ကောင်းကင်မိစ္ဆာဘုံ
Vol. 124 Ch. 1722
“မိုးပြာမဟာဧကရာဇ်ကို အဝေးကို မျှားခေါ်သွားမှာလား”
ကျန်းရီ၏ မျက်နှာထားက တည်သွား၏။ သူ ချက်ချင်းပင် ခေါင်းခါလိုက်သည်။
“အရှင်မချင်လင်း... အရှင်မ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ်လို့ မသေချာရင် ကျွန်တော့်ကို အရေးစိုက်မနေပါနဲ့။ ကျွန်တော့်ကြောင့် အရှင်မ ထိခိုက်သွားရင် ကျွန်တော် လွတ်မြောက်နိုင်မယ်ဆိုရင်တောင် တစ်သက်လုံး လိပ်ပြာလုံနိုင်မှာ မဟုတ်ဘူး။ အရှင်မ ကျွန်တော့်ကို ချော်ရည်မြေရိုင်းမှာ တစ်ကြိမ်ကယ်ခဲ့ပြီးပါပြီ။ ပြီးတော့ ကျွန်တော့်ကို အရှင်မရဲ့ နတ်ဘုရားသစ်ရွက်လည်း ပေးခဲ့ပါတယ်။ အဲ့ကျေးဇူးတွေကို ကျွန်တော် တစ်ဘဝလုံး ပြန်ဆပ်မယ်ဆိုရင်တောင် ကျေနိုင်မှာ မဟုတ်ပါဘူး”
“ဟင်းဟင်း.. ကောင်လေး မင်းမှာ တကယ်ကို အသိစိတ်ရှိသေးတာပဲ”
သစ်မြစ်ကြီးက ကျန်းရီကို ဆက်ဆွဲခေါ်သွားနေသည်။ ချင်လင်း၏အသံလည်း ထပ်မံထွက်ပေါ်လာသည်။ သို့သော် ဤတစ်ခေါက်တွင် သူမ၏ လေသံက အတန်ငယ်ပို၍ တင်းမာနေသည်။
“ကောင်လေး... မင်းက ဘယ်သူဆိုတာ ကိုယ့်ကိုယ်ကိုယ်သိသင့်တယ်။ မင်း အလွယ်တကူ လက်လျှော့လို့ မရဘူး။ လူသားမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်က မင်းအပေါ် မှီခိုနေရတယ်။ မင်း တမလွန်ဘုံမျိုးနွယ်ကို အနိုင်မယူနိုင်ရင် လူသားမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်က ထာဝရကျွန်ပြုခံရမှာပဲ”
“အာ...”
ကျန်းရီ အံ့အားသင့်သွား၏။ ချင်လင်းကလည်း သူနှင့် ယန်ကိုးပါးမဟာဧကရာဇ်၏ ပတ်သတ်မှုကို သိနေလိမ့်မည်ဟု သူ မျှော်လင့်မထားပေ။ သူ ခေတ္တမျှ တွေးတောလိုက်ပြီး နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“အရှင်မ... အရှင်မက ဘယ်လိုသိတာပါလဲ”
“ဟင်းဟင်း...”
ချင်လင်းက ထပ်မံ၍ အသံပို့လွှတ်လိုက်၏။
“မင်း ကျင့်ကြံနေတဲ့ ကျင့်စဉ်က အရမ်းဆန်းကြယ်ပြီး အံ့အားသင့်စရာကောင်းတယ်။ ပြီးတော့ မင်းရဲ့ နတ်ဘုရားအမြုတေဘေးမှာ နောက်ထပ် နတ်ဘုရားအမြုတေအသေးစားလေးတစ်ခုလည်း ရှိနေတယ်။ ပြီးတော့... မင်းမှာ ဟိုဓားရှိတယ်။ လောကထဲမှာ အဲ့လိုဆန်းကြယ်တဲ့ကျင့်စဉ်ကို ဖန်တီးနိုင်တဲ့သူက တစ်ယောက်ပဲရှိတယ်။ အဲ့တစ်ယောက်က မင်းရဲ့ ကောင်းကင်ဧကရာဇ်ပဲ...”
“ဒါပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်က ဘာတွေထူးခြားနေလဲဆိုတာတော့ ငါ မပြောနိုင်သေးဘူး။ ပြီးတော့ မင်းရဲ့ သတ်ဖြတ်လိုစိတ်က အရမ်းအားကောင်းတယ်။ ဘာပဲဖြစ်ဖြစ် ကောင်းကင်ဧကရာဇ်က မင်းကို ရွေးချယ်ထားပြီဆိုတော့ ငါ မင်းကို ကာကွယ်ပေးရမှာပဲ။ လူသားမျိုးနွယ် ကျရှုံးသွားရင် မိစ္ဆာမျိုးနွယ်လည်း ပျက်သုဉ်းရမယ် မဟုတ်လား”
“ကျွန်တော် နားလည်ပါပြီ”
ကျန်းရီ သဘောပေါက်သွားသည်။ ချင်လင်းက သူ့အား ကောင်းကောင်းဆက်ဆံခဲ့ပြီး နတ်ဘုရားသစ်ရွက် ပေးခဲ့ခြင်းမှာ အံ့ဩစရာမရှိတော့ပေ။ ထိုအရာအားလုံးမှာ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကြောင့်ဖြစ်သည်။
“ဒါပေမဲ့...”
ကျန်းရီသည် စက္ကန့်အတော်ကြာအောင် တွေးတောပြီးနောက် ထပ်မေးလိုက်၏။
“ကျွန်တော် လွတ်မြောက်သွားရင်တောင် ဘယ်ကို သွားနိုင်မှာလဲ။ မိုးပြာမဟာဧကရာဇ်က အရမ်းစွမ်းအားကြီးတယ်။ သူသာ ကျွန်တော့်ကို လိုက်ဖမ်းချင်ရင် ကျွန်တော် လောကအဆုံးအထိ ပြေးသွားရင်တောင် လွတ်မှာမဟုတ်ဘူး။ ဟုတ်သား.. အရှင်မ... တကယ်လို့ ကျွန်တော် ဘယ်သူဆိုတာကို ထုတ်ဖော်လိုက်ရင် မိုးပြာမဟာဧကရာဇ်က ကျွန်တော့်ကို အလွှတ်ပေးလောက်လား”
ကျန်းရီသည် သူနှင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ပတ်သတ်မှုက မိုးပြာမဟာဧကရာဇ်ကို ဒေါသလျှော့စေလိမ့်မည်ဟု မျှော်လင့်နေ၏။ သို့သော် သူ များစွာတော့ မမျှော်လင့်ဝံ့ပေ။ ချင်လင်းက မည်သို့တွေးကြောင်းသာ သူ သိလိုခြင်းဖြစ်သည်။
“ဟင်းဟင်း...”
ချင်လင်းက ထပ်မံရယ်လိုက်၏။ ဤတစ်ခေါက်တွင် သူမ၏ လေသံက အေးစက်နေသည်။ သူမသည် ရွဲ့တဲ့တဲ့လေသံဖြင့် အသံပို့လွှတ်လိုက်သည်။
“မင်း ဘယ်သူဆိုတာကို ဖော်ဖော်၊ မဖော်ဖော် မိုးပြာမဟာဧကရာဇ်က မင်းကို လိုက်သတ်ဦးမှာပဲ။ တကယ်တော့ လူသားမျိုးနွယ်ရဲ့ သစ္စာဖောက်က မိုးပြာမဟာဧကရာဇ်လို့ ငါ သံသယဝင်နေတယ်...”
“မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ကို သတ်ခဲ့တဲ့သူက သူဖြစ်နိုင်တယ်။ ပြီးတော့ လက်ရှိမိုးပြာမဟာဧကရာဇ်ရဲ့ဆရာ အရင်မိုးပြာမဟာဧကရာဇ်ဟောင်းကလည်း ကောင်းကင်ဧကရာဇ်သေဆုံးမှုမှာ ကြီးကြီးမားမား ပါဝင်ပတ်သတ်နေလိမ့်မယ်လို့ ငါ သံသယရှိတယ်”
“ဗျာ...”
ကျန်းရီ တုန်လှုပ်သွား၏။ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က မိုးပြာမဟာဧကရာဇ်၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်လော။ မိုးပြာမဟာဧကရာဇ်က လူသားမျိုးနွယ်၏ သစ္စာဖောက်လော။ လောကထဲရှိ စွမ်းအားအကြီးဆုံးလူသား၊ လူသားမျိုးနွယ်၏ အရှင်သခင်၊ လူသားမျိုးနွယ်၏ ကာကွယ်သူက သစ္စာဖောက်တစ်ယောက် ဖြစ်နေသည်လော။ ထိုသတင်းမှာ အလွန်တုန်လှုပ်ဖွယ်ပင်။ ကျန်းရီသည် ယင်းကို လက်မခံနိုင်ပါပေ။
“အဲ့အကြောင်းကို အများကြီး အရေးစိုက်မနေပါနဲ့”
ချင်လင်းက လေးလံသောလေသံဖြင့် ထပ်မံ အသံပို့လွှတ်လိုက်၏။
“ခဏနေရင် ငါ အာကာသဟင်းလင်းပြင်ထဲကို ထွက်တော့မယ်။ ငါ ဆန်းကြယ်စွမ်းရည်တစ်ခုသုံးပြီး မင်းကို ခေါ်သွားမယ်။ ပြီးရင် မိုးပြာမဟာဧကရာဇ်ကို အဝေးကို မျှားခေါ်သွားလိုက်မယ်။ မိုးပြာမဟာဧကရာဇ်က စွမ်းအားကြီးပေမဲ့ တမလွန်ဘုံဧကရာဇ်တောင် ငါ့ကို မသတ်နိုင်ခဲ့ပါဘူး...”
“မိုးပြာမဟာဧကရာဇ်က ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး။ မင်း ရတဲ့အချိန်ကို တန်ဖိုးထားပြီး ဝေးနိုင်သမျှဝေးဝေးကို ထွက်ပြေးပါ။ မိုးပြာမဟာဧကရာဇ်က မင်းကို မီမလာခင် မင်း အဆိပ်နတ်ဆိုးမြေရိုင်းကို ရောက်နိုင်ရင် ရှင်သန်နိုင်ဖို့ အခွင့်အရေးတစ်ခု ရလိမ့်မယ်”
“အဆိပ်နတ်ဆိုးမြေရိုင်းလား”
ကျန်းရီ ထပ်မံ တုန်လှုပ်သွား၏။ မကြာသေးခင်ကမှ သူ အဆိပ်နတ်ဆိုးမြေရိုင်းမှနေ၍ တည်နေရာပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ သူ့တွင် နတ်ဘုရားသစ်ရွက်ရှိသဖြင့် အဆိပ်ငွေ့များကို စိုးရိမ်ရန် မလိုခဲ့ပေ။ ချင်လင်းက သူ့ကို မိုးပြာမဟာဧကရာဇ် ရှာမတွေ့နိုင်စေရန် အဆိပ်နတ်ဆိုးမြေရိုင်းထဲတွင် ပုန်းအောင်းနေစေလိုသည်လော။
“ကျန်းရီ...”
ချင်လင်း၏အသံက ကျန်းရီကို အတွေးပြတ်သွားစေ၏။ သူမ၏စကားကို ကြားပြီးနောက်တွင် ကျန်းရီ ပို၍ပင် ကြောက်ရွံ့သွားသည်။
“မင်း အဆိပ်နတ်ဆိုးမြေရိုင်းကို ရောက်ရင် ငါပေးထားတဲ့ နတ်ဘုရားသစ်ရွက်ကို ကိုင်ထားပါ။ အဆိပ်ငွေ့တွေက မင်းကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ပြီးရင် မြေရိုင်းအလယ်တည့်တည့်မှာရှိတဲ့ ချောက်နက်ဆီကို သွားလိုက်ပါ။ အဲ့ချောက်နက်ထဲမှာ အာကာသဝဲကြီးတစ်ခု ရှိတယ်။ အဲ့အာကာသဝဲကြီးက လမ်းဆုံးမဟုတ်ဘူး။ ဝဲက မင်းကို ကောင်းကင်မိစ္ဆာဘုံလို့ခေါ်တဲ့ ထူးဆန်းတဲ့နေရာတစ်ခုကို ပို့ပေးလိမ့်မယ်”
“ကောင်းကင်မိစ္ဆာဘုံလား”
ကျန်းရီသည် ထိုဘုံကို ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။ သို့သော် သူ မေးခွန်းမမေးနိုင်သေးခင်မှာပင် ချင်လင်းက ဆက်ပြောကာ သူ့ခေါင်းထဲမှ မေးခွန်းများကို ဖြေပေးလိုက်သည်။
“ကောင်းကင်မိစ္ဆာဘုံက ထူးခြားဆယ်။ အဲ့နေရာကို ဘယ်သူမှ မသိကြဘူး။ အဲ့ဒါက ငါတို့မိစ္ဆာမျိုးနွယ်ရဲ့ ဘုံပဲ။ မင်းက အဲ့ဘုံအကြောင်းကို သိတဲ့ ပထမဆုံးလူသားပဲ။ ဒါပေမဲ့... အဲ့ကို ရောက်တာနဲ့ မင်းက ငါ့ကိုသိတယ်ဆိုတဲ့အကြောင်းကို ဘယ်သူကို့မှ အသိခံလို့မဖြစ်ဘူး။ မင်း အဲ့ကို မတော်တဆ ရောက်လာတယ်လို့ပဲ ပြောရမယ်...”
“ပြီးတော့... မင်းက ယန်ကိုးပါးကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူဆိုတာကိုလည်း ဘယ်သူ့ကိုမှ မပြောရဘူး။ မဟုတ်ရင် မင်း သေချာပေါက် သေလိမ့်မယ်။ ငါ့မှာ ဆန်းကြယ်စွမ်းရည်တစ်ခုရှိတယ်။ မင်း အဲ့စွမ်းရည်ကို သုံးလိုက်ရင် မိစ္ဆာအရှိန်အဝါ ရလိမ့်မယ်။ အဲ့ဘုံထဲကိုသွားပြီး ပုန်းနေလိုက်ပါ။ လျှို့ဝှက်ပြီး ကျင့်ကြံနေပါ။ ကောင်းကင်မိစ္ဆာဘုံရဲ့ မိစ္ဆာအရှင်သုံးပါးကို မင်းအကြောင်း သိမသွားပါစေနဲ့။ နားလည်လား”
ဤကိစ္စမှာ သူ၏ သေရေးရှင်ရေးနှင့် သက်ဆိုင်ရာ ကျန်းရီသည် ချင်လင်း၏စကားများကို ဦးနှောက်ထဲတွင် စွဲနေအောင် မှတ်သားထားလိုက်သည်။ သူ့တွင် မေးခွန်းများစွာ ရှိနေသော်လည်း သူ တစ်ခုကိုမှ မမေးဝံ့ပေ။ ထို့ကြောင့် နှုတ်ဆိတ်၍သာ နားထောင်နေလိုက်သည်။
ရွှီး...
သစ်မြစ်က လင်းလက်လာပြီး ဆန်းကြယ်စွမ်းရည်တစ်ခုက သစ်မြစ်မှနေ၍ ကျန်းရီ၏ ဦးနှောက်ထဲသို့ ဝင်လာ၏။ ကျန်းရီသည် ထိုဆန်းကြယ်စွမ်းရည်ကို အာရုံခံလိုက်ပြီး အခြားမည်သည့်အရာကိုမှ အရေးမစိုက်တော့ဘဲ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်၍ ၎င်းစွမ်းရည်ကို စတင်ကျင့်ကြံလိုက်သည်။
ရှဲ...
ချင်လင်းသည် ထပ်၍ စကားမပြောတော့ပေ။ သစ်မြစ်ကြီးက ကျန်းရီကို မြေအောက်လမ်းကြောင်းကိုဖြတ်၍ ဆက်ဆွဲခေါ်သွားနေသည်။ ငါးမိနစ်ကြာပြီးနောက် ကျန်းရီသည် လေအေးတစ်ချက်ကို ခံစားလိုက်ရ၍ မျက်လုံးဖွင့်လာ၏။
သူတို့က လူသူကင်းရှင်းသော တောအုပ်ကြီးတစ်ခုထဲ ရောက်နေသည်။ သူတို့ပတ်ပတ်လည်တွင် မြင့်မားသော သစ်ပင်ကြီးများ ပြည့်နှက်နေ၏။ ကျန်းရီက နတ်ဘုရားသစ်ပင်တစ်ပင်ထိပ်၌ ရပ်နေခြင်းပင်။ နတ်ဘုရားသစ်ပင်က အလင်းရောင်လက်သွားပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်းလဲသွား၏။ သူမသည် အပိုစကားတစ်ခွန်းမှ မပြောဘဲ လက်နှစ်ဘက်ဆန့်တန်း၍ အလင်းတန်းများ ပစ်လွှတ်လိုက်ပြီး အာကာပြင်ကို တုန်ခါသွားစေ၏။ ထို့နောက် အာကာပြင်ထဲတွင် အက်ကြောင်းတစ်ခု ထွက်ပေါ်လာကာ သူမက ကျန်းရီကို ဦးဆောင်၍ အာကာသဟင်းလင်းပြင်ထဲ ထွက်လိုက်လေသည်။
“ချင်လင်း၊ ကျန်းရီ.. မင်းတို့ ပြေးမလွတ်ပါဘူး”
အနောက်ဘက်မှနေ၍ ကျယ်လောင်သော အော်သံတစ်သံ ထွက်ပေါ်လာ၏။ မိုးပြာမဟာဧကရာဇ်က တစ်ချိန်လုံး သူတို့နောက်မှ ကပ်လိုက်လာခဲ့ပေသည်။ သုံးမိနစ်ကြာပြီးနောက် မိုးပြာမဟာဧကရာဇ် ရောက်လာ၏။ သူသည် လက်တစ်ဘက်ဖြင့် အာကာပြင်ကို ဆုတ်ဖြဲလိုက်ပြီး အာကာသဟင်းလင်းပြင်ထဲထွက်ကာ ကျန်းရီတို့နောက်သို့ လိုက်သွားလေသည်။
***
“ကျန်းရီ... အခု ငါ မင်းကို အဝေးကို ပို့ပေးတော့မယ်။ ဒါပေမဲ့ အလွန်ဆုံးမှ ကီလိုမီတာသန်းငါးဆယ်အကွာအထိပဲ ပို့ပေးနိုင်မယ်။ အဆိပ်နတ်ဆိုးမြေရိုင်းဆီရောက်ဖို့ မင်း အဝေးကြီး ဆက်သွားရလိမ့်မယ်။ အဲ့ကိုရောက်ဖို့ မင်း အနည်းဆုံး နေ့တစ်ဝက်လောက် သွားရလောက်တယ်။ ငါကလည်း မိုးပြာမဟာဧကရာဇ်ကို နေ့တစ်ဝက်လောက်ပဲ အာရုံလွှဲထားနိုင်မယ်။ ဒီတော့... မင်း ရှင်သန်နိုင်မလား၊ မရှင်သန်နိုင်ဘူးလားဆိုတာ မင်းရဲ့ အစွမ်းအစနဲ့ ကံတရားအပေါ်မှာပဲ မူတည်နေတယ်”
ကျန်းရီသည် အဖြူရောင်အလင်းတန်း လက်သွားသည်ကို မြင်လိုက်ရ၏။ ထို့နောက် သူတို့နှစ်ယောက်စလုံး အာကာသဟင်းလင်းပြင်ထဲတွင် ထွက်ပေါ်လာသည်။ ချင်လင်းက သူ့ထံ ချက်ချင်း အသံပို့လွှတ်လိုက်သည်။ ချင်လင်း၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော ခံစားချက်အရိပ်အယောင်များ ပေါ်လာသည်ကို သူတွေ့လိုက်ရ၏။ သူမသည် ကျန်းရီထံ နောက်ဆုံးစကား အသံပို့လွှတ်လိုက်သည်။
“ဂရုစိုက်ပါ”
ရွှီး...
ချင်လင်း၏လက်ထဲတွင် သစ်ကိုင်းတစ်ကိုင်း ရုတ်တရက် ထွက်ပေါ်လာ၏။ သစ်ကိုင်းက ကြီး၍ ကြီး၍လာသည်။ ထို့နောက် ချင်လင်းက ရုတ်တရက် အော်ပြောလိုက်သည်။
“သစ်ကိုင်းကို တင်းတင်းဆုပ်ကိုင်ထားလိုက်”
ကျန်းရီသည် ပျံသန်းသွားပြီး သစ်ကိုင်းကို ရေဘဝဲတစ်ကောင်အလား ခြေလက်လေးဘက်စလုံးနှင့် တင်းကြပ်စွာ ဖက်ထားလိုက်၏။ ချင်လင်းက အလင်းတန်းများ ထုတ်လွှတ်လိုက်ရာ သစ်ကိုင်းက ပို၍ တောက်ပလာသည်။ ထို့နောက် သစ်ကိုင်းသည် ကြောက်မက်ဖွယ်အမြန်နှုန်းနှင့် မြောက်ဘက်သို့ ပျံထွက်သွားလေသည်။
သစ်ကိုင်းမှာ မြန်လွန်းလှသဖြင့် ကျန်းရီတစ်ယောက် မျက်လုံးပင် မဖွင့်နိုင်ချေ။ ထိုအမြန်နှုန်းက အလောင်းကြီး၏အမြန်နှုန်းထက်ပင် အနည်းဆုံး အဆတစ်ရာလောက် ပိုမြန်သည်ဟု သူ ခန့်မှန်းမိပေသည်။
ဟူး...
ချင်လင်းသည် မြင်ကွင်းထဲတွင် ကျန်းရီ ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေပြီးနောက် သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်၏။ ထို့နောက် သူမသည်လည်း အလင်းတန်းတစ်တန်းအလား အနောက်ဘက်သို့ ဦးတည်ပျံသန်းလိုက်သည်။ ထိုနေရာတွင် သူမ၏ ရေရွတ်သံသာ ကျန်ခဲ့လေသည်။
“ကျန်းရီ... ငါ မင်းကို ဒီအထိပဲ ကူညီနိုင်မယ်။ မင်း ကောင်းကင်မိစ္ဆာဘုံကို ရောက်သွားပြီး ရှင်သန်နိုင်မလားဆိုတာကတော့ မင်းရဲ့ ကံတရားအပေါ်မှာပဲ မူတည်တယ်”
ရွှစ်...
သုံးမိနစ်ကြာပြီးနောက် မိုးပြာမဟာဧကရာဇ် ထွက်ပေါ်လာ၏။ သူသည် မျက်လုံးမှိတ်ကာ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ ထို့နောက် တုံ့ဆိုင်းခြင်းမရှိဘဲ အနောက်ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားသည်။ သူ၏အော်သံကလည်း ကီလိုမီတာငါးသိန်း အဝန်းအတိုင်းအတွင်း ပဲ့တင်ထပ်သွားလေသည်။
“ချင်လင်း... မင်း မပြေးနိုင်ပါဘူး။ ဒီနေ့ မင်း သေချာပေါက် သေရမယ်”
***