← Chapters

ဒီမှာ အမြှုပ်ခံရမယ်

Vol. 123 Ch. 1715

ဒီမှာ အမြှုပ်ခံရမယ်

Vol. 123 Ch. 1715

ဝုန်း...ရွှက်...

ကြောက်မက်ဖွယ် လက်ကြီးနှင့် ဓားအလင်းတို့က ကျန်းရီ ရှိနေခဲ့သော နေရာကို ပြိုင်တူ ထိမှန်သွားကြ၏။ သို့သော် ကျန်းရီက လေထဲတွင် ပျောက်ကွယ်သွားပေပြီ။ ထို့ကြောင့် လက်ကြီးနှင့် ဓားအလင်းက အချင်းချင်းသာ ထိတိုက်သွားပြီး ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ ပတ်ဝန်းကျင်က လင်းထိန်သွား၏။ တိုက်ခိုက်မှုများမှ အဟုန်လှိုင်းများကလည်း အရပ်မျက်နှာအနှံ့သို့ ပျံ့ထွက်သွားသည်။ အနီးရှိ အဆိပ်ငွေ့များလည်း လွင့်ပြယ်သွားကြသည်။ တောက်နုနှင့် တောက်လန်တို့ပင် ပေတစ်‌သောင်းလောက် လွင့်ထွက်သွားကြပေသည်။

“အာ...’

တောက်နုနှင့် တောက်လန်တို့သည် ပေါက်ကွဲမှုကြီး ငြိမ်သက်သွားသည်အထိ စောင့်ပြီးနောက် ချက်ချင်း ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ အရှေ့ကို အာရုံခံလိုက်ကြ၏။ ယခုတွင် အဆိပ်ငွေ့များ လွင့်ပြယ်သွားပြီဖြစ်ရာ သူတို့နှစ်ယောက်၏ ကောင်းကင်စိတ်အာရုံများကို ပြန်၍ အသုံးပြုနိုင်ပြီဖြစ်သည်။

သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အလွန်အပေးအယူမျှခဲ့ပြီး သူတို့တိုက်ခိုက်လိုက်ချိန်မှာလည်း အံကိုက်ပင်ဖြစ်သည်။ သူတို့သည် သူတို့၏ တိုက်ခိုက်မှုများက အချင်းချင်း ထိတိုက်ကာ အားကောင်းသော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း သိ၍ ထိတိုက်မှု မဖြစ်ပွားခင်ကတည်းက ချက်ချင်း ပြန်ဆုတ်ခဲ့ကြသည်။

ထို့ကြောင့် ကျန်းရီက လေထဲတွင် ပျောက်ကွယ်သွားသည်ကို သူတို့ သတိမပြုမိခဲ့ကြပေ။ ယခုတွင် သူတို့၏ ကောင်းကင်စိတ်အာရုံများက ကျန်းရီကို အာရုံမခံမိခါမှ ကျန်းရီတစ်ယောက် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခြင်းလောဟု သူတို့ တွေးမိလာကြသည်။ သို့သော် သူတို့သည် ကျန်းရီ၏ အစအနတစ်ခုကိုမှ ရှာမတွေ့ပေ။ ခြေပြတ်လက်ပြတ်တစ်ခုပင် မတွေ့ပါချေ။

‘သူက အမှုန့်ဖြစ်သွားတာများလား။ ဟာ..သွားပြီ၊ သူ့ရဲ့ သိုလှောင်လက်စွပ်ကလည်း ပေါက်ကွဲသွားတာလား။ သူ့ဓားက သူ့သိုလှောင်လက်စွပ်ထဲမှာထင်တယ်’

တောက်လန်သည် အထက်ပါအတိုင်း တွေးမိသော်လည်း ထိုအတွေးကို ချက်ချင်းပင် ခေါင်းထဲမှ မောင်းထုတ်လိုက်သည်။ ကျန်းရီက ကောင်းကင်လေပြေချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ အစောမှ ပေါက်ကွဲမှုက မည်မျှကြောက်မက်ဖွယ်ကောင်းခဲ့ပါစေ ကောင်းကင်လေပြေချပ်ဝတ်ကတော့ အမှုန့်ဖြစ်သွားလိမ့်မည် မဟုတ်ချေ။ ၎င်းက တာအိုကောင်းကင်ဝိညာဉ်ရတနာတစ်ခု မဟုတ်ပါလား။

‘တစ်ခုခုတော့ မှားနေပြီ...’

တောက်နုသည် မျက်မှောင်ကြုတ်လိုက်ပြီး အရှေ့သို့ ပျံသန်းသွား၍ ပတ်ဝန်းကျင်ကို နားစွံ့လိုက်၏။ သူ မည်သည့်အသံမှ မကြားရ။ ကျန်းရီက ထိုတိုက်ခိုက်မှုကို တောင့်မခံနိုင်သင့်ပေ။ ထို့ပြင် အသံတစ်ချက်မှ မထွက်ဘဲနှင့်လည်း ထွက်မပြေးနိုင်လောက်ချေ။ သို့ဆိုလျှင် အဘယ်က မှားနေခြင်းနည်း။

ရုတ်တရက်...

တောက်နုသည် လေခွင်းသံသဲ့သဲ့ကို ကြားလိုက်ရ၍ အနောက်သို့ လှည့်ကြည့်လိုက်၏။ သူ မျက်ခုံးပင့်လိုက်သည်။ ထိုလေခွင်းသံမှာ လူနှစ်ယောက်ကြောင့် ထွက်ပေါ်လာနေခြင်းပင်။

“တောက်နု၊ တောက်လန်”

အသံအိုတစ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ ကျယ်လောင်လွန်းလှသဖြင့် တောက်လန်ပင် မျက်နှာပျက်သွားသည်။ ထိုအသံက ဆက်ပြောသည်။

“တောက်မျိုးနွယ်က လူငယ်တစ်ယောက်ကို သတ်ရလောက်တဲ့အထိ အရှက်မဲ့တာပဲ။ ကျန်းရီသေရင် ခင်ဗျားတို့နှစ်ယောက်လည်း ဒီမှာ အမြှုပ်ခံရမယ်”

နောက်ဆုံးတွင် ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ ရောက်လာကြပေပြီ။ တောက်လန်က တောက်နုကို လှမ်းကြည့်လိုက်၏။ တောက်နုက အေးစက်စက် မျက်ဝန်းများဖြင့် ခပ်အေးအေးပြောလိုက်သည်။

“ဝေပင်းပင်း... ခင်ဗျားက ဘာပေါက်ကရတွေ ပြောနေတာလဲ။ ဘယ်ကကျန်းရီလဲ။ ခင်ဗျား ဘာတွေပြောနေလဲဆိုတာ ကျုပ်မသိဘူး”

ကျန်းရီက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ဝေပင်းပင်းထံတွင်လည်း မည်သည့်သက်သေမှ မရှိပေ။ သို့ဖြစ်ရာ တောက်နုက အဘယ်ကို ကြောက်ရပါမည်နည်း။

လုံထန်ဆန်းကြယ်နယ်မြေထဲမှ လူအားလုံးက သက်သေများကို ဖျက်ဆီး၍ ထွက်သွားလောက်ပေပြီ။ တောက်နုနှင့် တောက်လန်တို့သည် ကျန်းရီနောက်သို့ လိုက်ကာ ဤသို့ လာခဲ့စဉ်အတွင်း တောက်မျိုးနွယ်မှ သိုင်းသမားအားလုံးကို မြောက်ဘက်ရှိ ဆန်းကြယ်နယ်မြေတစ်ခုသို့ သွားရန် ညွှန်ကြားခဲ့သည်။ ထိုဆန်းကြယ်နယ်မြေတွင် တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခု ရှိသည်။ ဤတစ်ခေါက်တွင် ဝေပင်းပင်းတို့က မည်သည့် ခိုင်မာသောသက်သေမှ ရမထားကြောင်းလည်း တောက်နု သေချာပေသည်။

အဘယ်ကြောင့် တောက်နုနှင့် တောက်လန်တို့က ဤသို့ရောက်နေရကြောင်းကိုမူ မည်သည်အတွက်ကြောင့် ရှင်းပြရပါမည်နည်း။ ဤနေရာတွင် ကျန်းရီလည်း မရှိတော့ပေ။

‘နေပါဦး...’

တောက်နုသည် တစ်စုံတစ်ခုကို တွေးမိသွား၍ တုန်လှုပ်သွား၏။ ကျန်းရီက ဤနေရာတွင် အမှန်တကယ် မရှိတော့လျှင် ရုတ်တရက် ပျောက်ကွယ်သွားခြင်းသာဖြစ်မည်။ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများ၏ လျှပ်တပြက်ပြောင်းရွှေ့ ဆန်းကြယ်စွမ်းရည်ကသာ ထိုသို့ ရုတ်ခြည်းပျောက်ကွယ်သွားနိုင်စွမ်းရှိသည်။ ကျန်းရီက သူ့အဆင့်နှင့် ထို လျှပ်တပြက်ပြောင်းရွှေ့စွမ်းရည်ကို မတတ်ထားလောက်ပေ။

သို့ဖြစ်ရာ ဖြစ်နိုင်ခြေတစ်ခုသာ ကျန်တော့သည်။ ကျန်းရီက စွမ်းအားကြီး ရတနာတစ်ခုကို သုံး၍ တည်နေရာပြောင်းရွှေ့သွားခဲ့ခြင်းပင်။

‘နတ်ဘုရားရှောင်တိမ်းအဆောင်’

တောက်နုသည် ‌တောက်ရန်က သူ၏ နတ်ဘုရားရှောင်တိမ်းအဆောင်ကို မချိုးခဲ့ကြောင်း အမှတ်ရသွား၏။ ထိုအဆောင်ကို ကျန်းရီက ယူထားခြင်းလော။ ထိုသို့တွေးမိသောအခါ တောက်နု ရင်ထိတ်သွားသည်။ သာမန်အချိန်တွင်သာဆိုလျှင် သူ ယင်းကို အရေးစိုက်မည် မဟုတ်ပေ။ သို့သော် ယခုတွင်မူ သူနှင့် ‌တောက်လန်တို့က ဤနေရာသို့ ရောက်နေပြီး တောက်နူကလည်း ရှေးဟောင်းနယ်မြေတစ်ခုသို့ ရောက်နေသည်။ မိုးပြာဒေသထဲတွင် ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမား တစ်ယောက်မှ ရှိမနေပေ။

အကယ်၍ ကျန်းရီက မိုးပြာသူရိန်တောင်ထွတ်သို့ တည်နေရာပြောင်းရွှေ့သွားပြီး မိုးပြာမဟာဧကရာဇ်တောင်ထွတ်ဆီသို့ သတ်ဖြတ်၍ သွားမည်ဆိုလျှင် တောက်မျိုးနွယ် ပျက်သုဉ်းရပေလိမ့်မည်။

‘သွားပြီ...’

တောက်နု စိတ်လှုပ်ရှားလာပြီး တောက်လန်ထံ အသံပို့လွှတ်လိုက်သည်။

“မြန်မြန် လုံရှီဆန်းကြယ်နယ်မြေကနေပြီး တည်နေရာပြောင်းရွှေ့ကြမယ်။ ကျန်းရီက တောက်ရန်ရဲ့ နတ်ဘုရားရှောင်တိမ်းအဆောင်ကို ချိုးပြီး မိုးပြာသူရိန်တောင်ထွတ်ဆီ တည်နေရာပြောင်းရွှေ့သွားတာ ဖြစ်ရမယ်”

“ဗျာ...”

တောက်လန် အာမေဋိတ်ပြုလိုက်၏။ သူ့မျက်နှာကလည်း ဖြူဖျော့သွားသည်။ သူ လျင်မြန်စွာပင် တောက်နုနောက်မှလိုက်ကာ မြေရိုင်းအပြင်သို့ ပျံထွက်လိုက်သည်။ သူတို့နှစ်ယောက်သည် ကောင်းကင်ဘုရင်ဝေတို့ဘက်သို့ ပျံသန်းသွားခြင်းမဟုတ်ဘဲ ဆန့်ကျင်ဘက်အရပ်သို့ ပျံသန်းသွားကြခြင်းပင်။ သူတို့သည် ကောင်းကင်ဘုရင်ဝေတို့နှင့် စကားအချေအတင် ပြောလိုစိတ် မရှိ‌တော့ဘဲ မိုးပြာမဟာဧကရာဇ်တောင်ထွတ်သို့သာ အမြန်ဆုံး ပြန်သွားလိုနေကြပေသည်။

“ခင်ဗျားတို့က ထွက်သွားချင်သေးတာလား”

ဒေါသတကြီးအော်လိုက်သံတစ်သံ ထွက်ပေါ်လာပြီး တောက်နုနှင့် တောက်လန်တို့ အထက်ရှိ အာကာပြင်က တုန်ခါသွားပြီး ဧရာမလက်ကြီးတစ်ဘက်က အောက်ဘက်သို့ ကျဆင်းလာသည်။ ထိုလက်ကြီးက တောက်နု ဖန်တီးခဲ့သော လက်ကြီးနှင့် ကွဲပြားပြီး ဆယ်ဆပို၍ကြီးသည်။ ၎င်းလက်ကြီး၏ အရှိန်အဝါက သိပ်၍အားမကောင်းသော်လည်း အမြန်နှုန်းမှာမူ တောက်နုနှင့် တောက်လန်တို့ကို တားနိုင်လောက်အောင်ပင် လျင်မြန်ပေသည်။

“ဝေပင်းပင်း... ကျုပ်မှာ ခင်ဗျားနဲ့ ကစားနေဖို့ အချိန်မရှိဘူး။ ကျုပ် ကျန်းရီကို မသတ်ခဲ့ဘူး။ ခင်ဗျား ကျုပ်တို့ကို တားရင် ကျုပ် အစွမ်းကုန်သုံးပြီး ပြန်တိုက်ခိုက်ရလိမ့်မယ်”

တောက်နုက ဒေါသတကြီးဖြင့် ပြန်အော်ပြောလိုက်၏။ သူ့လက်ထဲတွင်လည်း သတ္တုတုတ်တစ်ချောင်း ထွက်ပေါ်လာသည်။ ထို့နောက် တုတ်က တဖြည်းဖြည်း ကြီးလာပြီး ကြောက်မက်ဖွယ်အရှိန်အဝါကို ထုတ်၍ အထက်မှ လက်ကြီးကို ရိုက်လိုက်သည်။

ဝှီး...

တစ်ချိန်တည်းမှာပင် တောက်လန်၏ ဓားရှည်က လင်းလက်လာပြီး ၎င်းမှနေ၍ သုံးရောင်ခြယ်ဓားအလင်းတန်းတစ်တန်း အထက်သို့ ပျံတက်သွားသည်။ တောက်နုနှင့် တောက်လန်တို့သည် အတူတကွ တိုက်ပွဲများစွာ တိုက်ခိုက်ဖူးရာ တစ်ယောက်နှင့်တစ်ယောက် အလွန်အပေးအယူမျှပေသည်။

ဝုန်း...

ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး လက်ကြီး ပျက်စီးသွား၏။ သို့သော် တောက်နုတို့နှစ်ယောက် အရှေ့သို့ ဆက်ပျံသန်းလိုက်ချိန်တွင် သူတို့အထက်မှ အာကာပြင်က ထပ်မံတုန်ခါသွားပြီး ပေတစ်ထောင်အချင်းရှိသော ဧရာမရွှေလက်ကြီးတစ်ဘက် ထွက်ပေါ်လာပြန်သည်။

ကောင်းကင်ဘုရင်ယွင်ကလည်း တစ်ချိန်တည်းနီးပါးပင် လှုပ်ရှားလိုက်သည်။ အာကာပြင်ထဲမှနေ၍ မြေဓာတ်သတ္တုများ ပျံထွက်လာကာ တောက်နုနှင့် တောက်လန်တို့ထံ ဦးတည်သွားကြသည်။ ၎င်းနောက်တွင် တောက်နုနှင့် တောက်လန်တို ပတ်ပတ်လည်တွင် ဧရာမရွှေနန်းတော်ကြီး ဖြစ်တည်လာသည်။ သူတို့နှစ်ယောက်သည် နန်းတော်ထဲတွင် ယာယီပိတ်မိသွားကြလေသည်။

ထို့ပြင် နန်းတော်ထဲတွင် အလယ်ခန်းမမရှိဘဲ အခန်းအသေးလေးများသာ အများအပြားရှိသည်။ နန်းတော်က အရွယ်ကြီးလာသည်နှင့်အမျှ အခန်းအရေအတွက်ကလည်း ပိုတိုးလာပေသည်။

“ချုပ်နှောင်နန်းတော်”

တောက်နုနှင့် တောက်လန်တို့၏ မျက်နှာများ မည်းမှောင်သွားကြသည်။ ချုပ်နှောင်နန်းတော်မှာ ကောင်းကင်ဘုရင်ယွင်၏ ကျော်ကြားသော စွမ်းရည်တစ်ခုပင်။ ထိုနန်းတော်ထဲတွင် အခန်းများ မရေမတွက်နိုင်အောင် ရှိသည်။ သူတို့နှစ်ယောက်က ထိုအခန်းများကို အလွယ်တကူ ဖောက်ထွက်နိုင်သော်လည်း ကောင်းကင်ဘုရင်ယွင်က အခန်းသစ်များကို အဆက်မပြတ် ပြန်ဖန်တီးနိုင်ပေသည်။ ထို့ပြင် နန်းတော်အတွင်း၌ ပုံရိပ်ယောင်အစီအရင်များလည်း ရှိသေးရာ လုံလောက်အောင် မသန်မာသော သိုင်းသမားများသည် ဤနန်းတော်ထဲ၌ ပိတ်မိနေမည်ဖြစ်သည်.

“ဖောက်ထွက်...”

တောက်နုနှင့် တောက်လန်တို့က အသည်းအသန် တိုက်ခိုက်၍ အခန်းများကို တစ်ခန်းပြီးတစ်ခန်း ဖောက်ထွက်နေ၏။ ယခုတွင် သူတို့နှစ်ယောက် အလွန်စိတ်လှုပ်ရှားနေပြီဖြစ်သည်။ သူတို့တွင် ကောင်းကင်ဘုရင်ယွင်၊ ကောင်းကင်ဘုရင်ဝေတို့နှင့် တိုက်ခိုက်နေရန် အချိန်မရှိပေ။ သူတို့ ကြာကြာနှောင့်နှေးလေ၊ မိုးပြာဒေသထဲမှ လူများက ပိုသေလေပင်။ ယခုတွင် ကျန်းရီက အုပ်ချုပ်သူအဆင့် သိုင်းသမားများကိုပင် အလွယ်တကူ သတ်နိုင်နေပြီ မဟုတ်ပါလား။

ဝုန်း...

အခန်းအနည်းငယ်ကို ဖျက်ဆီးပြီးနောက် တောက်နု စိတ်မရှည်တော့ဘဲ သူ့လက်ထဲမှ သတ္တုတုတ်ကို အလွန်ရှည်လျား၊ ကြီးမားလာအောင် လုပ်လိုက်၏။ ယင်းအပြင် သူ့ခန္ဓာကိုယ်ကလည်း ကြီးမားလာပြီး သူသည် ပေတစ်ထောင်မြင့်သော ဧရာမလူကြီးတစ်ယောက် ဖြစ်သွားသည်။ ထို့နောက် သူ သတ္တုတုတ်ကြီးကို မြှောက်ကာ သူ့ပတ်ပတ်လည်မှ အခန်းများကို ဖြတ်ရိုက်လိုက်သည်။ ဧရာမနန်းတော်ကြီး စတင်ပေါက်ကွဲသွားပြီး ပြိုပျက်လာလေသည်။

“ဟွန်း...”

ကောင်းကင်ဘုရင်ဝေ၏ နှာမှုတ်သံ ထွက်ပေါ်လာပြီး အထက်မှ ရွှေလက်ကြီးက ဧရာမကြီးဖြစ်နေသော တောက်နုကို ရိုက်လိုက်သည်။ ထို့နောက် ကောင်းကင်ဘုရင်ယွင်က မြေဓာတ်သတ္တုများကို ထပ်မံစုစည်းလိုက်သည်။

တောက်နုနှင့် တောက်လန်တို့က ထွက်ပြေးလိုလေလေ၊ ကောင်းကင်ဘုရင်နှစ်ပါးက သူတို့ကို ဆွဲထားလိုလေလေပင်။ ကောင်းကင်ဘုရင်နှစ်ပါးသည် တောက်နုတို့နှစ်ယောက်ကို အချိန်ဆွဲထားလိုနေသည်။ ကျန်းရီ၏ တည်နေရာကို မသိရသေးပေ။ သို့ဖြစ်ရာ ကောင်းကင်ဘုရင်နှစ်ပါးသည် တောက်နုတို့နှစ်ယောက်ကို မည်သို့ အလွယ်တကူ လွှတ်ပေးနိုင်ပါမည်နည်း။

တောက်နုနှင့် တောက်လန်တို့သည် ရူးမလိုပင် ဖြစ်လာကြ၏။ ဤအတိုင်း ဆက်သွားလျှင် သူတို့ တောက်မျိုးနွယ်ကို ပြန်ရောက်ချိန်၌ သူတို့မျိုးနွယ်ဝင်များ၏ အလောင်းများက အေးစက်၍ပင် နေလောက်ပေပြီ။

တောက်နုသည် မူလအရွယ်ကို ပြန်ပြောင်းလိုက်ပြီး ကောင်းကင်ဘုရင်ဝေကို မီးဝင်းဝင်းတောက်နေသာ မျက်ဝန်းများဖြင့် လှမ်းကြည့်၍ အော်ပြောလိုက်သည်။

“ဝေပင်းပင်း... ကျန်းရီက နတ်ဘုရားရှောင်တိမ်းအဆောင်ကို ချိုးပြီး မိုးပြာသူရိန်တောင်ထွတ်ဆီ တည်နေရာပြောင်းရွှေ့သွားတာ။ ခင်ဗျားတို့ အဘိုးကြီးနှစ်ယောက်... ခင်ဗျားတို့က တောက်မျိုးနွယ် ပျက်သုဉ်းသွားတာကို မြင်ချင်ကြတာလား”

“နတ်ဘုရားရှောင်တိမ်းအဆောင်လား... ဟင်းဟင်း...”

ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ ခေတ္တမျှ ရပ်တန့်လိုက်၏။ ၎င်းနောက် နောက်ထပ် ရွှေလက်ကြီးတစ်ဘက် ထွပ်ပေါ်လာပြီး တောက်နုနှင့် တောက်လန်တို့ကို တိုက်ခိုက်လိုက်သည်။ ဧရာမနန်းတော်အသစ်တစ်ခုလည်း ပြန်လည်ဖြစ်တည်လာသည်။ ထို့နောက်တွင် ကောင်းကင်ဘုရင်ဝေ၏ ခနဲ့တဲ့တဲ့အသံ ထွက်ပေါ်လာလေသည်။

“တောက်နု... ခင်ဗျားက ကျုပ်တို့ကို အရူးတွေလို့ ထင်နေတာလား။ ကျန်းရီက ဘယ်ကနေ နတ်ဘုရားရှောင်တိမ်းအဆောင်ကို ရနိုင်မှာလဲ။ ခင်ဗျားတို့က ဘယ်သူ့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလား။ အရင်တုန်းက မိုးပြာမဟာဧကရာဇ်ကိုယ်တိုင် ဒီကိစ္စက အဆုံးသတ်ပြီလို့ ပြောခဲ့တယ်။ ခင်ဗျားတို့နှစ်ယောက်က သူ့စကားကို ဆန့်ကျင်နေတာလား။ ဒီနေ့ ခင်ဗျားတို့ ကျန်းရီကို ပြန်မပေးမချင်း ဘယ်ကိုမှ မသွားရဘူး”

“ဖူး...”

တောက်နုသည် ဒေါသထွက်လွန်းလှသဖြင့် သွေးပင်အန်သွား၏။ သူတို့ စိတ်ဓာတ်လည်းကျသွားသည်။ ဝေပင်းပင်းနှင့် ကောင်းကင်ဘုရင်ယွင်တို့က သူတို့ကို မယုံကြည်လျှင် သူတို့ ဤမှနေ၍ အချိန်တိုအတွင်း ထွက်သွားနိုင်လိမ့်မည် မဟုတ်ချေ။ သူတို့၏ဖခင်ကလည်း ရှေးဟောင်းနယ်မြေတစ်ခုသို့ ရောက်နေသည်။ သို့ဖြစ်ရာ မိုးပြာမဟာဧကရာဇ်ကိုယ်တိုင် ထွက်၍ လှုပ်ရှားပါစေဟုသာ သူတို့ မျှော်လင့်နိုင်တော့သည်။ မဟုတ်လျှင် မိုးပြာမဟာဧကရာဇ်တောင်ထွတ်က ငရဲဖြစ်သွားပေလိမ့်မည်။

***

All Chapters