← Chapters

မိုးပြာမဟာဧကရာဇ်တောင်ထွတ်ပေါ်သို့ တစ်ကိုယ်တော်တက်ခြင်း

Vol. 123 Ch. 1717

မိုးပြာမဟာဧကရာဇ်တောင်ထွတ်ပေါ်သို့ တစ်ကိုယ်တော်တက်ခြင်း

Vol. 123 Ch. 1717

မိုးပြာမဟာဧကရာဇ်တောင်ထွတ်တွင် တောက်နူရော မိုးပြာမဟာဧကရာဇ်ပါ ရှိမနေပေ။ ယခုတွင် မိုးပြာမဟာဧကရာဇ်တောင်ထွတ်က အင်အားနည်းနေသည်။ တောက်နူ၊ တောက်နုနှင့် တောက်လန်တို့ ရှိမနေသလို တောက်မုန့်ကဲ့သို့သော စွမ်းအားကြီး အကြီးအကဲများသည်လည်း အပြင်ရောက်နေကြသည်။ တောင်ထွတ်တွင် ကျန်ခဲ့သော အကြီးအကဲများက သိပ်၍စွမ်းအားမကြီးကြပေ။

ကျန်းရီကိုသတ်ရန်အတွက် တောက်မျိုးနွယ်၏ စွမ်းအားကြီး သိုင်းသမား အားလုံးနီးပါး အပြင်ထွက်သွားကြသည်။ တောက်နူသည် မိုးပြာမဟာဧကရာဇ်တောင်ထွတ်တွင် စွမ်းအားကြီး သိုင်းသမားများစွာ မချန်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော မည်သူကမှ တောက်မျိုးနွယ်၏ အခြေချရာနေရာကို လာရောက်တိုက်ခိုက်ဝံ့လိမ့်မည် မဟုတ်ဟု သူ ယုံကြည်၍ပင်။

မိုးပြာမဟာဧကရာဇ်တပ်သား တော်တော်များများက မိုးပြာဒေသအပြင်တွင် ကင်းလှည့်နေကြရာ တမလွန်ဘုံစစ်တပ်သည်လည်း မိုးပြာဒေသထဲ ကျူးကျော်နိုင်မည် မဟုတ်ချေ။ ကမ္ဘာဦးကောင်းကင်ဘုံထဲမှ အခြားမျိုးနွယ်ကြီးများအတွက်မူ မည်သည့်မျိုးနွယ်က မိုးပြာမဟာဧကရာဇ်တောင်ထွတ်ကပေါ်တွင် ပြဿနာလာရှာဝံ့ပါမည်နည်း။ ထိုတောင်ထွတ်က မိုးပြာမဟာဧကရာဇ် တာအိုကျင့်ကြံခဲ့ရာနေရာ ဖြစ်သည်။ ထို့ပြင် မိုးပြာမဟာဧကရာဇ်ကိုယ်တိုင်က ၎င်းတောင်ထွတ်နှင့် ကီလိုမီတာသန်းဂဏန်းအနည်းငယ်သာ ဝေးသော ကျောက်သစ်တောဝင်္ကပါထဲတွင် နေထိုင်နေသည်မဟုတ်လော။ သို့ဖြစ်ရာ မည်သူက ထိုတောင်ထွတ်တွင် လာရှုပ်ရဲပါမည်နည်း။

ကျန်းရီက တောက်မျိုးနွယ်ဝင်များကို သတ်ရန် မိုးပြာမဟာဧကရာဇ်တောင်ထွတ်သို့ ရောက်လာလိမ့်မည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။ ဤကဲ့သို့ အရေးကြုံသည်အခိုက်တွင် မျိုးနွယ်ကို ဦးဆောင်နိုင်လောက်အောင် အင်အားကြီးသူ မရှိရာ မိုးပြာမဟာဧကရာဇ်တောင်ထွတ်သည် ဖရိုဖရဲဖြစ်နေပေသည်။

မိုးပြာမဟာဧကရာဇ်ခန်းမထဲတွင် အကြီးအကဲ အယောက်သုံးဆယ်ကျော်လောက်က တစ်ယောက်တစ်ပေါက် ပြောဆိုနေကြ၏။ သူတို့သည် အကူအညီလှမ်းတောင်းထားပြီးဖြစ်သည်။ သို့သော် တောက်နုနှင့် တောက်လန်တို့က ဝေပင်းပင်းတို့နှင့် ရင်ဆိုင်နေရ၍ အချိန်တိုအတွင်း ပြန်ရောက်လာနိုင်ဦးမည် မဟုတ်ချေ။

ထို့ပြင် တောက်နူက ယခုတွင် မည်သည့်နေရာ၌ ရှိနေကြောင်းကို မည်သူမှ မသိကြပေ။ သူက အကြီးအကဲများ၏ အကူအညီလှမ်းတောင်းမှုကို ပြန်မတုံ့ပြန်ခဲ့ချေ။ ထို့ကြောင့် အကြီးအကဲ အယောက်သုံးဆယ်ကျော်သည် အတူစုဝေး၍သာ ကျန်းရီအား မည်သို့ရင်ဆိုင်ရမည်ကို ဆွေးနွေးနေကြခြင်းဖြစ်သည်။

ထိုအကြီးအကဲများက အရူးများမဟုတ်ပေ။ သူတို့သည် ကျန်းရီ ရောက်လာတော့မည်ဆိုသော သတင်းကို ရလျှင်ရချင်းပင် တောင်ထွတ်နှင့် ကီလိုမီတာငါးသိန်းအကွာရှိ မိုးပြာမဟာဧကရာဇ်‌တောင်ကြားထဲတွင် တပ်ချထားသော မိုးပြာမဟာဧကရာဇ်တပ်သားများကို ဆင့်ခေါ်ခဲ့ကြ၏။ သို့သော် သူတို့ထံတွင် တောက်နု၏ အမိန့်ပြားမရှိရာ တပ်သားတစ်သန်းကိုသာ ဆင့်ခေါ်နိုင်ခဲ့သည်။ ယင်းမှာ တောက်နု၏ စည်းမျဉ်းပင်။ သူ့အမိန့်ပြားမပါပါက တစ်ကြိမ်လျှင် မိုးပြာမဟာဧကရာဇ်တပ်သား အယောက်တစ်သန်းကိုသာ ဆင့်ခေါ်ခွင့်ရှိပေသည်။

ထိုအကြီးအကဲများသည် သူတို့၏ အင်အားစုများကိုလည်း စတင်စုစည်းခဲ့ကြသည်။ မိုးပြာမဟာဧကရာဇ်တောင်ထွတ်ပေါ်ရှိ တည်နေရာပြောင်းရွှေ့အစီအရင်အားလုံးက အဆက်မပြတ် လင်းလက်နေပြီး တောက်မျိုးနွယ်ရှိ သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် အမျိုးသမီးများက အဝေးသို့ တည်နေရာပြောင်းရွှေ့သွားကြသည်။

ထိုတိုက်ပွဲကို တိုက်ရပေမည်။

ထိုအကြီးအကဲများသည် ထွက်ပြေးရန် လုံးဝမတွေးခဲ့မိပေ။ ဤနေရာမှာ အတိတ်တွင် မိုးပြာမဟာဧကရာဇ် တာအိုကျင့်ကြံခဲ့သော မိုးပြာမဟာဧကရာဇ်တောင်ထွတ်ပင်။ တောက်မျိုးနွယ်ဝင်အားလုံး သေဆုံးရမည်ဆိုလျှင်ပင် သူတို့ ဤနေရာကို ကာကွယ်ထားရပေမည်။ မဟုတ်လျှင် မိုးပြာမဟာဧကရာဇ်က တစ်လောကလုံး၏ ဟားစရာ ဖြစ်သွားပေလိမ့်မည်။

အကြီးအကဲများသည် မိုးပြာမဟာဧကရာဇ်ကို အကူအညီလှမ်းတောင်းရန် တွေးမိခဲ့ကြသည်။ သို့သော် သူက မည်သည့်နေရာတွင် ရှိနေကြောင်းကို သူတို့ မသိပေ။ မိုးပြာမဟာဧကရာဇ်မှာ မည်သူနည်း။ သူတို့မဆိုထားနှင့် မဟာအကြီးအကဲတောက်မုန့်သည်ပင် မိုးပြာမဟာဧကရာဇ်၏ တည်နေရာကို သိနိုင်ရန် အဆင့်မမီပေ။

ထို့ကြောင့် အကြီးအကဲများသည် တောက်နူ၊ တောက်နု၊ တောက်လန်နှင့် အခြားသူများ ပြန်ရောက်လာသည့်အချိန်အထိ တောင့်ခံထားရပေမည်။ တောက်နူနှင့် တောက်နုတို့ ပြန်ရောက်လာမှ မိုးပြာမဟာဧကရာဇ်ကို လှမ်း၍ အကူအညီတောင်းနိုင်မည်ဖြစ်သည်။ ထို့ပြင် ၎င်းအကြီးအကဲများသည် လက်ရှိတွင် ကျန်းရီက မည်မျှစွမ်းအားကြီးနေပြီဖြစ်ကြောင်းကို မသိကြပေ။ သူက အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်လောက်သာ စွမ်းအားကြီးလိမ့်မည်ဟု သူတို့ တွေးကြသည်။ သူတို့သာ မိုးပြာမဟာဧကရာဇ်မြို့ထဲတွင် အခိုင်အမာတပ်ချ၍ အပြင်သို့ တပ်သားသန်းကျော် စေလွှတ်မည်ဆိုလျှင် ကျန်းရီကို ထိန်းမထားနိုင်ဟု သူတို့ မယုံပေ။

“တင်ပြပါတယ်...”

ထောက်လှမ်းရေးတစ်ယောက်၏ အသံက မိုးပြာမဟာဧကရာဇ်မြို့ထဲတွင် ပဲ့တင်ထပ်သွား၏။

“ကျန်းရီ ဒီကို ရောက်လာပါပြီ”

“အတင့်ရဲလိုက်တာ... ကျုပ် အဲ့မျိုးမစစ်ခွေးကို သွားသတ်မယ်...”

စိတ်လှုပ်ရှားနေသော အကြီးအကဲတစ်ယောက်က ဆဲဆို၍ အပြင်ဘက်သို့ ပျံထွက်သွား၏။ သူ၏ သတ်ဖြတ်အရှိန်အဝါက မြို့ထဲမှ လူများကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ တပ်သားများသည် ထိုအကြီးအကဲ ပျံသန်းသွားသည်ကို တွေ့သောအခါ သူ့နောက်သို့ လိုက်သွားကြသည်။

“တိုက်ပွဲထွက်ကြစို့”

ခန်းမထဲမှ အကြီးအကဲအချို့သည် ခေါင်းခါလိုက်ကြ၏။ သို့သော် အခြားလည်း ရွေးချယ်စရာ မရှိသဖြင့် သူတို့ နောက်မှ လိုက်သွားရသည်။ မူလတွင် သူတို့သည် မိုးပြာမဟာဧကရာဇ်မြို့၏ အကာအရံများကို နှိုး၍ ကျန်းရီ၏ တိုက်ခိုက်မှုများကို အတော်ကြာအောင် ခုခံလိုခဲ့ကြသည်။ ကျန်းရီအနေဖြင့် အကာအရံများကို ဖျက်ဆီးရန် အချိန်တစ်ခု လိုပေလိမ့်မည်။ သို့သော် တပ်သားများစွာက မြို့ပြင်သို့ ပျံထွက်သွားကြပြီဖြစ်ရာ သူတို့လည်း နောက်မှ လိုက်သွားရတော့မည်ဖြစ်သည်။

ဝှစ်...ဝှစ်...ဝှစ်...

စွမ်းအားကြီး သိုင်းသမားများသည် ကောင်းကင်ထက်သို့ ပျံတက်၍ မိုးပြာမဟာဧကရာဇ်မြို့အထက်တွင် မားမားမတ်မတ် ရပ်နေကြ၏။ သူတို့နောက်တွင် မိုးပြာမဟာဧကရာဇ်တပ်သားများက ညီညာစွာ စီတန်းထားကြသည်။ ထိုတပ်သားများက အားမနည်းပေ။ အဆင့်အနိမ့်ဆုံး တပ်သားပင် နတ်ဘုရားဧကရာဇ်အဆင့် ရှိသည်။ ထို့ပြင် ထိုတပ်သားများက ထူးဆန်းသော တိုက်ကွက်ပုံစံ ဖော်ထားကြသည်။ ထိုတိုက်ကွက်က ပူးပေါင်းတိုက်ကွက်ဖြစ်ကြောင်း ထင်ရှားပေသည်။

အကြီးအကဲသုံးဆယ်ကျော်နှင့် အခြား အုပ်ချုပ်သူအဆင့် သိုင်းသမား ဆယ်ယောက်ကျော်တို့က တပ်သားများအရှေ့တွင် ရပ်နေကြသည်။ သူတို့အနောက်တွင် ငွေရောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားသော စည်းစနစ်ကျသည့် တပ်တစ်တပ်ရှိသည်။ အင်အား နှစ်သန်းလေးသိန်းရှိသော တပ်ကြီးက မားမားမတ်မတ်ရပ်နေပြီး တည်နေရာပြောင်းရွှေ့အစီအရင်များက အဆက်မပြတ် လင်းလက်နေကာ နောက်ထပ်တပ်သားများ စက္ကန့်မလပ် ရောက်လာနေပေသည်။

မိုးပြာမဟာဧကရာဇ်မြို့အထက်ရှိ ကောင်းကင်ထဲတွင် စွမ်းအားကြီး သိုင်သမားများ ပြည့်နှက်နေသည်။ သူတို့အားလုံးသည် အရှိန်အဝါများ ထုတ်လွှတ်၍ တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။ ထိုအရှိန်အဝါများကြောင့် ပတ်ဝန်းကျင်လေထုက ငြိမ်သွားပြီး အောက်ဘက်မှ မြို့ကလည်း ဖိနှိပ်ခံနေရသည်။

အချိန်မီ တည်နေရာမပြောင်းရွှေ့နိုင်ခဲ့သော သို့မဟုတ် ထွက်သွားဖို့ ငြင်းဆန်ခဲ့သော တောက်မျိုးနွယ်၏ တိုက်ရိုက်မျိုးဆက်မှဖြစ်သော လူငယ်များစွာသည် အထက်မှ တပ်သားနှစ်သန်းကျော်ကို ကြည့်၍ များစွာယုံကြည်မှုရှိလာကြ၏။ သူတို့သည် တိုက်ပွဲဖြစ်လာသည်နှင့် သူတို့ ဝင်ပါနိုင်ပါက ဝင်ပါရန် မစောင့်နိုင်ကြတော့ပေ။

ဝှစ်...

အဝေးမှနေ၍ ဧရာမအရိပ်ကြီးတစ်ရိပ် ပျံသန်းလာ၏။ ထိုအရိပ်အကြီးက ပေသုံးဆယ်လောက်မြင့်ပြီး အလွန်ကြီးမားသည်။ ၎င်း၏ ခန္ဓာကိုယ်မှနေ၍လည်း အားကောင်းသော အရှိန်အဝါ ထွက်နေသည်။ ၎င်းက မြို့နှင့် ပေတစ်သိန်းလောက် ဝေးသေးသော်လည်း ၎င်း၏ သတ်ဖြတ်အရှိန်အဝါက တစ်မြို့လုံးကို လွှမ်းခြုံသွားပေသည်။

“အလောင်းကြီး...”

လူများစွာသည် ကျန်းရီထံတွင် စွမ်းအားကြီး အလောင်းကြီးတစ်လောင်း ရှိကြောင်း ကြားဖူးထား၏။ ယခုတွင်မူ သူတို့ ထိုအလောင်းကြီးကို ကိုယ်တိုင်မြင်လိုက်ရပေပြီ။ သို့သော် သူတို့၏ အကြည့်များက အလောင်းကြီ၏ ပခုံးထက်တွင် ရပ်နေသော ဆံပင်အနီရောင်နှင့် လူငယ်တစ်ယောက်အပေါ်တွင်သာ ရှိနေကြသည်။

အလောင်းကြီး၏ ခန္ဓာကိုယ်နှင့် ယှဉ်လျှင် ထိုဆံပင်နီနှင့်လူငယ်က အလွန်အားနည်းကာ သေးငယ်သည်ဟု ခံစားရသည်။ သူက ဧရာမဆင်ကြီးတစ်ကောင်၏ ဦးခေါင်းထက်မှ ပုရွက်ဆိတ်လေးတစ်ကောင်နှင့် တူရာ သူ့ကို အလွယ်တကူ မျက်စိရှန်းသွားနိုင်ပေသည်။

သို့သော် ထိုအခိုက်တွင် မည်သူကမှ ထိုလူငယ်ကို အထင်မသေးဝံ့ပေ။ မရေမတွက်နိုင်သော မျက်ဝန်းများထဲတွင် နက်ရှိုင်းသော အမုန်းတရား ထွက်ပေါ်လာသည်။ တောက်မျိုးနွယ်၏ အမြင်မှ ကြည့်လျှင် ကျန်းရီ၏ အပြစ်များမှာ ခွင့်မလွှတ်နိုင်စရာပင်။ သူက တောက်မျိုးနွယ်၏ ဂုဏ်သိက္ခာကို ညစ်နွမ်းစေခဲ့ရုံသမာက သူတို့၏ ပထမသခင်လေးကို သတ်ကာ သူတို့ကို အရှက်ရစေခဲ့သည်။ ထိုအခိုက်တွင်လည်း သူသည် တောက်မျိုးနွယ်ဝင်များကို သတ်ဖြတ်ရန် မိုးပြာမဟာဧကရာဇ်တောင်ထွတ်ဆီသို့ ပေါ်ပေါ်ထင်ထင် လာနေပေသည်။

ကျန်းရီက ရန်သူတစ်ယောက်ပင်။ သို့သော် တောက်မျိုးနွယ်ဝင်အချို့သည် ထိုကျန်းရီက အခြားလူများနှင့် ကွဲပြားပြီး ထူးခြားသော အကျင့်စရိုက်ရှိကြောင်း အသိအမှတ်ပြုကြသည်။

ဘီလူးတစ်ကောင်၏ ပခုံးထက်တွင် ရပ်နိုင်သူမှာ ကိုယ်တိုင်လည်း ဘီလူးဖြစ်လာနိုင်သည်။ အလောင်းကြီး၏ ပခုံးထက်တွင် ရပ်နေသော ကျန်းရီ၏ အရှိန်အဝါမှာလည်း အလွန်ခက်ထန်နေပေသည်။ သူ၏ ဝဲလွင့်နေသော ဆံပင်နီများနှင့် သွေးချင်းချင်းရဲနေသော ကောင်းကင်လေပြေချပ်ဝတ်တို့ကို သူ၏ ရေခဲတမျှအေးစက်နေသော မျက်ဝန်းများနှင့် ပေါင်းစပ်လိုက်သောအခါ သူ့ပုံစံက အလွန်ရှိန်ဖွယ်ကောင်းနေပေသည်။

မကောင်းဆိုးဝါးတစ်ကောင်...

လူများသည် ကျန်းရီကို မြင်လျှင်မြင်ချင်း ထိုသို့တွေးမိသွားကြသည်။ ကျန်းရီ၏ အကြည့်က ဓားတစ်ချောင်းကဲ့သို့ စူးရှရာ မည်သူမှ သူနှင့် အကြည့်ချင့်ဆုံ၍ မကြည့်ဝံ့ပေ။

“အာ....”

ကျန်းရီသည် မိုးပြာမဟာဧကရာဇ်မြို့အထက်ရှိ လူများကို ဝေ့ဝဲကြည့်လိုက်၏။ သူ့မျက်နှာပေါ်တွင် အံ့အားသင့်သည့်အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ သူသည် ထိုတပ်သားနှစ်သန်းကျော်ကို အရေးမစိုက်ပေ။ သူက တောက်နူနှင့် မိုးပြာမဟာဧကရာဇ်ကို ရှာနေခြင်းဖြစ်သည်။ သို့သော် ထိုနှစ်ယောက်၏ အရှိန်အဝါကို မခံစားမိပါချေ။

‘ထူးဆန်းလိုက်တာ...’

ကျန်းရီ မျက်တောင်ပုတ်ခတ်လိုက်၏။ တောက်နူနှင့် မိုးပြာမဟာဧကရာဇ်တို့က သူ့ကို လှည့်စားရန် ကြိုးစားနေခြင်းလော။ သူတို့က ယခုတွင် ပုန်းနေပြီး သူ သတိလက်လွတ်ဖြစ်သွားချိန်ကျမှ အလစ်ဝင်တိုက်မည်လော။ သို့မဟုတ် သူတို့က အခြားအကြံတစ်ခုကို ကြံစည်နေခြင်းလော။

“ကျန်းရီ... သေပေတော့...”

ဒေါသတကြီး အော်လိုက်သံတစ်သံက ကျန်းရီကို ဆတ်ခနဲ တုန်သွားစေ၏။ အကြီးအကဲတစ်ယောက်က ဓားကို မြှောက်၍ အော်ပြောလိုက်သည်။

“အားလုံး တိုက်ကြ”

ရွှစ်...ရွှစ်...

တပ်သားနှစ်သန်းကျော်သည် သူတို့၏ တိုက်ခိုက်မှုများကို ထုတ်လွှတ်လိုက်ကြ၏။ ကောင်းကင်က တုန်ခါသွားပြီး အာကာပြင် စုတ်ပြဲသွားသည်။ နေနှင့်လလည်း မှေးမှိန်သွားသည်။ စူးရှသော အသံများက အောက်ဘက်ရှိ လူများ၏ နားများကို အူသွားစေသည်။

ထိုအခိုက်တွင် အောက်ဘက်မှ လူများသည် လောကကြီး ဖျက်ဆီးခံရတော့မည်ဟုပင် တွေးမိသွားကြ၏။ အားကောင်းသော အရှိန်အဝါများက ရုပ်လောကဘုံတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည်။

ကျန်းရီအပေါ်သို့ မရေမတွက်နိုင်သော ကောင်းကင်စိတ်အာရုံများ ကျရောက်လာ၏။ ကျန်းရီက ထိုတိုက်ခိုက်မှုများကို မည်သို့ခုခံမည်၊ မည်သို့ရှောင်တိမ်းမည်ကို သူတို့ သိလိုနေကြသည်။ သို့မဟုတ် ထိုတိုက်ခိုက်နှုနှစ်သန်းကျော်က သူ့ကို အပိုင်းပိုင်းပြတ်သွားအောင် လုပ်လိုက်နိုင်မည်လော။

ကျန်းရီ၏ လုပ်ရပ်များက လူများစွာကို လုံးဝအံ့အားသင့်သွားစေ၏။ သူက တစ်လက်မမှ မ‌ရွေ့သလို သူ့အလောင်းကြီးကလည်း မရှောင်တိမ်းလိုက်ပေ။ သူသည် နှုတ်ခမ်းတွန့်ကွေး၍ နတ်ဆိုးတစ်ကောင်ကဲ့သို့သာ ပြုံးနေပေသည်။

ဟုတ်၏။ ကျန်းရီက အမှန်ပင် ပြုံးနေလေသည်။

***

All Chapters