ခွေးအိုကြီး မိုးပြာမဟာဧကရာဇ်
Vol. 123 Ch. 1719
မိုးပြာမဟာဧကရာဇ်သည် ဖြစ်ပျက်နေသည်များကို သိပြီးထားပြီဖြစ်သည်။ သို့သော် သူ့ကို သတင်းပို့ခဲ့သူမှာ တောက်နူ မဟုတ်ပေ။
မိုးပြာမဟာဧကရာဇ်သည် မိုးပြာမဟာဧကရာဇ်မြို့ထဲတွင် ဝိညာဉ်အမှတ်အသားတစ်ခု ချန်ခဲ့သည်။ မြို့ထဲတွင် ထူးထူးဆန်းဆန်းများ ဖြစ်နေကြောင်း အာရုံခံမိခဲ့၍ သူသည် စွမ်းအားကြီး ဆန်းကြယ်စွမ်းရည်တစ်ခုကို သုံး၍ မြို့အထက်၌ မျက်လုံးတစ်စုံ ဖန်တီးခဲ့ခြင်းဖြစ်သည်။ သူ့ကို ကြိုဆိုနေသော မြင်ကွင်းက သူ၏တာအိုနှလုံးသားကို ကွဲကြေစေလုနီးနီးပင်။ သူသည် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အမှန်တကယ် ဒေါသထွက်သွားလေသည်။
တောက်နူက ရှေးဟောင်းနယ်မြေတစ်ခုသို့ သွားသည်။ သူသည် ဟန်ရေးပြရန်အတွက် သူနှင့်အတူ လူများစွာလည်း ခေါ်သွားခဲ့သည်။ ထိုရှေးဟောင်းနယ်မြေက အလွန်ထူးခြားသောနေရာတစ်ခုတွင် ဖြစ်သည်။ ၎င်းနယ်မြေအတွင်းသို့ သတင်းမပို့နိုင်ပေ။ ထို့ကြောင့် ကျန်းရီက မိုးပြာမဟာဧကရာဇ်မြို့တွင် သတ်ဖြတ်မှုများ ကျူးလွန်နေသည်ကို တောက်နူ မသိချေ။ တောက်နုနှင့် တောက်လန်တို့ကလည်း ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့၏ ဆွဲထားမှုကို ခံနေရသည်။ အကယ်၍ မိုးပြာမဟာဧကရာဇ်သာ မြို့ထဲတွင် ဝိညာဉ်အမှတ်အသားတစ်ခု မချန်ခဲ့ပါက ကျန်းရီသည် ဤမြို့ကို ပြာချ၍ အလွယ်တကူ လွတ်မြောက်သွားပေလိမ့်မည်။
‘နောက်ဆုံးတော့ သူ ရောက်လာပြီလား’
ကျန်းရီသည် ဗျပ်စောင်းတီးခတ်နေသည်ကို ရပ်တန့်၍ အထက်သို့ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။ လောက၏ နံပါတ်တစ်ဟူသော ပုဂ္ဂိုလ်ကို သူ မြင်လိုသည်။ မိုးပြာမဟာဧကရာဇ်တစ်ယောက် လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ ခက်ခက်ခဲခဲ တည်ထောင်ထားရသော မြို့က ဤအခြေအနေ ဖြစ်နေသည်ကို မြင်လျှင် မည်မျှဒေါသထွက်သွားမည်ကိုလည်း သူ သိလိုနေသည်။
ကျန်းရီ၏ နှလုံးသားသည် မိစ္ဆာအငွေ့အသက်အချို့၏ လွှမ်းမိုးမှုကို ခံထားရပေပြီ။ ထို့ကြောင့် သူသည် ထွက်ပြေးရန် လုံးဝ မတွေးမိပေ။ မည်သို့ပင်ဖြစ်စေ လောကနံပါတ်တစ်ဖြစ်သော မိုးပြာမဟာဧကရာဇ်က ကိုယ်တိုင်ထွက်လာပြီဖြစ်ရာ ကျန်းရီကို မည်သူက ကယ်တင်နိုင်ပါတော့မည်နည်း။
ကျန်းရီသည် ကောင်းကင်ထက်ရှိ ဒေါသခိုးများဝေနေသော မျက်လုံးတစ်စုံကို ကြည့်ရင်း ပို၍ရူးသွပ်လာ၏။ သူ ဗျပ်စောင်းကို သိမ်းကာ ထရပ်၍ ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
“ငါ့ကိုယ်ငါ မိုးပြာမဟာဧကရာဇ်လို့ မခေါ်တော့ဘူးတဲ့လား။ ဟားဟားဟား... ခွေးအိုကြီး... ခင်ဗျားက ဘယ်တုန်းကမှ အဲ့နာမည်နဲ့ ထိုက်တန်ခဲ့တာ မဟုတ်ပါဘူး။ ဒီလောကထဲမှာ ဧကရာဇ်တစ်ပါးပဲရှိတယ်။ အဲ့ဧကရာဇ်က ကောင်းကင်ဧကရာဇ်ပဲ။ ခင်ဗျားက ဘယ်သူမို့လို့ ကိုယ့်ကိုယ်ကိုယ် မဟာဧကရာဇ်လို့ ခေါ်နေရတာလဲ”
“...”
ပတ်ဝန်းကျင်တစ်ခွင်လုံး တိတ်ဆိတ်သွားသည်။ လူများစွာသည် မိုးပြာမဟာဧကရာဇ်ကို အကူအညီတောင်းလိုနေကြသော်လည်း ကျန်းရီ၏အော်သံကြောင့် နှုတ်ဆိတ်သွားကြသည်။ တိတ်ဆိတ်လွန်းလှရာ သစ်ရွက်ကြွေသံကိုပင် ကြားနိုင်လောက်သည်။ အားလုံးသည် ကြောက်ရွံ့တုန်လှုပ်၍လည်း နေကြပေသည်။
ထိုနေရာရှိ လူအားလုံးအတွက် မိုးပြာမဟာဧကရာဇ်က ကြီးကျယ်မြင့်မြတ်သော လူသားမျိုးနွယ်၏ အရှင်သခင်တစ်ယောက်ဖြစ်သည်။ သူတို့အားလုံးသည် မိုးပြာမဟာဧကရာဇ်ကို အလွန်လေးစားကြပြီး သူတို့ကိုယ်သူတို့ ကျေးတော်မျိုး၊ ကျွန်တော်မျိုးဟု လိုလိုလားလား နာမ်စားသုံးကြသည်။ လူများစွာ၏အိမ်တွင် မိုးပြာမဟာဧကရာဇ်၏ ရုပ်တုတစ်ရုပ်ဆီရှိကြသည်။ သူတို့သည် ထိုရုပ်တုကို နေ့စဉ် ရှိခိုးကန်တော့ကြသည်။
ယခုတွင်မူ လူတစ်ယောက်က မိုးပြာမဟာဧကရာဇ်ကို အမှန်ပင် ကြိမ်းမောင်းနေသည်လော။
ထိုလူသည် မိုးပြာမဟာဧကရာဇ်ကို ခွေးအိုကြီးဟုခေါ်၍ ဧကရာဇ်ဘွဲ့နှင့် မထိုက်တန်ကြောင်းလည်း ပြောနေသည်။ ယခုတွင် ကောင်းကင်ထက်၌ မိုးပြာမဟာဧကရာဇ်၏ မျက်လုံးတစ်စုံ ရှိနေရာ ကျန်းရီက ထိုစကားများကို မိုးပြာမဟာဧကရာဇ်အား မျက်နှာချင်းဆိုင်၍ ပြောနေသကဲ့သို့ပင်။
လူအားလုံး၏ အရှင်သခင်က ယခုတွင် လူငယ်လေးတစ်ယောက်၏ မျက်နှာချင်းဆိုင် စော်ကားမှုကို ခံနေရသည်။ သို့ဖြစ်ရာ အားလုံးသည် မိုးပြာမဟာဧကရာဇ်က ဒေါသအလျောက် တိုက်ခိုက်လိုက်ပါက သူတို့ပါ မြေစာပင်ဖြစ်ရမည်ကို စိုးရိမ်နေကြပေသည်။
သို့သော် ကျန်းရီက မကြောက်ပေ။ သူသည် အစကတည်းမှ မကြောက်ခြင်းပင်။ ထို့ပြင် ဤနေရာတွင် မျက်လုံးတစ်စုံသာ ထွက်ပေါ်လာခြင်းဖြစ်ပြီး မိုးပြာမဟာဧကရာဇ်ကိုယ်တိုင် ရောက်လာခြင်း မဟုတ်ချေ။ ကျန်းရီသည် မိုးပြာမဟာဧကရာဇ်ထက် ကြောက်မက်ဖွယ်ကောင်းသူများကို တွေ့ခဲ့ဖူးပေပြီ။ သူ့မီးနဂါးဓားထဲတွင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်ရှိနေရာ မိုးပြာမဟာဧကရာဇ်လောက်ကို ကျန်းရီက အရေးစိုက်နေမည် မဟုတ်ပေ။
“မင်းက အသက်မရှင်ချင်တော့ဘူးထင်တယ်”
မိုးပြာမဟာဧကရာဇ်၏ ဒေါသသံက အာကာပြင်ထဲတွင် ပဲ့တင်ထပ်သွား၏။ ထို့နောက် မျက်လုံးတစ်စုံ ပျောက်ကွယ်သွားပြီး ၎င်းနေရာတွင် ဧရာမလက်ဝါးရာကြီး ထွက်ပေါ်လာသည်။ ထိုလက်ဝါးရာကြီးက ကျန်းရီအပေါ်သို့ ကျဆင်းလာလေသည်။
‘နောက်ဆုံးတော့ ငါ သေရတော့မှာလား’
ကျန်းရီ ပြုံးလိုက်သည်။ သို့သော် သူသည် သေရန် ထိုင်စောင့်နေမည် မဟုတ်ပေ။ ချက်ချင်းပင် အလောင်းကြီးအား သူ့ကို ကာပေးစေလိုက်သည်။ သူ့ကိုယ်တွင်း၌လည်း မိုးမြေစွမ်းအား လှည့်ပတ်လိုက်သည်။
ဝုန်း...
အလောင်းကြီးက လေထဲမှနေ၍ အောက်ဘက်သို့ ကျဆင်းသွား၏။ ကျန်းရီလည်း အလောင်းကြီးနှင့်အတူ ပါသွားသည်။ ထိုလက်ဝါးချက်က အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်း၏ အရှိန်အဝါကလည်း မြို့ထဲရှိ လူအချို့ကို သတိလစ်သွားစေသည်။
လက်ဝါးရာကြီးက အလောင်းကြီးနှင့် ကျန်းရီကို မြို့ထဲသို့ ဖိချလိုက်၏။ မြို့ထဲတွင် ချိုင့်ရာကြီးတစ်ခု ဖြစ်သွားသည်။ အထက်မှကြည့်မည်ဆိုလျှင် ထိုချိုင့်ရာကြီးက လက်ဝါးရာဖြစ်ကြောင်း တွေ့ရပေမည်။
ဝုန်း...ဝုန်း...ဝုန်း...
ကောင်းကင်က တုန်ခါသွားပြီး မိုးပြာမဟာဧကရာဇ်တောင်ထွတ်က ယိမ်းထိုးသွားသည်။ ထို့ကြောင့် ရဲတိုက်များစွာ ပြိုကျကုန်ပြီး ဒဏ်ရာရထားသော သိုင်းသမားများက အပျက်အစီများ ပိကာ သေကုန်ကြသည်။
မိုးပြာမဟာဧကရာဇ်၏ အမျက်...
အားလုံး ထပ်မံ၍ တုန်လှုပ်သွားကြ၏။ သူတို့၏ အရှင်သခင်က ဒေါသထွက်နေပေပြီ။ မရေမတွက်နိုင်သော လူများသည် မြေပြင်တွင် ဒူးထောက်လိုက်ကြပြီး မလှုပ်ဝံ့ကြတော့ပေ။
ဝှစ်...
လေခွင်းသံတစ်သံ ထွက်ပေါ်လာ၍ အားလုံး အံ့အားသင့်သွား၏။ ချိုင့်ရာကြီးထဲမှနေ၍ အလောင်းကြီး ပျံထွက်လာသည်။ ၎င်းက ဒဏ်ရာများစွာ ရထားပြီး ခေါင်းလည်းကွဲနေသော်ငြား ပျက်စီးမသွားသေးကြောင်း ထင်ရှားပေသည်။
“ဟားဟားဟား...”
ကျယ်လောင်သော ရယ်သံက အားလုံး တုန်ယင်သွားစေသည်။ ကျန်းရီက အသက်ရှင်နေသေးသည်လော။ ကျန်းရီ၏ ပါးစပ်မှနေ၍ သွေးများစီးကျနေ၏။ သို့သော် သူက အလောင်းကြီး၏ လက်ဝါပေါ်တွင်ရပ်ကာ တဟားဟားဟားနှင့် ရယ်နေသည်။
“ဟားဟားဟား... ခွေးအိုကြီး မိုးပြာမဟာဧကရာဇ်၊ ခင်ဗျားက လောကနံပါတ်တစ် မဟုတ်ဘူးလား။ အဲ့ဒါတောင် တက်လှမ်းလာတာ တစ်နှစ်ပဲရှိသေးတဲ့ လူတစ်ယောက်ကို တစ်ချက်တည်းနဲ့ သေအောင်မသတ်နိုင်ဘူးလား။ ခင်ဗျား မရှက်ဘူးလား။ ခင်ဗျားရဲ့ နှစ်ထောင်ချီတဲ့ ကျင့်ကြံစွမ်းအားတွေကို ခွေးရိုက်ဖို့ သုံးလိုက်တာလား”
‘ခွေးရိုက်ဖို့ သုံးလိုက်တာလား...’
ထိုစကားမှာ အလွန်စော်ကားသော စကားပင်။ လူများ ဒေါသထွက်သွားကြသည်။ မိုးပြာမဟာဧကရာဇ်က သူတို့၏ အရှင်သခင်ပင်။ သူတို့၏ အရှင်သခင် စော်ကားခံနေရသည်ကို မြင်ရခြင်းမှာ သူတို့အသတ်ခံရခြင်းထက် ပိုခံရခက်ပေသည်။ သို့သော် လူများသည် အံ့အားလည်းသင့်နေကြသည်။ အဘယ်ကြောင့် မိုးပြာမဟာဧကရာဇ်က ကျန်းရီကို တစ်ချက်တည်းနှင့် မသတ်လိုက်ရသနည်း။ ကျန်းရီ တက်လှမ်းလာသည်မှာ တစ်နှစ်သာ ရှိသေးသည်။ သို့ဖြစ်ရာ ယခုအဖြစ်မှာ အမှန်ပင် လောကထဲရှိ အရယ်ရဆုံး ဟာသတစ်ခုလို ဖြစ်နေပေသည်။
‘မိုးပြာမဟာဧကရာဇ်က အဝေးကြီးမှာရှိနေတာ ဖြစ်ရမယ်’
တောက်မျိုးနွယ်အကြီးအကဲများက သဘောပေါက်ကြသည်။ မိုးပြာမဟာဧကရာဇ်၏ တိုက်ခိုက်စွမ်းအားကို သံသယဖြစ်စရာ မရှိပေ။ သူက ကျန်းရီကို ပုရွက်ဆိတ်သတ်သလို အလွယ်တကူ သတ်ပစ်နိုင်သည်။ ယခု ကျန်းရီကို တစ်ချက်တည်းနှင့် မသတ်နိုင်ခဲ့ခြင်းမှာ သူက အလွန်ဝေးသောနေရာတွင် ရှိနေ၍သာ ဖြစ်မည်။ ထိုမျှဝေးကွာသော နေရာကပင် ဤမျှစွမ်းအားကြီးသော တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်နိုင်သည်မှာ အလွန်လေးစားဖွယ်ကောင်းနေပြီဖြစ်သည်။ ထို့ပြင် ကျန်းရီက ကောင်းကင်လေပြေချပ်ဝတ်ကို ဝတ်ဆင်ထားပြီး တိုက်ခိုက်မှုကိုလည်း အလောင်းကြီးကသာ အများဆုံး ခံပေးခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ကျန်းရီ အသက်ရှင်နေသေးခြင်းမှာ ပုံမှန်သာ ဖြစ်ပေသည်။
ကျန်းရီသာ အုပ်ချုပ်သူအဆင့်သို့ မတက်လှမ်းနိုင်ခဲ့လျှင် အစောတွင် သူ သေချာပေါက် သေသွားပေလိမ့်မည်။ သို့သော် သူက အုပ်ချုပ်သူအဆင့်သို့ ရောက်နေပြီဖြစ်ရာ မိုးမြေစွမ်းအားကို သုံးလိုက်သောအခါ၌ သူ၏ရုပ်ခန္ဓာက ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတစ်ယောက်၏ ရုပ်ခန္ဓာလောက် သန်မာသွားသည်။ သို့ပင်လျှင် သူ၏ အရိုးအနည်းငယ်က ကျိုးသွားပြီး ကိုယ်တွင်းအင်္ဂါများ ဒဏ်ရာရသွားသေးပေသည်။
“ကောင်လေး... စောင့်ကြည့်နေလိုက်။ မကြာခင် တိုက်ခိုက်စွမ်းအား အစစ်အမှန်က ဘယ်လိုလဲဆိုတာကို ငါ မင်းကို ပြမယ်”
ဤတစ်ကြိမ်တွင် မိုးပြာမဟာဧကရာဇ် ဒေါသထွက်မသွားပေ။ သူသည် မျက်လုံးများကို ထပ်မံမဖန်တီးတော့သလို ဆက်၍လည်း မဆက်ခိုက်တော့ချေ။ အလွန်ဝေးသော အကွာအဝေးမှ တိုက်ခိုက်လျှင် ကျန်းရီကို မသတ်နိုင်လောက်ကြောင်း သူ သိသွားပုံပင်။
“မြန်မြန်လာခဲ့နော်... မဟုတ်ရင် ဒီမြို့က မြို့ပျက်ကြီး ဖြစ်ပြီပဲ၊ ဟားဟား”
ကျန်းရီသည် ကြောက်ရွံ့ဟန်မပြသည့်အပြင် ပြန်၍ ခနဲ့လိုက်သေးသည်။ ထို့နောက် သူသည် မီးတောက်လုံးများစွာ ထုတ်လွှတ်၍ တောက်မျိုးနွယ်တပ်ထဲသို့ ပစ်သွင်းလိုက်သည်။ သူက သေရတော့မည်ဖြစ်ပြီး ထွက်လည်းမပြေးနိုင်ရာ မိုးပြာမဟာဧကရာဇ် ရောက်မလာခင် တောက်မျိုးနွယ်ဝင်များကို များနိုင်သမျှများများ သေရွာသို့အပါခေါ်သွားရပေမည်။
“အား...အား...”
သတ်ဖြတ်မှုများ ပြန်စတင်လာသည်။ ကျန်းရီသည် အလောင်းကြီးကို ထိန်းချုပ်၍ လူများစုဝေးနေသော နေရာများသို့ ပျံသန်းသွားစေနေသည်။ သူသည် ဗျပ်စောင်းပင် မတီးတော့ဘဲ မီးတောက်များကိုသာ အဆက်မပြတ် ပစ်လွှတ်နေပေသည်။ ပြန်တိုက်ခိုက်မှုများကို ခုခံရန်လည်း သူ၏ ကောင်းကင်လေပြေချပ်ဝတ်နှင့် သန်မာသောခန္ဓာကိုယ်ကိုသာ အားကိုးထားသည်။
မိုးပြာမဟာဧကရာဇ်က အလွန်လျင်မြန်သည်။ သူက ကီလိုမီတာသန်းချီအကွာတွင် ရှိနေလျှင်ပင် ဤနေရာသို့ မကြာခင်အချိန်အတွင်း ရောက်လာနိုင်သည်။ သို့ဖြစ်ရာ ကျန်းရီအနေဖြင့် မြန်နိုင်သမျှအမြန်ဆုံး သတ်ဖြတ်ရမည်ဖြစ်သည်။
ဝုန်း...ဝုန်း...ဝုန်း...
ကျန်းရီသည် လက်ဝါးချက်များလည်း ရိုက်ထုတ်ကာ ရဲတိုက်များကို ဖျက်ဆီး၍ မိုးပြာမဟာဧကရာဇ်မြို့ကို စုတ်ပြတ်သွားအောင်လုပ်နေသည်။ သူ၏တိုက်ခိုက်မှုများကြောင့် မြို့ထဲမှ မြို့သူမြို့သားများလည်း ပို၍သေဆုံးလာသည်။ တော်သေးသည်မှာ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးများက ကြိုတင်ကာ မြို့ထဲမှ ထွက်သွားခဲ့ကြ၍ပင်။ မဟုတ်လျှင် သူတို့သည် မြင့်မားသော အပူချိန်ကို လုံးဝခံနိုင်လိမ့်မည် မဟုတ်ပေ။
ဝုန်း...ဝုန်း...ဝုန်း...
ပေါက်ကွဲသံများ၊ အကူအညီတောင်းသံများ၊ ညည်းညူသံများနှင့် အော်ဟစ်သံများ ပဲ့တင်ထပ်နေသည်။
အလောင်းများကလည်း နေရာအနှံ့တွင် ရှိနေသည်။ မြို့ထဲတွင် ရဲတိုက်အပျက်အစီးများနှင့် ပြည့်နှက်နေသည်။ ကောင်းကင်ထက်တွင်လည်း မီးခိုးများ တလုံးလုံးနှင့်ပင်။ သွေးညှီနံ့များလည်း မြို့တစ်ခွင်လုံးတွင် လှိုင်လျက်ရှိသည်။ ယခုတွင် မိုးပြာမဟာဧကရာဇ်မြို့က ငရဲဖြစ်သွားပေပြီ။