← Chapters

မိုးပြာဒေသကို သွေးဖြင့် ဆေးကြောခြင်း

Vol. 123 Ch. 1716

မိုးပြာဒေသကို သွေးဖြင့် ဆေးကြောခြင်း

Vol. 123 Ch. 1716

မိုးပြာဒေသရှိ မိုးပြာသူရိန်ထောင်ထွတ်ပေါ်မှ ယခင်ရဲတိုက်ထဲတွင် တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခု လင်းလက်လာရာ ထိုမှ အစောင့်များ အံ့အားသင့်သွားကြသည်။

ထိုတည်နေရာပြောင်းရွှေ့အစီအရင်ကို ယခင်က စောင့်ကြပ်ခဲ့သော အုပ်ချုပ်သူအဆင့် သိုင်းသမားသည် ကျန်းရီ၏ လက်ချက်နှင့် သေဆုံးခဲ့ပြီဖြစ်သည်။ အခြားသော အုပ်ချုပ်သူအဆင့် သိုင်းသမားများကလည်း ကျန်းရီကို သတ်ရန် စေလွှတ်ခြင်းခံထားရသည်။ ထို့ကြောင့် ယခုတွင် ၎င်းတည်နေရာပြောင်းရွှေ့အစီအရင်ကို ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များကသာ စောင့်ကြပ်နေပေသည်။

တည်နေရာပြောင်းရွှေ့အစီအရင်၏ အလင်းက အားပျော့လာသောအခါ လူတစ်ယောက် ထွက်ပေါ်လာသည်။ အားလုံး အလွန်အမင်း တုန်လှုပ်သွားကြ၏။ ထိုလူကို သူတို့ အလွန်ရင်းနှီးပေသည်။ ဆိုရလျှင် ထိုလူမှာ သူတို့အတွက် အိပ်မက်ဆိုးပင်။

ဝှစ်...ဝှစ်...

အားလုံးသည် ထိုလူထံသို့ သူတို့၏တိုက်ခိုက်မှုများကို အလိုလို ပစ်လွှတ်လိုက်ကြ၏။ သူတို့သည် ရဲတိုက်၏ အကာအရံများကို အရင်ဆုံး နှိုးရန်လိုသည်ကို မေ့လျော့နေပြီး တိုက်ခိုက်ရန်သာ ကြိုးစားနေကြသည်။ အကယ်၍သာ အကာအရံများကို နှိုးလိုက်မည်ဆိုလျှင် ထိုလူက ဤရဲတိုက်ထဲ၌ ပိတ်မိနေမည် မဟုတ်ပါလား။

ဝုန်း...ဝုန်း...ဝုန်း...

အလင်းတန်းများက ကျန်းရီကို ထိမှန်သွား၏။ ကျန်းရီ လွင့်ထွက်သွားပြီး နံရံတစ်ခုနှင့် ပြင်းထန်စွာ ဝင်ဆောင့်သည်။ သူသည် အစောကတည်းမှ အတော်လေး မူးဝေနေပြီဖြစ်ရာ ယခု ပိုဆိုးသွားပေသည်။

“သတ်ကြ...” “သတ်ကြ...”

ရဲတိုက်ထဲရှိ ဆယ်ချီသော လူများက ဝမ်းသာအားရ အော်လိုက်ကြ၏။ သူတို့သည် သူတို့က ကျန်းရီကို သတ်ရန် အခွင့်အရေးတစ်ခု ရပြီဟု ထင်နေကြသည်။ သူတို့အားလုံး တိုက်ခိုက်လိုက်လျှင် တည်နေရာပြောင်းရွှေ့အစီအရင်ပင် ပျက်စီးသွားနိုင်ကြောင်းကို သူတို့ ထည့်မတွက်ကြတော့ပေ။

ဒုတိယအချီ တိုက်ခိုက်ပြီးနောက် လူတစ်ယောက်က အသိကပ်လာ၏။ ကျန်းရီက ကောင်းကင်လေပြေချပ်ဝတ်ကို ဝတ်ဆင်ထားရာ သူတို့၏ တိုက်ခိုက်မှုများက သူ့အား များစွာထိခိုက်စေနိုင်လိမ့်မည် မဟုတ်ချေ။ ထိုလူသည် ကျန်းရီကို ရဲတိုက်ထဲတွင် ပိတ်ထားရန်အတွက် ရဲတိုက်၏ အကာအရံများကို နှိုးရန် အပြင်သို့ လျင်မြန်စွာ ပြေးထွက်သွားလိုက်သည်။

ဟူး...

အချိန်အနည်းငယ် ကြာသွားပြီဖြစ်၍ ကျန်းရီ ခေါင်းမူးပြေလာသည်။ သူက ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်လိုက်ရာ လူတစ်ယောက်က အပြင်သို့ ပြေးထွက်သွားနေကြောင်း သိလိုက်ရ၏။ သူ ရုတ်ခြည်းပင် မိုးမြေစွမ်းအား လှည့်ပတ်ကာ အရှေ့သို့ ပျံထွက်သွားလိုက်သည်။ သူသည် မည်သည့်ဆန်းကြယ်စွမ်းရည်ကိုမှ ထုတ်လွှတ်မနေဘဲ ထိုလူ၏ နောက်ကျောပြင်ကို လက်သီးဖြင့်သာ ထိုးချလိုက်လေသည်။

ဂျွတ်...

အရိုးများကျိုးသံ ထွက်ပေါ်လာပြီး ထိုလူ သေဆုံးသွားသည်။ မိုးမြေစွမ်းအားကို သုံးထားလျှင် ကျန်းရီ၏ ရုပ်ခန္ဓာက ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတစ်ယောက်၏ ရုပ်ခန္ဓာလောက် သန်မာနေပြီဖြစ်သည်။ သို့သော် ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်လေးက သူ၏လက်သီးချက်ကို မည်သို့ ခံနိုင်ပါမည်နည်း။

“အာ...”

နောက်ဆုံးတွင် ရဲတိုက်ထဲရှိ ကျန်လူများ အသိကပ်လာကြပြီး သူတို့က ကျန်းရီကို အတန်ငယ်ပင် ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ကြောင်း သဘောပေါက်သွားကြသည်။ သူတို့သည် ကျန်းရီ၏ကိုယ်မှ ထွက်နေသော ကြောက်မက်ဖွယ် အရှိန်အဝါကြောင့်လည်း တုန်လှုပ်လာကြသည်။ အားလုံး နောင်တရသွားကြသည်။ အဘယ်ကြောင့် အစကတည်းက ရဲတိုက်၏ အကာအရံများကို မနှိုးမိရသနည်း။ သို့ဆိုလျှင် သူတို့ ကျန်းရီကို ဤရဲတိုက်ထဲတွင် ချုပ်ထားနိုင်လောက်သည်။

ကျန်းရီသည် ခေါင်းခါ၍ ခေါင်းရှင်းလိုက်၏။ သူ ဆက်၍လည်း မတိုက်ခိုက်တော့ပေ။ သူသည် ရဲတိုက်တံခါးဝတွင် ရပ်နေပြီး လုံးဝခေါင်းမူးပြေသွားအောင်သာ လုပ်လိုနေပေသည်။

“သတ်ကြ...”

ရဲတိုက်ထဲမှ လူများသည် ခေတ္တမျှ ကြက်သေသေနေပြီးနောက် အံကြိတ်ကာ ဆက်တိုက်ခိုက်ကြသည်။ အလင်းတန်းအမျိုးမျိုးက ကျန်းရီကို လာထိမှန်၏။ ကျန်းရီ အပြင်ဘက်သို့ လွင့်ထွက်ကာ အခြားရဲတိုက်တစ်လုံးထဲ ဝင်သွားသည်။ ထိုရဲတိုက်လည်း ပြိုပျက်သွားပေသည်။

ဝှစ်...ဝှစ်...ဝှစ်...

အခြားရဲတိုက်များမှ လူများသည် ဆူညံသံများက သူတို့၏ရဲတိုက်များထဲမှ ထွက်လာကြပြီ ပြိုပျက်သွားသောရဲတိုက်အရှေ့တွင် ရပ်လိုက်ကြ၏။ သူတို့သည် ကောင်းကင်စိတ်အာရုံများ ထုတ်လွှတ်၍ အာရုံခံနေကြရင်း မည်သည့်ကိစ္စ ဖြစ်ပျက်ခဲ့ကြောင်း အော်ဟစ်၍ မေးမြန်းလိုက်ကြသည်။

ဝုန်း...

ကျန်းရီသည် ရဲတိုက်အပျက်အစီးများကြားမှနေ၍ အထက်သို့ ပျံတက်လာ၏။ သူ့ခန္ဓာကိုယ်မှ ထွက်နေသည့် ကမ္ဘာဦးသားရဲတစ်ကောင်ကဲ့သို့ အရှိန်အဝါကလည်း မိုးပြာသူရိန်တောင်ထွတ်ကို လွှမ်းခြုံသွားသည်။ လေထဲတွင် ဆံပင်အနီရောင် တလွင့်လွင့်နှင့် ရပ်နေသော ကျန်းရီ၏ပုံစံက အားလုံးကို ရင်တုန်သွားစေပေသည်။

ကျန်းရီ...

တောက်မျိုးနွယ်အတွက် ထိုအမည်က ‘အရှက်ရခြင်း’ကို ကိုယ်စားပြုသည်။ သူတို့သည် ထိုနတ်ဆိုးအမည်ကို ကျိန်ဆဲကြသည်။ တစ်စုံတစ်ယောက်က တောက်မျိုးနွယ်ကို ဆန့်ကျင်ခဲ့သည်မှာ နှစ်ပေါင်းမည်မျှ ကြာခဲ့ပြီနည်း။ သို့သော် ကျန်းရီသည် တောက်မျိုးနွယ်ကို ဆန့်ကျင်ရဲရုံသာမက သူတို့၏ သခင်လေးများနှင့် တပ်သားများကိုပင် သတ်ကာ လွတ်မြောက်သွားခဲ့သေးသည်။ သူက ယန်ကိုးပါးစစ်တပ်ထဲသို့လည်း ဝင်ခဲ့သည်။ တောက်နူနှင့် တောက်လန်တို့က သူ့ကို သွားရှာခဲ့သော်လည်း မိုးပြာမဟာဧကရာဇ်က သူ့ကို မသတ်တော့ရန် အမိန့်ပေးခဲ့ပေသည်။

ရွှစ်...ရွှစ်...

ကျန်းရီ၏ မီးနဂါးဓား ထွက်ပေါ်လာပြီး မီးနဂါးလေးကောင်က တစ်ကောင်တည်းအဖြစ် ပေါင်းစည်းသွားသည်။ ကျန်းရီသည် ထိုမီးနဂါးကြီးကို နတ်ဘုရားရှောင်တိမ်းအဆောင်၏ တည်နေရာပြောင်းရွှေ့အစီအရင်ရှိသော ရဲတိုက်ဆီ ပျံဝင်သွားစေလိုက်သည်။

ဖုံး...ဖုံး...

ရဲတိုက်၏ အကာအရံများကို မနှိုးထားရာ ရဲတိုက်သည် အထဲမှ တည်နေရာပြောင်းရွှေ့အစီအရင်နှင့်အတူ ပျက်စီးသွားသည်။ ယခုတွင် နတ်ဘုရားရှောင်တိမ်းအဆောင်ရှိသော လူတစ်ယောက်က ပြန်လာလိုလျှင်ပင် တည်နေရာပြောင်းရွှေ့နိုင်တော့မည် မဟုတ်ပေ။

ကျန်းရီသည် ကောင်းကင်စိတ်အာရုံထုတ်လွှတ်၍ တည်နေရာပြောင်းရွှေ့အစီအရင်က အမှန်ပင် ပျက်စီးသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် အလောင်းကြီးကို ထုတ်ကာ ၎င်း၏ပခုံးပေါ်တက်၍ တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် ဗျပ်စောင်းကိုထုတ်ကာ နတ်ဘုရားအသံကောင်းကင်အတတ်ကို ထုတ်လွှတ်လိုက်လေသည်။

ထိုဗျပ်စောင်းသံက မကြမ်းသလို၊ သာလည်းမသာယာပေ။ အတန်ငယ် တိုးညင်းကာ သာမန်ဆန်သည်။ ကျန်းရီသည် သူ့အောက်တွင် ကလေးများနှင့် အမျိုးသမီးများကို တွေ့သဖြင့် သူ့ဗျပ်စောင်းသံ၏ စွမ်းအားကို ထိန်းချုပ်ထားခြင်းပင်။

ကျန်းရီသည် ဤနေရာသို့ သတ်ရန်၊ လက်စားချေရန် လာခဲ့ခြင်းဖြစ်သည်။ သူ့အားဆန့်ကျင်ခဲ့သည် တောက်မျိုးနွယ်ကို နောင်တရသွားအောင် လုပ်ရမည်။ မိုးပြာမဟာဧကရာဇ်ကိုလည်း အရှက်ရသွားအောင်လုပ်၍ တစ်လောကလုံးရှိ လူအားလုံးကို သူ့အား လာမရှုပ်သင့်ကြောင်း ပြသရမည်။ သူသည် စီစဉ်ထားသည့်အတိုင်း လုပ်ဆောင်ရန် ရည်ရွယ်ထားပေသည်။

သို့သော် ကျန်းရီသည် လူပေါင်း မရေမတွက်နိုင်အောင် သတ်ခဲ့ဖူးသော်လည်း မည်းမည်းမြင်ရာ သတ်တတ်သည့် သားရဲတစ်ကောင် မဟုတ်ပါပေ။ သူ့တွင် သနားညှာတာစိတ် ရှိပေသေးသည်။ သူသည် ကလေးများ၊ မိန်းမများနှင့် သက်ကြီးရွယ်အိုများကို သတ်မည် မဟုတ်ပေ။ ထို့ကြောင့်လည်း ဗျပ်စောင်းသံကို ထိန်းချုပ်ထားခြင်းဖြစ်သည်။

ကျန်းရီ၏ အလောင်းကြီးက အလွန်လျင်မြန်သည်။ မိုးပြာသူရိန်တောင်ထွတ်တွင် အုပ်ချုပ်သူအဆင့် သိုင်းသမား တစ်ယောက်မှမရှိရာ တောင်ထွတ်ပေါ်ရှိ သိုင်းသမားအားလုံးသည် ဗျပ်စောင်းသံကြောင့် လူးလွန့်သွားကြသည်။ ထိုအခါ အလောင်းကြီး၏ လက်နှစ်ဘက်က သေမင်း၏ တံစဉ်နှစ်ချောင်းကဲ့သို့ ဖြစ်လာသည်။ ၎င်းလက်နှစ်ဘက် ရောက်သွားသောနေရာတိုင်းတွင် ခြေပြတ်လက်ပြတ်များ၊ အရိုးများ ပြည့်နှက်သွားသည်။ မည်သူကမှ အလောင်းကြီးကို မယှဉ်နိုင်ချေ။

တောင်ပေါ်တွင် သွေးချောင်းစီးသွားသည်။

သွေးညှီနံ့များက ကီလိုမီတာငါးရာ အဝန်းအဝိုင်းအတွင်း လှိုင်ထသွားသည်။ သို့သော် ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး တိုးညင်းသော ဗျပ်စောင်းသံသာ ပဲ့တင်ထပ်နေပေသည်။

ငါးမိနစ်ကြာပြီးနောက်...

အလောင်းကြီးသည် အလင်းတန်းတစ်တန်းအလား မိုးပြာမဟာဧကရာဇ်တောင်ထွတ်သို့ ပျံသန်းသွား၏။ ဤတစ်ကြိမ်တွင် ကျန်းရီသည် ‘တောက်မျိုးနွယ်က အရင်ဖိအားပေးလို့ ကျွန်တော်က ပြန်တုံ့ပြန်ရတာ’ဟူသော အတွေးမျိုးကို တွေးမနေတော့ပေ။

မိုးပြာသူရိန်တောင်ထွတ်ပေါ်တွင် နတ်ဘုရားဘုရင်အဆင့် သိုင်းသမားများ တစ်သောင်းကျော် ရှိရာ ထိုသိုင်းသမားအားလုံးသည် ကျန်းရီ၏ သတ်ဖြတ်မှုကို ခံရခဲ့သည်။ သို့ဖြစ်ရာ သူက အထက်တွင် ဖော်ပြထားသည့်အတိုင်း ပြောနေဦးမည်ဆိုလျှင် သူတော်ကောင်းယောင်ဆောင်သလို ဖြစ်နေပေလိမ့်မည်။

ဤတစ်ကြိမ်တွင် ကျန်းရီသည် သတ်ဖြတ်ရန် လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူ သတ်ဖြတ်ပေမည်။ သူသည် နတ်ဘုရားရှောင်တိမ်းအဆောင်ကို ချိုးလိုက်ကတည်းက မိုးပြာဒေသထဲမှနေ၍ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ရန် မမျှော်လင့်ခဲ့ပေ။ ပြီးခဲ့သည့်အခေါက်တွင် ဟယ်နုန်ယင်းက သူ့ကို ကူညီခဲ့သည်။ ဤတစ်ခေါက်တွင်မူ မိုးပြာမဟာဧကရာဇ်ကိုယ်တိုင် သူ့ကို ထွက်လိုက်လောက်ရာ မိုးပြာဒေသက ကြီးမား‌သော်လည်း သူ မည်သည့်နေရာသို့ ပြေးနိုင်ပါဦးမည်နည်း။

ကျန်းရီသည် သေရတော့မည်ဖြစ်ရာ မည်သည်ကိုမှ အရေးမစိုက်တော့ပေ။ သူသည် သူ့ရင်ထဲရှိ ဒေါသများကိုသာ ဖွင့်ထုတ်ပစ်လိုနေပေသည်။

အလောင်းကြီးက မိုးပြာမဟာဧကရာဇ်တောင်ထွတ်ဆီသို့ လျင်မြန်စွာ ပျံသန်းနေသည်။ ဆယ်မိနစ်အတွင်းမှာပင် အရှေ့၌ တောင်ထွတ်တစ်ခု ပေါ်လာသည်။ ကျန်းရီက ၎င်းတောင်ထွတ်အနီးသို့ မရောက်သေးခင်မှာပင် တောင်ထွတ်ထဲမှနေ၍ သောင်းချီသော လူများ ပျံထွက်လာကြ၏။ ထိုတောင်ထွတ်ရှိ စွမ်းအားကြီး သိုင်းသမားအားလုံး ထွက်လာခြင်းဖြစ်မည်။ သူတို့က မိုးပြာသူရိန်တောင်ထွတ်မှနေ၍ သတင်းရထားသဖြင့် ကျန်းရီရောက်လာမည်ကို ကြိုသိထားခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

ကျန်းရီသည် စကားတစ်ခွန်းမှ မပြောဘဲ စတင်သတ်ဖြတ်လိုက်၏။ ထိုတပ်သားသုံးသောင်းကျော်ထဲတွင် အုပ်ချုပ်သူအဆင့် သိုင်းသမားက တစ်ယောက်သာပါသည်။ သို့သော် သူ၏တိုက်ပွဲစွမ်းအားက အားနည်းရာ သူသည် ဗျပ်စောင်းသံ၏ လွှမ်းမိုးမှုကို အလွယ်တကူ ခံလိုက်ရသည်။ ထို့နောက် အလောင်းကြီးက အရှေ့သို့ ပျံသန်း၍ ထိုတပ်သားများကို သတ်ဖြတ်လေ‌တော့သည်။

မကြာခင်မှာပင် ကောင်းကင်က နီရဲသွားပြီး ကောင်းကင်တစ်ခြမ်းကို အနီရောင်အမှုန်အမွှားများက လွှမ်းခြုံသွားသည်။ ကျန်းရီ၏ စစ်ချပ်ဝတ်နှင့် ဆံပင်သည်လည်း သွေးချင်းချင်းရဲနေသည်။ သူ့မျက်ဝန်းများကလည်း နီမြန်းနေသည်။ အားကောင်းသော သတ်ဖြတ်လိုစိတ်က ကျန်းရီကို ပို၍ ရက်စက်လာစေပြီး သူ့အရိုးများထဲတွင် စွဲနေသော မိစ္ဆာသဘာဝကို လှုံ့ဆော်နေလေသည်။

မိနစ်နှစ်ဆယ်ကြာပြီးနောက် တပ်သားသုံးသောင်းကျော်လုံး သေဆုံးသွားသည်။ ကျန်းရီ၏ အလောင်းကြီးသည်လည်း တတိယ၊ စတုတ္ထ၊ ပဉ္စမတောင်ထွတ်များကို ဆက်သွားလိုက်သည်။

ကျန်းရီသည် လှည့်ပတ်ပျံသန်းရင်း သတ်ဖြတ်နေပေသည်။

တစ်နာရီကြာသောအခါ ကျန်းရီသည် သူက လူမည်မျှသတ်ခဲ့ကြောင်းကိုပင် မသိတော့ပေ။ လူသိန်းကျော်လော၊ သန်းကျော်လော။ နောက်ဆုံးတွင် သူ မိုးပြာမဟာဧကရာဇ်တောင်ထွတ်သို့ ရောက်သွားလေသည်။

ကျန်းရီသည် မိုးထိအောင်မြင့်မားသော ဧရာမတောင်ထွတ်ကြီးကို ကြည့်၍ မျက်လုံးများ အရောင်လက်လာ၏။ ယင်းက အတိတ်တွင် မိုးပြာမဟာဧကရာဇ် တာအို ကျင့်ကြံခဲ့ရာ မိုးပြာမဟာဧကရာဇ်တောင်ထွတ်ပင်။ ထိုတောင်ထွတ်တွင် တောက်မျိုးနွယ်၏ တိုက်ရိုက်မျိုးဆက်အားလုံး နေထိုင်ပေသည်။ တောက်နူက ထိုတောင်ထွတ်ပေါ်တွင် ရှိနေနိုင်သည်။ သို့မဟုတ် မိုးပြာမဟာဧကရာဇ်ကိုယ်တိုင်ပင် ကျန်းရီကို စောင့်နေနိုင်သည်။

ဝှစ်...

ကျန်းရီသည် အလောင်းကြီး၏ ကိုယ်တွင်းသို့ မိုးမြေစွမ်းအား ထည့်သွင်းလိုက်၏။ ထို့နောက် အလောင်းကြီးကို ထောင်ထွတ်အထက်သို့ ပျံတက်သွားစေလိုက်သည်။ သူသည် မိုးပြာမဟာဧကရာဇ် တာအိုကျင့်ကြံခဲ့သော နေရာကို အနီရောင်လွှမ်းသွားစေလိုပေသည်။ သူ မိုးပြာမဟာဧကရာဇ်၏ မျက်နှာကို ဖြတ်ရိုက်တော့မည်ဖြစ်သည်။

***

All Chapters