အားလုံးက ဇာစ်မြစ်အတူတူပဲ
Vol. 124 Ch. 1720
မိုးပြာမဟာဧကရာဇ်သည် မိုးပြာမဟာဧကရာဇ်မြို့နှင့် ကီလိုမီတာငါးသန်းအကွာတွင် ရှိနေသည်။ သူ၏ အမြန်နှုန်းက အလွန်လျင်မြန်သည်။ ဆိုရလျှင် ကပ်လောကတစ်ခုလုံးတွင် သူ့ထက်ပိုမြန်သူမှာ သုံးယောက်မပြည့်ပေ။
သို့ပင်လျှင် မိုးပြာမဟာဧကရာဇ်သည် မိုးပြာမဟာဧကရာဇ်မြို့သို့ ရောက်လာရန် အနည်းဆုံး ငါးမိနစ်လိုအပ်သည်။ ထိုငါးမိနစ်မှာ သူက ဧကရာဇ်အဆင့် သိုင်းသမားများသာ အသုံးပြုနိုင်သော လျှပ်တပြက်ပြောင်းရွှေ့ ဆန်းကြယ်စွမ်းရည်ကို သုံး၍ လာခဲ့မည်ဟု ယူဆကာ ခန့်မှန်းထားခြင်းဖြစ်သည်။ သူသာ ပျံသန်းလာမည်ဆိုပါက အနည်းဆုံး ဆယ်မိနစ် လိုအပ်ပေလိမ့်မည်။
ငါးမိနစ်မှာ အလွန်တိုတောင်းသော အချိန်တစ်ခုပင်။ သို့သော် ထိုအချိန်က ကျန်းရီ သတ်ဖြတ်နိုင်ရန်အတွက် လုံလောက်သည်။ ကျန်းရီသည် အရပ်မျက်နှာအနှံ့မှ လာနေသော တိုက်ခိုက်မှုများကို အရေးမထားတော့ပေ။ ကောင်းကင်လေပြေချပ်ဝတ်နှင့် သူ၏ ဧကရာဇ်တစ်ပိုင်းအဆင့် ရုပ်ခန္ဓာတို့ကသာ သူ့ကို မသေအောင် ကာကွယ်ပေးထားသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားများက သူ့ကို အဆက်မပြတ်တိုက်ခိုက်နေကြသော်လည်း အလွန်ဆုံးမှ သူ့အား ဒဏ်ရာရသွားအောင်သာ လုပ်နိုင်ပေသည်။
ကျန်းရီသည် ထိုအုပ်ချုပ်သူအဆင့် သိုင်းသမားများကို ပြန်တိုက်ခိုက်ကာ အချိန်မဖြုန်းလိုပေ။ သို့သော် သူ့အရှေ့တွင် ပိတ်ရပ်နေသူမှန်သမျှကိုမူ အလောင်းကြီးက လက်သည်းဖြင့် ကုတ်မည်ဖြစ်သည်။ ပြီးလျှင် သူက အရှေ့သို့ ဆက်သွား၍ တိုက်ခိုက်ပေမည်။ သူ့တွင် အချိန်များစွာ မရှိတော့ပေ။ သူ တပ်သားများကို များနိုင်သမျှများများသတ်၍ မိုးပြာမဟာဧကရာဇ်မြို့ကို အလောင်းများနှင့် လွှမ်းပစ်လိုနေပေသည်။
ကျန်းရီ၏ နဝမမြောက်ကြယ်စက်လုံးထဲတွင် ငါးရောင်ခြယ်မီးတောက်များစွာ ရှိခဲ့သည်။ သို့သော် အချိန်တိုလေးအတွင်းမှာပင် ၎င်းမီးတောက်အားလုံး ကုန်လုနီးပါး ဖြစ်သွားသည်။ တပ်ကြီးက အင်အားနှစ်သန်းရှိသည်။ ယင်းကို မြို့သူမြို့သား သန်းနှစ်ဆယ်လောက် ထည့်ပေါင်းလိုက်သောအခါ မိုးပြာမဟာဧကရာဇ်မြို့တစ်မြို့လုံးတွင် လူများနှင့် ပြည့်နှက်နေသည်။ မြို့သူမြို့သားများသည် တုန်လှုပ်တကြီးနှင့် အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးရန် ကြိုးစားနေကြသည်။ တပ်သားများမှာမူ ကျန်းရီထံသို့ ဦးတည်သွားနေကြသည်။ ထို့ကြောင့် မြို့တစ်ခွင်လုံး ပို၍ပင် ရှုပ်ထွေးလာသည်။
မိုးပြာမဟာဧကရာဇ်၏ မျက်လုံးကြီးနှစ်လုံး ထွက်ပေါ်မလာခင်ကတည်းက အင်အားနှစ်သန်းရှိသည့် တပ်ကြီး၏ တစ်ဝက်လောက်က အသတ်ခံခဲ့ရပြီးဖြစ်သည်။ ယခု အကြိမ်ဆယ်နှင့်ချီ၍ တိုက်ခိုက်ပြီးနောက်တွင် သိန်းကျော်သော တပ်သားများက ဒဏ်ရာရသူရ၊ မီးလောင်ကျွမ်းကာ သေဆုံးသူသေနှင့် ဖြစ်လာသည်။ အစတွင် ဆယ်ချီသော အုပ်ချုပ်သူအဆင့် သိုင်းသမားများ ရှိခဲ့သော်လည်း ယခုတွင် နှစ်ဆယ်မပြည့်တပြည့်သာ ကျန်တော့သည်။ ထို့အပြင် မြို့သူမြို့သား ငါးသန်းနီးပါးလည်း သေဆုံးသွားပြီဖြစ်သည်။ ထိုမျှသာ သေခြင်းမှာ ကျန်းရီက မြို့သူမြို့သားများကို တိုက်ရိုက်ပစ်မှတ်မထားခဲ့၍ဖြစ်သည်။ မဟုတ်လျှင် ယခုလောက်ဆို မြို့သူမြို့သား ဆယ်သန်းကျော်လောက် သေနေလောက်ပေပြီ။
ထိုမြို့သူမြို့သားများက စွမ်းအားမကြီးကြပေ။ ထို့ကြောင့်လည်း မြို့သူမြို့သားများဟု သတ်မှတ်ခံရခြင်းဖြစ်သည်။
အတိအကျဆိုရလျှင်တော့ သူတို့က မြို့သူမြို့သားများ မဟုတ်ပေ။ သို့ဆိုလျှင် အဘယ်ကြောင့် သူတို့ကို မိုးပြာမဟာဧကရာဇ်မြို့ထဲတွင် နေထိုင်ခွင့်ပြုထားရသနည်း။ ထိုလူများက တောက်မျိုးနွယ်နှင့် မိုးပြာမဟာဧကရာဇ်တို့၏ ကျွန်များဖြစ်သော မျိုးနွယ်ကြီးများမှ မျိုးနွယ်ဝင်များပင်။ မြို့ထဲတွင် မျိုးနွယ်ကြီး သုံးသိန်းကျော်လောက်ရှိသည်။ သူတို့အားလုံးက မိုးပြာမဟာဧကရာဇ်မြို့ထဲတွင် နေနေခဲ့ခြင်းမှာ တစ်လောကလုံးတွင် ထိုမြို့က အလုံခြုံဆုံးဟု မှတ်ယူထားခဲ့ကြ၍ပင်။ သူတို့အပေါ်သို့ ဤကဲ့သို့ ကပ်ဘေးကြီးတစ်ခု ကျရောက်လာလိမ့်မည်ဟု သူတို့ တစ်ခါမှ မျှော်လင့်မထားပေ။
ဝုန်း...ဝုန်း...ဝုန်း...
သုံးမိနစ်ကျော်သွားပြီးနောက်တွင်လည်း သတ်ဖြတ်မှုက ဆက်ဖြစ်နေဆဲပင်။ ကျန်းရီ၏ မျက်လုံးများက ရဲရဲနီနေသည်။ သူသည် မည်သည့်အရာကိုမှ အရေးမစိုက်တော့ချေ။ ယခုတွင် သူ့ပုံစံက လုံးဝရူးသွပ်သားသည့်ပုံ ပေါ်နေသည်။ သူသည် သူ့ထံသို့ ပျံဝင်လာသည့် လူများကို တွေ့လိုက်တိုင်း ထိုသူများထံ ပျံသန်းသွားကာ ချိန်ပင်မချိရွယ်ဘဲ တိုက်ခိုက်မှုများ ထုတ်လွှတ်နေသည်။ သူ့ခေါင်းထဲတွင် အတွေးတစ်ခုသာရှိသည်။ မြို့ထဲရှိ လူတိုင်းကို သူသတ်ပစ်လိုသည်။ ထိုမှ မိုးပြာမဟာဧကရာဇ်က နာကျင်ရပေလိမ့်မည်။
မိုးပြာမဟာဧကရာဇ်က အချိန်မရွေး ရောက်လာနိုင်သည်။ လောကကြီးက မည်မျှကြီးမားပါစေ ကျန်းရီတွင် ပြေးစရာမြေ ရှိမည်မဟုတ်ပေ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အိပ်မောကျနေသေးသည်။ သို့သော် သူနိုးလာလျှင်လည်း ထူးပါမည်လော။ သူက ဝိညာဉ်အစအနတစ်ခုသာဖြစ်သည်။ သူ ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲတွင် နှစ်တစ်သန်းကြာအောင် လွင့်ပြယ်မသွားဘဲ ဆက်တည်ရှိနိုင်ခဲ့သည်ကပင် အံ့အားသင့်စရာကောင်းနေပြီဖြစ်သည်။ သူသည် တမလွန်ဘုံစစ်သူကြီးတစ်ယောက်ကို ရှင်းပစ်၍ ဧရာမအစီအရင်ကြီးတစ်ခု ဆင်ရန်လည်း ကူညီပေးခဲ့သေးသည်။ သူ၏ဝိညာဉ်အစအန နိုးထလာလျှင်ပင် မိုးပြာမဟာဧကရာဇ်က သူ့ကို လုံးဝလျစ်လျူရှု၍ ကျန်းရီအား ဒေါသအလျောက် သတ်ပစ်နိုင်ပေသေးသည်။
မိုးပြာမဟာဧကရာဇ်က တောက်နူအား ကျန်းရီကို သတ်ရန်ပင် အမိန့်ပေးခဲ့ရာ ကျန်းရီက ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ် အရေးမစိုက်ကြောင်း ထင်ရှားသည်။ သို့ဖြစ်ရာ မိုးပြာမဟာဧကရာဇ်က ယန်ကိုးပါးကောင်းကင်ဧကရာဇ်အပေါ် သစ္စာမစောင့်သိဟု ကောက်ချက်ချနိုင်သည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အသက်ရှိနေသေးလျှင် မိုးပြာမဟာဧကရာဇ်က သူ့ထံတွင် လက်အောက်ခံလောက်သည်။ သို့သော် ယခုတွင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်က သေသွားပြီဖြစ်ရာ မိုးပြာမဟာဧကရာဇ်သည် သူ့အပေါ် သစ္စာစောင့်သိတော့မည် မဟုတ်ချေ။
ဝုန်း...
ကျန်းရီ အလင်းတန်းတစ်တန်း ထိမှန်ခံလိုက်ရပြီး အလောင်းကြီး၏ လက်ဝါးပေါ်မှ လွင့်ထွက်သွား၏။ သူ ရဲတိုက်တစ်လုံးနှင့် ဝင်ဆောင့်သော်လည်း ချက်ချင်းပြန်၍ ပျံတက်လာပြီး ခေါင်းခါလိုက်သည်။ သူ့ပါးစပ်မှနေ၍လည်း သွေးများ စီးကျလာသည်။
ကျန်းရီ ခေါင်းကိုက်နေ၏။ ထိုနာကျင်မှုက သူ့ကို အသိပြန်ကပ်သွားစေပုံပေါ်သည်။ သူ့မျက်လုံးများက နီရဲမနေတော့ပေ။ သူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ ပျက်စီးနေသာ မိုးပြာမဟာဧကရာဇ်မြို့ကို မြင်လိုက်ရသည်။ မည်သည်ကြောင့်ရယ်မသိ သူ့ကို ဝမ်းနည်းမှုတစ်ခုက လွှမ်းခြုံသွားသည်။ ထိုသို့ခံစားရခြင်းမှာ သူက ဤနေရာတွင် မြှုပ်နှံခံရတော့မည် ဖြစ်၍လည်း ဖြစ်နိုင်သည်။
ကျန်းရီသည် သူ့ပတ်ပတ်လည်မှ လူများကို ဆက်မတိုက်ခိုက်တော့ပေ။ သူ့ပုံစံက သတ်ဖြတ်ရခြင်းများကြောင့် ပင်ပန်းနွမ်းနယ်ကာ ထုံနေပုံပင်။ သူ လေထဲတွင် ရပ်ကာ မြို့ထဲရှိ တောင်ပုံရာပုံ အလောင်းများကို ကြည့်ရင်း တွေဝေလာ၏။ ဤအတိုင်း သတ်ဖြတ်မှုက မှန်သလော၊ မှားသလော။ သူ ဆက်လက်သတ်ဖြတ်သင့်သလော။
ဝိညာဉ်ဘုရင်၊ တိရှအရှင်နှင့် ဆောင်းဥတုအရှင်တို့ သေသွားပြီဆိုသော သတင်း၊ မိုးပြာမဟာဧကရာဇ်၏ အကောက်ကြံမှုတို့က ကျန်းရီကို အလွန်ဒေါသထွက်ကာ မကျေမနပ်ဖြစ်စေခဲ့သည်။ ယခုတွင်မူ ထိုခံစားချက်အားလုံး ပျောက်ကွယ်သွားပေပြီ။ သူ့နှလုံးသားထဲရှိ သတ်ဖြတ်လိုစိတ်ကလည်း လျော့ကျလာပြီဖြစ်သည်။
“ထားလိုက်တော့၊ ထားလိုက်တော့၊ ထားလိုက်တော့။ အားလုံးပဲ ကျွန်တော့်ကို ဆက်မတိုက်ခိုက်ကြပါနဲ့တော့။ ကျွန်တော် ဆက်ပြီး မသတ်ချင်တော့ဘူး”
ကျန်းရီက ရုတ်တရက် အော်ပြောလိုက်ပြီး အလောင်းကြီးကို သိမ်းလိုက်၏။ ထို့နောက် သူ ရဲတိုက်တစ်လုံးထိပ်သို့ ပျံသန်းသွားကာ ထိုင်ချ၍ ပတ်ဝန်းကျင်ကို အေးစက်စက်မျက်ဝန်းများနှင့် ကြည့်လိုက်သည်။ သူသည် တိုက်ခိုက်ရန် ဟန်ပြင်နေကြသော တောက်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများကို ကြည့်ကာ အေးစက်စက်လေသံနှင့် အော်ပြောလိုက်၏။
“ဆက်တိုက်ချင်နေတဲ့သူတွေ... မိုးပြာမဟာဧကရာဇ် ရောက်မလာခင် ကျွန်တော်က နောက်ထပ် လူသိန်းချီကို သတ်ပစ်နိုင်တယ်ဆိုတာ ယုံလား။ ခင်ဗျားတို့လို အမှိုက်ကောင်တွေက ကျွန်တော့်ကို သတ်နိုင်လိမ့်မယ်လို့ ထင်လား”
တိုက်ခိုက်ရန် ဟန်ပြင်နေကြသူများ ရုတ်ခြည်း ရပ်တန့်သွားကြ၏။ သူတို့၏ မျက်နှာထားထဲတွင် ဒေါသနှင့် ဝမ်းနည်းမှုတို့ ပြည့်နှက်နေသည်။ သို့သော် ကျန်းရီ၏စကားက မှန်ကြောင်း သူတို့သိပေသည်။ သူတို့ ဆက်၍ မတိုက်ခိုက်ဝံ့ကြတော့ပေ။ ကျန်းရီက ထွက်ပြေးရန် မကြိုးစားသ၍ မိုးပြာမဟာဧကရာဇ် ရောက်လာသည်နှင့် သေရပေလိမ့်မည်။
ကျန်းရီ၏ပုံစံမှာ အလွန်ပင်ပန်းနွမ်းနယ်နေပုံပေါ်သည်။ သူသည် နောက်ဆုံးတွင် သူ သေရမည်ကို သိထားပုံပင်။ သူ လူများကို ထပ်သတ်သည်ဖြစ်စေ၊ မသတ်သည်ဖြစ်စေ သူ့အတွက် အရေးမပါတော့ပေ။
ကျန်းရီသည် ခေါင်းငုံ့၍ သူ့ဆံပင်များကို လက်နှစ်ဘက်ဖြင့် ဆုပ်စွဲနေ၏။ သူ့မျက်နှာကလည်း ရှုံ့တွနေသည်။ စက္ကန့်များစွာကြာအောင် နှုတ်ဆိတ်နေပြီးမှ သူ ရုတ်တရက် မော့ကြည့်ကာ လှောင်ရယ် ရယ်လိုက်သည်။ ထို့နောက် အောက်မှ တပ်သားများနှင့် စွမ်းအားကြီး သိုင်းသမားများကို ဝေ့ဝဲကြည့်၍ ဝမ်းနည်းဟန်ဖြင့် ပြောလိုက်လေသည်။
“ဘာလို့လဲ၊ ဘာလို့လဲ၊ ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ။ လူသားမျိုးနွယ်က ပျက်သုဉ်းတော့မယ်၊ ဒါပေမဲ့ ကျွန်တော်တို့က အချင်းချင်း ပြန်သတ်နေကြတုန်းပဲ...”
“လောကကြီးက ချောက်နက်ထဲကျသွားဖို့ တဲတဲပဲလိုတော့တယ်၊ ကျွန်တော်တို့အကုန် ဖျက်ဆီးခံရတော့မယ်။ ဒါပေမဲ့ ကျွန်တော်တို့က အချင်းချင်း ပြန်တိုက်ခိုက်နေကြတယ်။ ကျွန်တော်တို့ထဲမှာ ဘယ်သူကမှားတာလဲဆိုတာ ကျွန်တော့်ကို ဘယ်သူ ပြောပြနိုင်မလဲ... ကျွန်တော်လား၊ တောက်နူလား ဒါမှမဟုတ် ခွေးအိုးကြီး မိုးပြာမဟာဧကရာဇ်လား။ ဒီလောကကြီး တည်ရှိနေတာကိုက အမှားတစ်ခုလား”
မည်သူကမှ ကျန်းရီ၏ မေးခွန်းများကို ပြန်မဖြေကြပေ။ လူများစွာက ထိုအကြောင်းကို တွေးပင်မတွေးသော်လည်း လူအနည်းငယ်မှာ တွေဝေလာသည်။ သို့သော် ထိုလူအနည်းငယ်သည်လည်း ချက်ချင်းပင် လှောင်ပြုံးပြန်ပြုံးလိုက်ကြသည်။ ကျန်းရီက ဆိုးဝါးသောပြစ်မှုများစွာကို ကျူးလွန်ခဲ့သည်။ ယခု မိုးပြာမဟာဧကရာဇ် လာနေပြီဖြစ်၍ သူက ဝမ်းနည်းယောင်ဆောင်ရန် ကြိုးစားနေခြင်းလော။
သူတို့အတွက် ကျန်းရီမှာ အစကတည်းက မှားခဲ့သူဖြစ်သည်။ တောက်နူ၊ တောက်နုနှင့် တောက်လန့်တို့က အမြဲမှန်သည်။ မိုးပြာမဟာဧကရာဇ်ဆိုလျှင် ပို၍ပင် မှန်သေးသည်။
“ဟူး...”
ကျန်းရီသည် အားဖျော့စွာဖြင့် မျက်လုံးမှိတ်လိုက်၏။ ရုတ်တရက် သူ နောင်တရလာသည်။ သူသည် ဒေါသကို အရှုံးပေး၍ ရင်ထဲတွင် ပြည့်ကြပ်နေသည့် ဒေါသများကို ဖွင့်ထုတ်ခဲ့၏။ သို့သော် သူ့ကြောင့် စွမ်းအားကြီး သိုင်းသမားများစွာနှင့် အပြစ်ကင်းသော မြို့သူမြို့သားများ သေဆုံးခဲ့ရသည်။ မည်သူက အပြစ်ရှိခဲ့သည်ဖြစ်စေ သူသည်လည်း ခွင့်လွှတ်၍မရနိုင်သော အပြစ်တစ်ခုကို ကျူးလွန်ခဲ့မိသည်။
“ငါတို့အားလုံးက ဇာစ်မြစ်အတူတူပဲ။ ဘာလို့ အချင်းချင်း ဖျက်ဆီးပစ်ဖို့ စိတ်အားထက်သန်နေရတာလဲ”
ကျန်းရီ ဝမ်းနည်းစွာ သက်ပြင်းချလိုက်ပြီး မည်သို့မှ ဆက်မပြောတော့ပေ။ သို့ဖြင့် သူသည် ရဲတိုက်ထိပ်တွင် ထိုင်ကာ မိုးပြာမဟာဧကရာဇ် ရောက်လာမည်ကို၊ သေရမည်ကို စောင့်ဆိုင်းနေလေသည်။
“ဟုတ်တယ်... ငါတို့အားလုံးက ဇာစ်မြစ်အတူတူပဲ။ ဘာလို့ အချင်းချင်း ဖျက်ဆီးပစ်ဖို့ စိတ်အားထက်သန်နေရတာလဲ”
ရုတ်တရက် သိမ်မွေ့သော အမျိုးသမီးအသံတစ်သံက မြို့ထဲရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။ ထိုအမျိုးသမီးအသံက ကောင်းကင်မှ လာသည်ဟု ထင်ရသလို ပတ်ပတ်လည်မှ ရောက်လာသည်ဟုလည်း ထင်ရသည်။ ထိုအသံကြောင့် ကျန်းရီ ကြက်သီးထသွားသည်။
“ကျန်းရီ... အစက ငါ မင်းကို မကယ်ချင်ခဲ့ဘူး။ ဘာလို့လဲဆို မင်းရဲ့ သတ်ဖြတ်လိုစိတ်က အင်မတန် အားကောင်းလို့ပဲ။ မင်းက အပြစ်မဲ့တဲ့လူတွေအများကြီးကို သတ်ခဲ့တယ်။ အဲ့ဒါက ကြီးလေးတဲ့ပြစ်မှုပဲ။ ဒါပေမဲ့ မင်း အသိပြန်ကပ်လာခဲ့တယ်။ ဒီတစ်ခေါက် ငါ ခြွင်းချက်ထားပြီး မင်းကို ကယ်လိုက်မယ်။ ငါရဲ့ မင်းအပေါ်အထင်က မမှားပါစေနဲ့လို့ မျှော်လင့်ပါတယ်။ ငါ ကပ်လောကထဲကို ပိုကြီးတဲ့ ကပ်ဘေးကြီး သယ်လာပေးသလို မဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်”
ထိုအသံ ပျောက်ကွယ်သွားပြီးနောက် မိုးပြာမဟာဧကရာဇ်မြို့ထဲတွင် အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာ၏။ ထိုအက်ကြောင်းထဲမှနေ၍ ဧရာမသစ်မြစ်ကြီးတစ်ခု ထွက်လာကာ ကျန်းရီကို ရစ်ပတ်လိုက်ပြီး သူ့အား မြေကြီးထဲ ဆွဲခေါ်သွားလေသည်။
“အာ...”
တောက်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများသည် ရုတ်ခြည်း ဒေါသထွက်သွားကြ၏။ သူတို့အားလုံး တိုက်ခိုက်လိုက်ကြသည်။ သို့သော် သစ်မြစ်ကြီးက အလွန်လျင်မြန်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျန်းရီက မြေကြီးထဲရောက်ကာ ပျောက်ကွယ်သွားလေသည်။
“ချင်လင်း... မင်းလုပ်ရဲလား”
အနောက်ဘက်မှနေ၍ ကျယ်လောင်သော အော်သံကြီးတစ်သံ ထွက်ပေါ်လာ၏။ မိုးပြာမဟာဧကရာဇ်၏ အော်သံကို ကီလိုမီတာငါးသိန်းအကွာမှပင် ကြားနိုင်ပေသည်။
“ချင်လင်း... မင်း အဲ့လိုလုပ်တာက လူသားမျိုးနွယ်ကို စစ်ကြေညာလိုက်တာပဲ။ မင်းလို မိစ္ဆာလေးတစ်ကောင်က ဒီကိစ္စမှာ ဝင်ရှုပ်လို့ရမယ်လို့ ထင်နေလား။ မင်း ကျန်းရီကို ကယ်ရဲရင် ငါ မင်းကို အပိုင်းပိုင်း ခုတ်ပစ်မယ်”
***