ထပ်မံ၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်မည်
Vol. 123 Ch. 1714
“အရှင်မချင်လင်းကို ကျေးဇူးအများကြီးတင်ပါတယ်”
သူ၏ စိတ်ဝိညာဉ်က မူးဝေနေသေးဆဲဖြစ်ပြီး တောက်လန်၏ အနက်ရောင်အလင်းတန်းနှစ်တန်းမှ စွမ်းအင်အနည်းငယ်က သူ့စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ကျန်နေသေးသော်လည်း ကျန်းရီ အလေးအနက် ကျေးဇူးတင်စကား ဆိုလိုက်နိုင်သေးသည်။
ကျန်းရီ၏ လောင်းကြေးထပ်မှုက မှန်ကန်သွားခဲ့သည်။
နတ်ဘုရားသစ်ရွက်က အလွန်အစွမ်းထက်သည်။ အဆိပ်ငွေ့များက သူ၏ ကောင်းကင်လေပြေချပ်ဝတ်ကို ဖြတ်၍ သူ့ကိုယ်ထဲသို့ အဆက်မပြတ် ဝင်နေ၏။ သူ့တစ်ကိုယ်လုံးက ကြောက်မက်ဖွယ်နှုန်းဖြင့် တိုက်စားခံနေရသည်ကို သူ့ခံစားနေရသော်လည်း နတ်ဘုရားသစ်ရွက်ထဲ ကောင်းကင်စွမ်းအား ထည့်သွင်းလိုက်သောအခါ သူ့ကိုယ်ပေါ်တွင် အဖြူရောင်အလင်း တောက်ပလာပေသည်။ အဆိပ်ငွေ့များကလည်း သူ့ကိုယ်ထဲ ဆက်ဖောက်မဝင်နိုင်တော့သလို တိုက်စားခံထားရသော သူ့ခန္ဓာကိုယ်အစိတ်အပိုင်းများကလည်း ရုတ်ခြည်း ပြန်ကောင်းသွားသည်။
အဆိပ်ငွေ့များထဲ ဝင်ပြီးနောက်တွင် ကျန်းရီ၏ စိတ်ဝိညာဉ်က ပုံရိပ်ယောင်နယ်မြေထဲမှ အလိုလိုလွတ်သွား၏။ တောက်နုက သူ၏ကြေးမုံကို မထိန်းချုပ်နိုင်တော့ရာ ကျန်းရီ၏ စိတ်ဝိညာဉ်ကို ပုံရိပ်ယောင်နယ်မြေထဲတွင် ဆက်ချုပ်မထားနိုင်တော့ပါပေ။
ကျန်းရီသည် သူ့အနောက်မှ ကြောက်မက်ဖွယ် အော်သံကြီးကို ကြားလိုက်သောအခါ စိတ်ထဲထင့်သွား၏။ တောက်လန်က တောက်ရန်ကို မကယ်နိုင်ခဲ့သည်လော။ တောက်နု၏ ဒေါသနှင့်ဆိုလျှင် ဝိညာဉ်ဘုရင်၊ တိရှအရှင်နှင့် ဆောင်းဥတုအရှင်တို့ကို သတ်ရန် အမိန့်ပေးလိုက်နိုင်သည် မဟုတ်လော။
ရှီး...ရှီး...
အလောင်းကြီး၏ ခန္ဓာကိုယ်မှနေ၍ ထွက်လာသော အနက်ရောင်အခိုးအငွေ့များကြောင့် ကျန်းရီ သတိပြန်ကပ်သွား၏။ သူ ခေါင်းခါလိုက်ပြီး လောလောဆယ်တွင် တိရှအရှင်တို့အကြောင်း မတွေးသေးရန် ဆုံးဖြတ်လိုက်သည်။ သူ တွေးလည်း မတွေးဝံ့ပေ။ သူတို့ကံကောင်းပြီး ကောင်းကင်ဘုရင်ဝေ၏ ကယ်တင်မှုကို ခံရပါစေဟုသာ သူ ဆုတောင်းနိုင်ပေသည်။
အလောင်းကြီး၏ခန္ဓာကိုယ်က အလွန်သန်မာသည်။ ပေါင်းစည်းမီးတောက်များပင် ၎င်းကို မဖျက်ဆီးနိုင်ပေ။ သို့သော် ဤအဆိပ်ငွေ့များက အလွန်အားကောင်းရာ အလောင်းကြီးက မီးခိုးထွက်လာလေသည်။ ၎င်းသည် ကြာရှည်တောင့်မခံနိုင်လောက်ချေ။ အဆိပ်ငွေ့များထဲတွင် ဆက်နေပါက အလောင်းကြီး တိုက်စားခံလိုက်ရနိုင်ပေသည်။
ရွှီး...
ကျန်းရီသည် ရွေးချယ်စရာမရှိတော့သဖြင့် အလောင်းကြီးကို သိမ်းကာ သူ့ကိုယ်တွင်းမှာပင် မိုးမြေစွမ်းအား လှည့်ပတ်လိုက်သည်။ သူ့အမြန်နှုန်းက တိုးလာ၏။ သူ့ရုပ်ခန္ဓာကလည်း အလောင်းကြီး၏ ရုပ်ခန္ဓာနီးပါး သန်မာလာသည်။ ၎င်းနောက် သူသည် ကောင်းကင်ဝါးမျိုသားရဲလေးကို သူ၏စိတ်ဝိညာဉ်ပင်လယ်ထဲ ပို့၍ ကျန်ရှိနေသေးသော အနက်ရောင်အလင်းတန်းများ၏ စွမ်းအင်အနည်းငယ်ကို ဝါးမျိုစေလိုက်လေသည်။
ကျန်းရီသည် စိတ်ထဲတွင် အတန်ငယ် မချင့်မရဲဖြစ်နေ၏။ နတ်ဘုရားသစ်ရွက်က ဤအဆိပ်ငွေ့များအား တွန်းလှန်နိုင်ကြောင်းကို အစောကသာ ကြိုသိခဲ့လျှင် သူ အစောကတည်းက အဆိပ်နတ်ဆိုးမြေရိုင်းထဲ ဝင်ခဲ့မည်ဖြစ်သည်။ ဤအဆိပ်ငွေ့များက ကောင်းကင်စိတ်အာရုံများကို ကာပေးနိုင်သည်။ သူသာ ဤမြေရိုင်းထဲတွင် ပုန်းအောင်းနေလျှင် တောက်နုနှင့် တောက်လန်တို့က သူ့ကို မည်သို့ ရှာတွေ့ပါမည်နည်း။
“ကျန်းရီ... သေစမ်း... သေစမ်း... သေစမ်း...”
အနောက်မှ အော်သံများက ပဲ့တင်ထပ်နေသည်။ ကျန်းရီ စိတ်ထဲမှ ခါးသီးစွာ ကျိန်ဆဲလိုက်၏။ ယခုတွင် တောက်နုနှင့် တောက်လန်တို့က ရူးသွပ်နေလောက်ပေပြီ။ အဆိပ်ငွေ့များက သူတို့နှစ်ယောက်အပေါ် မည်မျှ သက်ရောက်နိုင်မည်နည်း။ အကယ်၍ သက်ရောက်မှုက သိသာလျှင် သူ့တွင် ရှင်သန်နိုင်ခြေ ရှိလောက်သေးသည်။ မဟုတ်လျှင်တော့ သူ အသေဆိုးနှင့် သေရပေလိမ့်မည်။
ရွှစ်...ရွှစ်...
အနောက်မှနေ၍ ထူးဆန်းသောအသံတစ်သံ ထွက်ပေါ်လာ၏။ ကျန်းရီ နောက်လှည့်ကြည့်လိုက်ရာ အဆိပ်ငွေ့များက အရှေ့သို့ ရွေ့လျားလာနေပြီး ၎င်းတို့အနောက်တွင် ဧရာမလက်ဝါးရာကြီးများ လိုက်လာကြောင်း တွေ့လိုက်ရ၏။ တောက်နုနှင့် တောက်လန်တို့က စတင်တိုက်ခိုက်နေပေပြီ။ သူတို့က ပတ်ဝန်းကျင်ရှိ အဆိပ်ငွေ့များကို ဖယ်ရှားကာ အဆိပ်ငွေ့များ၏ သက်ရောက်မှုကို မခံရရန်နှင့် ကျန်းရီကို အလွယ်တကူ ရှာနိုင်ရန် လုပ်ဆောင်နေကြခြင်းပင်။
“အစ်ကိုကြီး... ဒီဘက်မှာ”
တောက်လန်၏ အော်သံ ထွက်ပေါ်လာ၏။ သူသည် အာကာပြင်တုန်ခါမှုမှနေ၍ ကျန်းရီ၏လမ်းကြောင်းကို ရှာတွေ့ခဲ့ခြင်းပင်။ ထို့နောက်တွင် လက်ဝါးရာအချို့က လေကိုခွင်း၍ လာသည်။ ကျန်းရီက လုံလောက်အောင် မလျင်မြန်သဖြင့် လက်ဝါးရာတစ်ခု ထိမှန်သွားပြီး အရှေ့သို့ လွင့်ထွက်သွားသည်။
“ဖူး...”
ကျန်းရီသည် ကောင်းကင်လေပြေချပ်ဝတ်ကို ဝတ်ဆင်ထားပြီး မဟာနတ်ဘုရားအတတ်နှင့် သူ့ရုပ်ခန္ဓာကို အင်အားတိုးမြှင့်ထားသော်လည်း ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတစ်ယောက်၏ တိုက်ခိုက်မှုကို ခံရရာတွင် သွေးအန်သွားပေသေးသည်။ သို့သော် သူသည် ထိုအဟုန်ကိုသုံး၍ အရှေ့သို့ ခပ်ဝေးဝေး သွားလိုက်သဖြင့် နောက်မှလိုက်လာသူများနှင့် အတော်ဝေးသွားပေသည်။
‘ကျွတ်... အဲ့နှစ်ယောက်က အဆိပ်ငွေ့တွေရဲ့ သက်ရောက်မှုကို မခံရတဲ့ပုံပဲ’
ကျန်းရီ စိတ်ဓာတ်ကျသွားသည်။ တောက်နုနှင့် တောက်လန်တို့က အဆိပ်ငွေ့များကို အလွယ်တကူ ဖယ်ရှားနိုင်လျှင် သူ အဆိပ်နတ်ဆိုးမြေရိုင်း၏ အတွင်းပိုင်းသို့ ပျံပြေးလျှင်ပင် သေခြင်းတရားက သူ့ကို စောင့်နေပေလိမ့်ဦးမည်။
“လိုက်...”
တစ်ဘက်တွင် တောက်နုနှင့် တောက်လန်တို့က ကျန်းရီကို အသည်းအသန် ခြေရာခံနေကြသည်။ ယခုတွင် သူတို့နှစ်ယောက်စလုံး စစ်ချပ်ဝတ် ဝတ်ဆင်ထားကြသည်။ သို့သော် သူတို့၏ မျက်နှာများက နာကျင်မှုဖြင့် ရှုံ့တွနေကြပေသည်။ သူတို့နှစ်ယောက်သည် တာအိုကောင်းကင်ဝိညာဉ်ရတနာချပ်ဝတ်ကိုသာ ဝတ်ဆင်ထားကြခြင်းဖြစ်ပြီး ကမ္ဘာဦးဝိညာဉ်ရတနာချပ်ဝတ်ကို ဝတ်ဆင်ထားကြခြင်း မဟုတ်ပေ။ တောက်နုထံတွင်တော့ ကမ္ဘာဦးဝိညာဉ်ရတနာဖြစ်သော ရွှေအိုရောင်ဒိုင်း ရှိပေသည်။ သို့သော် ပြဿနာမှာ ၎င်းက အဆိပ်ငွေ့များကို မကာပေးနိုင်ခြင်းပင်။
တောက်နုနှင့် တောက်လန်တို့သည် ခန္ဓာကိုယ်တိုက်စားခံရမှုကြောင့် အလွန်နာကျင်နေကြသော်လည်း နာကျင်မှုကို အံတုထားပြီး တစ်ချက်မှ မအော်ကြပေ။ သူတို့၏ မျက်ဝန်းများက သံမဏိကဲ့သို့ အေးစက်နေပြီး ဒေါသ၊ သတ်ဖြတ်အရှိန်အဝါနှင့် ရူးသွပ်မှုတို့နှင့် ပြည့်နှက်နေသည်။ ယနေ့တွင် သူတို့ ကျန်းရီကို မသတ်နိုင်လျှင် ရပ်တန့်မည် မဟုတ်ချေ။
တောက်နုတို့ကို စိတ်ရှုပ်စေသည်မှာ အဆိပ်ငွေ့များက အလွန်သိပ်သည်းသဖြင့် သူတို့၏ ကောင်းကင်စိတ်အာရုံများကို ထုတ်လွှတ်၍ အာရုံမခံနိုင်ခြင်းပင်။ ကျန်းရီကလည်း အမြဲ လမ်းကြောင်းပြောင်းနေသည်။ သူတို့သည် အသံနှင့် အာကာပြင်တုန်ခါမှုမှနေ၍သာ ကျန်းရီ၏ နေရာကို ခန့်မှန်းနေရပေသည်။
ကျန်းရီက လျင်မြန်သော အမြန်နှုန်းဖြင့် ကွေ့ပတ်၍ သွားနေရာ တောက်နုနှင့် တောက်လန်တို့သည် ရွေးချယ်စရာ မရှိတော့ဘဲ သူတို့ပတ်ပတ်လည်မှ အဆိပ်ငွေ့များကို ဖယ်ရှား၍ နောက်မှ တကောက်ကောက် လိုက်နေရသည်။ အဆိပ်ငွေ့များကို ဖယ်ရှားနေရခြင်းက ကျန်းရီ၏ တည်နေရာကို ခန့်မှန်းရာတွင် အနှောင့်အယှက်ဖြစ်နေစေပေသည်။
ထို့ပြင်...
ကျန်းရီသည် သူ့ထံသို့ ဝင်ရောက်လာသော တိုက်ခိုက်မှုအချို့ကို မရှောင်ဘဲ ထိပ်တိုက်ခံနေရာ ၎င်းတိုက်ခိုက်မှုများ၏အဟုန်ဖြင့် သူ အရှေ့သို့ ပိုလျင်မြန်စွာ ရောက်သွားနေသည်။ သို့သော် သေနိုင်လောက်သော တိုက်ခိုက်မှုများကိုမူ သူ ရှောင်တိမ်းပေသည်။
တောက်လန်က မျက်မှောင်ကြုတ်၍ သူ့အသံထဲ ကောင်းကင်စွမ်းအား ထည့်သွင်းကာ အော်ပြောလိုက်သည်။
“ကျန်းရီ ရပ်လိုက်။ မဟုတ်ရင် မင်းရဲ့အဘိုးနဲ့ ကျန်တဲ့နှစ်ယောက်ကို ချက်ချင်းသတ်ပစ်ဖို့ ငါ အသံပို့လိုက်မယ်”
ကျန်းရီ၏အသံကလည်း လျင်မြန်စွာ ပြန်ထွက်ပေါ်လာ၏။
“ဟားဟားဟား... ခင်ဗျားတို့က ကလေးတစ်ယောက်ကို ခြောက်ဖို့ ကြိုးစားနေတာလား။ ကောင်းကင်ဘုရင်ဝေတို့က သူတို့ကို ကယ်ပြီးလောက်ပြီ မဟုတ်ဘူးလား။ ခင်ဗျားတို့ကို ရိုးရိုးသားသားပြောမယ်၊ ကောင်းကင်ဘုရင်ဝေတို့က ကျွန်တော် ထွက်လာကတည်းက စလှုပ်ရှားကြတာ။ ကျွန်တော် ဘာလို့ ဒီကို ပြေးလာတယ်ထင်လဲ။ ကောင်းကင်ဘုရင်ဝေတို့က တိရှအရှင်တို့ကို ကယ်နိုင်အောင်လို့ ခင်ဗျားတို့နှစ်ယောက်ကို မျှားခေါ်ထုတ်ဖို့ပဲ”
တောက်နုနှင့် တောက်လန်တို့ မျက်နှာပျက်သွားကြသည်။ သို့သော် တောက်လန်က ဉာဏ်ကောင်းသည်။ သူ မျက်လုံးပင့်ကာ ကျယ်လောင်စွာရယ်၍ ပြောလိုက်၏။
“ဟားဟား... သူတို့ကို ကယ်မှာတဲ့လား။ ကျန်းရီ... အဲ့ဒါကို မျှော်လင့်မနေနဲ့။ ငါ မင်းကို အမှန်အတိုင်းပြောမယ်။ မင်း လုံယွမ်ဆန်းကြယ်နယ်မြေထဲမှာ ထွက်ပေါ်လာကတည်းက ငါ သူတို့သုံးယောက်ကို သတ်ပစ်လိုက်ပြီ။ သူတို့ရဲ့ အရိုးတစ်စတောင် မကျန်တော့ဘူး။ အဲ့တော့ ဝေပင်းပင်းတို့က မင်းရဲ့အဘိုးနဲ့ ကျန်တဲ့နှစ်ယောက်ကို တမလွန်ဘုံဆီသွားပြီး ကယ်မှာလား”
ဂျိန်း...
ကျန်းရီသည် မိုးကြိုးပစ်ချခံလိုက်ရသလို တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်သွားသည်။ သူ့စိတ်ကလည်း ဗလာဖြစ်သွားပြီး စိတ်ထဲတွင် တောက်လန်၏ စကားများကသာ ပဲ့တင်ထပ်နေသည်။
“သေပြီလား၊ သူတို့က တကယ်သေပြီလား”
ကျန်းရီ သူ့ဘာသာ တီးတိုးရွေရွတ်လိုက်၏။ တိရှအရှင်၊ ဆောင်းဥတုအရှင်နှင့် ဝိညာဉ်ဘုရင်တို့က အမှန်တကယ် သေသွားပြီဆိုလျှင် သူ မိုလင်းချိုး၊ မိုဟွိုက်စန်း၊ ရီဖျောင်ဖျောင်နှင့် ချီချင်ချန်တို့ကို မည်သို့ပြန်ပြောရမည်နည်း။ ဤတစ်ခေါက်တွင် သူ လွတ်မြောက်နိုင်ခဲ့လျှင်ပင်၊ အထက်ဘုံသို့ ပြန်သွားနိုင်လိုက်လျှင်ပင် သူ အားလုံးနှင့် မည်သို့ မျက်နှာချင်းဆိုင်ရမည်နည်း။
ဝှစ်...
တောက်လန်၏ စကားများက အလွန်ထိရောက်ခဲ့ပြီး ကျန်းရီကို ခေတ္တမျှ တုံ့ဆိုင်းသွားစေခဲ့သည်။ ကျန်းရီက စက္ကန့်အနည်းငယ်မျှသာ ရပ်တန့်သွားခြင်းဖြစ်သော်လည်း တောက်နုနှင့် တောက်လန်တို့က သူ့ကို မီလာပေသည်။ သူတို့နှစ်ယောက်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ရုတ်ခြည်း တိုက်ခိုက်လိုက်ကြ၏။ ကျန်းရီ၏ခေါင်းအထက်တွင် အာကာပြင်တုန်ခါမှုဖြစ်လာပြီး အဆိပ်ငွေ့များ လွင့်ပြယ်သွားကာ ဧရာမ ရွှေအိုရောင်လက်ကြီးက အောက်သို့ ဆင်းလာလေသည်။ တောက်လန်၏ ဓားမှနေ၍လည်း သုံးရောင်ခြယ် ဓားအလင်းတန်း ထွက်လာပြီး ကျန်းရီ၏ နောက်ကျောပြင်ကို တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။
ကျန်းရီသည် သူ့ထံသို့ ရောက်လာသော ကြောက်မက်ဖွယ် အရှိန်အဝါများကြောင့် ထိတ်လန့်သွား၏။ သူ့မျက်ဝန်းများထဲတွင်လည်း မိစ္ဆာအလင်း စတင်လင်းလက်လာသည်။ သူသည် သူ့လက်စွပ်ထဲမှနေ၍ ကျောက်စိမ်းအဆောင်တစ်ခုကို လျင်မြန်စွာ ထုတ်ကာ ချိုးလိုက်သည်။
ဟုတ်၏။ ကျန်းရီက တောက်ရန်၏ နတ်ဘုရားရှောင်တိမ်းအဆောင်ကို ချိုးလိုက်ခြင်းပင်။ ယင်းက သူ့၏ နောက်ဆုံးသော လွတ်လမ်းပင်။ သို့သော် ထိုလမ်းမှာ ပြန်လမ်းမရှိသောလမ်းလည်း ဖြစ်ပေသည်။ အစောတွင် အခြေအနေများက မည်မျှ အန္တရာယ်များခဲ့ပါစေ သူ ထိုနတ်ဘုရားရှောင်တိမ်းအဆောင်ကို ထုတ်မသုံးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ မိုးပြာဒေသထဲ သွားလိုက်လျှင် ၎င်းဒေသထဲမှ ပြန်ထွက်နိုင်လိမ့်မည် မဟုတ်၍ပင်။ သူ မိုးပြာဒေသထဲ ရောက်သွားသည်နှင့် မိုးပြာမဟာဧကရာဇ်က သူ့ကို သေချာပေါက် ကိုယ်တိုင်သတ်ပေလိမ့်မည်။
တောက်မျိုးနွယ်က လူများကို ဓားစာခံထားရလောက်အောင် အောက်တန်းကျခဲ့သည်ကို ကြည့်လျှင် သူတို့ အကြံကုန်နေကြောင်း သိနိုင်သည်။ ဤကိစ္စသာ လောကထဲ သတင်းပျံ့သွားလျှင် တောက်မျိုးနွယ်နှင့် မိုးပြာမဟာဧကရာဇ်၏ ဂုဏ်သတင်းက လုံးဝပျက်သုဉ်းသွားပေလိမ့်မည်။ သို့ဖြစ်သည်ပင် အဘယ်ကြောင့် တောက်မျိုးနွယ်က ထိုနည်းလမ်းကိုပင် သုံးခဲ့ရသနည်း။
အဓိပ္ပာယ်ရှိသော ဖြစ်နိုင်ခြေမှာ တစ်ခုသာ ရှိသည်။ တောက်မျိုးနွယ်က မိုးပြာမဟာဧကရာဇ်၏ အမိန့်နှင့် ကျန်းရီကို သတ်ရန် ကြံကြခြင်းပင်။ ကျန်းရီက နတ်ဘုရားရှောင်တိမ်းအဆောင်ကို သုံး၍ မိုးပြာဒေသထဲ ရောက်လာလျှင် မိုးပြာမဟာဧကရာဇ်က ချက်ချင်း သိသွားပေလိမ့်မည်။ ထိုအခါ အဆုံးသတ်က တစ်လမ်းတည်းသာ ရှိပေလိမ့်မည်။
သို့သော် ကျန်းရီတွင် အခြားရွေးချယ်စရာ ရှိပါသေးသလော။ သူ အဆိပ်နတ်ဆိုးမြေရိုင်းထဲတွင် ဆက်နေလျှင်လည်း သေရမည်သာ။ ထို့ပြင် တောက်လန်ကလည်း ဝိညာဉ်ဘုရင်တို့ကို သတ်ပြီးသွားပြီဟု ဆိုနေသည်။ ထို့ကြောင့် ကျန်းရီ အတန်ငယ် ရူးသွပ်လာသည်။ သို့ဖြင့် သူသည် မည်သည့်အရာကိုမှ အရေးစိုက်တော့ဘဲ မိုးပြာဒေသထဲသို့ တည်နေရာပြောင်းရွှေ့သွားလိုက်သည်။ သူ ထပ်မံ၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်တော့မည်ဖြစ်သည်။ သူ သေရမည်ဆိုလျှင်ပင် တောက်မျိုးနွယ်ကို တန်ကြေးကြီးကြီး ပြန်ပေးရအောင် လုပ်ရပေမည်။
***