← Chapters

အကြီးမားဆုံး အရှက်ရမှု

Vol. 124 Ch. 1721

အကြီးမားဆုံး အရှက်ရမှု

Vol. 124 Ch. 1721

ချင်လင်းမှာ သစ်ပင်တစ်ပင်ဖြစ်သည်။ လောကထဲရှိ အကြီးဆုံးသစ်ပင်ဖြစ်သည်။

ထိုသစ်ပင်က မည်သည့်နေရာမှ ရောက်လာကြောင်း မည်သူမှ မသိပေ။ လူသားမျိုးနွယ်နှင့် တမလွန်ဘုံမျိုးနွယ်တို့ စတင်တိုက်ခိုက်ကြချိန်တွင် ချင်လင်းမှာ နှစ်ပေါင်းသိန်းကျော် သက်တမ်းရှိနေခဲ့ပြီဖြစ်သည်။ သူမသည် တိုက်ပွဲထဲတွင် ဝင်မပါခဲ့ဘဲ လူသားမျိုးနွယ်ဘက်မှ ဒဏ်ရာရသူများကို ကုသပေး၍သာ ကူညီပေးခဲ့သည်။ သူမကြောင့်သာ လူသားမျိုးနွယ်က ရှင်းပစ်မခံခဲ့ရခြင်းပင်။ သူမသည် ဒဏ်ရာရထားသူတိုင်းကို ချက်ချင်း ကုသပေးခဲ့သည်။ လူသားမျိုးနွယ်သည် အရေးနိမ့်နေခဲ့သော်လည်း သူမကြောင့် အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့သည်။ လူသားများသည် ရှုံးခါနီးအခြေအနေမှနေ၍ အနိုင်ရသွားကြသည်။

ထိုတိုက်ပွဲပြီးနောက်တွင် ချင်လင်းသည် ကောင်းကင်ဘုံတစ်ခွင်လုံးတွင် ကျော်ကြားသွားသည်။ သူမက ကောင်းကင်ဘုံ၏ သူရဲကောင်းဖြစ်လာပြီး မဟာဧကရာဇ်များ၏ ဂုဏ်သရေရှိဧည့်သည်တော် ဖြစ်ခဲ့သည်။ အင်အားစုအသီးသီးကလည်း သူမကို သူတို့ဘက်သို့ သိမ်းသွင်းရန် ကြိုးစားခဲ့ကြသည်။ သို့သော် ချင်လင်းက မည်သည့်စစ်တပ်ထဲမှ မဝင်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ လူသားမျိုးနွယ်က တမလွန်ဘုံမျိုးနွယ်နှင့် တိုက်ခိုက်တိုင်း သူမ ထွက်လာပြီး လူသားများကို ကူညီခဲ့ပေသည်။

ချင်လင်း ရောက်လာသည်နှင့် လူသားမျိုးနွယ်ဘက်က အရေးသာလာခဲ့သည်ချည်းသာ။ သူမ၏ ကုသနိုင်စွမ်းက ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သည်။ သူမသည် တစ်ကြိမ်လျှင် တစ်ယောက်ကို ကုသသည်မဟုတ်ဘဲ သောင်းနှင့်ချီသော လူများကို တစ်ပြိုင်တည်း ကုသပေးခြင်းဖြစ်သည်။ သူမကြောင့် တိုက်ပွဲများမှ ကျဆုံးသူအရေအတွက်က သိသိသာသာ နည်းပါးခဲ့သည်။ သူတို့ နယ်မြေတော်တော်များများကိုလည်း ပြန်သိမ်းနိုင်ခဲ့သည်။

လူသားမျိုးနွယ်သည် ချင်လင်းက သူတို့ တမလွန်ဘုံမျိုးနွယ်ကို လုံးဝအနိုင်ရသည်အထိ သူတို့အား ကူညီပေးလိမ့်မည်ဟု တွေးခဲ့ကြ၏။ သို့သော် ကိစ္စကြီးနှစ်ခု ဖြစ်လာခဲ့၍ ချင်လင်းက ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး သူမကို ထပ်မတွေ့ရတော့ပေ။

ပထမကိစ္စမှာ တမလွန်ဘုံဧကရာဇ်ကိုယ်တိုင် တိုက်ခိုက်ခဲ့ခြင်းပင်။ တမလွန်ဘုံဧကရာဇ်သည် ချင်လင်းကို ဆယ်ရက်၊ ဆယ်ညတိုင်‌အောင် လိုက်သတ်ခဲ့သည်။ ချင်လင်းက ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း တမလွန်ဘုံဧကရာဇ်ကို အလွန်ကြောက်ရွံ့သွားပုံပင်။ နောက်ပိုင်းတွင် သူမ တိုက်ပွဲများ၌ ဝင်မပါတော့ပေ။

ဒုတိယကိစ္စမှာမူ ဤသို့ဖြစ်သည်။ ချင်လင်းက မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ကို တစ်ဖက်သတ်ချစ်ခဲ့သည်ဟု ဆိုကြ၏။ သို့သော် မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က သူမလို မိစ္ဆာတစ်ကောင်ကို အထင်သေးခဲ့ပြီး သူမ၏အချစ်ကို လက်မခံခဲ့ပေ။ ယင်းက ချင်လင်းကို အလွန်ရင်နာသွားစေခဲ့သည်။ ထို့ကြောင့် သူမ ထွက်ပြေးသွားပြီး ကောင်းကင်ဘုံမှ ပျောက်ကွယ်သွားခဲ့သည်။

နှစ်ထောင်ပေါင်းများစွာ ကြာပြီးမှ ချင်လင်း ပြန်ပေါ်လာလိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားပေ။ ထို့ပြင် သူမက မိုးပြာမဟာဧကရာဇ် ရောက်မလာခင် ကျန်းရီကို ကယ်တင်ရန် ပြန်ထွက်ပေါ်လာခြင်းဖြစ်သည်။

မြို့ထဲရှိ တပ်သားများနှင့် မြို့သူမြို့သားများ စိတ်လှုပ်ရှားသွားကြ၏။ သူတို့ အလွန်လည်း ဒေါသထွက်နေကြသည်။ ကျန်းရီက ဤမြို့ထဲတွင် အပြစ်များစွာ ကျူးလွန်ခဲ့သည်။ သန်းချီသော လူများကို သတ်ဖြတ်ခဲ့ပြီး မိုးပြာမဟာဧကရာဇ်မြို့ကို ဖျက်ဆီးခဲ့သည်။ သူက မိုးပြာမဟာဧကရာဇ်ကိုပင် ဆဲဆိုလိုက်သေးသည်။ သို့ဖြစ်ရာ သူက အပိုင်းပိုင်းဖြတ်၍ အသတ်ခံရရန် ထိုက်တန်ပေသည်။ ကျန်းရီကို ကယ်သူတိုင်း မိုးပြာမဟာဧကရာဇ်နှင့် တောက်မျိုးနွယ်၏ ရန်သူ ဖြစ်သွားပေလိမ့်မည်။ မိုးပြာဒေသထဲရှိ သန်းဆယ်ချီသောလူများ၏ သေဆုံးမှုကိုလည်း ထိုသူက တာဝန်ယူရပေလိမ့်မည်။

ဝှစ်...ဝှစ်...

ကျန်နေသေးသော အုပ်ချုပ်သူအဆင့် သိုင်းသမားများသည် ကျန်းရီနောက်သို့လိုက်ရန် အက်ကြောင်းကြီးထဲသို့ ခုန်ချလိုက်ကြ၏။ သို့သော် သူတို့က လုံလောက်အောင် မသန်မာပေ။ ချင်လင်းက ဧကရာဇ်အဆင့် သိုင်းသမားတစ်ယောက်ဖြစ်သည်။ သူတို့မဆိုထားနှင့် တောက်နူသည်ပင် သူမနောက်သို့ လိုက်နိုင်လိမ့်မည် မဟုတ်ချေ။

ချင်လင်းက သစ်မြစ်တစ်မြစ်ကိုသာ သုံးခဲ့သည်။ သူမ၏ ခန္ဓာကိုယ်အစစ်က မည်သည့်နေရာတွင် ရှိနေကြောင်းကို မည်သူမှ မသိပေ။ လူများသည် အက်ကြောင်းထဲခုန်ချ၍ သစ်မြစ်နောက်သို့ လိုက်ရင်း လမ်းပျောက်သွားကြ၏။ မြေအောက် ကီလိုမီတာသုံးဆယ်အကွာတွင် မရေမတွက်နိုင်သော မြေအောက်လမ်းကြောင်းများ ရှိနေသည်။ သူတို့သည် မည်သည့်လမ်းကြောင်းနောက်သို့ လိုက်ရမည်ကို မသိတော့ပေ။

မည်သူမှ မသိသော်လည်း မိုးပြာမဟာဧကရာဇ်က သိသည်။

မိုးပြာမဟာဧကရာဇ်ထံတွင် အလွန်အားကောင်းသော အာရုံများရှိသည်။ ထိုအာရုံများက မိုင်သန်းထောင်ချီအကွာအဝေးအထိပင် အာရုံခံနိုင်သည်။ မဟုတ်လျှင် သူက မိုးပြာမဟာဧကရာဇ်မြို့ထဲတွင် ဖြစ်နေခဲ့သည်များကို မည်သို့ သိခဲ့ပါမည်နည်း။ အဘယ်သို့ မြို့အထက်တွင် ဧရာမမျက်လုံးကြီးတစ်စုံနှင့် လက်ကြီးကို ဖန်တီးနိုင်ခဲ့မည်နည်း။

ထိုအခိုက်တွင် မိုးပြာမဟာဧကရာဇ်၏ ခန္ဓာကိုယ်က လေထဲတွင် လက်ခနဲ လက်ခနဲနှင့် ထွက်ပေါ်လာနေ၏။ သူ တစ်ခေါက်ထွက်ပေါ်လာတိုင်း ကီလိုမီတာငါးထောင် ပိုနီးလာသည်။ မိုးပြာမဟာဧကရာဇ်က အလွန်ခံ့ညားပေသည်။ သူက အစိမ်းရောင်ဝတ်ရုံကိုသာ ဝတ်ဆင်ထားပြီး အခြားမည်သည့်လက်ဝတ်ရတနာကိုမှ မဝတ်ထားပေ။ သို့သော် သူ၏ ရုပ်ရည်မှာ လောကထဲရှိ အလှပဆုံး အနုပညာပစ္စည်းများကိုပင် မှေးမှိန်သွားစေနိုင်ပေသည်။

မိုးပြာမဟာဧကရာဇ်ထံ၌ ထူးခြားသော အရှိန်အဝါတစ်ခုလည်း ရှိသည်။ ယင်းအရှိန်အဝါက သူ့အား ဆန်းကြယ်သောဆွဲဆောင်မှုကို ပေးသည်။ ၎င်းမှာ ဗုဒ္ဓ၏ ရောင်ဝါတစ်ခုကဲ့သို့ပင်။

အားလုံး ရင်တုန်သွားကြပြီး မိုးပြာမဟာဧကရာဇ်ကို မော့ကြည့်လိုက်ကြ၏။ ထို့နောက် ဒူးထောက်ကာ အရိုအသေပေးလိုက်ကြသည်။ မိုးပြာမဟာဧကရာဇ်၏ မျက်နှာမှနေ၍ သူ့အသက်ကို မပြောနိုင်ပေ။ သူက အလွန်ခံ့ညားကာ သန်မာပေသည်။ သူသာ မိုးပြာမဟာဧကရာဇ်မြို့ထဲတွင် တစ်ပတ်ပတ်၍ လျှောက်လိုက်လျှင် သူ၏ယောက်ျားပီသမှုက မျိုးနွယ်ကြီးများမှ မရေမတွက်နိုင်သော သခင်မလေးများကို ယစ်မူးသွားစေပေလိမ့်မည်။

အမှန်တကယ်လည်း မိုးပြာမဟာဧကရာဇ် ငယ်စဉ်က သူ့ကို စွဲလမ်းခဲ့သော သခင်မလေးများစွာ ရှိသည်။ သူမတို့သည် အိမ်‌ထောင်မပြုဘဲနှင့် သူ့ကို စောင့်နေမည်ဟု ကျိန်ဆိုခဲ့ကြသည်။ သေရတော့မည့် အချိန်တွင်ပင် သူက သူမတို့အား အရေးစိုက်မည်ကို မျှော်လင့်နေခဲ့ကြသည်။

သို့သော် မိုးပြာမဟာဧကရာဇ်သည် သူ့ဘဝတစ်လျှောက်လုံးတွင် တာအိုကိုသာ ရှာဖွေခဲ့သည်။ လောကီရေးရာများက သူ၏ တာအိုရှာဖွေခြင်းအား အနှောင့်အယှက်သာ ဖြစ်စေလိမ့်မည်ဟု တွေးခဲ့သည်။ သူသည် စိတ်ရင်းအမှန်နှင့် တာအိုကို ရှာဖွေလိုခဲ့ရာ လောကီရေးရာများကို အရေးမစိုက်ခဲ့ပေ။

မိုးပြာမဟာဧကရာဇ်သည် မျက်နှာသေနှင့် ရှိနေ၏။ သို့သော် သူ့မျက်ဝန်းများထဲတွင် ဒေါသအရိပ်အယောင်သဲ့သဲ့ကို မြင်ရပေသည်။ သူ့မျက်ဝန်းများက သမုဒ္ဒရာတစ်ခုကဲ့သို့ နက်ရှိုင်းသည်။ မိုးပြာမဟာဧကရာဇ် ဒေါသမထွက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ သူ ယန်ကိုးပါးမြို့သို့ အာရုံပို့လွှတ်၍ ကျန်းရီအား ဖမ်းရန် လုပ်ခဲ့သည်ကို ဝေပင်းပင်းက ဝင်နှောင့်ယှက်ခဲ့စဉ်ကပင် သူ ဒေါသမထွက်ခဲ့ပေ။

ဤတစ်ခေါက်တွင်မူ မိုးပြာမဟာဧကရာဇ်က လုံးဝ ဒေါသထွက်နေပေပြီ။ မိမိ၏ဂုဏ်သတင်းကို အရေးစိုက်သူများက မိမိ၏အဆင့်အတန်းကိုလည်း ဂရုစိုက်ပေလိမ့်မည်။ မိုးပြာမဟာဧကရာဇ်သည် လောကီရေးရာများကို အရေးမစိုက်ဘဲ သူ၏စိတ်ဆန္ဒများကို သန့်စင်လိုခဲ့သည်။ သို့သော် သူက ခံစားချက်ကင်းမဲ့နေသူတစ်ယောက် မဟုတ်ပေ။ သို့ဖြစ်ရာ သူ ဒေါသထွက်ခြင်းမှာ ပုံမှန်သာဖြစ်သည်။

မိုက်မဲသောလူငယ်တစ်ယောက်က မိုးပြာမဟာဧကရာဇ်မြို့တွင် သွေးချောင်းစီးစေခဲ့ပြီး မိုးပြာမဟာဧကရာဇ်ကိုလည်း ‘ခွေးအိုကြီး’ဟု ခေါ်ခဲ့သည်။ ယင်းမှာ ကိစ္စမရှိပေ။ သူ ကျန်းရီကို သတ်လိုက်လျှင် သူ၏ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်နိုင်သေးသည်။ သို့သော် ချင်လင်းက သူ့မျက်စိအောက်မှာပင် ကျန်းရီကို ကယ်သွားခဲ့သည်။ ကျန်းရီက ဤတစ်ခေါက်လည်း လွတ်သွားဦးမည်ဆိုလျှင် သူ့မျက်နှာကို မည်သည့်နေရာတွင် သွားထားရတော့မည်နည်း။ ယန်မဟာဧကရာဇ်၊ ချီလင်းဧကရီနှင့် ရူးသွပ်မဟာဧကရာဇ်တို့ကလည်း သူ့ကို ဟားတိုက်ကြပေလိ့်မည်။

မိုးပြာမဟာဧကရာဇ်သည် ထိုသို့တွေးမိသောအခါ အမြန်နှုန်းကို ထပ်၍တိုးမြှင့်လိုက်၏။ ချင်လင်းက လျင်မြန်သော်လည်း သူ့လောက်တော့ မမြန်ပေ။ သူသည် ကျန်းရီအကို ရစ်ပစ်ထားသော သစ်မြစ်အား အာရုံခံနိုင်နေသေးသည်။ သူ သူမနောက်သို့ လောကအဆုံးအထိ လိုက်ရလျှင်ပင်၊ တမလွန်ဘုံအထိ လိုက်ရလျှင်ပင် ကျန်းရီကို ရအောင်သတ်မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ ကျန်းရီ လွတ်သွားလျှင် သူ အကြီးမားဆုံး အရှက်ရမှုကို ခံစားရပေလိမ့်မည်။

***

ရှီး...

မြေအောက် ကီလိုမီတာငါးထောင်အကွာတွင် ကျန်းရီက သစ်မြစ်ကြီး၏ ဆွဲခေါ်မှုကို ခံနေရဆဲပင်။ သူ့ပတ်ပတ်လည်တွင် မှောင်မည်းနေပြီး ဆိုးဝါးသောမြေနံ့များက သူ့နှာခေါင်းထဲတွင် ပြည့်နှက်နေသည်။ သူ၏ စိတ်ကလည်း ရှုပ်ထွေးနေသည်။ သူသည် အံ့ဩ၊ တုန်လှုပ်၊ ကြောက်ရွံ့နေပေသည်။

မည်သူမှ မသေလိုပေ။ ရှင်သန်နိုင်မည့်အခွင့်အရေး ရှိမည်ဆိုလျှင် ကျန်းရီသည် ထိုအခွင့်အရေးကို ဆုပ်ကိုင်ထားမည်ဖြစ်သည်။ သို့သော် သူ မည်သို့ လွတ်မြောက်နိုင်မည်နည်း။ ချင်လင်းက သူ့ကို မိုးပြာမဟာဧကရာဇ်ထံမှ ကယ်တင်ပေးလျှင်ပင် သူ အမှန်တကယ် လွတ်မြောက်နိုင်ပါမည်လော။ ဤလောကထဲတွင် မိုးပြာမဟာဧကရာဇ်က စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သည်။ အကယ်၍ ချင်လင်းက မိုးပြာမဟာဧကရာဇ်ထက် ပိုစွမ်းအားကြီးလျှင် အဘယ်ကြောင့် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲတွင် သွား၍ ပုန်းအောင်းနေမည်နည်း။

ချင်လင်းက တမလွန်ဘုံဧကရာဇ်ကြောင့် ကြောက်ရွံ့သွားခဲ့ခြင်းဟု ချီလင်းဧကရီက ပြောခဲ့၏။ ထို့ကြောင့် သူမက အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲတွင် သွားပုန်းနေပြီး ကောင်းကင်ဘုံသို့ ပြန်မလာခြင်းဟု ဆိုသည်။ ချီလင်းဧကရီ၏လေသံအရ ချီလင်းဧကရီက ချင်လင်းအပေါ် လေးစားပုံပင်။ သို့သော် ချင်လင်းက မိုးပြာမဟာဧကရာဇ် မဆိုထားနှင့် ချီလင်းဧကရီလောက်ပင် သန်မာပုံ မပေါ်ပေ။

သို့ဖြစ်ရာ...

ကျန်းရီတို့ ဤလောကထဲတွင် မည်သည့်နေရာသို့ ပြေးနိုင်ပါမည်နည်း။ လောကထဲရှိ စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ်က သူတို့နောက်သို့ လိုက်နေသည်။ သူတို့ လောကအဆုံးအထိ ထွက်ပြေးလျှင်ပင် မိုးပြာမဟာဧကရာဇ်က သူတို့ကို သေချာပေါက် ရှာတွေ့ပေလိမ့်မည်။ ထို့ပြင် မိုးပြာမဟာဧကရာဇ်သာ အထက်ဘုံသို့ လိုက်လာလျှင် သူ့လက်ချက်ဖြင့် အထက်ဘုံမှလူမည်မျှ သေလိမ့်မည်နည်း။ ကျန်းရီ ကောင်းကင်ကြယ်တာရာနယ်နမိတ်အထိ ထွက်ပြေးရမည်လော။ ယင်းမှာ ပို၍ပင် ဟာသဆန်ပေသည်။

မိုးပြာမဟာဧကရာဇ်က တစ်လောကလုံးကို ပိုင်ဆိုင်သည်။ သူ၏ ဩဇာအာဏာက အလွန်ကြီးသည်။ သူ အမိန့်တစ်ချက်ပေးလိုက်သည်နှင့် ချီလင်းဧကရီ၊ ရူးသွပ်မဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့က သူ့ထံတွင် လက်အောက်ခံလောက်သည်။ သို့ဖြစ်ရာ ကျန်းရီတို့ ဤလောကထဲတွင် မည်သည့်နေရာသို့ ပြေးရပါမည်နည်း။

ကျန်းရီသည် ချင်လင်းက သူ့ကိုကယ်လိုက်သည့်အတွက် မိုးပြာမဟာဧကရာဇ်၏ သတ်ဖြတ်မှုအား ခံရမည်ကို စိုးရိမ်နေ၏။ သူ့နားထဲတွင် လေသံများ အူနေသည်။ သစ်မြစ်ကြီးက မြေကြီးထဲတွင် ဧရာမမြွေကြီးတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ရွေ့လျားနေသည်။ ထို့ကြောင့် သူကလည်း ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် ရွေ့လျားနေရသည်။ သူ့ကို အမှောင်ထုက လွှမ်းခြုံထားသည်။ သူကြားရသည်မှာလည်း သစ်မြစ်ကြီးနှင့် မြေသား ပွတ်တိုက်နေသံနှင့် သူ၏ရင်ခုန်သံသာ။

ဆယ်မိနစ်ကြာပြီးနောက် ကျန်းရီ စိတ်မထိန်းနိုင်တော့ဘဲ ပြောလိုက်သည်။

“အရှင်မချင်လင်း... ကျွန်တော်တို့ ထွက်ပြေးလို့ရပါ့မလား။ အရှင်မက မိုးပြာမဟာဧကရာဇ်ထက် ပိုမြန်လို့လား”

“မိုးပြာမဟာဧကရာဇ်က ငါ့ထက် ပိုမြန်တယ်”

ချင်လင်းက အသံပို့လွှတ်၍ ပြန်ဖြေ၏။

“ကျန်းရီ... ငါ မင်းကို အာကာသဟင်းလင်းပြင်ထဲအထိပဲ ခေါ်သွားနိုင်မယ်။ ပြီးရင် ငါ မိုးပြာမဟာဧကရာဇ်ကို အဝေးကို မျှားခေါ်သွားမယ်။ မင်း လွတ်မြောက်နိုင်မလား၊ မလွတ်မြောက်နိုင်ဘူးလားဆိုတာကတော့ မင်းရဲ့ အရည်အချင်းနဲ့ ကံတရားအပေါ်မှာပဲ မူတည်တယ်”

***

All Chapters