ဟန်ယု
Vol. 1 Ch. 13
“ဘုရားရေ... မေ့မေ့နဲ့ ဝေ့ဝူယင်ရဲ့ အဖွဲ့က မဟာမိတ်တွေ မဟုတ်ဘူးလား... ဒါက ဘယ်လိုဖြစ်တာလဲ”
လူအုပ်ထဲရှိ တစ်ယောက်က ကျယ်လောင်းစွာ အော်ဟစ်လိုက်သည်။ သို့သော်လည်း ထိုအတွေးမှာ လူတိုင်း၏ စိတ်ထဲတွင် ရှိနေသော အရာဖြစ်သည်။
မည်ကဲ့သို့ ဖြစ်သွားရသနည်း။ ဝေ့ဝူယင်က နောက်ဆုတ်ရန် အမိန့်ပေးခဲ့သည့်တိုင် ဟန်ယုက ထိုအရာကို လျစ်လျူခဲ့သည်။
ဝေ့ဝူယင်က မေ့မေ့ဘက်သို့ လှည့်ကြည့်လိုက်ရာ အနည်းငယ် အံ့အားသင့်ဟန် ရနေသည့် သူမအား တွေ့လိုက်ရသည်။
“ဂရုစိုက်ပါ...”
ဝေ့ဝူယင်က အားနားစွာဖြင့် သတိပေးလိုက်သည်။
ပထမ၌ မေ့မေ့မှာ ဝေ့ဝူယင် သူမအား လုပ်ကြံပြီဟု ထင်မိသေးသည်။ သို့သော်လည်း ဒေါသထွက်ကာ အားနာနေဟန် ရသည့် အမူအရာကို မြင်သောအခါ၌ တရားခံက သူမဟုတ်ကြောင်း သူမ သိလိုက်သည်။ ဂိုဏ်း၏ သက်တမ်း အရင့်ဆုံး အဓိက တပည့် တစ်ယောက် အနေဖြင့် သူမသည် အတွေ့အကြုံ အရှိဆုံး ဖြစ်သည်။ သို့သော် အလားအလာ အနိမ့်ဆုံး တပည့်လည်း ဖြစ်သည်။
များသောအားဖြင့် သူမသည် လက်ရှိနေရာကို ဆက်လက် ဆုပ်ကိုင်ရန် အစီအစဥ်များ ချမှတ်ထားလေ့ ရှိသည်။ သို့သော်လည်း ယခု စိန်ခေါ်ခံရခြင်းက မမျှော်လင့်ထားသော အရာ ဖြစ်သည်။ သို့တိုင်အောင် သူမသည် ကျင့်ကြံခြင်း အဆင့် တစ်ခု ကွာခြားမှု အရ ဟန်ယုကို အနိုင်ရယူရန် ယုံကြည်ချက် ရှိနေဆဲ ဖြစ်သည်။
သူမက ဝေ့ဝူယင်ကို ညင်သာစွာပင် ပြန်လည် ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူမက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လက်စွပ်ထဲမှ အပြာရောင် ဓားတစ်ချောင်းကို ထုတ်ယူ၍ စိန်ခေါ်မှုကို လက်ခံကြောင်း ပြသလိုက်သည်။ သူမသည် တည်ငြိမ်စွာပင် ဟန်ယုနှင့် မျက်နှာချင်းဆိုင်၏။
“မဆိုင်တဲ့လူတွေ နောက်ဆုတ်ပေးပါ”
အကြီးအကဲပိုင်က အမိန့်ပေးလိုက်၏။ ဝေ့ဝူယင်နှင့် အခြားလူများမှာ လှပစွာပင် ပျံဝဲကာ စင်မြင့်အောက်သို့ ဆုတ်ခွာသွားကြသည်။
ဟန်ယုမှာ မည်သည့် လက်နက်ကိုမှ ထုတ်ယူခြင်း မပြုချေ။ ထို့အစား သူက သိုင်းဟန် တစ်ခုကို ခင်းကျင်းကာ တည်ငြိမ်စွာ ရပ်လိုက်သည်။ ခြေထောက်ပတ်လည်၌ မြေမှုန်များ မြင့်တက်နေခြင်းကို ကြည့်၍ ဟန်ယု၏ ခန္ဓာကိုယ်တွင် ချီတစ်ခု လှည့်ပတ်နေကြောင်း သိရှိနိုင်ပေသည်။
ဝေ့ဝူယင်က ထိုအရာကို မြင်သောအခါ မျက်နှောင်ကြုတ်လိုက်၏။ သို့သော်လည်း စိန်ခေါ်ပွဲ၌ တင်းကြပ်သော စည်းကမ်းများ ရှိပေသည်။ သူသာ မဆင်မခြင် လုပ်ပါက သူ၏ အဓိက တပည့် ဟူသော ရာထူးပင်လျှင် ဆုံးရှုံးသွားနိုင်သည်။ ယခုအခိုက်အတန့်၌ သူလုပ်နိုင်သမျှ အရာအားလုံးကား ငြိမ်သက်စွာ စောင့်ကြည့်ခြင်း တစ်ခုသာ ရှိပေသည်။
မေ့မေ့မှာ ရှေ့သို့ တိုးလာ၏။ သူမ၏ ကြောက်မက်ဖွယ် ကောင်းသော မြန်နှုန်းမှာ ချီပျစ်ခဲခြင်း ဒုတိယ အဆင့် ကျင့်ကြံသူ တစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို လှစ်ဟာပြသနေသည်။ တစ်ချိန်တည်း၌ သူမသည် ခန္ဓာကိုယ်အား ကာကွယ်ရန် ချီလွှာတစ်ခုကို ဖန်တီးထား၏။ နူးညံ့စွာ စီးဆင်းခြင်း အဆင့်သို့ ရောက်သည်နှင့် ကျင့်ကြံသူများသည် ချီကျင့်စဥ် အမျိုးမျိုးကို အသုံးပြုလာနိုင်ကြသည်။
ဟန်ယုမှာ ယခုမှ ချီပျစ်ခဲခြင်း အဆင့်တစ်ကိုသာ ရောက်ရှိသေးရာ ထိုကဲ့သို့ မစွမ်းဆောင်နိုင်သော်လည်း ချီလှည့်ပတ်ခြင်းဖြင့် ခန္ဓာကိုယ်ကို အားဖြည့်နိုင်ပေသည်။
မေ့မေ့သည် တစ်ခဏ အတွင်းမှာပင် ဟန်ယု၏ အနားသို့ ရောက်ရှိလာသည်။ သို့သော်လည်း မတိုက်ခိုက်ရသေးခင်မှာပင် သူမ၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့၏။
ဟန်ယု၏ ခန္ဓာကိုယ်သည် တဆတ်ဆတ် တုန်ရီကာ လေပူပေါင်း အရုပ်တစ်ရုပ် အလား တင်းတင်းကြပ်ကြပ် ဖြစ်လာခဲ့သည်။ ၎င်းသည် စက္ကန့်ဝက်မျှ အချိန်အတွင်းမှာပင် ပိုမို ကျယ်ပြန့်လာကာ အရေပြားများ၊ ကြွက်သားများ၊ အဆီများမှာ အကန့်အသတ် ရောက်သည် အထိ ရောင်ရမ်း ကြီးထွားလာ၏။ အရေပြားအောက်၌ စိမ်းပြာရောင် အလင်းတန်းများမှာ လှိုင်းထန်နေသည့် မြစ်များ အလား လျှင်မြန်စွာ စီးဆင်းလာ၏။ ထိုအခိုက်၌ သူကား အချိန်မရွေး ပေါက်ကွဲနေနိုင်ခဲ့ပြီ ဖြစ်သည်။
“ဒါက...”
မေ့မေ့မှာ ချီစီးဆင်းမှု အလုံးစုံကို ထိန်းချုပ်ကာ နောက်သို့ ပြန်ဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူမ၏ ကြိုးပမ်းမှုက အနည်းငယ် နှောင့်နှေးသွား၏။
“ငါ့ရဲ့ နှလုံးသား အတွက်...”
ခန္ဓာကိုယ် အတွင်းရှိ ချီလှိုင်း တဟုန်ထိုး မြင့်တက်လာသည်နှင့် အမျှ ဟန်ယု၏ အသံက တိမ်ဝင် သွား၏။
ဘုန်း....
ပေါက်ကွဲမှုသည် ကြောက်မက်ဖွယ် ပြင်းထန်လှသော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်လာစေသည်။ ဟန်ယုသည် မိမိကိုယ်ကို မီးပြင်းဖို တစ်ခု အဖြစ် ပြောင်းလဲကာ ဖောက်ခွဲပစ်ခဲ့သည်။ သူ၏ ချီ၊ ချီနှလုံးသားတို့သည် ရူးသွပ်ဖွယ်ရာ အဖျက်စွမ်းအားများ အဖြစ် လမ်းကြောင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ပေါက်ကွဲမှု၏ အပြင်းထန်ဆုံး ရိုက်ခတ်ခြင်း ခံလိုက်ရသော မေ့မေ့၏ မျက်နှာက ဖြူဖျော့သွားသည်။ ကြမ်းတမ်းသော တွန်းအားနှင့် အတူ သူမ၏ ခန္ဓာကိုယ်က စင်မြင့်၏ အခြားတစ်ဖက်သို့ ပြုတ်ကျသွား၏။ သွေးများသည် သူမ၏ နှာခေါင်း၊ ပါးစပ်နှင့် နားတို့မှ ယိုစီးကျလာသည်။
“ဘာလဲ... ဟန်ယုက တကယ်ကြီး ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်လိုက်တာလား...”
“ဘာလို့လဲ... သူက ဘာအတွက်မလို့ ကိုယ့်အသက်ကိုတောင် စတေးရတာလဲ... ဘာပဲဖြစ်ဖြစ် သူက အလားအလာကောင်းတွေ ရှိတဲ့ အတွင်းစည်းတပည့် ဖြစ်နေပြီပဲလေ”
အချို့လူများမှာ မယုံကြည်နိုင်စွာ အော်ဟစ်လိုက်ကြ၏။
“သူ့ရဲ့ နှလုံးသား အတွက်...”
ဟန်ယု၏ နောက်ဆုံးစကားကို ကောင်းစွာ ကြားလိုက်ရသော တစ်ယောက်က ခေါင်းခါရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ အသက်မရှိပါပဲ မည်ကဲ့သို့ အချစ်တွင် ပျော်ရွှင်နိုင်မည်နည်း။
ဝေ့ဝူယင်က စင်မြင့်တစ်နေရာ၌ လဲကျနေသော မေ့မေ့အား လှမ်းကြည့်လိုက်သည်။ သံမဏိ အမတေ မျက်လုံး ဝိညာဥ် အစီအရင်မှာ အသက်ဝင်နေရာ သူ၏ ငွေရောင် မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပနေသည်။ ကံကောင်းစွာပင် မေ့မေ့၏ ခန္ဓာကိုယ်ထဲ၌ ချီများ စီးဆင်းနေသေးသည်ကို သူတွေ့လိုက်ရ၏။
အကြီးအကဲပိုင်က မေ့မေ့ အနားသို့ လျှောက်လာကာ ငုံ့ကြည့်ပြီးနောက် ခေါင်းတစ်ချက် ညိတ်လိုက်၏။
“အသက်ရှင်နေသေးတယ်... စိန်ခေါ်ပွဲမှာ မေ့မေ့ အနိုင်ရတယ်”
ကြေညာပြီးနောက် ချက်ချင်းပင် ဆေးကုသရေး အဖွဲ့မှာ မေ့မေ့ အနားသို့ ရောက်ရှိလာသည်။ ဝေ့ဝူယင်သည် ခြေထောက်ကို မြေမြင်နှင့် ကန်ကာ စင်မြင့်ပေါ်သို့ ခုန်တက်လျှက် မေ့မေ့ကို ကြည့်လိုက်သည်။ မေ့မေ့သည် လှုပ်ရှားရန် ကြိုးစားနေသော်လည်း ကြွက်သားများနှင့် သွေးများမှာ နေရာများ လွဲချော်နေဟန် ရသည်။ အကယ်၍ ခိုင်မာသော ကျင့်ကြံခြင်း အခြေခံနှင့် ခန္ဓာကိုယ်ကြောင့်သာ မဟုတ်ပါက သူမမှာ အသက်ရှင်သန် နိုင်လိမ့်မည် မဟုတ်ချေ။
ဝေ့ဝူယင်သည် မေ့မေ့ကို ကူညီချင်၏။ သို့သော်လည်း သူသည် ယန်ဖွံ့ဖြိုးခြင်း အဆင့်သို့ မရောက်သေးရာ သူမ၏ ခန္ဓာကိုယ်ကို အမတေဖြင့် သန့်စင်ပေးနိုင်ဦးမည် မဟုတ်ချေ။ ထို့အပြင် သူ့အနေဖြင့် သူမအား ဆေးတစ်လုံးပေးရန် အခွင့်အရေး ရှိသည် ဆိုသော်လည်း မတော်တဆ သူမသာ သေဆုံးသွားပါက အခြားလူများမှာ ထိုအချက်ကို အသုံးပြု၍ သူ့အား ချောက်ချနိုင်သေးသည်။
ဝေ့ဝူယင်က သက်ပြင်းတစ်ချက်ချပြီးနောက် သူ၏ ပထမ နေရာသို့ ပြန်သွားကာ ရပ်နေလိုက်သည်။ အခြားလူများမှာလည်း မေ့မေ့၏ ခန္ဓာကိုယ်ကို ထိတွေ့ရန် မကြိုးစားကြချေ။ သူမ၏ ဘဝနှင့် သေခြင်းကို သူမ၏ စိတ်စွမ်းအားကသာလျှင် ဆုံးဖြတ်သွားပေလိမ့်မည်။
အကြီးအကဲပိုင်က ဂရုမစိုက်ပဲ ဆက်လက် ကြေညာလိုက်၏။
“ဘယ်သူစိန်ခေါ်ချင်သေးလဲ... ထွက်ခဲ့...”
ထိုအခိုက်၌ လီဖေးမှာ စိတ်ထဲတွင် ဒွိဟ ဖြစ်နေခဲ့သည်။ သူမသာ ယခုနေ မေ့မေ့ကို စိန်ခေါ်လိုက်ပါက အဓိက တပည့်တစ်ယောက် ဖြစ်လာမည်မှာ သေချာပေသည်။ သို့သော်လည်း သူမသည် ဝေ့ဝူယင်၏ လက်အောက်ငယ်သား တစ်ယောက် ဖြစ်ရာ ဝေ့ဝူယင်၏ မဟာမိတ် ဖြစ်သော မေ့မေ့နှင့် တစ်နည်းတစ်ဖုံ ဆက်စပ်မှု ရှိပေသည်။ ထို့အပြင် မေ့မေ့မှာလည်း သူမအား လက်အောက်ငယ်သားများမှ တစ်ဆင့် ကူညီပေးခဲ့ဖူးသည်။ ထို့ကြောင့်ပင် ယခုအခိုက်၌ မေ့မေ့ကို စိန်ခေါ်လိုက်ခြင်းက မျှတမှု မရှိချေ။ အဆိုးဆုံးကား ထိုကဲ့သို့ ပြုလုပ်လိုက်ပါက ဝေ့ဝူယင်၏ ရန်သူ ဖြစ်သွားနိုင်ခြင်း ဖြစ်သည်။ ဝေ့ဝူယင်သည် လောလောလတ်လတ်ပင် အကြီးအကဲကျိ၏ ကျောထောက်နောက်ခံကို ရရှိထားသည်။ သူနှင့် ရန်သူ ဖြစ်ရခြင်းတွင် ကောင်းမွန်သော အလားအလာ မရှိချေ။
သို့သော်လည်း အဓိက တပည့် တစ်ဦးရရှိနိုင်သည့် အကျိုးအမြတ်များ အကြောင်း တွေးလိုက်မိသော အခါတွင်မူ သူမ၏ စိတ်များက တဖန်ပြန်လည် ရုန်းကြွလာပြန်သည်။
ထိုကဲ့သို့ လီဖေး ချီတုံချတုံ ဖြစ်နေစဥ်မှာပင် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာ၏။
“ချွီကွေ့က အဓိက တပည့် မေ့မေ့ကို စိန်ခေါ်ပါတယ်”
တိတ်ဆိတ်ငြိမ်သက်ခြင်းနှင့် အတူ လူအားလုံး၏ အကြည့်များက သေမှန်းမသိ၊ ရှင်မှန်းမသိ လဲလျောင်းနေသော အမျိုးသမီးထံသို့ ရောက်ရှိသွားသည်။ သွေးအလိမ်းလိမ်း ပေကျံနေသည့် သူမမှာ မသေလျှင်ပင် အချိန်တိုအတွင်း ပြန်လည် နိုးထလာရန် မဖြစ်နိုင်တော့ချေ။ သနားသော ခံစားချက် တစ်ခုက လူများစွာ၏ စိတ်ထဲတွင် ဖြစ်ပေါ်လာခဲ့လေ၏။
ဝေ့ဝူယင်က ချွီကွေ့ကို အေးစက်စွာ လှမ်းကြည့်လိုက်သည်။ သို့သော်လည်း သူ မည်ကဲ့သို့ ဝင်ရောက် စွက်ဖက်နိုင်ဦးမည်နည်း။
ဆယ်မိနစ် ကြာပြီးနောက်၌ ချွီကွေ့မှာ အလိုအလျောက်ပင် အနိုင်ရရှိကာ အဓိက တပည့် အဆင့်သို့ တက်လှမ်း သွားခဲ့သည်။ အဓိက တပည့် တစ်ဦး အနေဖြင့် သူမသည် မေ့မေ့၏ ပိုင်ဆိုင်မှု အားလုံးကို လွှဲပြောင်း ရရှိခဲ့ပြီ ဖြစ်သည်။ မေ့မေ့၏ အဖွဲ့နှင့် လက်အောက်ငယ်သားများမှာမူ အစိတ်စိတ် အမွှာမွှာ အဖြစ် ကွဲသွားခဲ့ရပြီ ဖြစ်လေတော့၏။
အဓိက တပည့်နေရာ စိန်ခေါ်ပွဲကား မမျှော်လင့်သော အဖြစ်အပျက်များနှင့် အတူ အဆုံးသတ် သွားခဲ့လေပြီ ဖြစ်သည်။ မြင့်မြတ်သည့် သွေးမျိုးဆက် ပိုင်ရှင် ဟန်ယုမှာ ကိုယ့်ကိုယ်ကို ဖောက်ခွဲကာ အသက် အကြီးဆုံး အဓိက တပည့် မေ့မေ့၏ ရာထူးနှင့် ပိုင်ဆိုင်မှုတို့ကို ရှုံးနိမ့်စေခဲ့သည်။
“ကဲ... အဓိက တပည့်ပြိုင်ပွဲကို စကြတာပေါ့”
အကြီးအကဲပိုင်က ကြေညာလိုက်၏။
“ခုချက်ချင်းလား...”
လူများမှာ စိတ်လှုပ်ရှား သွားကြလေသည်။ ပုံမှန်အားဖြင့် အဓိက တပည့်ပြိုင်ပွဲကို စိန်ခေါ်ပွဲ အပြီး ရက်အနည်းငယ် ကြာမှ ကျင်းပလေ့ ရှိသည်။ ထိုနည်းဖြင့် ပါဝင်ယှဥ်ပြိုင်သူများသည် ပြိုင်ပွဲ၌ အနိုင်ရရှိနိုင်ရေး အတွက် အစီအစဥ်များ ချမှတ်ရန် အချိန်များ ရရှိနိုင်ကြသည်။
ထို့အပြင်...
၎င်းမှာ အသစ် တက်လှမ်းလာသော အဓိက တပည့်များကို အခွင့်အရေးပေးခြင်း တစ်မျိုးလည်း ဖြစ်သည်။ အသစ်စက်စက် အဓိက တပည့်များသည် ထိုအတောအတွင်း၌ လက်အောက်ငယ်သားများကို စတင် စုဆောင်းခြင်း၊ အသင်းအဖွဲ့ တစ်ခု တည်ထောင်ခြင်းတို့ကို ပြုလုပ်လေ့ ရှိကြသည်။ အဓိက တပည့်ပြိုင်ပွဲတွင် နောက်ဆုံးနေရာ ရရှိရန် အခွင့်အရေး များသည့်တိုင် သူတို့သည် ထိုအခွင့်အရေးကို ယူကာ ရှေ့သို့ တစ်လှမ်းတိုးနိုင်ရန် အတွက် ခိုင်မာသော အုတ်မြစ်အင်အားများကို တည်ဆောက်ကြသည်။
သို့သော်လည်း ယခုနှစ်တွင်မူ...
အဓိကတပည့် ပြိုင်ပွဲကို ချက်ချင်း ကျင်းပမည်ဟု ဆိုသည်။ ဤသို့ဆိုလျှင် ပြိုင်ပွဲပုံစံမှာ ယခင်နှစ်များနှင့် မတူလောက်ချေ။ ပရိသတ်များ စိတ်လှုပ်ရှား နေကြသကဲ့သို့ အဓိက တပည့်များမှာလည်း ရင်တုန် လာခဲ့ကြ၏။ ဝေ့ဝူယင်နှင့် အခြား လူအချို့မှာ ပြိုင်ပွဲကျင်းပမည့် ပုံစံကို ကြိုတင်ကာ ကြားထားကြသော်လည်း ထိုအရာက အမှန်တကယ်ဟု မည်သူမျှ မဆိုနိုင်ချေ။
အကြီးအကဲပိုင်က အဓိက တပည့်များကို တည်ငြိမ်စွာပင် ကြည့်လိုက်၏။
“ပြိုင်ပွဲကို သွေးတာအိုခန်းမမှာ ကျင်းပလိမ့်မယ်... ဒါပေမဲ့ အဲဒီနေရာဆီ မသွားခင် မင်းတို့ သိသင့်တဲ့ အချက်အလက် အချို့ကို ငါရှင်းပြမယ်”
အဓိက တပည့်များ၏ မျက်ဝန်းများမှာ သိချင်စိတ်များဖြင့် ပြည့်နှက်လာသည်။ သွေးတာအို ခန်းမကို သူတို့ သိသလို ထိုနေရာသို့လည်း ဝင်ရောက်ဖူး ပေသည်။ ထိုနေရာ၌ ဂိုဏ်း၏ များပြားလှသော ချီကျင့်စဥ်များနှင့် ဝိညာဥ် အစီအရင်များကို သိုလှောင်ထားပေငည်။
သူတို့ စိတ်ရှည်စွာ စောင့်နေစဥ်မှာပင် အကြီးအကဲပိုင်က ဆက်ပြောလိုက်သည်။
“ပြိုင်ပွဲက ကျင့်ကြံခြင်း ဖြစ်လိမ့်မယ်... ပိုပြီး ရှင်းအောင်ပြောရရင် ရှေးဟောင်း ချီနည်းလမ်းတစ်ခုကို ကျင့်ကြံဖို့ပဲ... နည်းလမ်းက ရိုးရှင်းပါတယ်... ဒါပေမဲ့ အဲဒီ ရှေးဟောင်း ချီနည်းလမ်းက ပြင်းထန်တာကြောင့် မတော်တဆမှုတွေ ဖြစ်နိုင်တယ်... ချီသွေဖည်မှုတောင် ဖြစ်နိုင်ချေရှိတယ်... မင်းတို့ အနေနဲ့ ပြိုင်ပွဲဝင်၊ မဝင် ကိုယ့်ဘာသာ ဆုံးဖြတ်နိုင်တယ်”
“ထပ်ပြီး ပြောမယ်...”
အကြီးအကဲပိုင်၏ မျက်လုံးများက လေးလံ ဖိစီးမှုများနှင့် ပြည့်နှက်သွား၏။
“ချီသွေဖည်မှု ဖြစ်နိုင်တယ်... စိတ်စွမ်းအား နိမ့်ကျတဲ့လူတွေ သေသေချာချာ ရွေးချယ်သင့်တယ်”
လူထုသည် ဆူညံသံ အနည်းငယ်ကိုပင် မပြုလုပ်ကြပဲ ငြိမ်ကျနေသည်။ သူတို့သည် လေးနက်သော အမူအရာများဖြင့် အဓိက တပည့် ကိုးယောက်ကို စောင့်ကြည့်နေကြလေသည်။
ဝေ့ဝူယင်သည် အလေးအနက် တွေးတောနေ၏။ ချီကျင့်စဥ်နှင့် ချီနည်းလမ်း နှစ်ခုမှာ ခြားနားသော အရာများ ဖြစ်သည်။ ချီကျင့်စဥ်များမှာ ချီကို ပုံစံတစ်ခုသို့ သွင်းကာ လုပ်ဆောင်ချက် တစ်ခုကို ပြီးမြောက်စေသည့် နည်းလမ်းများ ဖြစ်သည်။ ရှင်းအောင်ဆိုရပါက ချီကျင့်စဥ် ဆိုသည်မှာ တိုက်ခိုက်ရေး နည်းလမ်း တစ်မျိုး ဖြစ်သည်။
ချီနည်းလမ်းများမှာမူ ချီနှင့် ၎င်းအခြေခံကို ကျင့်ကြံခြင်း ဖြစ်သည်။ ဂိုဏ်းတိုင်း၌ ကိုယ်ပိုင် ချီနည်းလမ်း တစ်ခုစီ ရှိကြသည်။ နေသွေးနီနီဂိုဏ်းသည် သာမန် ချီနှလုံးသားကို သွေးချီနှလုံးသား အဖြစ် ပြောင်းလဲပစ်နိုင်သည့် နေသွေးနီနီချီနည်းလမ်းကို ပိုင်ဆိုင်ထားသည်။
အကြီးအကဲပိုင်ပြောသည့် “ရှေးဟောင်း ချီနည်းလမ်း” သည် ကျင့်ကြံခြင်း အတွက် ထူးကဲသည့် အကျိုးဆက်များကို ပိုင်ဆိုင်ထားနိုင်သည်။ ချီသွေဖည်မှု ဖြစ်နိုင်လျှင်ပင် ပင်ကိုယ်စွမ်းရည် တိုးတက်ရေး အတွက် အစွမ်းကုန် ကြိုးစားရပေမည်။ ထိုအရာမှာ အဓိက တပည့်များကိုသာ ပေးသည့် အခွင့်အရေးဖြစ်လေရာ မည်ကဲ့သို့ လက်လွှတ်ရပါမည်နည်း။
***