← Chapters

မင်းကို မသတ်နိုင်ရင် ငါ့ကိုယ်ငါ မိုးပြာမဟာဧကရာဇ်လို့ မခေါ်တော့ဘူး

Vol. 123 Ch. 1718

မင်းကို မသတ်နိုင်ရင် ငါ့ကိုယ်ငါ မိုးပြာမဟာဧကရာဇ်လို့ မခေါ်တော့ဘူး

Vol. 123 Ch. 1718

ကျန်းရီထံတွင် မပြုံးစရာအကြောင်း တစ်ခုမှ မရှိပေ။

ကျန်းရီသည် တစ်စုံတစ်ရာကို သဘောပေါက်သွားခြင်းပင်။ အကယ်၍ မိုးပြာမဟာဧကရာဇ် သို့မဟုတ် တောက်နူသာ ဤနေရာတွင် ရှိနေပါက သူ မိုးပြာမဟာဧကရာဇ်မြို့အနီးသို့ပင် ကပ်လာနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။ ထိုနှစ်ယောက်၏ တိုက်ခိုက်စွမ်းအားအရ သူတို့ သူ့ကို အလွယ်တကူ သတ်ပစ်နိုင်သည်။ သူတို့အနေဖြင့် မည်သည့်လှည့်ကွက်မှ သုံးနေရန် မလိုပေ။ တောက်နူမှာ မိုးပြာမဟာဧကရာဇ်၏ ဓားတော်ကိုင် မဟုတ်ပါလော။

အကြောင်းက မည်သို့ဖြစ်စေ မိုးပြာမဟာဧကရာဇ်နှင့် တောက်နူတို့က ဤနေရာတွင် ရှိမနေကြပေ။ သို့ဖြစ်ရာ ယခုတွင် ကျန်းရီ အလွန်စိတ်အေးသွားပေပြီ။ တောက်နူက ဤနေရာသို့ ပြန်လာနေပြီး မိုးပြာမဟာဧကရာဇ်ကလည်း ဤနေရာသို့ ရောက်လာတော့မည် ဆိုလျှင်ပင် အနည်းဆုံးတော့ သူ့တွင် တောက်မျိုးနွယ်ဝင်များကိုပါ သေရွာသို့ အပါခေါ်သွားနိုင်ရန် အခွင့်အရေးရှိပေလိမ့်ဦးမည်။

ကျန်းရီသည် အလောင်းကြီးအား သူ့ကို လက်နှင့်ကာ၍ နောက်လှည့်လိုက်ရန် ခိုင်းစေလိုက်၏။ အလောင်းကြီးသည် ၎င်း၏နောက်ကျောဖြင့် တိုက်ခိုက်မှုများကို ခံလိုက်ပေသည်။

ပုရွက်ဆိတ်များသည် အရေအတွက်များလျှင် ဆင်တစ်ကောင်ကို သတ်နိုင်သည်။ သို့သော် အမှန်တကယ် စွမ်းအားကြီးသော သိုင်သမားတစ်ယောက်က အင်အားဆယ်သန်းရှိသော စစ်တပ်ကို ရင်ဆိုင်နိုင်ပေသည်။

ဝုန်း...ဝုန်း...ဝုန်း...

ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ သန်းချီသော တိုက်ခိုက်မှုများက အလောင်းကြီး၏ နောက်ကျောပြင်ကို ထိမှန်နေသည်။ သို့သော် ထိုတိုက်ခိုက်မှုများက အသုံးဝင်ပါမည်လော။ ပူးပေါင်းတိုက်ခိုက်မှုက တပ်၏ တိုက်ခိုက်စွမ်းအားကို တိုးမြှင့်ပေးနိုင်လျှင်ပင်၊ ထိုတပ်သားနှစ်သန်းကျော်လုံးက အုပ်ချုပ်သူအဆင့် သိုင်းသမားများ ဖြစ်နေလျှင်ပင်... ဘာအရေးနည်း။

ထိုအလောင်းကြီးက မဟာနတ်ဘုရားမျိုးနွယ်၏ အရှေ့ဧကရာဇ်ဖြစ်ခဲ့ပြီး မဟာနတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ထက် တစ်ဆင့်သာနိမ့်ခဲ့သည်။ သူ သေပြီးနောက်တွင်လည်း သူ၏ ဝိညာဉ်အစအနက သူ့အလောင်းကြီးကို အထူးအတတ်တစ်ခုဖြင့် သန့်စင်ခဲ့သည်။ ထိုအလောင်းကြီး၏ ခန္ဓာကိုယ်က ကမ္ဘာဦးဝိညာဉ်ရတနာတစ်ခုလောက် စွမ်းအားကြီးပေသည်။ ကျန်းရီ၏ ခြောက်ရောင်ခြယ်မီးတောက်များနှင့် ဧကရာဇ်တစ်ပိုင်းအဆင့်ဖြစ်သော တောက်လန်၏ တိုက်ခိုက်မှုကပင် ၎င်းကို မဖျက်ဆီးနိုင်ခဲ့ရာ ယခုတိုက်ခိုက်မှုများက ၎င်းကို ဖျက်ဆီးနိုင်ပါမည်လော။

မည်သို့ပင်ဆိုစေ အလောင်းကြီးသည် အဆက်မပြတ်တိုက်ခိုက်မှုကြောင့် အဝေးသို့ လွင့်သွားသေးသည်။ တိုက်ခိုက်မှုတစ်ချီ ပြီးသွားသောအခါ အလောင်းကြီးသည် အရှေ့သို့ နောက်ကျောပေး၍ ပေတစ်သိန်း ပြန်ပျံသန်းလိုက်၏။ အလောင်းကြီးက တိုက်ခိုက်မှုများကို ကာပေးခဲ့သော်လည်း အဆက်မပြတ် ပေါက်ကွဲမှုများကြောင့် ကျန်းရီ၏သွေးများ ဆူပွက်လာသည်။

ဝှစ်..

အလောင်းကြီးက ရုတ်တရက် အရှေ့ပြန်လှည့်လိုက်ရာ အားလုံး ထိတ်လန့်သွားကြ၏။ အလောင်းကြီးက မည်သို့မှ မဖြစ်ရုံသာမက ကျန်းရီလည်း ထိခိုက်မထားပေ။ သူ့မျက်နှာက ဖြူဖပ်ဖြူရော်ပင် ဖြစ်မနေချေ။ သူ့နှုတ်ခမ်းစွန်းတွင်သာ သွေးစတစ်စ ရှိနေသည်။

“ခင်ဗျားတို့ ပြီးပြီလား။ အခု ကျွန်တော့်အလှည့်ပဲ”

ကျန်းရီသည် အလောင်းကြီးကို အရှေ့သို့ ပျံသန်းသွားစေလိုက်ပြီး အလောင်းကြီး၏ ပခုံးထက်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် ဗျပ်စောင်းကို ထုတ်၍ ခပ်ကြမ်းကြမ်း တီးခတ်လိုက်၏။ သူသည် ထိုသူများကို ထပ်မံတိုက်ခိုက်နိုင်ရန် အခွင့်အရေး မပေးလိုတော့ပေ။

တန်...တောင်...

ဗျပ်စောင်းသံသည် လောကထဲရှိ ကြောက်မက်ဖွယ်အကောင်းဆုံး တေးသွားတစ်ပုဒ်ကဲ့သို့ တပ်သားနှစ်သန်းကျော်အကြားနှင့် မြို့ထဲရှိ သန်းဆယ်ချီသော မြို့သူမြို့သားများအကြားတွင် ပဲ့တင်ထပ်သွားသည်။ သူတို့အားလုံး ဗျပ်စောင်းသံ၏ လွှမ်းမိုးမှုကို ခံလိုက်ရပေသည်။

ဤတစ်ခေါက်တွင် ကျန်းရီက အစွမ်းကုန်ထုတ်သုံးလိုက်သည်။ အားလုံးသည် မကောင်းသောအရှိန်အဝါ၏ သက်ရောက်မှုကို ခံရကာ နာကျင်တကြီး အော်ဟစ်၊ လူးလွန့်နေကြသည်။ အင်အားနှစ်သန်းကျော်ရှိသော တပ်ကြီးထဲတွင် အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမား လေး၊ ငါးယောက်သာ လေထဲတွင် ရပ်နေနိုင်သေးသည်။ သို့သော် သူတို့၏ မျက်ဝန်းများက လင်းလိုက်၊ မှိန်လိုက်ဖြစ်နေရာ သူတို့လည်း သက်ရောက်ခံနေရကြောင်း ထင်ရှားသည်။

ဝှစ်...

အလောင်းကြီးသည် ထို အုပ်ချုပ်သူအဆင့် စွမ်းအားကြီးသိုင်းသမားများကို ကွင်းရှောင်၍ တပ်ကြီးဆီသို့ ဦးတည်သွားလိုက်၏။ ကျန်းရီထံတွင် အုပ်ချုပ်သူအဆင့် သိုင်းသမားများနှင့် တိုက်ခိုက်နေရန် အချိန်မရှိပေ။ သူ၏ ရည်ရွယ်ချက်မှာ ထိုတပ်သားနှစ်သန်းကျော်ထဲမှ တပ်သားများကို များနိုင်သမျှ များများသတ်ရန်ဖြစ်သည်။

ထိုတပ်သားများက တောက်မျိုးနွယ်၏ အခြေခံအုတ်မြစ်ဖြစ်သည်။ မိုးပြာမဟာဧကရာဇ်စစ်တပ်ထဲတွင် တောက်မျိုးနွယ်မှ တပ်သားများစွာ ရှိသည်။ သူ ထိုတပ်သားများကို သတ်လိုက်မည်လျှင် ‌တောက်နူနှင့် တောက်နုသို့ သေချာပေါက် ရင်ကွဲနာကျသွားမည် မဟုတ်ပါလော။ ထိုနှစ်ယောက် ရင်ကွဲနာပိုကျလေလေ၊ ကျန်းရီက ပိုပျော်လေလေပင်။

ကျန်းရီက အတန်ငယ် ရူးသွပ်နေပြီဖြစ်ကြောင်း ထင်ရှားသည်။ သူ့ဦးနှောက်ထဲတွင် ‘သတ်၊ သတ်၊ သတ်’ ဆိုသော စာလုံးများမှလွဲ၍ အခြားမည်သည့်အရာမှ မရှိတော့ပေ။

သွေးညှီနံ့များ ထပ်မံ လှိုင်ထလာသည်။ သို့သော် ဤတစ်ခေါက်က သိုင်းသမားများစွာ၏ ရင်ထဲရှိ မြင့်မြတ်သောနေရာတစ်ခုဖြစ်သည့် မိုးပြာမဟာဧကရာဇ်တောင်ထွတ်တွင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက မိုးပြာမဟာဧကရာဇ်သည် ဤတောင်ထွတ်တွင် နှစ်တစ်ထောင် တာအိုကျင့်ကြံကာ မဟာဧကရာဇ်ဘွဲ့ရခဲ့သည်။ ယခုတွင် သူသည် ဤလောကထဲရှိ နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်နေပေပြီ။ ထို့ကြောင့် ဤတောင်ထွတ်က ဆန်းကြယ်မြင့်မြတ်ပုံပေါ်သည်။ ကျန်းရီက ဤနေရာတွင် သတ်ဖြတ်နေခြင်းမှာ မြင့်မြတ်နယ်မြေတစ်ခုကို စော်ကားခြင်း၊ မိုးပြာမဟာဧကရာဇ်ကို စိန်ခေါ်ခြင်းပင်။

ရွှစ်...

အလောင်းကြီးသည် တပ်ကြီးထဲ ထိပ်တိုက်တိုးဝင်၍ ၎င်း၏လက်နှစ်ဘက်ကို လှည့်ပတ်ဝှေ့ယမ်းလိုက်၏။ လက်တစ်ချက်ဝှေ့ယမ်းလိုက်တိုင်း လူအနည်းငယ် အသတ်ခံလိုက်ရသည်။ အလောင်းကြီးက တပ်၏အလယ်သို့ ရောက်သောအခါ ကျန်းရီသည် ဗျပ်စောင်းကိုသိမ်း၍ ပေါင်းစည်းမီးတောက်လုံးများကို အရပ်မျက်နှာအနှံ့သို့ ပစ်လွှတ်လိုက်လေသည်။

ကျန်းရီ၏ မြက်ခင်းပြင်မီးတောက်များက ကုန်သွားပြီဖြစ်ပြီး နောက်ဆုံးကျန်သည့် ‌ခြောက်ရောင်ခြယ်မီးတောက်လုံးကို အဆိပ်နတ်ဆိုးမြေရိုင်းထဲတွင် သုံးခဲ့ပြီဖြစ်သော်လည်း သူ့တွင် ငါးရောင်ခြယ်မီးတောက်များ ကျန်သေးပေသည်။

ထိုမီးတောက်များက အုပ်ချုပ်သူအဆင့် သိုင်သမားများကို သတ်နိုင်လောက်အောင် စွမ်းအားမကြီးသော်လည်း နတ်ဘုရားဧကရာဇ်များနှင့် ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များကိုမူ သတ်နိုင်ပေသည်။ ၎င်းမီးတောက်များက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသောအခါ နတ်ဘုရားဧကရာဇ်များ တစ်ယောက်ပြီးတစ်ယောက် မီးလောင်ပြာကျသွားသည်။ ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များမှာမူ ထိပ်တန်းအဆင့် စစ်ချပ်ဝတ်များကို ဝတ်ဆင်ထားကြသဖြင့် သေမသွားကြပေ။ သို့သော် ဒဏ်ရာအပြင်းအထန်တော့ ရသွားကြသည်။

“ကျန်းရီ... အတင့်ရဲလှချည်လား”

ဗျပ်စောင်းသံ ရပ်တန့်သွားပြီဖြစ်၍ အုပ်ချုပ်သူအဆင့် သိုင်သမားအချို့က ရုတ်ခြည်း အသိပြန်ကပ်သွားသည်။ သူသည် ကောင်းကင်စိတ်အာရုံများ ထုတ်လွှတ်ကာ ဒေါသတကြီး ‌အော်ပြောလိုက်ကြသည်။ ယခုတွင် ကျန်းရီက တပ်သားများကြားထဲသို့ ရောက်နေရာ သူ့ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ထို့ပြင် သူ၏မီးတောက်များက အနည်းဆုံး တပ်သားတစ်သောင်းလောက်ကို လောင်ကျွမ်းပြာချပစ်လိုက်ပြီဖြစ်သည်။

တန်...တောင်...

အားလုံး စတင် အော်ဟစ်လာကြ၏။ သို့သော် သူတို့ မည်သို့မှ မလုပ်နိုင်သေးခင်မှာပင် ကျန်းရီ၏ ဗျပ်စောင်းသံက ထပ်မံထွက်ပေါ်လာသည်။ ထိုအုပ်ချုပ်သူအဆင့် သိုင်းမားများအားလုံး ထပ်မံ၍ မလှုပ်နိုင် ဖြစ်သွားကြသည်။ ကျန်းရီ၏ ပတ်ပတ်လည်မှ တပ်သားများက မီး‌တောက်များကြောင့် သေဆုံးသွားပြီဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် အလောင်းကြီးကို အခြားတပ်သားတစ်စုကြားသို့ ပျံသွားစေလိုက်ပေသည်။

တပ်သားနောက်တစ်စုကြားသို့ ရောက်သောအခါ ကျန်းရီသည် အစောကလိုပင် ဗျပ်စောင်းကို သိမ်း၍ မီးတောက်များ ထုတ်လွှတ်လိုက်သည်။ မီးတောက်များက အရပ်မျက်နှံ့အနှံ့သို့ ပျံထွက်သွားပြီး သူ့ပတ်ပတ်လည်မှ တပ်သားများကို လောင်ကျွမ်းပစ်လိုက်သည်။ သို့ဖြင့် ကောင်းကင်တွင် ပို၍ရှင်းလင်းလာသည်။

တောင်...တန်...

အုပ်ချုပ်သူအဆင့် သိုင်းသမားများက ဒုတိယအကြိမ် အသိပြန်ကပ်လာသောအခါ ကျန်းရီသည် ဗျပ်စောင်းကို ထပ်မံထုတ်၍ တီးခတ်လိုက်ပြန်၏။ ကျန်းရီသည် ထိုအတိုင်း အကြိမ်ကြိမ်ပြုလုပ်၍ သတ်ဖြတ်နေပေသည်။ သူ၏နည်းလမ်းမှာ ထိရောက်မှုရှိသည်ဟု ဆိုရပေမည်။

“အား...”

အောက်ဘက်မြို့ထဲတွင် နာကျင်စွာ အော်ဟစ်လိုက်သံများ ထွက်ပေါ်လာသည်။ ကျန်းရီက မြို့အထက် ပေနှစ်သောင်းအကွာတွင် ရှိနေသော်လည်း သူ၏ ပေါင်းစည်းမီးတောက်များက အလွန်ပူပြင်းသည်။ ထို့ကြောင့် အောက်ဘက်ရှိ နတ်ဘုရားစစ်သူကြီးများနှင့် နတ်ဘုရားဘုရင်များက အပူဒဏ်ကို ခံလိုက်ရပေသည်။ သူတို့သည် ချက်ချင်း လောင်ကျွမ်းသေဆုံးမသွားသော်လည်း နာကျင်တကြီးဖြင့် မြေပြင်ပေါ်တွင် လူးလိမ့်သွားကြပေသည်။

မြင့်မားသော အပူချိန်က တစ်မြို့လုံးကို လွှမ်းခြုံသွားသောအခါ မြို့ထဲရှိ နေရာများစွာက စတင်လောင်ကျွမ်းလာကြ၏။ မီးခိုးငွေ့များကလည်း ကောင်းကင်ထက်သို့ တလူလူ တက်လာသည်။

မိုးပြာမဟာဧကရာဇ်မြို့ထဲရှိ အဆောက်အဦအားလုံးက ရဲတိုက်များဖြစ်သော်လည်း ၎င်းရဲတိုက်များအထဲတွင် သစ်သားစားပွဲများနှင့် ထိုင်ခုံများ ရှိသည် မဟုတ်ပါလား။ ထို့ပြင် မိုးပြာမဟာဧကရာဇ်မြို့က အလွန်လှပသောမြို့တစ်မြို့ ဖြစ်ခဲ့သည်။ မြို့ပတ်ပတ်လည်မှ ရှုခင်းများကလည်း စိမ်းစိမ်းစိုစိုနှင့် အလွန်လှပခဲ့သည်။ သို့သော် ယခုတွင်မူ ထိုသစ်ပင်များအားလုံး မီးကျွမ်းကုန်ကြပေပြီ။ အထက်မှနေ၍ အလောင်းများ ပြုတ်ကျလာသောအခါ အကာအရံမရှိသော ရဲတိုက်များသည် ထိုအလောင်းများ၏ အရှိန်ကြောင့် ပြိုပျက်ကုန်သည်။ တစ်ချိန်က လှပခဲ့သော မိုးပြာမဟာဧကရာဇ်မြို့သည် မကြာခင်တွင် မြို့ပျက်ကြီးတစ်ခု ဖြစ်သွားပေတော့မည်။

“သွားပြီ... ပြီးသွားပြီ...”

စိတ်ဝိညာဉ်အားကောင်းသော အချို့ အုပ်ချုပ်သူအဆင့် သိုင်းသမားများသည် အသိပြန်ကပ်လာလိုက် မကောင်းသောအရှိန်အဝါ၏ ထိန်းချုပ်မှုကို ပြန်ခံရလိုက်နှင့် ဖြစ်နေသည်။ သူတို့သည် အသိကပ်နေချိန်တွင် သေဆုံးမှုနှင့် ပျက်သုဉ်းမှုအကြောင်းကိုသာ တွေးနိုင်ကြပေသည်။

အချိန်မည်မျှသာ ကြာသေးသနည်း။ ဆယ့်ငါးမိနစ်ပင် မရှိတတ်သေးသည် မဟုတ်လော။ သို့သော် တပ်သားနှစ်သန်းကျော်ထဲမှ တစ်ဝက်လောက်က အသတ်ခံလိုက်ရပေပြီ။ မြို့ထဲရှိ မြို့သူမြို့သား တစ်သန်းလောက်လည်း သေဆုံးသွားပြီဖြစ်သည်။ မြေပြင်ပေါ်တွင် မီးကျွမ်းနေသော အလောင်းများ ပြည့်နှက်နေသည်။ နာကျင်တကြီး ဟစ်အော်သံများ၊ ခါးသီးစွာ အော်ဟစ်သံများကလည်း တောင်ထွတ်တစ်ခွင်တွင် ပဲ့တင်ထပ်နေသည်။ မိုးပြာမဟာဧကရာဇ်မြို့က ပြိုလဲသွားပေပြီ။

ယနေ့တွင် သူတို့ ကျန်းရီကို သတ်နိုင်သည်ဖြစ်စေ၊ မသတ်နိုင်သည်ဖြစ်စေ မိုးပြာမဟာဧကရာဇ်နှင့် တောက်မျိုးနွယ်တို့၏ ဂုဏ်သိက္ခာက လုံးဝပျက်သုဉ်းသွားပေပြီ။ မိုးပြာမဟာဧကရာဇ်မြို့က မီးလောင်ကျွမ်းနေပြီဖြစ်ရာ သူတို့ကို ကူညီမည့်သူများက အချိန်မီရောက်မလာလျှင် မြို့ထဲရှိ လူအားလုံး သေရပေတော့မည်။ မဟုတ်လျှင် မိုးပြာမဟာဧကရာဇ်မြို့က ပြာပုံဘဝ ရောက်သွားပေလိမ့်မည်။

ရွှီး...

အားလုံး မျှော်လင့်ချက် ကုန်ဆုံးလာချိန်တွင် ကောင်းကင်ထက်ရှိ တိမ်တိုက်များက ရုတ်တရက် ရွေ့လျားသွားပြီး မွန်းကြပ်ဖွယ်အရှိန်အဝါတစ်ခုက အထက်မှနေ၍ ကျဆင်းလာသည်။ မြင့်မားသော ကောင်းကင်ထက်တွင် မျက်လုံးတစ်စုံ ထွက်ပေါ်လာသည်။ ထိုမျက်လုံးတစ်စုံက အလွန်ကြီးမားကာ ကြောက်မက်ဖွယ်ကောင်းပေသည်။

“အတင့်ရဲလိုက်တာ”

မိုးချုန်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာ၏။ အားလုံး ရင်တုန်သွားသည်။ ထိုအခိုက်တွင် ဗျပ်စောင်းသံလည်း ရပ်တန့်သွားသည်။

မြို့ထဲရှိ မည်သူမှ မလှုပ်ရဲတော့ပေ။ အော်ဟစ်နေသံများလည်း တိတ်ဆိတ်သွားသည်။ လူအားလုံးသည် ထိုမျက်ဝန်းတစ်စုံကို မော့ကြည့်လိုက်ကြ၏။ ထို့နောက် ကျယ်လောင်သော အသံကြီး ထပ်မံထွက်ပေါ်လာသည်။

“ကျန်းရီ... မင်းက မိုးပြာမဟာဧကရာဇ်မြို့ထဲက လူတွေကို သတ်ရဲတယ်ပေါ့လေ။ ဒီနေ့ ငါ မင်းကို မသတ်နိုင်ရင် ငါ့ကိုယ်ငါ မိုးပြာမဟာဧကရာဇ်လို့ မခေါ်တော့ဘူး”

***

All Chapters