကြောက်စရာပဲ...’
ကျန်းရီသည် ဧကရာဇ်တစ်ပိုင်းအဆင့်၏ စွမ်းအားကြီးမှုကို ထပ်မံမြင်လိုက်ရသည်။ အလောင်းကြီး၏ အမြန်နှုန်းက အလွန်နှေးသွားရာ ယခုတွင် ၎င်းက လှုပ်ပင်မလှုပ်တော့ဟု ထင်ရပေသည်။ ကျန်းရီက အလောင်းကြီးအား ထိန်းချုပ်ကာ တောက်ရန်ကို အထက်သို့ မြှောက်စေလိုက်သည်။ ထိုလက်ကြီးက အလောင်းကြီး သို့မဟုတ် သူ့ကို တိုက်ခိုက်လိုလျှင် အရင်ဆုံး တောက်ရန်ကို သတ်ရန်လိုအပ်ပေလိမ့်မည်။
ဝှစ်...
ကြေးမုံတစ်ချပ်က ရုတ်တရက် ပျံထွက်လာပြီး အထက်မှ လက်ကြီးက ဖျတ်ခနဲ ပျောက်ကွယ်သွား၏။ ထိုအခိုက်တွင် တောက်လန် လှုပ်ရှားလိုက်သည်။ သူ့မျက်ဝန်းမှနေ၍ အနက်ရောင်အလင်းတန်းနှစ်တန်း ပျံထွက်သွားပြီး သူ့လက်ထဲတွင် ကြာပွတ်တစ်ချောင်း ထွက်ပေါ်လာသည်။ ထိုကြာပွတ်သည် အကန့်အသတ်မရှိ ရှည်ထွက်သွားပြီး ကျန်းရီထံ ထိုးထွက်သွား၏။ တောက်လန်က ကျန်းရီကို ချုပ်နှောင်လိုနေကြောင်း ထင်ရှားပေသည်။
‘ငါ လှည့်စားခံလိုက်ရပြီ’
ကျန်းရီ သဘောပေါက်သွား၏။ သို့သော် အတန်ငယ် နောက်ကျသွားပေပြီ။ တောက်နုနှင့် တောက်လန်တို့က အလွန်အပေးအယူမျှလွန်းသည်။ အထက်မှ လက်ကြီးက ကျန်းရီကို အာရုံလွှဲကာ အလောင်းကြီးကို နှေးသွားစေခဲ့သည်။ တောက်လန်ကမူ စိတ်ဝိညာဉ်အတတ် တစ်ခုနှင့် ကြာပွတ်တစ်ချောင်းကို ထုတ်၍ ကျန်းရီနှင့် အလောင်းကြီးကို ချုပ်နှောင်ရန် လုပ်လိုက်သည်။ ထိုနည်းနှင့်မှ သူတို့သည် တောက်ရန်ကို အမြန်ဆုံး ကယ်တင်ကာ ကျန်းရီကို သတ်နိုင်မည်ဖြစ်သည်။
ဝှစ်...
အနက်ရောင်အလင်းတန်းနှစ်တန်းက အမှန်ပင် စိတ်ဝိညာဉ်တိုက်ခိုက်မှုဖြစ်သည်။ ၎င်းတို့သည် ကျန်းရီ၏ ဦးခေါင်းထဲ ပျံဝင်သွားကြသည်။ ကျန်းရီ၏ တံဆိပ်စာလုံးများက လျင်မြန်စွာ ပျံထွက်လာပြီး အနက်ရောင်အလင်းတန်းနှစ်တန်းကို ခုခံကြ၏။
သေရေးရှင်ရေး အခိုက်အတန့်တွင် ကျန်းရီ၏ ဦးနှောက်က ပုံမှန်ထက် အဆတစ်သောင်းပို၍ အလုပ်လုပ်လာသည်။ ၎င်းနောက် ကျန်းရီ၏ မျက်ဝန်းများထဲတွင် ပြတ်သားသော အရိပ်အယောင်တစ်ချက် လက်သွားသည်။ သူ အလောင်းကြီးထဲသို့ မိုးမြေစွမ်းအား ထည့်သွင်းလိုက်ပြီး အလောင်းကြီးအား တောက်ရန်ကို ခပ်လှမ်းလှမ်းရှိ အာကာသဝဲကြီးတစ်ခုထဲသို့ လွှင့်ပစ်စေလိုက်သည်။
တောက်လန်၏ ကြာပွတ်က အလွန်ကြောက်မက်ဖွယ်ကောင်း၏။ ၎င်းက အနိမ့်ဆုံး တာအိုကောင်းကင်ဝိညာဉ်ရတနာ ဖြစ်ရမည်ဟု ကျန်းရီ ခန့်မှန်းသည်။ ထိုကြာပွတ်၏ ရစ်ပတ်မှုကို ခံလိုက်ရသည်နှင် သူနှင့် အလောင်းကြီးတို့ လုံးဝလှုပ်နိုင်တော့မည် မဟုတ်ချေ။ ထိုအခါ သူ သေချာပေါက် သေရပေလိမ့်မည်။
သို့ဖြစ်၍ ကျန်းရီသည် တောက်ရန်ကို အာကာသဝဲကြီးတစ်ခုထဲ လွှင့်ပစ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ တောက်လန်က တောက်ရန်ကို ကယ်လိုလျှင် သူ့ကိုချုပ်နှောင်ဖို့ လက်လျှော့ရပေလိမ့်မည်။ ထိုသို့ဖြစ်လာသည်နှင့် သူသည် အလောင်းကြီးကို အဆိပ်နတ်ဆိုးမြေရိုင်းထဲ ပျံဝင်စေလိုက်မည်ဖြစ်သည်။
ဟုတ်၏။
ကျန်းရီသည် အဆိပ်နတ်ဆိုးမြေရိုင်းထဲ သွားတော့မည်ဖြစ်သည်။ အဆိပ်နတ်ဆိုးမြေရိုင်းထဲမှ အဆိပ်ငွေ့များက သူ့ကို မသတ်နိုင်လောက်ဟု သူ လောင်းကြေးထပ်တော့ပေမည်။ သူ့တွင် မူလရတနာတစ်ခုဖြစ်သော နတ်ဘုရားသစ်ရွက်ရှိသည်။ ယင်းက သူ ရှင်သန်နိုင်ရန် နောက်ဆုံးမျှော်လင့်ချက်ပင်။ အကယ်၍ နတ်ဘုရားသစ်ရွက်ကသာ အဆိပ်ငွေ့များကို မတွန်းလှန်နိုင်လျှင် သူ အဆိပ်မိကာ သေဆုံးရပေလိမ့်မည်။
ရွှီး...
ကျန်းရီ တောက်ရန်ကို လွှင့်ပစ်ပြီးနောက် အနက်ရောင်အလင်းတန်းများက သူ့စိတ်ဝိညာဉ်ကို တိုက်ခိုက်ကြရာ သူ အတန်ငယ် မူးဝေလာသည်။ သူ၏စိတ်ဝိညာဉ်က ပုံရိပ်ယောင်နယ်မြေတစ်ခုအတွင်းသို့လည်း စုပ်ယူခံထားရရာ အတန်ငယ် အားနည်နေပေသည်။ မည်သို့ပင်ဖြစ်စေ ကျန်းရီသည် နတ်ဘုရားသစ်ရွက်ကို ထုတ်၍ အလောင်းကြီးကို အဆိပ်နတ်ဆိုးမြေရိုင်းထဲ ပျံဝင်သွားစေလိုက်လေသည်။
“ရန်အာ...”
ကျန်းရီ၏ ခန့်မှန်းချက်က မှန်ခဲ့၏။ တောက်လန်သည် တောက်ရန်က လွှင့်ပစ်ခံလိုက်ရကြောင်းကို တွေ့သောအခါ ချက်ချင်းပင် သူ့ကြာပွတ်ကို တောက်ရန်ဆီ ဦးတည်လိုက်သည်။
သို့သော်...
တောက်လန်က အတွက်အချက် မှားခဲ့၏။ အလောင်းကြီးက မည်မျှ စွမ်းအားကြီးပါသနည်း။ အလောင်းကြီး၏ အားကောင်းသော ပစ်အားကို အာကာသဝဲကြီး၏ အားကောင်းသော စုပ်အားနှင့် ပေါင်းစပ်လိုက်ရာ တောက်ရန်က ဝဲကြီးထဲ အလွန်လျင်မြန်စွာ ဦးတည်သွားသည်။ ကြာပွတ်မှာ အလွန်လျင်မြန်သော်ငြား တောက်ရန်၏ အမြန်နှုန်းကို မမီနိုင်အောင် ဖြစ်နေပေသည်။
“အား.. ခမည်းတော်၊ ဦးလေးလန်... ကျွန်တော့်ကို ကယ်ပါ”
ထိုအခိုက်တွင် တောက်ရန်က သတိလည်လာ၏။ သူ့ခန္ဓာကိုယ်က အာကာသဝဲကြီးထဲ ကြောက်မက်ဖွယ် အရှိန်နှင့် ဦးတည်နေကြောင်း ခံစားလိုက်ရသောအခါ သူ အလွန်ကြောက်ရွံ့သွားပြီး အော်ပြောလိုက်သည်။
“ရန်အာ... မြန်မြန် သားရဲ့ နတ်ဘုရားရှောင်တိမ်းအဆောင်ကို ချိုးလိုက်”
တောက်နု အော်ပြောလိုက်သည်။ ကျန်းရီနှင့် အလောင်းကြီးက အဆိပ်နတ်ဆိုးမြေရိုင်းထဲ ပျံဝင်သွားသည်ကို သူ အရေးမစိုက်နိုင်တော့ပေ။ ယခုတွင် သူနှင့် တောက်လန်တို့ ကူကယ်ရာမဲ့နေသည်။ သူတို့သည် အာကာသဝဲကြီးဆီလည်း ပျံသန်းမသွားဝံ့ချေ။ သို့ဖြစ်ရာ တောက်ရန်က သူ့ကိုယ်သူသာ ကယ်ရပေတော့မည်။
ထိုအခိုက်တွင် တောက်ရန်သည် အာကာသဝဲကြီး၏ အလယ်သို့ မရောက်သေးပေ။ သူသာ နတ်ဘုရားရှောင်တိမ်းအဆောင်ကို ချိုးလိုက်မည်ဆိုလျှင် တည်နေရာပြောင်းရွှေ့သွားနိုင်သေးသည်။
ပြဿနာမှာ တောက်ရန်ထံတွင် နတ်ဘုရားရှောင်တိမ်းအဆောင် မရှိတော့ခြင်းပင်။ ၎င်းကို ကျန်းရီက ယူသွားခဲ့ပေပြီ။
“အား...”
တောက်ရန်သည် အသံနက်ကြီးနှင့် ဟစ်အော်၍ အာကာသဝဲကြီး၏ အလယ်ထဲ စုပ်ယူခံလိုက်ရသည်။ နောက်ဆုံးတွင် သူသည် တောက်နုနှင့် တောက်လန်တို့၏ ကောင်းကင်စိတ်အာရုံများထဲမှနေ၍ လုံးဝပျောက်ကွယ်သွားလေတော့သည်။
“ရန်အာ...”
တောက်နု ခါးသီးစွာ အော်ခေါ်လိုက်သည်။ မိမိ၏သားက အာကာသဝဲကြီးထဲ စုပ်ယူခံနေရသည်ကို မည်သို့မှမတတ်နိုင်ဘဲ ရပ်ကြည့်နေခဲ့ရသော ဖခင်တစ်ယောက်၏ နာကျင်မှုနှင့် ဒေါသတို့ကို တွေးကြည့်နိုင်ပေသည်။
တောက်နုတွင် သားများစွာရှိသည်။ သို့သော် ထိုသားများထဲတွင် အလားအလာအကောင်းဆုံးသူနှစ်ယောက်မှာ တောက်ဖုန့်နှင့် တောက်ရန်တို့ဖြစ်သည်။ သူတို့နှစ်ယောက်စလုံးက အုပ်ချုပ်သူအဆင့် သိုင်သမားများဖြစ်ကြသည်။ တောက်ရန်၏ အကျင့်စရိုက်များက တောက်ဖုန့်ထက် ပိုဆိုးသဖြင့် တောက်နုသည် တောက်ရန်ကို သဘောမကျခဲ့ပေ။ သို့သော် သွေးမှာ ရေထက်ပစ်ပေသည်။ မည်သည့်ဖခင်က မိမိ၏သားကို မချစ်ဘဲ နေပါမည်နည်း။
“ကျန်းရီ... ငါ မင်းကို သတ်မယ်၊ မင်းကို သတ်မယ်...”
သူ၏ အလားအလာကောင်းသော သားနှစ်ယောက်စလုံးက ကျန်းရီ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရရာ တောက်နု၏ အမျက်ဒေါသမှာ ကောင်းကင်ကိုပင် မီးတင်ရှို့နိုင်လောက်အောင် တဟုန်းဟုန်းလောင်မြိုက်နေပေသည်။ သူသည် ရူးသွပ်သွားသော နတ်ဆိုးတစ်ကောင်အလား ဒေါသတကြီးနှင့် အော်ပြောလိုက်လေသည်။
“ကျန်းရီ... မျိုးမစစ်ကောင်”
တောက်လန်ကလည်း နာကျင်စွာ အော်ပြောလိုက်သည်။ သူ၏ အကြည့်က အဆိပ်နတ်ဆိုးမြေရိုင်းဆီသို့ ရောက်သွားသည်။ ကျန်းရီ၏အလောင်းကြီးက အဆိပ်နတ်ဆိုးမြေရိုင်းထဲ ပျံဝင်သွားကြောင်း သူ မြင်ခဲ့ရသည်။ ထိုမြေရိုင်းထဲတွင် အဆိပ်ငွေ့များ ရှိနေသည်။ ၎င်းအဆိပ်ငွေ့များက ကောင်းကင်စိတ်အာရုံများကို နှောင့်ယှက်နိုင်ရာ တောက်နုနှင့် တောက်လန်တို့သည် ကျန်းရီနှင့် အလောင်းကြီးကို အာရုံမခံနိုင်တော့ပေ။
“သတ်မယ်...”
အဆိပ်နတ်ဆိုးမြေရိုင်းက အလွန်အန္တရာယ်များသည်။ ဧကရာဇ်တစ်ပိုင်းအဆင့်နှင့် အထက်တွင်မှ မရှိသူသည် ၎င်းမြေရိုင်းထဲ ဝင်သည်နှင့် သေချာပေါက် သေရပေလိမ့်မည်။ ကောင်းကင်ဘုံတစ်ခွင်လုံးက ထိုအကြောင်းကို သိပေသည်။ တောက်နုနှင့် တောက်လန်တို့သည်လည်း ထိုမြေရိုင်းထဲတွင် ကြာရှည်နေနိုင်လိမ့်မည် မဟုတ်ချေ။
သို့သော် ဤတစ်ခေါက်တွင် တောက်နုက အတော်လေး ရူးသွပ်နေပြီဖြစ်ရာ ထိုအရာများကို အရေးစိုက်ပါဦးမည်လော။ ယခုတွင် သူ့ခေါင်းထဲ၌ အတွေးတစ်ခုသာရှိသည်။ ယင်းမှာ ကျန်းရီကို လိုက်ဖမ်း၍ အပိုင်းပိုင်း ခုတ်ပစ်ရန်ဖြစ်သည်။
“မဟုတ်သေးဘူး... နေဦး...”
တောက်လန်က သုံးသပ်ဆင်ခြင်နိုင်သေးသည်။ အစောတွင် ကျန်းရီက အဆိပ်ငွေ့များထဲသို့ ပျံဝင်သွားခဲ့သည်။ သို့သော် အဘယ်ကြောင့် သူက ချက်ချင်း တိုက်စားခံရကာ မသေရသနည်း။ ထိုအဆိပ်ငွေ့များက အလွန်သေစေနိုင်သည်။ သူတို့နှစ်ယောက်ပင်လျှင် အဆိပ်ငွေ့များထဲ ဆယ်မိနစ်ကြာအောင် နေလိုက်လျှင် အရိုးသာ ကျန်တော့မည် မဟုတ်ပါလား။
***